မင်းတို့ရဲ့ အသက်တွေကို လိုချင်တယ်
Vol. 105 Ch. 1567
အစကတော့.. ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေကြပြီး လူသားမျိုးနွယ်များ အချင်းချင်း တိုက်ခိုက်မည်ကို စောင့်ဆိုင်းကာ အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့ အခွင့်အလမ်းတစ်ခုကို ရှာဖွေနေ၏။
သို့သော်လည်း အထီးကျန်သိုင်းသခင်သည် တစ်ခဏချင်းမှာပင် ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းများကို ချိုးနှိမ်သွားနိုင်လိမ့်မည်ဟု သူတို့က ထင်မှတ်မထားကြပေ။
“အထီးကျန်သိုင်းသခင်.. မင်းတို့ လူသားတွေက ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ မညှိနှိုင်းချင်တော့ဘူးလား”
သခင်လေး ဆန်းကြယ်တစ္ဆေက ရုတ်တရက် အေးစက်စွာ ပြောလိုက်၏။
တကယ်တော့ ကမ္ဘာဦးမျိုးနွယ် ၆စုသည် လူသားများနှင့် ညှိနှိုင်းဆွေးနွေးဖို့ စိတ်ကူးမရှိပေ။
သူတို့သည် လူသားများကို လုံးဝ အတည်အတံ့ မှတ်ယူထားခဲ့ခြင်း မရှိပေ။
နဂါးများက မြွေများနှင့် အတူမနေနိုင်ပေ။
နတ်ဘုရားများက ပုရွတ်ဆိတ်များနှင့် ဘယ်လိုလုပ် ညှိနှိုင်းဆွေးနွေးပါ့မလဲ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သခင်လေး ဆန်းကြယ်တစ္ဆေသည် ထိုစကားကို ပြောသည့်အခါ.. သူ့တွင် ကောက်ကျစ်သော စိတ်ကူးတစ်ခု ရှိနေ၏။
သူက ကျင့်ကြံသူများကို ထင်ယောင်ထင်မှား ခံစားချက်တစ်ခု ပေးချင်လေသည်။
ကမ္ဘာဦးမျိုးနွယ် ၆ စုသည် ညှိနှိုင်းဆွေးနွေးချင်သော်လည်း အထီးကျန်သိုင်းသခင်ကြောင့် အခြေအနေက ဤကဲ့သို့ အဆုံးသတ်သွားရသည်ဟု သူက သူတို့ကို တွေးထင်စေချင်လေသည်။
ထိုသို့ဖြင့် လူသားမျိုးနွယ်များအကြား ပဋိပက္ခက ဆက်လက်ဖြစ်ပွားခြင်း သို့မဟုတ် ပို၍ပင် ပြင်းထန်လာနိုင်၏။
ထင်မှတ်ထားသည့်အတိုင်းပင်..။
ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် ဓားဂိုဏ်းမှ ကျင့်ကြံသူအချို့သည် သခင်လေး ဆန်းကြယ်တစ္ဆေ၏ စကားကို ကြားသောအခါ စိတ်လှုပ်ရှား ယိမ်းယိုင်လာကြ၏။
တစ်စုံတစ်ယောက်က ပြောလိုက်၏။
“ကျုပ်တို့က ကောင်းကောင်းမွန်မွန် ညှိနှိုင်းဆွေးနွေးပြီး နောက်ထပ် သတ်ဖြတ်ခြင်းတွေကို ရှောင်လွှဲနိုင်မယ်ဆိုရင်လည်း ကောင်းတာပဲ”
“အမှန်ပဲ.. လူသားမျိုးနွယ်က ကမ္ဘာဦးမျိုးနွယ် ၆ စုနဲ့ တိုက်ခိုက်ရမယ်ဆိုရင် အဲဒါက နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်မှုကိုပဲ ဖြစ်စေလိမ့်မယ်.. ဘာလို့ အဲ့လိုလုပ်ရမှာလဲ”
“အထီးကျန်သိုင်းသခင်က အရမ်းကို မဆင်မခြင် လုပ်တတ်ပြီးတော့ ထက်ရှလွန်းတယ်.. သူက လူသားမျိုးနွယ်ကို ဦးဆောင်မယ်ဆိုရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”
