အမြုတေစိတ်ဝိညာဉ်တိုက်ပွဲ
Vol. 105 Ch. 1572
ကျန်ရှိနေသော သတ္တမ မင်းသား၊ ဒဿမ မင်းသား၊ သခင်လေး ဆန်းကြယ်တစ္ဆေနှင့် ကြမ်းကြုတ်မျက်လုံးတို့သည် ရင်တထိတ်ထိတ် ဖြစ်လာသည်ဟု ခံစားလိုက်ကြရ၏။
အထီးကျန်သိုင်းသခင်၏ ပစ်မှတ်ထားခံရခြင်းဖြင့် သူတို့သည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာသည်ဟု ခံစားလိုက်ရ၏။
အစကတော့… သူတို့ထဲမှ မည်သူမဆို အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့အတွက် လုံလောက်သည်ဟု သူတို့က ယုံကြည်မှု ရှိနေခဲ့ကြ၏။
သို့သော် ယခု ထန်လောနှင့် နဝမ မင်းသားက သေဆုံးသွားပြီး နတ်မိမယ်ရှောင်ရှန်းက ရှုံးနိမ့်သွားရလေသည်။ ကျန်ရှိနေသော သူတို့သည် အတူပူးပေါင်းထားလျှင်တောင် ယုံကြည်မှုများစွာ မရှိကြတော့ပေ။
အခြားတစ်ဖက်မှာတော့.. ယန်ပေးချန်၊ မျောက်နှင့် အခြားသူများသည် ခဏမျှ အနားယူပြီးနောက် တိုက်ပွဲမြေပြင်သို့ ပြန်လည်ဝင်ရောက်လာကြပြီဖြစ်၏။ အဲဒါသည် ကမ္ဘာဦးမျိုးနွယ် ၆စုအတွက် အလွန်တရာ ပြင်းထန်သည့် ရိုက်ချက်တစ်ခုဖြစ်ပြီး သူတို့သည် ကြီးကြီးမားမား ထိခိုက်နစ်နာ ဆုံးရှုံးလာရ၏။
သူတို့သည် ယနေ့ အထီးကျန်သိုင်းသခင်နှင့် ရင်ဆိုင်ရာမှာ သိသာရှင်းလင်းသော အနိုင်ရလဒ် မရရှိဘူးဆိုလျှင် သူတို့သည် ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များထံ ပြန်လည်ကာ မျက်နှာပြဝံ့တော့မည် မဟုတ်ပေ။
သခင်လေး ဆန်းကြယ်တစ္ဆေနှင့် သတ္တမ မင်းသား၏ အကြည့်တို့က ဖန်းလိုင်ကျွန်း၏ ကျွန်းသခင်၊ ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများထံသို့ ဆင်းသက်သွားလေသည်။ သူတို့က တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသော်လည်း သူတို့၏ မျက်လုံးများထဲမှာ ခြိမ်းခြောက်မှု အရိပ်အမြွက်တစ်ခု ပါဝင်နေ၏။
စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဆက်သွယ်ပြောဆိုမှုများက ရှိလာခဲ့၏။
ကြမ်းကြုတ်မျက်လုံးသည်လည်း ဂိုဏ်းတစ်ဂိုဏ်းဘက်သို့ အနည်းငယ် လှည့်ကြည့်လိုက်၏။
သို့သော်လည်း.. သူ့မှာ မျက်လုံးများ မရှိသည့်အတွက် သူ၏ ပြုမူလှုပ်ရှားမှုသည် ဆူဇီမို၏ စိတ်အာရုံကို မဆွဲဆောင်မိပေ။
ဆူဇီမို၏ အမူအရာက အေးစက်နေပြီး သူက လှောင်ရယ်လိုက်၏။ သူသည် မလှမ်းမကမ်းတွင် ရှိသော သခင်လေး ဆန်းကြယ်တစ္ဆေကို စိုက်ကြည့်ကာ ခြေလှမ်းကျဲများဖြင့် လျှောက်လှမ်းလာ၏။
“မင်းက ငါ့ကို သတ်ချင်တာလား”
သခင်လေး ဆန်းကြယ်တစ္ဆေက သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။
“အဲဒါဆိုလည်း အမြုတေစိတ်ဝိညာဉ်ချင်း ယှဉ်ပြိုင်ကြတာပေါ့”
“အရိုးစုကျိန်စာ”
သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်ကို သိပ်သည်းကျစ်လစ်စေကာ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင်.. သတ္တမ မင်းသား၊ ဒသမမင်းသားနှင့် ကြမ်းကြုတ်မျက်လုံးတို့ကပါ သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လာကြ၏။
ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများသည် သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ရသည့်အချက်သည် သူတို့က ချောင်ပိတ်မိနေပြီဟု ဆိုလိုလေသည်။
အရင်ဆုံး ရောက်ရှိလာသည်မှာ သခင်လေး ဆန်းကြယ်တစ္ဆေ၏ အရိုးစုကျိန်စာ ဖြစ်၏။
သူသည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်သည့်အခါ.. အစိမ်းရင့်ရောင် ဆိုးယုတ်သော အရိုးဦးခေါင်းတစ်လုံးက ဆူဇီမို၏ အသိစိတ်ထဲမှာ ပေါ်ထွက်လာ၏။
ဖျောက်… ဖျောက်…
အဲဒါသည် အသက်ရှိနေသည့်အလား.. အရိုးဦးခေါင်းက မကောင်းဆိုးဝါးဆန်ဆန် သွားဖြဲပြီး အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို စိုက်ကြည့်လိုက်၏။ ၎င်းသည် ၎င်း၏ သွားများကို ထပ်တလဲလဲ ကြိတ်ပြီး ကြောက်မက်ဖွယ်ရာ အသံကို ထွက်ပေါ်လာစေ၏။
ယခင်က သခင်လေး ဆန်းကြယ်တစ္ဆေ ထုတ်ဖော်ခဲ့သော စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းကျိန်စာသည် မုန်တိုင်းတစ်ခုကိုသာ ဖြစ်ပေါ်စေခဲ့၏။
သို့သော်လည်း ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်သည် အသိစိတ်ရှိနေသည့် အရိုးဦးခေါင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီဖြစ်၏။
ဆူဇီမို၏ အမူအရာက အေးစက်နေမြဲဖြစ်၏။
အရိုးဦးခေါင်းသည် သူရင်ဆိုင်နေရသည့် တစ်ခုတည်းသော ခြိမ်းခြောက်မှု မဟုတ်ပေ။
ဝှစ်.. ဝှစ်…
လေထဲတွင် ရွှေကျီးကန်း မင်းသားနှစ်ပါး ထုတ်ဖော်လိုက်သော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များက ရွှေရောင် ငှက်မွေးတောင်နှစ်ခု ဖြစ်လေသည်။
ရွှေရောင် ငှက်မွေးတောင်နှစ်ခုကို ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်ကနေ စုဖွဲ့ထားပြီး ချစ်ချစ်တောက် ပူလောင်သော မီးတောက်များဖြင့် လောင်ကျွမ်းနေကာ သူတို့က ဆူဇီမိုထံသို့ ပစ်ဝင်လာခဲ့၏။
အခြားတစ်ဖက်တွင်…
ကြမ်းကြုတ်မျက်လုံးကလည်း အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်က ပို၍ပင် ကြောက်စရာကောင်းလေသည်။
အဲဒါက သွေးသံရဲရဲ မျက်လုံးတစ်လုံး ဖြစ်၏။
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၄ ခုက တစ်ချိန်တည်းမှာ ဆင်းသက်လာပြီး ဆူဇီမိုထံသို့ ပြေးဝင်လာကြလေသည်။
ယက္ခယုက မျက်မှောင် အနည်းငယ်ကြုတ်ပြီး ခဏမျှ တွေဝေတုံ့ဆိုင်းနေသော်လည်း သူမက သူမ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်ခြင်း မရှိချေ။
