သေဘေးကနေ အသည်းအသန် လွတ်မြောက်လာခြင်း
Vol. 105 Ch. 1571
“အထီးကျန်သိုင်းသခင်… သိပ်ပြီးတော့ အူမြူးမနေနဲ့”
နတ်မိမယ် ရှောင်ရှန်းက သူမ၏ သွေးချီကို လှည့်ပတ်ပြီး သူမ၏ လက်နှစ်ဖက်ကို ပြန်ပေါက်စေကာ မုန်းတီးစွာဖြင့် ပြောလိုက်၏။
“ငါ့ရဲ့ တာအိုလက်တွဲဖော် မိုးကောင်းကင်ပဒေသရာဇ်က ဒီကို မကြာခင် ရောက်လာလိမ့်မယ်”
“သူက အခု နင် ငါ့ကို ပြုလုပ်ခဲ့တဲ့ အရာတွေအတွက် နင့်ကို အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းလိမ့်မယ်”
“ဟုတ်ပါ့မလား”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“အဲဒါဆိုရင်တော့ နင် စိတ်ပျက်ရတော့မှာပဲ… နင့်ရဲ့ မိုးကောင်းကင်ပဒေသရာဇ်က သေသွားပြီ… နင်တို့တွေက အရမ်းချစ်ကြတဲ့ပုံပဲ.. အဲဒီတော့ ငါက သူနဲ့ ပြန်ဆုံစည်းနိုင်မယ့် လမ်းကြောင်းဆီ နင့်ကို အခုပို့ပေးရတော့မှာပေါ့”
သူသည် နတ်မိမယ်ရှောင်ရှန်း၏ လက်နှစ်ဖက်ကို ချိုးဖြတ်ခဲ့ရသည့် အကြောင်းရင်းမှာ သူသည် နတ်ဆိုးမကျိကို သူမ၏ အမျက်ဒေါသများ ပြေပျောက်စေနိုင်ဖို့ ဖြစ်၏။
ဆူဇီမို တကယ်တမ်း လိုချင်သည်မှာ နတ်မိမယ်ရှောင်ရှန်း၏ အသက်ဖြစ်လေသည်။
“နင် ဘာစကားပြောတာလဲ”
နတ်မိမယ်ရှောင်ရှန်းက ဆတ်ခနဲ တုန်ယင်သွားပြီး သူမ၏ သွေးချီက မတည်မငြိမ်ဖြစ်လာ၏။ အပြည့်အဝ စုဖွဲ့မလာသေးသော သူမ၏ လက်နှစ်ဖက်က ပျက်ပြယ်လုနီးပါး ဖြစ်သွားရ၏။
“မဖြစ်နိုင်တာ”
သူမသည် စူးစူးဝါးဝါး အော်ဟစ်ပြီး ဆူဇီမိုကို စိုက်ကြည့်ကာ တင်းမာခက်ထန်စွာ ပြောလိုက်၏။
“မိုးကောင်းကင်ပဒေသရာဇ်က သေနိုင်စရာ အကြောင်းမရှိဘူး… အဆင့်တူချင်းမှာ ဘယ်သူကမှ သူ့ကို မဖိနှိမ်နိုင်ဘူး”
ရုတ်တရက်.. နတ်မိမယ်ရှောင်ရှန်းသည် တစ်စုံတစ်ရာကို တွေးမိသွား၏။
မိုးကောင်းကင်ပဒေသရာဇ်တွင် အဆင့်မြင့် နတ်ဘုရားစွမ်းအား အဆောင်တစ်ခုပင်လျှင် ရှိလေသည်။ သူမက အေးစက်စွာ ပြောလိုက်၏။
“မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်တောင်မှ သူ့ကို သတ်ဖြတ်နိုင်မှာ မဟုတ်ဘူး”
“နောက်ပြီး သူက နတ်ဘုရားပဒေသရာဇ်ပဲ… ဒီလောကမှာ သူ့ကို သတ်ဖြတ်ဖို့အထိ အတင့်ရဲနိုင်တဲ့လူ ရှိလိမ့်မယ်လို့ ငါမယုံဘူး”
နတ်မိမယ်ရှောင်ရှန်းသည် သူမ၏ လက်နှစ်ဖက်ကို စုဖွဲ့ပြီး တစ်ခဏချင်းမှာပင် သူမ၏ စိတ်ကို တည်ငြိမ်စေလိုက်၏။ သူမက လှောင်ရယ်လိုက်လေသည်။
“အထီးကျန်သိုင်းသခင်.. နင်က ဒီလိုမျိုး အလိမ်အညာတစ်ခုနဲ့ ငါ့ရဲ့ တာအိုနှလုံးသားကို တိုက်ခိုက်နိုင်မယ် ထင်နေရင်.. နင်က အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်”
“ငါ့အထင်တော့.. နင့်ရဲ့ စကားတွေက ဟာကွက်တွေနဲ့ ပြည့်နေတယ်”
နတ်မိမယ်ရှောင်ရှန်းသည် အဲဒါကို ပိုမိုတွေးကြည့်လေလေ.. သူမ၏ ခန့်မှန်းချက်က မမှားနိုင်ကြောင်း ပို၍ ယုံကြည်လာလေလေ ဖြစ်၏။
ပထမတစ်ချက်.. လူရိုင်းမျိုးနွယ်ထံသို့ မိုးကောင်းကင်ပဒေသရာဇ်၏ ခရီးစဉ်သည် လျှို့ဝှက်ချက်တစ်ခု ဖြစ်ပြီး အခြား မည်သည့်မျိုးနွယ်ကမှ မသိရှိပေ။