များစွာသော ကျင့်ကြံသူများက တီးတိုးပြောဆိုလာကြ၏။
ကမ္ဘာဦးမျိုးနွယ်၏ သခင်လေးများက ကျေနပ်နှစ်ခြိုက်သွားကြ၏။
“ဟီးဟီး”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“ကမ္ဘာဦးမျိုးနွယ် ၆ စုက ညှိနှိုင်းဆွေးနွေးချင်တယ်လို့ မင်းတို့က တကယ်ပဲ ထင်နေတာလား.. ငါ မင်းတို့တွေကို ပြောလိုက်မယ်.. စကားသက်သက်နဲ့ ဘယ်တော့မှ ညှိနှိုင်းဆွေးနွေးလို့ မရဘူး… သတ်ဖြတ်ခြင်းနဲ့ပဲ ရတယ်”
“အဲဒါ အမှန်ပဲ”
ထိုစဉ်မှာပင်.. အသံတစ်သံက ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာ၏။
သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်သည် ခြေလှမ်းကျဲများဖြင့် လျှောက်လှမ်းလာနေ၏။ သူ၏ ခန္ဓာကိုယ်က မီးတောက်များဖြင့် လောင်ကျွမ်းနေသည်ဟု ထင်ရပြီး တောက်လောင်နေသော အကြည့်တစ်ခုနှင့်အတူ သူက အားမာန်ပါနေ၏။
“ဆရာဘိုးဘေး အဆုံးစွန်မီး”
များစွာသော အသွန်းတစ်ရာဂိုဏ်း ကျင့်ကြံသူများက ရွှင်ပျတက်ကြွစွာဖြင့် အော်ခေါ်လိုက်ကြ၏။
အဲဒါက အဆုံးစွန်မီး ဖြစ်၏။
အဆုံးစွန်မီး၏ ဘေးတွင် အေးစက်စက် အမူအရာတစ်ခုနှင့်အတူ အနက်ရောင်ဝတ် လူငယ်အမျိုးသားတစ်ယောက် ရှိလေသည်။ သူက အချိန်မရွေး အမှောင်ထုထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားနိုင်သည့်အလား အမူအရာ ကင်းမဲ့၍ ပေါ့ပါးဖျတ်လတ်နေ၏။
“နံပါတ် ၅..”
မျောက်နှင့် အခြားသူများက အနက်ရောင်ဝတ် လူငယ်ကို တွေ့မြင်သောအခါ ကျေနပ်သဘောကျသွားကြ၏။
“အူး… အူး…”
မျောက်က သူ၏ ရင်ဘတ်ကို တဖုန်းဖုန်း ထုရိုက်ကာ အော်ဟစ်လိုက်၏။
စိတ်ဝိညာဉ်ကျားကလည်း ပြုံးဖြီးလာပြီး သူ၏ ဒဏ်ရာကို လက်ဖြင့်အုပ်ကာ ပင့်သက်ကို အနည်းငယ် ရှိုက်လိုက်၏။
သူက နာကျင်နေသော်လည်း သူက အလွန်တရာ ပျော်ရွှင်နေ၏။
”ညဝိညာဉ်”
ရှောင်းနင်က အနက်ရောင်ဝတ် လူငယ်ကို မယုံကြည်နိုင်စွာ ကြည့်ပြီး အံ့အားတသင့် အော်ခေါ်လိုက်၏။ သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် အရည်လဲ့လာပြီး သူမ၏ မြင်ကွင်းက တဖြည်းဖြည်း မှုန်ရီဝေဝါးလာ၏။
“ငါတောင်းပန်ပါတယ်.. ငါ နောက်ကျသွားတယ်”
အနက်ရောင်ဝတ် လူငယ်က ရှောင်းနင်၏ ဘေးသို့ ရောက်ရှိလာပြီး တောင်းပန်တိုးလျှိုးသလို တီးတိုးပြောလိုက်၏။
“ရပါတယ်.. ရှင် ပြန်လာသရွေ့ အဲဒါက အဆင်ပြေပါတယ်”
ရှောင်းနင်က ငိုသံနှင့်အတူ ပြုံးပြလိုက်၏။
စိတ်ဝိညာဉ်ကျားက ဘေးကနေ မကျေမနပ် ပြောဆိုလိုက်၏။
“ဒီနံပါတ် ၅ က အပေါင်းအသင်း မိတ်ဆွေတွေထက် အချစ်ကို ပိုပြီးတော့ တကယ်ပဲ တန်ဖိုးထားနေတာပဲ.. သူက ဒီနှစ်တွေထဲမှာ ငါတို့ ညီအစ်ကိုတွေကို မေ့လျော့သွားပြီ ထင်တယ်”