“ဟွန့်”
သူမက သူမဘာသာသူမ တွေးလိုက်၏။
“အဲဒီ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၄ ခုက နင့်ကို သတ်ဖို့ လုံလောက်နေပြီ.. ငါတိုက်ခိုက်စရာ မလိုတော့ဘူး”
ထိုသို့အတွေးဖြင့် ယက္ခယုက များစွာပို၍ စိတ်သက်သာရာရသွားပုံ ရ၏။
အထီးကျန်သိုင်းသခင်သည် သူမ၏ အမြုတေစိတ်ဝိညာဉ်ပေါ်မှာ သိုင်းစိတ်ဝိညာဉ် အမှတ်အသားတစ်ခု ချန်ထားရစ်ခဲ့သည်ကို သူမက မသိရှိပေ။
သူမသည် စောစောက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပေါ် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို အမှန်တကယ် ထုတ်ဖော်မည်ဆိုလျှင် သိုင်းစိတ်ဝိညာဉ် အမှတ်အသားက အဲဒါကို အာရုံခံမိသွားပြီး လောင်ကျွမ်းလာပေလိမ့်မည်။
သူမ၏ အမြုတေစိတ်ဝိညာဉ်သည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို မစုဖွဲ့နိုင်ခင်မှာပင် လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။
တိုက်ပွဲနယ်မြေတွင်…
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၄ ခု ဖြင့် ရင်ဆိုင်နေရသော်လည်း ဆူဇီမို၏ မျက်လုံးများက သက်သောင့်သက်သာ ရှိနေပြီး သူက အလွန်တရာ တည်ငြိမ်နေ၏။
အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်သည် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ချက်ချင်းပင် ဆင့်ခေါ်ပြီး သူ၏ ခန္ဓာကိုယ်က ပြိုးပြိုးပြက်ပြက် လျှပ်စီးလျှပ်ပန်းများဖြင့် တောက်ပလာ၏။
ဆူဇီမိုသည် သူ၏ နှာရောင်ကို ညင်သာစွာ ထိပြီး သူ၏ အသိစိတ်ထဲကနေ လျှပ်စီးများဖြင့် ပြည့်နှက်နေသည့် ကျာပွတ်တစ်ခုကို ဆွဲထုတ်လိုက်၏။
မိုးကြိုးဧကရာဇ်၏ လျှို့ဝှက်အတတ်… စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်…
ဖြောင်း…
ဆူဇီမိုသည် စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်ကို လွှဲပြီး ရွှေကျီးကန်း မင်းသားနှစ်ပါး၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို ပစ်ရိုက်လိုက်လေသည်။
အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များ၏ ထိတွေ့ရိုက်ခတ်မှုက အသံများစွာ ထွက်ပေါ်မလာပေ။
သို့သော်လည်း.. မိုးကြိုးနှင့် ရွှေရောင်မီးတောက်တို့၏ စွမ်းအားက ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်ပြီး တဖျောက်ဖျောက် အသံများကို ထွက်ပေါ်လာစေ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်၌ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ တာအိုကို နားလည်ဆင်ခြင်ထားသော အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို ဖန်တီးခြင်းကြာပဒုမ္မာက အားဖြည့်ပေးနေပြီး အလွန်တရာ သိပ်သည်းကျစ်လစ်သော စိတ်ဝိညာဉ်အသိစိတ်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။