ဒုတိယတစ်ချက်… သူသည် အစကတည်းက သန်မာပြီးသားဖြစ်ပြီး သူ့ကို ကာကွယ်ဖို့အတွက် အဆင့်မြင့် နတ်ဘုရားစွမ်းအား အဆောင်တစ်ခုကိုပင် ပိုင်ဆိုင်ထားလေသည်။ ဒါ့အပြင် သူ့ကို ဘိုးဘေးနတ်ဘုရား ၃ ယောက်က စောင့်ကြပ်နေ၏။ ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ… ။ လူရိုင်းမျိုးနွယ်လား… ။
လူရိုင်းမျိုးနွယ်ကတော့ ထိုသို့ လုပ်ဖို့ အမှန်တကယ်ပင် ခွန်အားရှိလေသည်။ သို့သော်လည်း လူရိုင်းမျိုးနွယ်အတွက် ထိုသို့ပြုလုပ်ဖို့ မည်သည့် အကြောင်းရင်းမှ မရှိပေ။
သူတို့သည် နတ်ဘုရားမျိုးနွယ်နှင့် မပူးပေါင်းဘူးဆိုလျှင်တောင် လူရိုင်းမျိုးနွယ်သည် မိုးကောင်းကင်ပဒေသရာဇ်ကို သတ်ဖြတ်ပြီး နတ်ဘုရားမျိုးနွယ်နှင့် လုံးဝ အတိုက်အခံ ပြုလုပ်စရာ အကြောင်းမရှိပေ။
ထိုသို့အတွေးဖြင့် နတ်မိမယ်ရှောင်ရှန်းသည် သူမ၏ ထင်မြင်ချက်နှင့် ပတ်သက်၍ ပို၍ပင် ယုံကြည်လက်ခံလာ၏။
ဆူဇီမိုက အလွန်တရာ ယုံကြည်မှု ရှိနေသော နတ်မိမယ်ရှောင်ရှန်းကို ကြည့်ကာ ငြင်းခုံလိုစိတ် မရှိဘဲ မှင်သေသေဖြင့် ပြောလိုက်၏။
“နင်က အများကြီး လျှောက်တွေးနေတာပဲ”
“ငါက နင့်ရဲ့ တာအိုနှလုံးသားကို ဘာလို့ တိုက်ခိုက်ရမှာလဲ.. ငါလိုချင်တာ နင့်အသက်ပဲ”
သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမိုက နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြီဖြစ်၏။
ရွှစ်…
ဖျတ်ခနဲဆို.. ဆူဇီမိုက နတ်မိမယ်ရှောင်ရှန်းထံသို့ အလွန်တရာ မြန်ဆန်စွာ ပြေးဝင်သွားပြီး တစ်ခဏချင်းမှာပင် သူမ၏ ရှေ့သို့ ရောက်ရှိလာ၏။
(ကျတော်ဘာသာယူပြန်နေတဲ့ website မှာ စာလုံးတချို့ ကြားထဲမှာ ကျန်ခဲ့တဲ့ပုံပါပဲ။ သိပ်မသိသာတာမလို့ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ ဖြည့်ဖတ်ပေးကြပါဗျ။)
နတ်မိမယ်ရှောင်ရှန်း၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွား၏။
ဤကဲ့သို့ တိုက်ခိုက်မှုတစ်ရပ်နှင့် ရင်ဆိုင်ရချိန်မှာ သူမ၏ သွေးချီက အားနည်းနေပြီး သူမ၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျနေသည့် အချက်ကို အသာထား… သူမ၏ အထွတ်အထိပ် အခြေအနေမှာ ရှိနေလျှင်တောင် သူမသည် မထိမခိုက် လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။
သူမ၏ နားထဲမှာ တာမင်းမန္တန် ခြောက်သံက တဝီဝီမြည်လာပြီး သူမသည် ဖန်တီးခြင်းကြာခုံကို ခုခံဖို့အတွက် ဧရာမ ရွှေဓားတစ်လက်ကို အတင်းဆွဲထုတ်လိုက်ရ၏။
သို့သော်လည်း.. ၎င်း၏ စွမ်းအားက လုံးဝ မစုဖွဲ့နိုင်ခင်မှာပင် ပျက်ပြယ်သွားလေသည်။
ဒါ့အပြင်.. တာမင်း ဓမ္မချိပ်စည်း ခြောက်ခုကလည်း သူမ၏ အပေါ်ကနေ ဖိချေကျဆင်းလာ၏။
နတ်မိမယ်ရှောင်ရှန်းက မွန်းကျပ်ဖွယ်ရာ ခံစားရလေသည်။
သူမသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူမ၏ သိုလှောင်အိတ်ထဲကနေ ဧရာမ ရွှေဓားကို ထုတ်ယူလိုက်သည့် တစ်ချိန်တည်းမှာပင်… အဆောင်လက်ဖွဲ့တစ်ခုကိုပါ ဆွဲထုတ်ယူလိုက်၏။
