← Chapters

သွေးကနေ ပြန်လည်မွေးဖွားခြင်း

Vol. 106 Ch. 1579

သွေးကနေ ပြန်လည်မွေးဖွားခြင်း

Vol. 106 Ch. 1579

တိုက်ပွဲ၏ ရလဒ်က တစ်ခဏအတွင်းမှာပင် ဆုံးဖြတ်ပြီးသား ဖြစ်သွားလေပြီ။

အတိအကျဆိုရလျှင်.. အသက်တစ်ရှိုက်စာ မပြည့်ခင်မှာပင်.. သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်ပြီးသွားလေပြီ။

မမျှော်လင့်ထားစွာပင်.. လျှို့ဝှက်မရဏဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က သေဆုံးသွားပြီဖြစ်၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်အနေဖြင့် အထီးကျန်သိုင်းသခင်သည် အမှန်တကယ်ပင် အဆင့်ကြီးတစ်ဆင့်ကို ဖြတ်ကျော်ပြီး မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့၏။

သို့သော်လည်း.. ပေးဆပ်ရသော တန်ဖိုးက တကယ့်ကို ကြီးမားလေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မျိုးနွယ်စုခေါင်းဆောင်၏ နောက်ဆုံးခုတ်ချက်ဖြင့် ပျက်စီးကြေမွသွားပြီး ပုံပျက်ပန်းပျက် သွေးသံရဲရဲ အသားပုံတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

အထီးကျန်သိုင်းသခင်၏ အမြုတေစိတ်ဝိညာဉ်ကပင်လျှင် ဖန်တီးခြင်းကြာခုံ၏ ကာကွယ်မှုကြောင့်သာ ရှင်သန်နိုင်ခဲ့၏။

သူသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဆုံးရှုံးရပြီးနောက်.. မည်သူ့ကိုမှ ဆက်လက်၍ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

ဤအချိန်မှစ၍ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို စိုးမိုးပြီး မည်ကာမတ္တ တပည့်များကိုသာမက.. ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများကိုပါ ချိုးနှိမ်ခဲ့သော သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စား မွန်းစတားသည် အတိတ်ကာလမှာ ကျန်ရစ်ခဲ့လေပြီ။

“အစ်ကို…”

ဆူရှောင်းနင်သည် နီရဲလာသော မျက်လုံးများနှင့်အတူ အံ့အားတသင့် အော်ခေါ်ပြီး သူမ၏ ပါးပြင်ပေါ်ကို မျက်ရည်များက စီးကျလာ၏။

“အား…”

မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားလူတိုင်းကလည်း သက်ပြင်းကိုယ်စီချလိုက်ကြ၏။

အခြားတစ်ဖက်မှာ.. ညဝိညာဉ်က အမူအရာကင်းမဲ့နေ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးက တွေဝေရှုပ်ထွေးသော အမူအရာများ ရှိနေကြ၏။ သူတို့ထဲမှ အချို့သည် ယူကျုံးမရ ဖြစ်နေသည့်ပုံပေါ်ပြီး အချို့ကတော့ အူမြူးအားရနေကြ၏။

ကမ္ဘာဦးမျိုးနွယ် ၆စုမှ သခင်လေးများကတော့.. ရလဒ်သည် သူတို့ တွေးထင်ထားသည်ထက် အနည်းငယ် ပိုမိုဆိုးရွားသော်လည်း အဲဒါကို လက်ခံနိုင်လေသည်။

အထီးကျန်သိုင်းသခင်က သေဆုံးမသွားသော်လည်း သူတို့၏ မျက်လုံးထဲမှာ သူက ဒုက္ခိတတစ်ယောက် ဖြစ်သွားခဲ့လေပြီ။

ထိုအခါမှသာ.. ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများသည် စိတ်သက်သာစွာ သက်ပြင်းချပြီး စိတ်လက်ပေါ့ပါးကာ နောက်တစ်ဖန် ပြုံးလာနိုင်ကြ၏။

