ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ
Vol. 105 Ch. 1575
သူသည် တမလွန်မီးရောင်မျက်လုံးကို ထုတ်ဖော်လိုက်သည့်အချိန်မှာပင် ဆူဇီမိုသည် သူ၏ ဘယ်ဘက်လက်ဖြင့် သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ အထီးကျန်ကောင်းကင်နှင့် ကမ္ဘာမြေကွဲထွက်ခြင်း ကြယ်များရှိရာဘက်သို့ ခုတ်ပိုင်းချလိုက်၏။
ဇီ...
ကျိန်းစပ်နေသော ဓားချီနှစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး ကြယ်နှစ်စင်းနှင့် ချက်ချင်းပင် ထိတွေ့ရိုက်ခတ်သွား၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ...
ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သောမြည်သံ ထွက်ပေါ်လာ၏။
ကြယ်နှစ်စင်းက လေထဲမှာ အေးခဲရပ်တန့်သွားလေသည်။
ခဏမျှရပ်တန့်ပြီးနောက် ကြယ်နှစ်စင်း၏ မျက်နှာပြင်ပေါ်တွင် ချောမွတ်သော ပြတ်ရှရာတစ်ခုစီက ပေါ်ထွက်လာ၏။
ဘုန်း....ဘုန်း.... ဘုန်း...
ထို့နောက်ချက်ချင်းပင် ကြယ်နှစ်စင်းက ထက်ခြမ်းကွဲထွက်သွားပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် အလယ်ကနေ သေသပ်စွာ လှီးဖြတ်ခြင်းခံလိုက်ရ၏။
သူတို့က လဲပြိုကျဆင်းသွားပြီး သူတို့၏ ဓမ္မစွမ်းအားများက ပျက်ပြယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် ရွှေကျီးကန်းမင်းသားနှစ်ပါးက ရောက်ရှိလာပြီဖြစ်၏။
ဆူဇီမိုသည် အားနေသော သူ၏ ညာဘက်လက်ကို လက်သီးတစ်လုံးအဖြစ်ဆုပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲရှိသွေးချီက တလိပ်လိပ်တက်လာပြီး သူသည် လှည့်ပင်မကြည့်ပဲ သူ၏ နောက်ဘက်သို့ ထိုးချက်နှစ်ချက်ထုတ်ဖော်လိုက်၏။
ဘန်း... ဘန်း...
ထိုးချက်နှစ်ချက်သည် ရွှေကျီးကန်းမင်းသားနှစ်ပါး၏ တတိယမြောက်ခြေထောက်များနှင့် ထိတွေ့ရိုက်ခတ်ပြီး ခပ်ထိုင်းထိုင်းအသံထွက်ပေါ်လာစေ၏။
ဖျောက်... ဖျောက်.... ဖျောက်...
ထို့နောက်ချက်ချင်းပင်... အရိုးများကျိုးပဲ့သံကို ကြားလိုက်ကြရ၏။
ဒသမမင်းသားက စူးစူးဝါးဝါး အော်ဟစ်ပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ဆုတ်ခွာသွားလေသည်။
ရွှေကျီးကန်းမျိုးနွယ်၏ တတိယမြောက်ခြေထောက်သည် အမာကြောဆုံးဖြစ်သော်လည်း ၎င်းသည် ဆူဇီမိုထံမှ ထိုးချက်တစ်ချက်ဖြင့် ပျက်စီးကြေမွသွားလေသည်။
ကြောက်စရာကောင်းဆုံးအရာမှာ အဲ့ဒါသည် ဆူဇီမို၏ ခွန်အားအပြည့် မဟုတ်ပေ။
