← Chapters

မျိုးနွယ်စုခေါင်းဆောင် လျှို့ဝှက်မရဏ

Vol. 106 Ch. 1576

မျိုးနွယ်စုခေါင်းဆောင် လျှို့ဝှက်မရဏ

Vol. 106 Ch. 1576

အဲ့ဒါသည် ပြီးပြည့်စုံလုနီးပါး လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတစ်ရပ်ဟု ဆိုနိုင်လေသည်။

စောစောက သူ၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးနေခဲ့ပြီး သူက တစ်ချိန်လုံး အာရုံစိုက်ထားခြင်းကြောင့်သာ မဟုတ်လျှင် ထိုတိုက်ခိုက်မှုက သူ၏ အသက်ကို နုတ်ယူသွားလိမ့်မည်ဟု ဆူဇီမိုပင်လျှင် ဝန်ခံရပေမည်။

ကျင့်ကြံရေးလောကမှာ ဤကဲ့သို့ ပြီးပြည့်စုံသည့် လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတစ်ခုကို ဖော်ဆောင်နိုင်သည့် ဂိုဏ်းတစ်ဂိုဏ်းသာလျှင် ရှိလေသည်။

မိစ္ဆာဂိုဏ်း ၇ ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော… လျှို့ဝှက်မရဏဂိုဏ်း...။

ဂိုဏ်းချုပ်နှစ်ယောက်၏ နောက်ဘက်ရှိ ကောင်းကင်စင်ရော်ဂိုဏ်း ဝတ်ရုံကို ဝတ်ဆင်ထားသော ထိုကျင့်ကြံသူသည် ကောင်းကင်စင်ရော်ဂိုဏ်းမှ လုံးဝမဟုတ်ပေ။ သူက လျှို့ဝှက်မရဏဂိုဏ်း၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်၏။

လျှို့ဝှက်မရဏဂိုဏ်း၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က လူအုပ်ထဲမှာရောနှော၍ သူ၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားမည်ဆိုရင် သူ့ကို မည်သူမှ သတိထားမိနိုင်လိမ့်မည် မဟုတ်ပေ။

တကယ်တော့... ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ယောက်၏ တိုက်ခိုက်မှုက တိုက်ဆိုင်မှုလုံးဝမဟုတ်ပေ။

ဂိုဏ်းချုပ်နှစ်ယောက်က ဆူဇီမိုကို ဒဏ်ရာအပြင်းအထန်ရရှိစေမည်ဆိုလျှင် အဲ့ဒါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

သူတို့သည် ထိုသို့မလုပ်နိုင်လျှင်တောင် အဲ့ဒါက ကိစ္စမရှိပေ။

အကြောင်းမှာ... ဂိုဏ်းချုပ်နှစ်ယောက်၏ တိုက်ခိုက်မှုသည် အထီးကျန်သိုင်းသခင်ကို သေချာပေါက် ဒေါသထွက်စေပြီး သူက သူတို့နှစ်ယောက်ဘက်သို့ အာရုံစိုက်လာမည်ကို လျှို့ဝှက်မရဏဂိုဏ်း၏ ဤမျိုးနွယ်စုခေါင်းဆောင်က မျှော်လင့်ထားပြီးသားဖြစ်သောကြောင့်ပင်။

အမျက်ဒေါသထွက်၍ စိတ်ခံစားချက်မတည်မငြိမ် ဖြစ်နေချိန်မှာ အထီးကျန်သိုင်းသခင်အနေဖြင့် သူ၏ တည်ရှိမှုကို သတိထားမိဖို့ ပို၍ပင် ခဲယဥ်းသွားပေမည်။

အဲ့ဒါကြောင့် ဂိုဏ်းချုပ်နှစ်ယောက်သည် ဆူဇီမိုကို အမျက်ဒေါသထွက်စေပြီး ဤကြောက်စရာကောင်းသော ဓားချက်ဆီသို့ မျှားခေါ်ထုတ်ရန် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်၏။

ဤဓားချက်က အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့လုံလောက်သည်ဟု လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က ယုံကြည်လေသည်။