အခြားတစ်ဖက်မှာတော့ ယက္ခယုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“သူ့ရဲ့ ကိုယ်ပွားက အခုဖျက်ဆီးခံလိုက်ရပြီဆိုတော့.. အဲဒီ မုန်းစရာကောင်းတဲ့လူက ပေါ်ထွက်လာမလား ငါသိချင်မိတယ်”

ယက္ခယုက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

“သူ ရောက်မလာပါစေနဲ့.. သူရောက်လာရင် သူ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး.. သူလည်း ဒီမှာ သေရလိမ့်မယ်”

“အထီးကျန်သိုင်းသခင်.. မင်းက အရမ်းကို သန်မာတယ်ဆိုတာ ငါဝန်ခံတယ်.. မင်းက မင်းထက် ကျင့်ကြံမှု အဆင့်ကြီး တစ်ဆင့်လုံးလုံးမြင့်တဲ့ ငါ့လို မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကိုတောင် သတ်ဖြတ်လိုက်နိုင်တယ်ဆိုတော့…”

လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ အသံက လေထဲကနေ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ်သည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီကြောင့် ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး လက်ရှိအသံသည် လောကမှာ သူချန်ထားရစ်ခဲ့သော အကြွင်းအကျန် အသိစိတ်တစ်ခုမျှသာ ဖြစ်၏။

“ဒါပေမဲ့.. ငါ မင်းကို ပြောလိုက်မယ်.. မင်းက ငါ့ကို သတ်နိုင်တယ်ဆိုရင်တောင် မင်းကလည်း အရမ်းကို ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်လိုက်ရတာပဲ.. ဟားဟားဟားဟား”

“ငါ သေသွားခဲ့ပေမဲ့.. ငါက ဒီလိုမျိုး စွမ်းအားကြီးမားတဲ့ ပြန်ဝင်စား မွန်းစတားတစ်ယောက်ကို ဖျက်ဆီးပစ်လိုက်နိုင်တဲ့အတွက် အလဟဿ မဖြစ်တော့ဘူး.. နောင်တစ်ချိန်မှာ အထီးကျန်သိုင်းသခင်အကြောင်း ပြောတဲ့အခါ သူတို့က ငါ့ကိုလည်း သေချာပေါက် အမှတ်ရနေကြလိမ့်မယ်.. ငါကလည်း သမိုင်းမှတ်တမ်းထဲမှာ သေချာပေါက် မှတ်တမ်းတင်ခံရလိမ့်မယ်”

“အထီးကျန်သိုင်းသခင်ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဖျက်ဆီးခဲ့တဲ့သူအဖြစ် ငါ့ကို လူတိုင်းက အမှတ်ရနေကြလိမ့်မယ်.. သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စား မွန်းစတားကို စင်ပေါ်ကနေ ဆွဲချခဲ့တဲ့သူက ငါပဲ”

လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ ကြွင်းကျန်ရစ်သော အသိစိတ်က ဟားတိုက်ရယ်မောလိုက်၏။

“အဲဒါဆိုရင်တော့.. မင်း ထပ်ပြီး စိတ်ပျက်ရဦးမှာပဲ”

ထိုစဉ်မှာပင်.. ဖန်တီးခြင်းကြာခုံက အဝေးကနေ ပျံသန်းလာ၏။

ဆူဇီမို၏ အသံက အထဲကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။ ပန်းရောင်ကြာပွင့်ချပ်များသည် တစ်ခုပြီးတစ်ခု ပွင့်ဟလာပြီး ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုက ဖြန့်ကြက်ထွက်ပေါ်ကာ​ ကြာပန်း၏ နေရာမှာ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က ရှိနေ၏။

“မင်း ဘာပြောလိုက်တာလဲ”

လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ ကြွင်းကျန်ရစ်သော အသိစိတ်က အော်မေးလိုက်လေသည်။

အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က မတ်တတ်ထရပ်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ.. စုဖွဲ့မယ်”

ထိုအသံက ထူးဆန်း၍ မြင့်မြတ်ထည်ဝါသော စွမ်းပကားတစ်ခုနှင့်အတူ ပြည့်နှက်နေပြီး သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

အားလုံး၏ အကြည့်အောက်မှာပင်.. ကြေမွပျက်စီးနေသော အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသားများက စုစည်းလာပြီး အလျင်အမြန် ပြန်လည်တည်ဆောက်လာခဲ့၏။

တစ်ခဏချင်းမှာပင်.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပြန်လည်ပေါ်ထွက်လာခဲ့၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြည်လင်၍ ချို့ယွင်းချက် ကင်းမဲ့နေ၏။ သူ၏ သွေးချီက တလိပ်လိပ်တက်လာရင်း သူ၏ အင်္ဂါအစိတ်အပိုင်းများက သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခုဖြင့် ပြည့်လျှမ်းလာခဲ့လေသည်။

ကြီးမားသော တိုက်ပွဲနယ်မြေက တိတ်ဆိတ်ငြိမ်သက်သွား၏။

သက်ရှိများ အားလုံးသည် မယုံကြည်နိုင်စွာ မျက်လုံးပြူး၍ စောင့်ကြည့်နေကြ၏။

“အဲဒါ ဘာလဲ”

“သွေးကနေ ပြန်လည်မွေးဖွားခြင်းလား”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော မေးခွန်းများက ထင်ဟပ်ပေါ်ထွက်လာ၏။

အဲဒါသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ သွေးကနေ ပြန်လည်မွေးဖွားခြင်းနှင့် အတိအကျ တူညီသည့်ပုံပေါ်နေ၏။

“အထီးကျန်သိုင်းသခင်က မဟာယာနအဆင့်ကို ဝင်ရောက်ပြီး မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီလား”

“မဟုတ်ဘူး.. သူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာပဲ ရှိနေသေးတယ်”

“အဲဒါဆို ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

“အဲဒါက ဖန်တီးခြင်းကြာပဒုမ္မာပဲ… အဲဒါက ဖန်တီးခြင်းကြာပဒုမ္မာကြောင့်ပဲ ဖြစ်ရမယ်”

ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်၏။

“ဖန်တီးခြင်းကြာပဒုမ္မာက စကြာဝဠာရဲ့ ဖန်တီးခြင်းကို ခိုးယူထားတဲ့ လောကဆိုင်ရာ အဆုံးစွန် ရတနာတစ်ခုပဲ.. သူကြီးထွားလာတဲ့ အဆင့်တစ်ဆင့်ချင်းစီတိုင်းမှာ မမျှော်မှန်းနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ပိုင်ဆိုင်လာလိမ့်မယ်”

အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး ဖန်တီးခြင်းကြာခုံနှင့်အတူ အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ နှာရောင်ထဲသို့ ဝင်ရောက်ပြီး သူ၏ အသိစိတ်ကို ပြန်လည်ရရှိသွား၏။

ထိုကျင့်ကြံသူ ပြောသည့်စကားက တစ်ဝက်တစ်ပျက် မှန်လေသည်။

သို့သော်လည်း အဲဒါသည် အဆင့်-၇ ဖန်တီးခြင်းကြာပဒုမ္မာသက်သက်သာဆိုလျှင် ၎င်းသည် ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။

သွေးကနေ ပြန်လည်မွေးဖွားခြင်းနှင့် ဆင်တူသော ဤနည်းလမ်းသည် အသောက သစ်သားကို စုပ်ယူသန့်စင်ပြီး နတ်ဘုရားစွမ်းအား မုန်တိုင်း၏ ဆေးကြောသန့်စင်ခြင်းကို ခံယူကာ နတ်ဘုရားစွမ်းအား တစ်စွန်းတစ်စကို နားလည်ဆင်ခြင်ပြီးမှ ဆူဇီမို နိုးထစေနိုင်ခဲ့သော နည်းလမ်းတစ်ခု ဖြစ်လေသည်။

