← Chapters

မရဏ မျက်လုံး

Vol. 105 Ch. 1573

မရဏ မျက်လုံး

Vol. 105 Ch. 1573

ဆူဇီမိုသည် ဝှက်ဖဲအချို့ကို ဆက်တိုက်ထုတ်ဖော်ပြီး ကမ္ဘာဦးမျိုးနွယ်မှ သခင်လေး ၄ ယောက်၏ ဝန်းရံတိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးလိုက်၏။

ဒါ့အပြင်.. ရူလိုင်းဓမ္မချိပ်စည်းသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ဖိနှိမ်ပြီးတာတောင် ၎င်းသည် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ကြမ်းကြုတ်မျက်လုံးထံသို့ ပျံသန်းသွားလေသည်။

ဆူဇီမို၏ အသိစိတ်ထဲမှာ အစိမ်းရောင်ကြာပန်းဓားက အစိမ်းရင့်ရောင် အရိုးဦးခေါင်းကို ခြေမွဖျက်ဆီးပြီးနောက် သခင်လေး ဆန်းကြယ်တစ္ဆေက ခပ်သဲ့သဲ့ ညည်းတွား၍ ယိမ်းထိုးသွား၏။

လှစ်ခနဲဆို.. ဆူဇီမိုက နေရာကနေ ပျောက်ကွယ်သွား၏။

သူပြန်ပေါ်လာသည့်အချိန်မှာ သူက သခင်လေး ဆန်းကြယ်တစ္ဆေ၏ ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။

“သတ်…”

ဆူဇီမိုက ရုတ်တရက် အော်ဟစ်ပြီး မိုးကြိုးထစ်ချုန်း လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။

သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေကြ၏။ စုန်းတစ်ယောက်အနေဖြင့် သခင်လေး ဆန်းကြယ်တစ္ဆေ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် သာမန်သာဖြစ်ပြီး မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်းက သူ့အတွက် ကြီးမားသည့်​ ရိုက်ချက် ဖြစ်လေသည်။

ဖြီး..

ချက်ချင်းပင်.. သူ၏ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများက ပန်းထွက်လာ၏။ သူ၏ အစိမ်းရင့်ရောင် မျက်လုံးနှစ်ဖက်သည် ဆူဇီမို၏ အော်သံကြောင့် ပေါက်ကွဲထွက်သွားပြီး သူ၏ အမြင်အာရုံကို ဆုံးရှုံးကာ လုံးဝ မှောင်မိုက်သွားလေသည်။

သူ၏ ဒွါရ ခုနှစ်ပေါက်က ကြေမွသွားခဲ့လေပြီ။

သခင်လေး ဆန်းကြယ်တစ္ဆေ၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ စိတ်ထဲမှာ ဗြောင်းဆန်လာခဲ့၏။ မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်း၏ တုန်ခါအားလှိုင်းကြောင့် သူ၏ အာရုံငါးပါးက လုံးဝ ချို့ယွင်းသွားလေသည်။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်အနေဖြင့် ဤကဲ့သို့သော ဒဏ်ရာက သူ့ကို မသေစေနိုင်ပေ။

သို့သော်လည်း သူ၏ အသက်က ကြီးမားစွာ အန္တရာယ်ရှိလာပြီဖြစ်ကြောင်း သခင်လေး ဆန်းကြယ်တစ္ဆေက ကောင်းကောင်းသိလိုက်၏။

“ပုံရိပ်ယောင်ကျိန်စာ”

တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး စုန်းမျိုးနွယ်၏ အသက်ကယ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

ရုတ်တရက်.. သူ၏ ခန္ဓာကိုယ်သည် အစိမ်းရင့်ရင့် အရောင်အဝါတစ်ခုဖြင့် တောက်ပလာပြီး သူ၏ ပုံရိပ်က အခြားနေရာလွတ်တစ်ခုကို ရောက်ရှိသွားသည့်အလား စတင်ဝေဝါးလာခဲ့၏။

အဲဒါက ကြိုတင်ခန့်မှန်း၍ မရနိုင်ဘဲ တကယ့်ကို အံ့မခန်းဖြစ်လေသည်။

မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်းကို ထုတ်ဖော်ပြီးနောက်.. ဆူဇီမိုက ပစ်ရိုက်ချလိုက်၏။