ကံဆိုးစွာနှင့်ပင် သူသည် အရာရာတိုင်းကို ကြိုတင်တွက်ချက်ထားသော်လည်း အထီးကျန်သိုင်းသခင်က အံ့မခန်း အာရုံခံသတိစိတ်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။

လေက စတင်တိုက်ခတ်မလာခင်မှာပင် ဆောင်းဦးသို့ ဝင်ရောက်တော့မည်ကို ပုစဥ်းရင်ကွဲက ကြိုတင်အာရုံခံမိလေသည်။

ဆူဇီမိုသည် အန္တရာယ်ကို အာရုံခံမိနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။

ဓားက မည်သည့်ဝဲဂယက်ကိုမှ မဖြစ်ပေါ်စေပေ။ သို့သော်လည်း ဆူဇီမို၏ဦးခေါင်းသည် ရုတ်တရက် နောက်သို့လန်ကျသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လေထဲမှာ အလျားလိုက်နီးပါးဖြစ်သွာ၏။

“ဟမ်...”

လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။

တိုက်ခိုက်မှုက လွဲချော်သွားလေသည်။

အတိအကျဆိုရလျှင် ဆူဇီမိုသည် သူတိုက်ခိုက်လိုက်သောကြောင့် ရှောင်တိမ်းလိုက်ခြင်း မဟုတ်ပေ။

သူတိုက်ခိုက်မှုစတင်ချိန်မှာပင် ဆူဇီမိုက ကြိုတင်ရှောင်တိမ်းပြီးသားဖြစ်နေလေပြီ။

ရွှစ်...

ဆူဇီမို၏ နောက်ကျောတွင် တောင်ပံတစ်စုံပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို လျှပ်စီးများက လွှမ်းခြုံကာ ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး နောက်သို့ ပြေးထွက်လိုက်လေသည်။

“ဟမ့်...”

သူ၏ တည်နေရာက ပေါက်ကြားသွားခြင်းနှင့်အတူ လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က သူ့ကိုယ်သူ ဆက်လက်၍ ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ လှောင်ရယ်လိုက်၏။

“မင်းက... ငါ့ဓားချက်ကနေ ထွက်ပြေးချင်သေးတာလား”

လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က သူ၏ တိုက်ခိုက်မှုလွဲချော်ပြီးနောက် သူ၏ ဓားကို ပြန်မရုပ်သိမ်းလိုက်ပေ။ သူက သူ၏ လက်ကောက်ဝတ်ကိုသာ လှုပ်ယမ်းလိုက်လေသည်။

ဓားသည် အသိစိတ်ရှိသည့်အလား ကွေးညွှတ်သွားပြီး ၎င်း၏ ဓားသွားက အောက်သို့ထိုးစိုက်ကာ ဆူဇီမိုရှိရာသို့ ဆယ်ချက်ကျော် ထိုးစိုက်လိုက်လေသည်။

ဖောက်... ဖောက်... ဖောက်...

သွေးစီးကြောင်းများက အတော်မြင့်မြင့်ထိပန်းထွက်သွားပြီးမှ အောက်သို့ ပြန့်ကျဲကျသွားလေသည်။

“ဘာတွေဖြစ်ကုန်တာလဲ”

“အထီးကျန်သိုင်းသခင်က ဒဏ်ရာရသွားပြီ”

“အဲ့ဒါဘယ်သူလဲ... အဲ့ဒီအော်ရာက ပေါင်းစည်းခန္ဓာအဆင့် မဟုတ်လောက်ဘူး... အဲ့ဒါက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပဲ”

“မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် တိုက်ခိုက်ပြီဆိုမှတော့... အထီးကျန်သိုင်းသခင်က သေချာပေါက် သေရတော့မှာပဲ”

လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

သက်ရှိများအားလုံးက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြ၏။

မျိုးနွယ်စုတစ်သောင်းစုဝေးပွဲက မစတင်ခင်မှာပင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ပေါ်ထွက်ခဲ့လေပြီ။

“လျှို့ဝှက်မရဏဂိုဏ်းလား”

ပဟေဠိနန်းတော်အရှင်၏ မျက်လုံးက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွား၏။

“အစ်ကိုကြီး...”