မိုးကြိုးဧကရာဇ်၏ လျှို့ဝှက်အတတ်နှင့် ပေါင်းစပ်လိုက်သောအခါ ဆူဇီမိုသည် မီးတောက်များဖြင့် လောင်ကျွမ်းနေသော ရွှေရောင်ငှက်မွေးတောင်နှစ်ခုကို ပိတ်ဆို့တားဆီးလိုက်နိုင်လေသည်။ တကယ်တော့ သူ၏ စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်ကလည်း ပျက်ပြယ်သွားပြီး ဆက်လက်၍ မစုဖွဲ့နိုင်တော့ပေ။
အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်ကို စုဖွဲ့လိုက်သည့် ခဏမှာပင်.. ဆူဇီမို၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံကနေ အစိမ်းရောင် အလင်းတောက်တောက်တစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။
အစိမ်းရောင်အလင်းက သူ၏ အသိစိတ်ထဲမှာ လျင်မြန်စွာ စုစည်းသွားပြီး အလွန်တရာ အားကောင်းသော သတ်ဖြတ်ခြင်းစွမ်းအား ပါဝင်သည့် အစိမ်းရောင်ကြာပန်း ဓားတစ်လက်ကို ဖြစ်ပေါ်လာစေ၏။
ဆူဇီမိုက အဲဒါကို တကူးတက ထိန်းချုပ်စရာ မလိုဘဲ အစိမ်းရောင်ကြာပန်းဓားသည် သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသော ဆိုးယုတ်စွမ်းအားကို ခံစားမိသည့်အခါ.. ချက်ချင်းပင် တုံ့ပြန်လိုက်၏။
ရွှစ်…
အစိမ်းရောင်ကြာပန်းဓားက အစိမ်းရင့်ရောင် အရိုးဦးခေါင်းကို ထိုးခုတ်လိုက်လေသည်။
အရိုးဦးခေါင်းက အသိစိတ်ရှိပြီး အစိမ်းရောင်ကြာပန်းဓားက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုတာ သူက ခံစားမိနိုင်သည့်အလား ရှောင်တိမ်းချင်လေသည်။
သို့သော်လည်း ၎င်း၏ အလျင်အဟုန်သည် အစိမ်းရောင်ကြာပန်းဓားနှင့် ယှဉ်လျှင် များစွာနိမ့်ကျနေ၏။
ချွမ်း…
အစိမ်းရောင်ကြာပန်းဓားက ချက်ချင်းပင် ဆင်းသက်လာပြီး အရိုးဦးခေါင်း၏ အပေါ်ကနေ အုပ်မိုး၍ ခုတ်ပိုင်းကျလာ၏။
“ဂါး….”
မိစ္ဆာတစ်ကောင်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားသည့်အလား.. အရိုးဦးခေါင်းက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
ချွမ်း.. ချွမ်း..
အစိမ်းရောင်ကြာပန်းဓားသည် အလွန်တရာ ထက်ရှသော ဓားချီတစ်ခုကို ပိုင်ဆိုင်ထားသည့် အလင်းရောင်ခြည်များဖြင့် တောက်ပနေပြီး သူတို့က အရိုးဦးခေါင်းကို ထပ်တလဲလဲ ထိုးခုတ်နေ၏။
တစ်ခဏချင်းမှာပင် အရိုးဦးခေါင်းက ဇကာပေါက် ဖြစ်သွားလေသည်။
ဘုန်း…
သိပ်မကြာခင် အရိုးဦးခေါင်းက ကြေမွပျက်ပြယ်သွားလေသည်။
အစိမ်းရောင်ကြာပန်းဓားကတော့ ၎င်းသည် များစွာသော အစိမ်းရင့်ရောင် ဆိုးယုတ်စွမ်းအားများဖြင့် စွန်းထင်းခံရပြီး ၎င်း၏ အရောင်က သိသိသာသာ မှိန်ဖျော့သွား၏။ ၎င်းက ဆက်လက်၍ မစုဖွဲ့နိုင်တော့ဘဲ ပစ်လဲကျသွားလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာသည် အစိမ်းရောင်ကြာစေ့များကို ပြန်လည်သိမ်းဆည်းပြီး သူတို့ကို ပြန်လည်အားဖြည့်ပေးနေ၏။