သို့သော်လည်း.. သူ၏ လက်ဝါးရိုက်ချက်သည် သခင်လေး ဆန်းကြယ်တစ္ဆေ၏ ဝေဝါးနေသော ပုံရိပ်ကို ဖြတ်ကျော်ပြီး လွဲချော်သွားလေသည်။

သခင်လေး ဆန်းကြယ်တစ္ဆေက ဘေးကင်းအဆင်ပြေသည့်ပုံပေါ်လေသည်။

ဆူဇီမိုသည် ပုံရိပ်ယောင်ကျိန်စာကို အရင်က တွေ့မြင်ခဲ့ဖူးလေသည်။

ထိုစဉ်တုန်းက စုန်းမျိုးနွယ်၏ အကြီးအကဲတစ်ယောက်သည် လျှို့ဝှက်မန္တန်တစ်ခုကို ထုတ်ဖော်လိုက်သော်လည်း ညဝိညာဉ်က ၎င်းကို ထွင်းဖောက်မြင်နိုင်ကာ သူ့ကို သတ်ဖြတ်ခဲ့၏။

ဆူဇီမိုသည် အံ့အားသင့်သွားခြင်း မရှိဘဲ သူ၏ အကြည့်ကို အာရုံစိုက်ကာ သူ၏ ဘယ်ဘက်မျက်လုံးက နက်မှောင်နေသော ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားသည့်အလား.. ထူးဆန်းသော အနက်ရောင်အလင်းဖြင့် တောက်ပလာ၏။

တမလွန်မီးရောင်ကျောက်တုံး…

ဆူဇီမို၏ ဘယ်ဘက်မျက်လုံးက လျှို့ဝှက်ဆန်းကြယ်သော တမလွန်မီးရောင်ဖြင့် တောက်ပလာ၏။

အစကတော့.. သခင်လေး ဆန်းကြယ်တစ္ဆေ၏ ပုံရိပ်သည် ကြိုတင်ခန့်မှန်း၍ မရနိုင်ဘဲ အံ့မခန်း ဖြစ်လေသည်။

သို့သော်လည်း.. ၎င်းသည် တမလွန်မီးရောင်၏ လင်းထိန်မှုအောက်မှာ ဆက်လက်၍ မပုန်းကွယ်နိုင်တော့ပေ။

ယခုအချိန်တွင် ဆူဇီမို၏ မျက်လုံးက ညဝိညာဉ်၏ မျက်လုံးနှင့် မကွာခြားတော့ပေ။

ဘန်း…

ဆူဇီမို၏ လက်ဖဝါးက နောက်တစ်ဖန် ဆင်းသက်လာပြီး သခင်လေး ဆန်းကြယ်တစ္ဆေ၏ ဦးခေါင်းကို အပေါ်ကနေ ပစ်ရိုက်ချလိုက်၏။

သွေးများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။

သက်ရှိများ အားလုံး၏ အကြည့်အောက်တွင် သခင်လေး ဆန်းကြယ်တစ္ဆေ၏ ဦးခေါင်းသည် ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွသွား၏။

“အထီးကျန်သိုင်းသခင်က အရမ်းကို ရက်စက်တာပဲ… သူက နောက်တစ်ဖန် တိုက်ခိုက်တာနဲ့ ကမ္ဘာဦးမျိုးနွယ်က နောက်ထပ် သခင်လေးတစ်ယောက်ရဲ့ အသက်ကို နုတ်ယူလိုက်ပြီ”

“အမှန်ပဲ.. အဲဒါ ငါတို့ကို တာအိုအမွေအနှစ်ကုန်းမြေဆီ ပြန်ခေါ်သွားလိုက်သလိုပဲ.. အဲဒီအချိန်တုန်းက ဂိုဏ်းပေါင်းစုံက မည်ကာမတ္တ တပည့်တွေက သူ့ကို အတူပူးပေါင်းပြီး သတ်ဖြတ်ချင်ခဲ့ပေမဲ့.. သူတို့ကပဲ သူ့ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်”