ရွှေခြင်္သေ့နှင့် အခြားသူများကလည်း ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလိုက်ကြ၏။
ညဝိညာဉ်သည် ရှောင်းနင်ကို ခေါင်းညိတ်ပြပြီးနောက်.. မျောက်နှင့် အခြားသူများထံသို့ လျှောက်လှမ်းသွား၏။ သူ၏ အေးစက်နေသော မျက်နှာပေါ်မှာ ရှားရှားပါးပါး အပြုံးတစ်ခုက ပေါ်ထွက်လာ၏။
“ခင်ဗျားတို့တွေက ကျုပ်ကို ဟာသလုပ်ဖို့ စွမ်းအင်ကျန်နေသေးတာလား… ခင်ဗျားတို့တွေက ခုထိ မသေကြသေးဘူးလား”
“ဟားဟားဟား”
မျောက်က ဟားတိုက်ရယ်မောပြီး ညဝိညာဉ်၏ ရင်ဘတ်ကို ပစ်ထိုးလိုက်၏။
“ငါတို့က ဘာလို့ အဲ့လောက်ထိ လွယ်လွယ်သေရမှာလဲ”
အခြားတစ်ဖက်တွင်…
အဆုံးစွန်မီးက ချဉ်းကပ်လာပြီး လက်ရှိ ကျင့်ကြံသူများစွာကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဇီမို ပြောတာ မှန်တယ်.. သန်မာတဲ့သူက အားနည်းတဲ့သူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှာ မဟုတ်ဘူး.. မင်းတို့တွေက ညှိနှိုင်းဆွေးနွေးချင်တယ်ဆိုရင် မင်းတို့တွေက အရင်ဆုံး သန်မာအောင် လုပ်ရမယ်”
ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်.. ခင်ဗျားပြောတာ မှန်တယ်… ကျုပ်တို့ လူသားတွေက ပုရွက်ဆိတ်တွေဖြစ်ပြီး သူတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အဆင့်မမီဘူးလို့ အဲဒီ ကမ္ဘာဦးမျိုးနွယ်တွေက စောစောကပဲ ပြောထားခဲ့တယ်”
“အဆင့်မမီဘူးလား”
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
“ရတယ်လေ.. တာအိုရောင်းရင်းတို့… ဒီနေ့ ကျုပ်က လူတိုင်းကို ဦးဆောင်ပြီး လူသားမျိုးနွယ်က ကျုပ်တို့ အဆင့်မီတဲ့အထိ သတ်ဖြတ်ရလိမ့်မယ်”
“ဟုတ်တာပေါ့”
များစွာသော ကျင့်ကြံသူများသည် သူတို့၏ သွေးများ ဆူပွက်လာသည်ဟု ခံစားရပြီး အော်ပြောလိုက်ကြ၏။
“ကျုပ်တို့က အဆင့်မီတဲ့အထိ သတ်ဖြတ်ကြမယ်”
ထိုစဉ် မလှမ်းမကမ်းကနေ ကျင့်ကြံသူတစ်ထောင်လောက်က ရောက်ရှိလာကြ၏။ သူတို့ကြားမှာ ဓမ္မဝိသေသ တာအိုအရှင်များ၊ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်များပင်လျှင် ပါဝင်လေသည်။
ကျင့်ကြံသူများသည် မတူညီသော ဝတ်စားဆင်ယင်မှု ရှိပြီး မတူညီသော မျိုးနွယ်များမှ ဖြစ်ကာ သူတို့သည် တူညီသော ဂိုဏ်းတစ်ဂိုဏ်းမှ လာခြင်းလည်း ဟုတ်ပုံမရသလို သူတို့မှာ သိသာထင်ရှားသော အမှတ်အသားများလည်း မရှိပေ။
သို့သော်လည်း သူတို့အားလုံးသည် သူတို့၏ ကျောပေါ်တွင် ဆေဘာတစ်လက်စီကို ချိတ်ဆွဲထားကြ၏။
စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ အပါအဝင် ဤမျှ များပြားလှသည့် ဆေဘာကျင့်ကြံသူများက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ပေါ်ထွက်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