သူသည် မရဏမျက်လုံးနှင့် ဂိုဏ်းချုပ်နှစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်ပြီးမှ ဤတန်ပြန်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ခြင်းဖြစ်လေသည်။
ထိုသို့ဆိုလျှင်တောင် ဒသမမင်းသားက အဲ့ဒါကို ခံနိုင်ရည်မရှိပေ။
သခင်လေးဆန်းကြယ်တစ္ဆေသည် သူ၏ ငေးငိုင်နေရာကနေ နိုးထလာပြီး တိုက်ခိုက်ချင်လေသည်။ သို့သော်လည်း ဆူဇီမိုသည် လူငါးယောက်၏ အတူပူးပေါင်းတိုက်ခိုက်မှုများအားလုံးကို တစ်ယောက်တည်းဖြင့် ဖိနှိမ်လိုက်သည်ကို သူက နားလည်တွေ့ရှိလိုက်ရ၏။
သူသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ စုဖွဲ့ခါစ ဓမ္မပညာရပ်က ပျက်ပြယ်သွား၏။
သတ္တမမင်းသား၏ သွေးချီက သန်မာပြီး သူက ရွှေကျီးကန်းမင်းသားဆယ်ပါးကြားမှာ အသန်မာဆုံး ဖြစ်လေသည်။ သူသည် ဆူဇီမို၏ ထိုးချက်ကို ခံနိုင်ရည်ရှိသော်လည်း သူ၏ ရွှေကျီးကန်းခြေထောက်က ထုံကျင်၍ ခံစားမှုများကို ပျောက်ဆုံးသွားစေ၏။
သူသည် တုန်လှုပ်သွားပြီး နေရာမှာဆက်လက်၍ နေရဲခြင်းမရှိတော့ဘဲ ဆူဇီမိုထံကနေ အလောတကြီးဆုတ်ခွာကာ ထိုသူ၏ တန်ပြန်တိုက်ခိုက်မှုများကို ရှောင်တိမ်းချင်လေသည်။
သို့သော်လည်း ဤတစ်ခေါက်မှာ ဆူဇီမိုက သူတို့နောက်သို့ ဆက်လက်လိုက်လာခြင်း မရှိပေ။
ရုတ်တရက် ဆူဇီမိုသည် ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ယောက်ကို အေးစက်စွာဖြင့် စိုက်ကြည့်လိုက်၏။
“ကမ္ဘာဦးမျိုးနွယ်တွေရဲ့ရှေ့မှာ မင်းတို့တွေရဲ့ သတ္တိကြောင်တာနဲ့ သေမှာကြောက်တာကို ငါက လျစ်လျူရှုပေးနိုင်တယ်... ဒါပေမဲ့ မင်းတို့က နောက်ကနေတိုက်ခိုက်လာတာကိုတော့ ငါ သည်းမခံနိုင်ဘူး”
“မင်းတို့နှစ်ယောက်ကို အင်မော်တယ်နဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေလို့တောင် ခေါ်ဖို့မထိုက်တန်တော့ဘူး... ငါ့အထင်တော့ မင်းတို့နှစ်ယောက်က အိမ်မွေးခွေးတွေထက်တောင် နိမ့်ကျသေးတယ်”
ဆူဇီမိုက အမှန်တကယ်ပင် ဒေါသထွက်နေ၏။
သူသည် ကစဉ့်ကလျားအမြုတေဂိုဏ်း ၊ ဓားဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်တို့ကဲ့သို့ ထိပ်သီးဂိုဏ်းကြီများနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စရှိလေသည်။ သို့သော်လည်း ဆူဇီမိုသည် ပဟေဠိနန်းတော်သို့ ယနေ့ရောက်ရှိလာသောအခါ ထိုဂိုဏ်းများကို လျစ်လျူရှုထား၏။
အကြောင်းမှာ ထိုဂိုဏ်းများသည် သေရမည်ကိုကြောက်ရွံ့သော်လည်း သူတို့သည်လူသားမျိုးနွယ်များဖြစ်ပြီး ကမ္ဘာဦးမျိုးနွယ်များဘက်မှာ မရပ်တည်ခဲ့သောကြောင့်ဖြစ်၏။