“အား.. တစ်ခုခုတော့ လွဲနေပြီ”

ထိုစဉ်မှာပင်.. လူပုံသဏ္ဌာန် သတ္တဝါတစ်ကောင်က ရုတ်တရက် ပြောလိုက်၏။

“သခင်လေး ဆန်းကြယ်တစ္ဆေက မသေသေးဘူး”

“အား.. စုန်းမျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်တွေက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ.. သူက ဒါတောင် မသေသေးဘူး”

များစွာသော ကျင့်ကြံသူများ၏ ရှေ့မှောက်မှာပင် အစိမ်းရောင်ဝတ် ပုံရိပ်သည် ဒယီးဒယိုင်ဖြင့် သွေးမြူများကြားကနေ ထွက်ပြေးလွတ်မြောက်လာ၏။ ပုံပန်းသဏ္ဌာန်အရ အဲဒါသည် သခင်လေး ဆန်းကြယ်တစ္ဆေ ဖြစ်လေသည်။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်သွားသော်လည်း ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်ရုံသာ ဖြစ်ပြီး သိပ်မကြာခင် အဲဒါကို နားလည်သဘောပေါက်သွား၏။

အရင်တုန်းက.. ဆန်းကြယ်တောင်ထွတ်မှာ သေဆုံးခဲ့ရသော စုန်းမျိုးနွယ်၏ သခင်လေးသည် ရုပ်သေးရုပ်နှင့် ဆင်တူသော ထိုကဲ့သို့ လျှို့ဝှက်အတတ်တစ်ခုကို ကျင့်ကြံထားခဲ့လေသည်။ သေရေး ရှင်ရေး အခိုက်အတန့်မှာ အဲဒါသည် သူတို့၏ နေရာမှာ အစားထိုး သေပေးရလေသည်။

အဲဒါက အသက်ပိုတစ်ခု ရှိထားခြင်းနှင့် ဆင်တူလေသည်။

သို့သော်လည်း.. အဲဒါက ဆူဇီမိုအတွက် ကြီးမားသည့် ပြဿနာတစ်ရပ် မဟုတ်ပေ။

အလွန်ဆုံး သူသည် သခင်လေး ဆန်းကြယ်တစ္ဆေကို နောက်တစ်ဖန် သတ်ဖြတ်ရုံသာ ဖြစ်၏။

ဖျတ်ခနဲဆို.. ဆူဇီမိုသည် ခြေလှမ်းအနည်းငယ်အတွင်း သခင်လေး ဆန်းကြယ်တစ္ဆေကို လိုက်မီလာ၏။ သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သတ်ဖြတ်ကွက်တစ်ကွက်ကို ထုတ်ဖော်ဖို့ ​ပြင်ဆင်လိုက်၏။

“အထီးကျန်သိုင်းသခင်.. ငါ့ကို ဖိအား ဆက်မပေးနဲ့တော့”

သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိရှိလိုက်ပြီး သခင်လေး ဆန်းကြယ်တစ္ဆေသည် ရုတ်တရက် ဆူဇီမိုဘက်သို့ လှည့်ကာ ကြောက်မက်ဖွယ်ရာ အမူအရာတစ်ခုနှင့်အတူ စူးစူးဝါးဝါး အော်လိုက်၏။

တစ်ချိန်တည်းမှာပင်.. သူ၏ ခန္ဓာကိုယ်ကနေ အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအင် အတက်အကျတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။

ဆူဇီမိုသည် ထိုစွမ်းအင် အတက်အကျနှင့် ရင်းနှီးကျွမ်းဝင်လေသည်။

ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာတုန်းက ဝူရှဲ့သည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို သူကိုယ်တိုင် ဖောက်ခွဲဖျက်ဆီးပြီး ကျိန်စာတစ်ခုကို ထုတ်ဖော်ကာ သူ့ကို သတ်ဖြတ်ချင်ခဲ့၏။

အသတ်ဖြတ်ကျိန်စာ…

တကယ်တော့ ဆူဇီမိုသည် သူ၏ လက်ရှိ ဖန်တီးခြင်းကြာခုံနှင့်အတူ အသတ်ဖြတ်ကျိန်စာကို ဆက်လက်၍ မကြောက်ရွံ့တော့ပေ။