“နံပါတ်တစ်...”

“ဇီမို...”

မျောက်နှင့် အခြားသူများသည် လေထဲကနေ ပြုတ်ကျလာသောပုံရိပ်ကို ကြည့်ပြီး ဒေါသချောင်းချောင်း ထွက်နေသောအမူအရာများနှင့်အတူ အော်ဟစ်လိုက်ကြ၏။

“အာ... အထီးကျန်သိုင်းသခင်က ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေအားလုံးကြားထဲမှာ ပြိုင်ဘက်ကင်းနေပြီ... ကမ္ဘာဦးမျိုးနွယ်က သခင်လေးတွေတောင် သူ့ကိုရှောင်ရတယ်... အခုတော့ သူက လူသားမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရတယ်ဆိုတော့...”

“လျှို့ဝှက်မရဏဂိုဏ်းက အထီးကျန်သိုင်းသခင်ကို သတ်ဖို့ ဘာလို့ကြိုးပမ်းရတာလဲ”

“အထီးကျန်သိုင်းသခင်ရဲ့လက်ထဲမှာ လျှို့ဝှက်မရဏဂိုဏ်းက ကျင့်ကြံသူအတော်များများ သေဆုံးခဲ့ဖူးတယ်... အဲ့ဒါကြောင့်ပဲ နေမှာပေါ့”

“အဲ့ဒါက အဓိပ္ပါယ်သိပ်မရှိဘူး... အလွန်ဆုံး အဲ့ဒါက ပုဂ္ဂိုလ်ရေးရန်ငြိုးတစ်ခုပဲ... အခု ငါတို့က ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ရင်ဆိုင်နေရတာ... လျှို့ဝှက်မရဏဂိုဏ်းက လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံး ပါရမီအလားအလာနဲ့ ပြန်ဝင်စားမွန်းစတားကို သတ်ဖြတ်ဖို့ ကြိုးစားလာတယ်ဆိုတော့...”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက အသည်းအသန်ဆွေးနွေးလိုက်ကြ၏။

ထိုစဥ်မှာပင်... လေထဲရှိ ပုံရိပ်က မြေပြင်ပေါ်သို့ ပစ်ကျတော့မည့်ဆဲဆဲမှာပင် သူ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားလေသည်။ သူက မတ်တတ်ရပ်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။

သူ၏ ပုံရိပ်က ဒယီးဒယိုင်ယိမ်းထိုးသွားပြီး သွေးများဖြင့် စိုရွှဲနေ၏။ သို့သော်လည်း သူက မသေသေးပေ။

“အို...”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ပင့်သက်ကို ရှိုက်လိုက်ကြ၏။

သူက သေမသွားဘူးလား။

အဲ့ဒါသည် လျှို့ဝှက်မရဏဂိုဏ်းမှ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတစ်ရပ်ဖြစ်၏။ မျိုးနွယ်စုတစ်သောင်းမှ မျိုးနွယ်စုခေါင်းဆောင်များနှင့် ပညာရှင်များပင်လျှင် ထိုတိုက်ခိုက်မှုကနေ ရှင်သန်နိုင်ချင်မှ ရှင်သန်နိုင်ပေလိမ့်မည်။

ဆူဇီမိုသည် သူ၏ ရင်ဘတ်ကို အုပ်ကိုင်ပြီး သူ၏ မျက်နှာက တစ်နည်းတစ်ဖုံဖြူဖျော့နေ၏။ သူသည် မလှမ်းမကမ်းတွင်ရှိသော လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်ကို အေးစက်စက်အကြည့်တစ်ခုနှင့်အတူ စိုက်ကြည့်လိုက်၏။

လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က သက်လတ်ပိုင်းအရွယ် သာမန်အမျိုးသားတစ်ယောက်နှင့် တူလေသည်။ သူသည် လူအုပ်ကြီးထဲတွင် ရောနှောနေပါက မည်သူကမှ သတိမထားမိမည့် ပုံစံမျိုး ဖြစ်လေသည်။

သို့သော်လည်း ဤကဲ့သို့သော လူတစ်ယောက်က လုပ်ကြံသတ်ဖြတ်ဖို့အတွက် အသင့်လျော်ဆုံးဖြစ်လေသည်။