သူ၏ အသိစိတ်ထဲမှ တိုက်ပွဲ မစဲသေးခင်မှာပင်.. ဆူဇီမိုသည် ကြမ်းကြုတ်မျက်လုံးဘက်သို့ လှည့်ကာ ရင်ဆိုင်လိုက်ပြီဖြစ်၏။
သူ၏ အသိစိတ်ထဲမှာ အစိမ်းရောင်ကြာပန်းဓားက အရိုးဦးခေါင်းနှင့် တိုက်ခိုက်နေခဲ့၏။
အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကတော့ ၎င်းသည် သူ့အသိစိတ်၏ အလယ်မှာ ရစ်ဝဲပြီး တင်ပျဉ်ခွေထိုင်ချလိုက်၏။ သူ၏ လက်ဖဝါးနှစ်ဖက်ကို အတူတကွ ယှက်ဖြာပြီး ခံ့ညားထည်ဝါသော အမူအရာတစ်ခုနှင့်အတူ ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
တကယ်ဆို.. အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်၏ နောက်ဘက်တွင် ဧရာမ ဗုဒ္ဓတစ်ပါး၏ ပုံရိပ်ယောင်က ပေါ်ထွက်လာပြီး ၎င်း၏ ဦးခေါင်းနောက်ဘက်ရှိ လျှို့ဝှက်ဆန်းကြယ်သော ရောင်ခြည်စက်ဝန်းတစ်ခုနှင့်အတူ လောကကို ငုံ့ကြည့်နေ၏။
အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်နှင့် ဧရာမ ဗုဒ္ဓသည် ရှေးဟောင်း သုတ္တန်များကို တစ်ချိန်တည်းမှာ ရွတ်ဆိုလိုက်ကြ၏။
သူတို့၏ အော်ရာများက ပေါင်းစည်းသွားသည်ဟု ထင်ရပြီး ဂါထာမန္တန်အသံက ခမ်းနားထည်ဝါသော ပုံစံဖြင့် သူ၏ အသိစိတ်ထဲမှာ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။
ရူလိုင်းဓမ္မချိပ်စည်း…
အဲဒါသည် မဟာနေ့ရက်ရူလိုင်းသုတ္တန်မှ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခု ဖြစ်ပြီး အလွန်တရာ စွမ်းအားကြီးမားလေသည်။
ထိုအမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ပေါ် မှိခိုပြီး ဆူဇီမိုသည် သန်မာသော ရန်သူများစွာကို သတ်ဖြတ်ကာ အန္တရာယ်များစွာကို ရှောင်ရှားနိုင်ခဲ့၏။
ဂါထာမန္တာန်ကို ရွတ်ဆိုနေရင်း.. ဆူဇီမို၏ နှာရောင်ထဲကနေ ရှေးကျသော ရွှေရောင်စာလုံးတစ်လုံးက ပစ်လွင့်ထွက်ပေါ်လာပြီး ဗုဒ္ဓအလင်းရောင်တစ်ခုဖြင့် တောက်ပနေ၏။
ထိုရှေးဟောင်းစာလုံးသည် အရာရာတိုင်းကို ဖိနှိမ်နိုင်သည့်အလား.. ကျိန်းစပ်နေသော ရွှေရောင်အလင်းနှင့်အတူ ဆင်းသက်လာ၏။
ကြမ်းကြုတ်မျက်လုံး၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်က အလွန်တရာ ဆိုးယုတ်လေသည်။
ရူလိုင်းဓမ္မချိပ်စည်းသည် ဤကဲ့သို့ ဆိုးယုတ်သော နည်းစနစ်များနှင့် ရင်ဆိုင်ရာမှာ အကျိုးသက်ရောက်မှု အရှိဆုံးဖြစ်၏။
ရူလိုင်းဓမ္မချိပ်စည်း၏ ဖိနှိမ်မှုအောက်တွင် သွေးသံရဲရဲ မျက်လုံးသည် ဘာမှမကျန်အောင် ကြေမွပျက်ပြယ်သွားလေသည်။
သို့သော်လည်း ရူလိုင်းဓမ္မချိပ်စည်း၏ စုဖွဲ့မှုကတော့ ကျန်ရှိနေသေးပြီး ကြမ်းကြုတ်မျက်လုံးကို ဖိနှိမ်လာခဲ့၏။