အဲဒါသည် သူမ၏ အမေ သူမကို ပေးခဲ့သည့် ကာကွယ်ရေးအဆောင်တစ်ခု ဖြစ်၏။
အဲဒါကို ချိုးချေလိုက်သည်နှင့်အမျှ.. ၎င်းသည် အစောပိုင်း မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ စွမ်းအားပြည့် တိုက်ခိုက်မှုတစ်ရပ်ကိုပင် ခုခံပေးနိုင်လေသည်။
နတ်မိမယ်ရှောင်ရှန်းသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ အဆောင်လက်ဖွဲ့ကို ချိုးချေလိုက်၏။
ကျိန်းစပ်နေသော ရွှေရောင်အလင်းတန်းများက သူမ၏ လက်ဖဝါးကနေ ပေါက်ကွဲထွက်ပေါ်လာပြီး သူမ၏ ဘေးပတ်လည်မှာ အကာအရံအလွှာတစ်ခုကို အလျင်အမြန် ဖြစ်ပေါ်လာစေ၏။
အကာအရံအလွှာ ဖြစ်ပေါ်လာသည့် ခဏမှာပင် ဖန်တီးခြင်းကြာခုံက ပစ်တိုက်ချလာခဲ့၏။
တာမင်း ဓမ္မချိပ်စည်း ခြောက်ခုကလည်း တစ်ချိန်တည်းမှာ ဆင်းသက်လာလေသည်။
ဘုန်း..
အဲဒီမှာ အလွန်ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
လူတိုင်း၏ ရှေ့မှောက်မှာပင်.. နတ်မိမယ်ရှောင်ရှန်းသည် သိပ်သည်းပြင်းထန်သော စွမ်းအားကြောင့် လွင့်စင်ထွက်သွားပြီး ပေအတော်များများထိ လိမ့်သွားပြီးမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေသည်။
“အဟွတ်.. အဟွတ်..”
သူမသည် ချောင်းနှစ်ချက်ဆိုးပြီးနောက် ရယ်မောလိုက်လေသည်။
သူမက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားရသော်လည်း သူမက ရှင်သန်နိုင်ခဲ့လေသည်။
သူမ အသက်ရှင်နေသေးသည်နှင့်အမျှ.. မိုးကောင်းကင်ပဒေသရာဇ် ရောက်လာသည်နှင့်.. သူတို့က ပူးပေါင်းပြီး သူတို့၏ ကျင့်ကြံမှုများကို အတူတကွ ပေါင်းစည်းနိုင်မည့် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ကာ သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို နှစ်ဆကျော် တိုးလာစေနိုင်လေသည်။
ထိုအချိန်ကျလျှင် အထီးကျန်သိုင်းသခင်က သေရပေလိမ့်မည်။
ဆူဇီမိုသည် မြေပြင်ပေါ်ကနေ ဖြည်းဖြည်းချင်း ကျုံးထလာနေသော မလှမ်းမကမ်းရှိ နတ်မိမယ်ရှောင်ရှန်းကို ကြည့်ကာ မျက်မှောင် အနည်းငယ်ကြုတ်၍ အဲဒါက သနားစရာကောင်းသည်ဟု သူ့ဘာသာသူ တွေးလိုက်၏။
အဲဒါသည် ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ် ဖြစ်သော်လည်း သူသည် သူမကို သတ်ဖြတ်ခြင်း မရှိဘဲ သူမ၏ နောက်ဆုံးဝှက်ဖဲကို ထုတ်ဖော်ဖို့ ခွင့်ပြုပေးထားလေသည်။
စောစောက သူ၏ တိုက်ခိုက်မှုသည် နတ်မိမယ်ရှောင်ရှန်း၏ အကာအရံအလွှာကို လှုပ်ခါ၍ ၎င်း၏ အရောင်အဝါကို သိသိသာသာ မှိန်ဖျော့သွားစေသော်လည်း အဲဒါက ပျက်ပြယ်မသွားသေးပေ။
သူက နတ်မိမယ်ရှောင်ရှန်းကို ဆက်လက်တိုက်ခိုက်မည်ဆိုလျှင်တောင် အချိန်တိုအတွင်းမှာ အဲဒါကို လက်စဖြတ်နိုင်ဖို့ ခဲယဉ်းလေသည်။
ထိုသို့ အတွေးဖြင့် ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး အခြားသော သခင်လေးများအပေါ် အာရုံစိုက်လိုက်လေသည်။