“နတ်ဖီးနစ်ကျွန်း…”
ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ရုတ်တရက် ပြောလိုက်၏။
အခြားသော ဂိုဏ်းချုပ်များကလည်း ခေါင်းညိတ်လိုက်ကြ၏။
နတ်ဖီးနစ်ကျွန်းကသာလျှင် ဤမျှအထိ များပြားလှသော စွမ်းအားကြီးမားသည့် ဆေဘာကျင့်ကြံသူများကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ကျွန်းနှစ်ကျွန်းထဲမှ တစ်ကျွန်းအနေဖြင့် နတ်ဖီးနစ်ကျွန်း၏ ခွန်အားကို လျှော့တွက်၍ မရနိုင်ပေ။
ကျွန်းနှစ်ကျွန်းထဲမှ တစ်ကျွန်းဖြစ်သော ဖန်းလိုင်ကျွန်းသည် ကမ္ဘာဦးမျိုးနွယ် ၆စုဘက်မှာ ရပ်တည်ခဲ့ပြီးလေပြီ။
နတ်ဖီးနစ်ကျွန်းသည် ယခု ဘယ်ဘက်မှာ ရပ်တည်လာမလဲ သို့မဟုတ် ဓားဂိုဏ်းနှင့် ကစဉ့်ကလျား အမြုတေဂိုဏ်းကဲ့သို့ ကြားနေအဖြစ် ရပ်တည်ဖို့ ရွေးချယ်မလား… များစွာသော ကျင့်ကြံသူများက မသိကြပေ။
ကျင့်ကြံသူများကြားမှာ ဆူဇီမိုကသာလျှင် တည်ငြိမ်သော အမူအရာ ရှိနေ၏။
“နတ်ဖီးနစ်ကျွန်းက အထီးကျန်သိုင်းသခင်ကို ထောက်ကူဖို့အတွက် ဒီနေရာကို ရောက်လာတာပဲ”
နတ်ဖီးနစ်ကျွန်းမှ ကျင့်ကြံသူများ ရောက်ရှိမလာခင်မှာပင်.. ကျွန်းသခင်က အော်ပြောလိုက်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် နတ်ဖီးနစ်ကျွန်း၏ သခင်လေး ဖြစ်လေသည်။
နတ်ဖီးနစ်ကျွန်းသည် ဆူဇီမို၏ ဘက်မှာ သေချာပေါက် ရပ်တည်ပေလိမ့်မည်။
ကျင့်ကြံသူများက အားမာန်တက်ကြွလာကြ၏။
နတ်ဖီးနစ်ကျွန်း ထပ်ပေါင်းလာခြင်းနှင့်အတူ သူတို့၏ ခွန်အားက သေချာပေါက် သိသိသာသာ တိုးလာပေလိမ့်မည်။
ကမ္ဘာဦးမျိုးနွယ်များက မျက်မှောင်ကြုတ်လိုက်ကြ၏။
လက်ရှိ အခြေအနေသည် သူတို့၏ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်လာခဲ့လေပြီ။
သူတို့က ဤတိုက်ပွဲကို အနိုင်ရရှိမည်ဆိုလျှင်တောင် အဲဒါက ပေးဆပ်မှု အရမ်းကို ကြီးမားသည့် အနိုင်ရလဒ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
အထီးကျန်သိုင်းသခင် ရောက်ရှိလာပြီးနောက်.. လူသားမျိုးနွယ်သည် ဤမျှအထိ စွမ်းအားကြီးမားသော စိတ်အားမာန်ကို ပိုင်ဆိုင်လာလိမ့်မည်ဟု ကမ္ဘာဦးမျိုးနွယ်များက ထင်မှတ်မထားကြပေ။
တကယ်တော့ ဤကျင့်ကြံသူများသည် ကမ္ဘာဦးမျိုးနွယ်များအတွက် ခြိမ်းခြောက်မှုများစွာ မဖြစ်စေနိုင်ပေ။
ကိုင်တွယ်ရ အခက်ခဲဆုံးလူမှာ အထီးကျန်သိုင်းသခင် ဖြစ်လေသည်။
သခင်လေး ဆန်းကြယ်တစ္ဆေက အလျှော့မပေးလိုသေးဘဲ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများအကြား သွေးထိုးလှုံ့ဆော်ဖို့ ကြိုးပမ်းလိုက်၏။ သူက ညင်သာစွာ ပြုံး၍ ပြောလိုက်လေသည်။