သို့သော်လည်း.. အစိမ်းရောင်ကြာပန်းဓားက အရိုးစုကျိန်စာကို ယခုတင် ဖျက်ဆီးထားလေသည်။

သူသည် အသတ်ဖြတ်ကျိန်စာနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် အဲဒါကို နောက်တစ်ဖန် စုဖွဲ့မည်ဆိုလျှင်.. ၎င်းသည် အဲဒါကို ချေဖျက်နိုင်မည်ဆိုလျှင်တောင် သူ၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က သက်ရောက်ခံရဖို့ ဖြစ်နိုင်ချေ ရှိလေသည်။

သတ္တမနှင့် ဒသမ မင်းသားတို့ကလည်း ရောက်ရှိလာခဲ့ပြီဖြစ်၏။

အခြားတစ်ဖက်မှာ.. ကြမ်းကြုတ်မျက်လုံး၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးသည် လုံးဝ ပွင့်လာခဲ့ပြီး အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ကြောက်စရာကောင်းသော စက္ခုနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်၏။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှာ စက္ခုနည်းစနစ်များစွာ ရှိလေသည်။

သူတို့ကြားမှာ ပထမဆုံးနှင့် စွမ်းအားအကြီးမားဆုံးသည် မရဏ မျက်လုံးဖြစ်လေသည်။

မရဏမျက်လုံးကို ကျင့်ကြံဖို့က အလွန်တရာ ခဲယဉ်းလေသည်။

သူတို့က သတိတစ်ချက် ပေါ့လျော့မိလျှင် အဲဒါကို ကျင့်ကြံသော သူတို့၏ ကောင်းကင်ဘုံမျက်လုံးက ပျက်စီးသွားရပေလိမ့်မည်။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကောင်းကင်ဘုံမျက်လုံးသည် သူတို့ ဘဝတစ်သက်တာ ကျင့်ကြံမှု၏ ပြယုဂ် ဖြစ်လေသည်။ အဲဒါက ထိခိုက်ဒဏ်ရာရရှိသွားသည်နှင့် ကုသဖို့အတွက် အလွန်တရာ ခက်ခဲပြီး သူတို့၏ အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းက ပြတ်တောက်လုနီးပါး ဖြစ်သွားခြင်းနှင့် တူညီလေသည်။

အဆိုးဆုံးအခြေအနေမှာဆိုလျှင် သူတို့၏ အသက်ကိုပင် ဆုံးရှုံးရနိုင်လေသည်။

ထို့ကြောင့်ပင်လျှင်.. ဤစက္ခုနည်းစနစ်က မရဏမျက်လုံးဟု ကျော်ကြားနေခြင်း ဖြစ်၏။

သမိုင်းတစ်လျှောက်တွင်.. မရဏမျက်လုံးကို ကျင့်ကြံသောကြောင့် သေဆုံးခဲ့ရသော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ဝင် များစွာရှိခဲ့လေသည်။

တကယ်တော့ ဤစက္ခုနည်းစနစ်၏ စွမ်းပကားသည် ကြောက်စရာကောင်းနေရသည်မှာ ကြီးမားသည့် အကြောင်းရင်း ရှိလေသည်။ ၎င်းတွင် စက္ခုနည်းစနစ်၏ စွမ်းအား ပါဝင်ရုံသာမက.. ၎င်းတွင် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခု၏ စွမ်းအားလည်း ပါဝင်လေသည်။

အဲဒါကို ဖွင့်လှစ်လိုက်သည်နှင့်.. မရဏမျက်လုံးကို မည်သူကမှ မတားဆီးနိုင်ပေ။

အဲဒါသည် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်ခြင်း၏ အစစ်အမှန် အဓိပ္ပာယ်ဖြစ်လေသည်။