သို့သော်လည်း ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ အပြုအမူများသည် ဆူဇီမို၏ အောက်စည်းကို လုံးဝဖြတ်ကျော်လာခဲ့လေပြီ။
သူက ကမ္ဘာဦးမျိုးနွယ်များကို သတ်ဖြတ်ချင်လေသည်။ သို့သော်လည်း အဲ့ဒါမတိုင်ခင် သူသည် သူ့ရှေ့ရှိဂိုဏ်းချုပ်နှစ်ယောက်ကို အရင်သတ်ချင်လေသည်။
ဆူဇီမို၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ဝင်းဝင်းလက်လာပြီး ဂိုဏ်းချုပ်နှစ်ယောက်ရှိရာဘက်သို့ လျှောက်လှမ်းသွားလေသည်။ တစ်ခဏချင်းမှာပင် သူက သူတို့ရှေ့သို့ ရောက်ရှိလာခဲ့၏။
ဂိုဏိးချုပ်နှစ်ယောက်သည် ဆူဇီမို၏ အော်ရာကြောင့် နေရာမှာပင် တောင့်တင်းစွာ မှင်တက်နေပြီး အကြောက်လွန်နေသည့်အလား လှည့်ထွက်ပြေးကြခြင်း မရှိပေ။
ဂိုဏ်းချုပ်နှစ်ယောက်နောက်ရှိ ကျင့်ကြံသူများကတော့ သူတို့သည် ရောပါငြိစွန်းသတ်ဖြတ်ခံရမည်ကို စိုးသည့်အတွက် ထိတ်ထိတ်ပျာပျာအမူအရာများနှင့်အတူ အဘက်ဘက်သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးကုန်ကြလေသည်။
သူတို့သည် မတော်တဆသတ်ဖြတ်ခြင်းခံရလျှင်တောင် သူတို့သည် ဤအဆင့်တိုက်ပွဲမှာ အလွယ်တကူသတ်ဖြတ်ခံရနိုင်လေသည်။
“သေစမ်း”
ဆူဇီမိုသည် ဟိန်းဟောက်ပြီး သူ၏ သွေးချီကို တလိပ်လိပ်တက်လာစေ၏။ သူ၏ ဧရာမလက်ဖဝါးကို ဆန့်ထုတ်ပြီး ကောင်းကင်ထက်ကနေ အုပ်မိုး၍ ကျဆင်းလာစေ၏။
ထိုလက်ဝါး၏ စွမ်းအားက သိပ်သည်းပြင်းထန်ပြီး ဂိုဏ်းချုပ်နှစ်ယောက်ပေါ်သို့ လွှမ်းခြုံလာခဲ့လေသည်။
ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတွင် ခန္ဓာမီးဆေးဓမ္မအစီအရင်များရှိသော်လည်း သူ၏ အမျက်ဒေါသလက်ဝါးရိုက်ချက်သည် ဂိုဏ်းချုပ်နှစ်ယောက်ကို နေရာမှာပင် သတ်ဖြတ်နိုင်သည်ဟု ဆူဇီမိုက ယုံကြည်မှုရှိလေသည်။
ဂိုဏ်းချုပ်နှစ်ယောက်သည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူတို့၏ မူပိုင်ဓမ္မလက်နက်များကို ဆင့်ခေါ်ကာ ဆူဇီမို၏ လက်ဝါးရိုက်ချက်ကို ခုခံချင်လေသည်။
သို့သော်လည်း လက်ဝါးရိုက်ချက်က လုံးလုံးကျဆင်းမလာခင်မှာပင် ကြောက်စရာကောင်းသောစွမ်းအားက ဂိုဏ်းချုပ်နှစ်ယောက်ကို မွန်းကျပ်သွားစေခဲ့ပြီဖြစ်၏။
သူတို့၏ မျက်နှာများက နီမြန်း၍ သူတို့၏ မျက်လုံးများက သွေးရောင်သန်းလာလေသည်။
ကြောက်စရာကောင်းသောဖိအားအောက်တွင် သူတို့၏ ခန္ဓာကိုယ်မျက်နှာပြင်မှ သွေးများပင် စိမ့်ထွက်လာခဲ့လေသည်။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ထိုသည်ကိုမြင်သောအခါ ဂိုဏ်းချုပ်နှစ်ယောက်ကတော့ သွားရှာပြီဟု တွေးထင်လိုက်ကြ၏။