ဆူဇီမိုသည် သွေးကနေ ပြန်လည်မွေးဖွားခြင်းနှင့် ဆင်တူသော စွမ်းအားကြီးမားသည့် ဤနည်းလမ်းကို နားလည်ဆင်ခြင်နိုင်ခဲ့သည်မှာ ကံအခွင့်အလမ်းများ အားလုံး တိုက်ဆိုင်သွားသောကြောင့် ဖြစ်၏။

“မင်း…”

“မဖြစ်နိုင်ဘူး… ဘယ်လိုမှ မဖြစ်နိုင်ဘူး”

လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ ကြွင်းကျန်ရစ်သော အသိစိတ်က အဲဒါကို အာရုံခံမိသောအခါ.. သူက ရူးသွပ်သွားပြီး သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်လိုက်၏။

အစကတော့ သူသည် နောင်တမရှိ ထွက်ခွာနိုင်တော့မည် ဖြစ်၏။

သို့သော် ယခု သူ၏ နှလုံးသားသည် မကျေမချမ်းမှုများ၊ နောင်တတရားများဖြင့် ပြည့်နှက်လာ၏။

ဆူဇီမိုက သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် သူ၏ သေဆုံးခြင်းက အလဟဿ ဖြစ်သွားခဲ့လေပြီ။

အထီးကျန်သိုင်းသခင်သည် အဆင့်ကြီး တစ်ဆင့်လုံးလုံး ဖြတ်ကျော်၍ သူ့ကို ပြီးပြည့်စုံလုနီးပါး သတ်ဖြတ်နိုင်ခဲ့၏။

“အား.. အား.. အား..”

လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ ကြွင်းကျန်ရစ်သော အသိစိတ်က တိုက်ပွဲနယ်မြေမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်​လေသည်။

“ဥုံ..”

ဆူဇီမို၏ အမူအရာက အေးစက်နေပြီး ဂါထာမန္တန် တစ်သံကို ရွတ်ဆိုလိုက်၏။

ဘုန်း…

လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ အသံက ယတိပြတ် ရပ်တန့်သွား၏။

ကြွင်းကျန်ရစ်သော အသိစိတ်ကလည်း အပြီးတိုင် ပျက်ပြယ်သွားခဲ့လေပြီ။

လျှို့ဝှက်မရဏဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်၏ နောက်ဆုံး တစ်စွန်းတစ်စက ဤလောကကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သူသည် သမိုင်းထဲမှာ မှတ်တမ်းတင်ခံရတော့မည် မဟုတ်ပေ။

မည်သူကမှ သူ့ကို အမှတ်ရကြတော့မည် မဟုတ်ပေ။

နောက်ပိုင်းမျိုးဆက်များသည် သူ့အကြောင်း ပြောမည်ဆိုလျှင်တောင် သူသည် အထီးကျန်သိုင်းသခင် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာ ရှိခဲ့စဉ်က သတ်ဖြတ်ခဲ့သော သနားစရာကောင်းသည့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အဖြစ်သာ ရှိနေပေလိမ့်မည်။

“အထီးကျန်သိုင်းသခင်က တကယ့်ကို သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စားမွန်းစတားပဲ”

“သူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာတင် ဒီလိုမျိုး သွေးကနေ ပြန်လည်မွေးဖွားခြင်းနဲ့ ဆင်တူတဲ့ နည်းလမ်းတစ်ခုကို ပိုင်ဆိုင်နေပြီဆိုတော့.. သူက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာ ပြိုင်ဘက်ကင်းနေပြီ”

“အမှန်ပဲ.. မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေ ပေါ်ထွက်မလာသရွေ့.. ဘယ်သူကမှ သူ့ကို သတ်ဖြတ်နိုင်မှာ မဟုတ်ဘူး”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်နေသော အမူအရာများနှင့်အတူ တိတ်တဆိတ် ဆွေးနွေးပြောဆိုလိုက်ကြ၏။