မရဏမျက်လုံးကို ကျင့်ကြံရခြင်းက အလွန်တရာ ခက်ခဲပြီး အန္တရာယ်များလေသည်။ တုန်လှုပ်စရာကောင်းသော စိတ်စွမ်းအားတစ်ခု၊ တစ်မူထူးခြားသော သတ္တိ၊ သန်မာသော စိတ်ဓာတ်ခံယူချက်၊ ရှားပါးသော ပါရမီအရည်အချင်းနှင့် ကောင်းကင်ဘုံကိုပင် ဖီဆန်သော ကံအခွင့်အလမ်းတို့ မရှိဘဲ အဲဒါကို အောင်မြင်စွာ ကျင့်ကြံနိုင်ဖို့က ခဲယဉ်းလေသည်။

သမိုင်းတစ်လျှောက်မှာပင်.. မရဏမျက်လုံးကို ကျင့်ကြံနိုင်ခဲ့သော ကောင်းကင်ဘုံမျက်လုံးမျိုးနွယ် သက်ရှိများက အလွန်တရာ နည်းပါးလေသည်။

ကြမ်းကြုတ်မျက်လုံးက သူတို့ထဲမှ တစ်ယောက်ဖြစ်၏။

ကောင်းကင်ဘုံမျိုးနွယ်ကြားမှာ မရဏမျက်လုံးကို ကျင့်ကြံနိုင်ခဲ့သည့် ယခင်ပုဂ္ဂိုလ်သည် လွန်ခဲ့သည့် နှစ်လေးသောင်းက ဖြစ်ခဲ့လေသည်။

တိုက်ပွဲနယ်မြေတွင်…

မရဏမျက်လုံးကို ဖွင့်လှစ်လိုက်သည်နှင့်.. ဆူဇီမိုသည် ခေါင်းနပန်းကြီးလာသည်ဟု ခံစားရပြီး သူ၏ စိတ်ထဲမှာ သတိပေးချက်တစ်ခုက ပေါ်ထွက်လာ၏။

တိုက်ပွဲ၏ ဤနေရာအရောက်ထိ သူသည် ပထမဆုံးအကြိမ်အဖြစ် ဤကဲ့သို့ ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုကို ခံစားရခြင်း ဖြစ်၏။

ဆူဇီမိုသည် သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး သခင်လေး ဆန်းကြယ်တစ္ဆေနောက်သို့ လိုက်လံဖမ်းဆီးခြင်းကို လက်လျှော့လိုက်၏။ သူက ရုတ်တရက် ကြမ်းကြုတ်မျက်လုံး ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။

မရဏမျက်လုံးကို ဖွင့်လှစ်လိုက်သောအခါ.. ကြမ်းကြုတ်မျက်လုံး၏ ပုံရိပ်က ပျောက်ကွယ်သွားသည်ဟု ထင်ရ၏။

ထိုအမှောင်ထုထဲမှာ လေထဲတွင် ရစ်ဝဲနေသော ကောင်းကင်ဘုံမျက်လုံး တစ်လုံးကိုသာလျှင် တွေ့ရလေတော့သည်။

ပြူထွက်နေသော မျက်လုံးက မည်သည့် အသက်ဓာတ်မှ မရှိဘဲ ချောက်ချားစရာကောင်းသော သေခြင်းအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

မီးခိုးရောင် အလင်းတန်းတစ်ခုက မရဏမျက်လုံးထံမှ ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းဖြတ်သွားရာ နေရာတိုင်း ၎င်းသည် အသက်ဓာတ်အားလုံးကို ယူဆောင်သွားပြီး လေထဲရှိ ရူလိုင်းဓမ္မချိပ်စည်း ရှိရာသို့ ပစ်ဝင်လာခဲ့လေသည်။

ရူလိုင်းဓမ္မချိပ်စည်းသည် ဂမ္ဘီရစွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထားပြီး ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပနေ၏။

သို့သော်လည်း မီးခိုးရောင် အလင်းတန်း ဆင်းသက်လာပြီးနောက်.. ရူလိုင်းဓမ္မချိပ်စည်း၏ ရွှေရောင်အလင်းသည် ချက်ချင်းပင် ဖိနှိမ်ခံရပြီး မှေးမှိန်ကျသွား၏။

မရဏအလင်းတန်းသည် ရူလိုင်းဓမ္မချိပ်စည်းကို တိတ်တဆိတ် ထိုးဖောက်ပြီး ဆူဇီမိုကို လွှမ်းခြုံလာခဲ့၏။

All Chapters