သို့သော်လည်း ထိုစဥ်မှာပင် ဂိုဏ်းချုပ်နှစ်ယောက်၏ မျက်လုံးအနက်ပိုင်းထဲမှာ ထူးဆန်းသောအလင်းရောင်တစ်ခုက ဖျတ်ခနဲ ပေါ်ထွက်လာ၏။
နောက်ခဏ၌ ဆူဇီမို၏ စိတ်ထဲသို့ သတိပေးချက်တစ်ခု ဝင်ရောက်လာလေသည်။
သူက အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရ၏။
ထိုအန္တရာယ်အငွေ့အသက်သည် မရဏမျက်လုံးထက်ပင် အဆများစွာ ပိုမိုသန်မာလေသည်။
အဲ့ဒါသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်ထံမှလာသော စွမ်းအားတစ်ခု သေချာပေါက်မဟုတ်ပေ။
သူ့အနေဖြင့် ဤမျှထိသန်မာသော ခြိမ်းခြောက်မှုတစ်ခုကို ခံစားမိစေဖို့ ဖြစ်နိုင်ချေတစ်ခုသာလျှင်ရှိလေသည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က တိုက်ခိုက်လိုက်ခြင်းပင်။
ဆူဇီမိုက ထိတ်လန့်သွား၏။
သူ့ကို အံ့အားသင့်စေသည့်အရာမှာ ဤနေရာတွင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာသောကြောင့် မဟုတ်ပေ။
ပဟေဠိနန်းတော်ရှိ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲသည် အပေါ်ယံအားဖြင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများနှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များအကြား ညှိနှိုင်းဆွေးနွေးခြင်းဖြစ်သော်လည်း များပြားလှစွာသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက နောက်ကွယ်ကနေ စောင့်ကြည့်နေကြ၏။
သူ့ကို တကယ်တမ်းအံ့အားသင့်စေသည့်အရာမှာ သူသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်ရှိသည့်နေရာကို မတွေ့မြင်ရသောကြောင့်ဖြစ်၏။
သူသည် ရောက်ရှိလာသော အန္တရာယ်ကို ခံစားမိနေလျှင်တောင် သူသည် ဤမဟာယာနမျိုးနွယ်စုခေါင်းဆောင်၏ မည်သည့်အရိပ်အယောင်ကိုမှ သတိထားမိခြင်း မရှိပေ။
တကယ်ဆို... ဆူဇီမိုသည် ကမ္ဘာဦးမျိုးနွယ်မှသခင်လေးများနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့စဥ်ကတည်းက သူသည် တစ်ချိန်လုံး သူ၏ ခွန်အားအပြည့်အဝကို မထုတ်ဖော်ခဲ့ပေ။
သူ့မှာ ယခုအချိန်ထိ မထုတ်ဖော်ရသေးသော ဝှက်ဖဲတချို့ကျန်ရှိနေသေးလေသည်။
ဥပမာအားဖြင့် သူသည် စောစောက ဂိုဏ်းချုပ်နှစ်ယောက်၏ ဓမ္မပညာရပ်များကို ခုတ်ပိုင်းချဖို့အတွက် ကောင်းကင်သတ်ဖြတ်ခြင်းဓား ချီနှစ်ခုကိုသာ ထုတ်ဖော်ခဲ့လေသည်။
ဆူဇီမိုက အဲ့ဒါကို တမင်သက်သက် ထိန်ချန်ထားခြင်းဖြစ်၏။