ဆူဇီမိုသည် ချက်ချင်းပင်ရှောင်တိမ်းလိုက်သော်လည်း လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က အလွန်တရာလျင်မြန်စွာတုံ့ပြန်ပြီး နောက်ဆုံးအခိုက်အတန့်မှာ သူ၏ နည်းဗျူဟာကို ပြောင်းလဲကာ ဆယ်ချက်ကျော်ဆင့်၍ ထိုးစိုက်ခဲ့လေသည်။

ထိုဓားချက်များအားလုံးက ဆူဇီမိုပေါ်သို့ ဆင်းသက်ခဲ့၏။

ထိုးချက်တစ်ချက်ချင်းစီသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ထိုးဖောက်သွားလေသည်။

သာမန်ပုံစံနှင့် ထိုဓားပါးလေးတစ်လက်က မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ ဓမ္မရတနာဖြစ်လေသည်။

ဓမ္မရတနာများကသာလျှင် အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာကို ထိုးစိုက်နိုင်ပေလိမ့်မည်။

ထိုးချက်တစ်ချက်ချင်းစီက သေစေနိုင်ပြီး ပြင်းထန်သောဒဏ်ရာများကို​ဖြစ်ပေါ်စေ၏။

သူတို့ထဲမှ ထိုးချက်တစ်ချက်သည် ဆူဇီမို၏ နှလုံးသားကိုပင် ထိုးဖောက်သွားခဲ့လေသည်။

“မင်းက... ငါ့လက်ထဲကနေ အသက်ရှင်လျက်ရုန်းထွက်နိုင်တယ်ဆိုတော့... တော်တော်စွမ်းသားပဲ”

လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းက ငါ့ကိုဘာလို့ တိုက်ခိုက်တာလဲ”

ဆူဇီမိုက အေးစက်စွာမေးလိုက်၏။

“သူ့ကိုသိခွင့်ပေးလိုက်စမ်းပါ”

ထိုစဥ်မှာပင် ကြမ်းကြုတ်မျက်လုံးထံမှ အသံက ဘေးကနေ ထွက်ပေါ်လာ၏။

ဆူဇီမိုသည် အနည်းငယ်မှင်တက်သွားပြီးနောက် နားလည်သဘောပေါက်လာခဲ့၏။

စောစောက ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများသည် သူ့ကြောင့် အလွန်တရာဆိုးဝါးသော အခြေအနေတစ်ခုသို့ သက်ဆင်းသွားခဲ့ရ၏။

အဲ့ဒီနောက်... သတ္တမမင်းသား ၊ သခင်လေးဆန်းကြယ်တစ္ဆေနှင့် တခြားသူများသည် သူတို့နှင့်အတူပူးပေါင်းတိုက်ခိုက်ရန် ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့ထံ အသံများကို တိတ်တဆိတ်ပို့လွှတ်ခဲ့ကြ၏။

ထိုအချိတ်တုန်းက ကြမ်းကြုတ်မျက်လုံးကလည်း အရပ်တစ်ဘက်သို့ လှည့်ကြည့်ခဲ့လေသည်။

သူက မျက်စိကွယ်နေသောကြောင့် ဆူဇီမိုသည် သူ၏ အပြုအမူကို အရေးမလုပ်ခဲ့ပေ။

ယခု အဲ့ဒါကို ပြန်တွေးကြည့်သောအခါ ထိုအချိန်တုန်းက ကြမ်းကြုတ်မျက်လုံးသည် တိုက်ခိုက်ရန်ပြင်ဆင်ထားဖို့အတွက် လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်ကို ဆက်သွယ်ခဲ့ပုံရလေသည်။

“ဒီလိုဆိုမှတော့... လျှို့ဝှက်မရဏဂိုဏ်းက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ဆီမှာ အညံ့ခံပြီးသွားပြီပေါ့”