“အထီးကျန်သိုင်းသခင်.. ဂိုဏ်းချုပ်တို့… ခင်ဗျားတို့တွေက ကျုပ်တို့နဲ့ တကယ်ပဲ မညှိနှိုင်းချင်တော့ဘူးလား”
“ဒီမျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ဒီတစ်ခေါက် ပဟေဠိနန်းတော်ကနေ ကျင်းပပေးတာ… ခင်ဗျားတို့တွေက ဒီမဟာပွဲတော်တစ်ခုကို သွေးမြစ်စီးမယ့် စစ်မြေပြင်တစ်ခုအဖြစ် တကယ်ပဲ ပြောင်းလဲချင်တာလား”
“ဒါပေါ့.. ငါတို့ ညှိနှိုင်းဆွေးနွေးနိုင်တယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ဒါပေမဲ့… ကမ္ဘာဦးမျိုးနွယ်တွေက လုံလောက်တဲ့ ရိုးသားဖြောင့်မတ်မှု ရှိဖို့လိုတယ်”
“အဲဒါက ကိစ္စမရှိဘူး”
သခင်လေး ဆန်းကြယ်တစ္ဆေက ရယ်မောလိုက်၏။
“အထီးကျန်သိုင်းသခင်… ကမ္ဘာဦးမျိုးနွယ် ၆ စုရဲ့ ရိုးသားဖြောင့်မတ်မှုကို ပြဖို့အတွက် ခင်ဗျားက ဘယ်လို အခြေအနေကို လိုချင်တာလဲ… ခင်ဗျားက ခင်ဗျားကြိုက်တဲ့ ရတနာတွေ၊ အချောအလှတွေ၊ ကျင့်ကြံရေး နည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေကို ရွေးချယ်နိုင်တယ်”
“ငါက မင်းတို့ရဲ့ အသက်တွေကို လိုချင်တယ်”
ဆူဇီမိုက စကားကို တစ်လုံးချင်း ပြောလိုက်၏။
သခင်လေး ဆန်းကြယ်တစ္ဆေ၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပင် အေးခဲရပ်တန့်သွား၏။
ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများ၏ အမူအရာများကလည်း ညိုမည်းသွားကြ၏။
ဆူဇီမို၏ စကားကြောင့် လောကတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
လေထုက အလွန်တရာ တင်းကျပ်၍ လေးလံလာခဲ့၏။
ရုတ်တရက် မည်သည့်လှုပ်ရှားမှုကမဆို ပြင်းထန်ကြမ်းကြုတ်သော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေပေလိမ့်မည်။
“အထီးကျန်သိုင်းသခင်.. မင်းက ညှိနှိုင်းဆွေးနွေးမှု မပြုလုပ်ချင်တော့ဘူးလို့ ဆိုလိုတာလား”
သခင်လေး ဆန်းကြယ်တစ္ဆေက အေးစက်စွာ မေးလိုက်၏။
“သတ်”
သတ္တမ မင်းသားက အဲဒါကို ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ မာန်သွင်းအော်ဟစ်ကာ ချက်ချင်းပင် တိုက်ခိုက်လာခဲ့၏။ သူသည် မီးတောက်လှံတစ်စင်းကဲ့သို့ ထိုးဆင်းလာပြီး ချက်ချင်းပင် ဆင်းသက်လာခဲ့၏။
ဒသမ မင်းသားကလည်း ထပ်ကြပ်မကွာ လိုက်ပါလာပြီး သတ်ဖြတ်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။
သခင်လေး ဆန်းကြယ်တစ္ဆေ၊ ကြမ်းကြုတ်မျက်လုံးနှင့် အခြားသူများကလည်း တိုက်ခိုက်လာကြပြီဖြစ်၏။
နတ်မိမယ် ရှောင်ရှန်းက နတ်ဆိုးမကျိကို ပစ်မှတ်ထားနေဆဲဖြစ်၏။ သူမသည် နတ်ဆိုးမကျိ၏ တဒင်္ဂ ငေးငိုင်မှုကို အခွင့်ကောင်းယူကာ ရုတ်တရက် တိုက်ခိုက်ပြီး လှုပ်ရှားကွက်တစ်ကွက်ဖြင့် သူမကို သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်လေသည်။