အကြောင်းမှာ ပဟေဠိနန်းတော်သို့ သူရောက်ရှိလာသည့်အချိန်မှစ၍ ဒီနေရာမှာ အလွန်တရာအန္တရာယ်များသော ၊ ထောက်လှမ်းသိရှိဖို့ မဖြစ်နိုင်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို သူ၏ အာရုံခံသတိစိတ်က အာရုံခံစားမိနေခဲ့သောကြောင့်ဖြစ်လေသည်။
ထိုအန္တရာယ်သည် ကမ္ဘာဦးမျိုးနွယ် ၆ စုထံမှ လာခြင်းမဟုတ်ပေ။
သူ၏ အာရုံခံသတိစိတ်ကပင်လျှင် ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ ထွက်ပေါ်လာရာဇာစ်မြစ်ကို အာရုံမခံနိုင်ပေ။
တကယ်ဆို... သူသည် အဲ့ဒါကို သေချာအာရုံခံဖို့ကြိုးစားသည့်အကြိမ်တိုင်း ထိုသတ်ဖြတ်လိုစိတ်၏ အရိပ်အယောင်က ပျောက်ကွယ်သွားတတ်လေသည်။
ထို့ကြောင့်ပင်လျှင် ဆူဇီမိုက တစ်ချိန်လုံး သူ၏ ခွန်အားကို ထိန်ချန်နေခဲ့ခြင်းဖြစ်၏။
နောက်ခဏ၌ သူသည် ကြီးမားသောအန္တရာယ်တစ်ခုနှင့် ကြုံတွေရမည်ကို စိုးရိမ်ပူပန်နေခဲ့၏။
ထိုအခိုက်အတန့်တွင် သူက နားလည်သဘောပေါက်လာခဲ့၏။
သူခံစားခဲ့ရသည့် ချောက်ချားစရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ထံမှလာခြင်း ဖြစ်လေသည်။
သို့သော် ယခု....အန္တရာယ်က ဆင်းသက်လာပြီး သူက သေခြင်းအော်ရာကို အနံ့ခံမိနေတာတောင် သူသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရပေ။
“ဘယ်နေရာမှာပါလိမ့်”
ထိုအတွေးများစွာက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာသော်လည်း တကယ်တော့... အရာရာတိုင်းသည် မျက်တစ်မှိတ်အတွင်း ဖြစ်ပျက်နေခြင်းပင်။
ဂိုဏ်းချုပ်နှစ်ယောက်၏ နောက်ဘက်တွင် လိပ်ပြာလွင့်မတက်ကြောက်လန့်နေပုံရသော ကျင့်ကြံသူတစ်ယောက်သည် ထွက်ပြေးဖို့ ကြိုးစားနေသော်လည်း ရုတ်တရက် သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။
သူထံမှ မည်သည့်ကြီးကြီးမားမားလှုပ်ရှားမှုမှ ဖြစ်ပေါ်မလာပဲ သူ၏ လက်ကို ညင်သာစွာ မြှောက်လိုက်ရုံသာဖြစ်၏။
မသိလိုက်မသိဘာသာနှင့်ပင် သေးသွယ်သောဓားတစ်လက်က သူ၏ လက်ဖဝါးထဲမှာ ပေါ်ထွက်လာခဲ့ပြီဖြစ်၏။
အဲ့ဒါသည် ဧရာမငွေအပ်တစ်ချောင်းကဲ့သို့ အနည်းငယ်တုန်ခါ၍ အေးစက်စက်အလင်းတစ်ခုဖြင့် တောက်ပနေ၏။
ရွှစ်...
ဓားသည် ဆူဇီမို၏ နှာရောင်ကို ချိန်ရွယ်ပြီး ချက်ချင်းပင် ရောက်ရှိလာ၏။
သူဘယ်လိုတိုက်ခိုက်လိုက်သည်ကို မည်သူကမှ မတွေ့မြင်ရပေ။
ထိုလူက သူ၏ လက်ကို ကိုင်မြှောက်လိုက်သည့်ခဏမှာပင် ထိုဓားသည် ဆူဇီမို၏ ရှေ့သို့ ရောက်နှင့်ပြီးသား ဖြစ်သွားသည့်အလားပင်။