ဆူဇီမိုက သရော်တော်တော်အမူအရာနှင့်အတူ လှောင်ရယ်လိုက်၏။

လျှို့ဝှက်မရဏဂိုဏ်း၏ မဟာယာနမျိုနွယ်စုခေါင်းဆောင်က သာမန်ကျင့်ကြံသူ မဟုတ်ပေ။ သို့သော် ယခု... သူသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ သခင်လေးရှေ့မှာ ရိုကျိုးခယစွာရှိနေသည့်အချက်က တစ်စုံတစ်ရာကို သက်သေပြပေးနေ၏။

လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က အမူအရာကင်းမဲ့၍ အသံတိတ်နေ၏။

ကြမ်းကြုတ်မျက်လုံးက ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါအမှန်ပဲ... လျှို့ဝှက်မရဏဂိုဏ်းက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ထံမှာ အညံ့ခံပြီးသွားပြီ”

“ဒီနေ့... ဒီမှာရှိတဲ့ ဂိုဏ်းတွေနဲ့အဖွဲ့အစည်းတွေအားလုံးပဲ နားထောင်ကြ... မင်းတို့တွေက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ထံမှာ အညံ့ခံဖို့ရွေးချယ်မယ်ဆိုရင် ငါတို့က မင်းတို့ကို ကာကွယ်ပေးပြီး ထျန်ဟွန်ကုန်းမြေတိုက်ကြီးထဲမှာ အခြေချနေထိုင်ဖို့အတွက် မင်းတို့အတွက် နေရာတစ်ခုပေးနိုင်တယ်”

ကြမ်းကြုတ်မျက်လုံးက သူ၏ နက်မှောင်နေသော မျက်တွင်းအိမ်နှင့်အတူ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးပြောလိုက်၏။

“မင်းတို့တွေက ဒီနေ့ အညံ့ခံဖို့ငြင်းဆန်နေမယ်ဆိုရင်တော့ မင်းတို့တွေက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကို ဆန့်ကျင်တာပဲ”

များစွာသောကျင့်ကြံသူများသည် အသံတိတ်သွားပြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့အားလုံးသည် သူတို့၏ မျက်လုံးများထဲမှာ တွေဝေတုံ့ဆိုင်းမှု၊ မတင်မကျဖြစ်မှုနှင့် ကြောက်ရွံ့မှုတို့ကို တွေ့မြင်နေရ၏။

ဓားဂိုဏ်း ၊ ကစဉ့်ကလျားအမြုတေဂိုဏ်း ၊ ဖန်သားနန်းတော်နှင့် အခြားထိပ်သီးဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များကလည်း အသံတိတ်နေကြ၏။

“လျှို့ဝှက်မရဏဂိုဏ်းက မင်းတို့ကျင့်ကြံသူတွေက ဖုံးကွယ်ခြင်း နည်းစနစ်တွေအများကြီးကို ကျင့်ကြံထားကြတာပဲ... မင်းတို့တွေက မင်းတို့ရဲ့လမ်းကြောင်းကို ဖုံးကွယ်ထားမယ်ဆိုရင် ဘယ်သူကမှ မင်းတို့ကိုရှာဖွေနိုင်မှာ မဟုတ်ဘူး... မင်းတို့က ဘာကိုကြောက်နေကြတာလဲ... မင်းတို့က ဘာလို့ အညံ့ခံဖို့ ရွေးချယ်ခဲ့တာလဲ”

ပဟေဠိနန်းတော်အရှင်က မယုံကြည်နိုင်စွာဖြင့် အံကိုကြိတ်ပြီး မေးလိုက်၏။

လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က အတန်ကြာတိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါတို့က... လူတိုင်းထံကနေ ပုန်းကွယ်နိုင်တယ်... ဒါပေမဲ့ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ် သက်ရှိတစ်ယောက်ချင်းစီတိုင်းက ငါတို့ရဲ့ လှုပ်ရှားမှုလမ်းကြောင်းတွေကို မြင်နိုင်တယ်”

“လျှို့ဝှက်မရဏဂိုဏ်းရဲ့ လျှို့ဝှက်အတတ်တွေက ကောင်းကင်ဘုံမျက်လုံးထံကနေ မဖုံးကွယ်နိုင်ဘူး... လျှို့ဝှက်မရဏဂိုဏ်းက ရွေးချယ်စရာမရှိခဲ့ဘူး”

All Chapters