ဤတစ်ခေါက်မှာ.. မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို အဆင်ပြေပြေ မကျင်းပနိုင်သော်လည်း မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးသည် ဤနေရာကို ရောက်လာရသည့် သူတို့၏ အချိန်များက အလဟဿ ဖြစ်ခဲ့သည်ဟု မခံစားရပေ။ အဲဒါက သူတို့ကို မျက်စိပွင့် နားပွင့် ဖြစ်သွားစေ၏။

ရှောင်းနင်က မျက်ရည်များ ကြားကနေ ပြုံးလိုက်လေသည်။

“လခွမ်းပဲ.. အစ်ကိုကြီးက တော်တော်စနောက်တတ်တာပဲ.. ဒီက ဖေဖေကြီးက လိပ်ပြာလွင့်တော့မယ်”

စိတ်ဝိညာဉ်ကျားသည် သွားဖြီး၍ သူ၏ ရင်ဘတ်ကို ရူးသွပ်စွာ ထုရိုက်နေ၏။

“မင်းက ဘယ်သူ့ကို ဖေဖေကြီးလို့ ပြောတာလဲ”

မျောက်ကလည်း အူမြူးနေပြီး စိတ်ဝိညာဉ်ကျားကို ဖြတ်ရိုက်လိုက်လေသည်။

“ချီးပဲ.. အစ်ကိုမျောက်.. ခင်ဗျား ကျုပ်ကို ထပ်ရိုက်ပြန်ပြီ”

စိတ်ဝိညာဉ်ကျားက ညဝိညာဉ်ကို လှည့်ကြည့်လိုက်လေသည်။

“နံပါတ်ငါး.. ငါ့ကို ကူဦး.. အစ်ကိုမျောက်က ငါ့ကို ဘယ်လို အနိုင်ကျင့်ရမလဲဆိုတာပဲ သိတယ်”

“ငါက မင်းကို အနိုင်ကျင့်တယ်ဆိုတော့ရော ဘာဖြစ်လဲ”

မျောက်က မျက်လုံးစွေကြည့်ပြီး စိတ်ဝိညာဉ်ကျားနှင့်အတူ ကမြင်းကြောထနေလေသည်။

ညဝိညာဉ်သည် အရာရာတိုင်းကို တိတ်တဆိတ် ငေးကြည့်ပြီး သူ၏ ရင်ထဲမှာ ရင်းနှီးနေကြ နွေးထွေးမှုတစ်ခု ပြန်လည်ရရှိလာကာ သူက ပြုံးလိုက်လေသည်။

သူက ဘယ်နေရာကို ရောက်ရောက်.. သူက ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပေ။ သူတို့ကြားရှိ ညီအစ်ကို မောင်နှမ ခံစားချက်များက လုံးဝ ပြောင်းလဲမသွားပေ။

မျောက်နှင့် အခြားသူများသည် သူ၏ နောက်ခံကို သိရှိခဲ့စဉ်ကတောင် သူ့အပေါ် သူတို့၏ သဘောထားက လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။ အဲဒီမှာ မည်သည့် ကြောက်ရွံ့မှု သို့မဟုတ် မည်သည့် ခုခံငြင်းဆန်မှုမှ မရှိပေ။

မျောက်နှင့် အခြားသူများ၏ မျက်လုံးထဲမှာ ညဝိညာဉ်က တဗူးတစ်ကောင် မဟုတ်ဘဲ နံပါတ်ငါး ညီအစ်ကို ဖြစ်လေသည်။

သူ့ကို အနိုင်ကျင့်သော မည်သူ့ကိုမဆို သူတို့ ညီအစ်ကို မောင်နှမ ၇ ယောက်က ဆန့်ကျင်တိုက်ခိုက်ပေလိမ့်မည်။

All Chapters