အဖြူရောင်ကိုယ်ကျပ်အင်္ကျီနှင့် အမျိုးသမီး
Vol. 106 Ch. 1581
“အထီးကျန်သိုင်းသခင်က ဘာနောက်ခံမှ မရှိဘူး... ဆန်းကြယ်တောင်ထွတ်နဲ့ အသွန်းတစ်ရာဂိုဏ်းက သူ့ကိုနောက်ခံပေးမယ်ဆိုရင်တောင် အဲ့ဒါက အလကားပဲ... သူ့ကို ထောက်ပံ့ပေးမဲ့ ဘယ်မဟာယာနမျိုးနွယ်စုခေါင်းဆောင်မှ မရှိဘူး”
“အမှန်ပဲ... အခု ကောင်းကင်စင်ရော်ဂိုဏ်းနဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေက ပေါ်ထွက်လာပြီး သူ့ကိုကူညီပေးမဲ့.. ဘယ်မျိုးနွယ်စုခေါင်းဆောင်ကမှ ရောက်မလာဘူး... အထီးကျန်သိုင်းသခင်က အန္တရာယ်ရှိလာပြီ”
“ကောင်းကင်စင်ရော်ဂိုဏ်းနဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေကပဲ... ဒီကိုရောက်လာကြတယ်လို့ မင်းတို့ထင်လို့လား”
အခြားမဟာသားရဲတစ်ယောက်က လှောင်ရယ်လိုက်၏။
“ငါမင်းတို့ကို ပြောလိုက်မယ်... ကမ္ဘာဦးမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တွေကလည်း စောင့်ကြည့်နေကြတယ်... သူတို့ပေါ်ထွက်လာတာနဲ့ သူတို့က သေချာပေါက် တိုက်ခိုက်လာလိမ့်မယ်”
“အဲ့ဒီအချိန်ကျရင်... တကယ့်ကို သွေးမြစ်စီးလာလိမ့်မယ်”
“အမှန်ပဲ... ကမ္ဘာဦးမျိုးနွယ်ရဲ့ အဲ့ဒီမျိုးနွယ်စုခေါင်းဆောင်တွေက လူသားမျိုးနွယ်ရဲ့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေ ပေါ်ထွက်အလာကို စောင့်နေကြတာ”
“အဲ့ဒီအချိန်ကျရင်... အထီးကျန်သိုင်းသခင်ကို လာရောက်ကူညီခဲ့တဲ့ ဘယ်မဟာယာနမျိုးနွယ်စုခေါင်းဆောင်မဆို အသတ်ခံရလိမ့်မယ်... စဥ်းစားကြည့်လိုက်... မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင်ကျင့်ကြံဖို့က လွယ်တာမဟုတ်ဘူး... သူတို့က အထီးကျန်သိုင်းသခင်နဲ့လည်း ပတ်သက်ဆက်နွယ်မှုရှိတာ မဟုတ်ဘူး... သူတို့ထဲ ဘယ်သူကများ သူတို့ရဲ့အသက်ကိုစွန့်ပြီး သူ့ကို ကူညီပေးချင်မှာလဲ”
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တိတ်တဆိတ်ဆွေးနွေးနေကြပြီး အခြေအနေကို ဝေဖန်သုံးသပ်နေကြ၏။
ဘုန်း...
တိုက်ပွဲနယ်မြေတွင်...
မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်သည် တိုက်ခိုက်လိုက်ပြီဖြစ်ပြီး သူ၏ ဧရာမလက်ဖဝါးက ကြယ်တစ်စင်း၏ စွမ်းအားနှင့်အတူ ကျယ်လောင်စွာ ဖိခြေကျဆင်းလာ၏ ။
ဆူဇီမိုသည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး သူ၏ ဘေးတွင် အရောင်မတူသော မီးတောက်လုံးသုံးလုံးကို ချက်ချင်းပင် ပေါ်ထွက်လာစေ၏။
အင်မော်တယ် ၊ ဗုဒ္ဓနဲ့ မိစ္ဆာတာအိုမီးများ...
“စုဖွဲ့စမ်း”
ဆူဇီမိုက တိုးတိတ်စွာ အော်လိုက်လေသည်။ တာအိုမီးသုံးခုက သူ၏ ရှေ့တွင် အလျင်အမြန်စုစည်းသွား၏။
အလျှံညီးညီး အမြုတေစိတ်ဝိညာဥ်တာအိုမီးက ဆူဇီမို၏ နှာရောင်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး မီးတောက်လုံးသုံးထဲသို့ ဝင်ရောက်သွားလေသည်။
စတုရတီတာအိုမီးက ဆင်းသက်လာခဲ့လေပြီ။
ဆူဇီမိုသည် စတုရတီတာအိုမီးကို ထုတ်ဖော်ပြီး ကောင်းကင်ထက်ကနေ ဆင်းသက်လာသည့် ဧရာမလက်ဖဝါးထံသို့ လောင်ကျွမ်းစေလိုက်၏။
တစ်ချိန်တည်းမှာပင် မျိုးနွယ်စုခေါင်းဆောင် သီစန်း၏ ဆေဘာက ဆိုးယုတ်အော်ရာတစ်ခုနှင့်အတူ ဆင်းသက်လာပြီး ပတ်ဝန်းကျင်လေဟာနယ်ကို အေးခဲလုနီးပါးဖြစ်သွားစေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ သွေးချီက တလိပ်လိပ်တက်လာပြီး အလင်းတန်းတစ်ခုက ဖျတ်ခနဲလက်ကာ ဖန်တီးခြင်းကြာခုံက ပျံသန်းထွက်ပေါ်လာ၏။
ဆူဇီမိုသည် ဖန်တီးခြင်းကြာခုံကို ဆုပ်ကိုင်ပြီး ဘေးဘက်ကနေ ဝင်ရောက်လာသော ဆေဘာကို ပစ်ရိုက်ချလိုက်၏။
ခွမ်း...
ဖန်တီးခြင်းကြာခုံသည် ဆေဘာနှင့် ထိတွေ့ရိုက်ခတ်ပြီး ကြွပ်ဆတ်ဆတ်အသံတစ်ခုနှင့်အတူ မီးပွားများက အဘက်ဘက်သို့ လွင့်စင်ထွက်သွား၏
ဆူဇီမိုက ခပ်သဲ့သဲ့ ညည်းတွားလိုက်ပြီး ဖန်တီးခြင်းကြာခုံက လွင့်စင်ထွက်သွားလေသည်။
သူ၏ လက်ပေါ်ရှိ အသားများက လူတိုင်း၏ ရှေ့မှောက်မှာပင် သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွား၏။
မျိုးနွယ်စုခေါင်းဆောင် သီစန်းထံမှ ထိုခုတ်ချက်၏ စွမ်းအားသည် အရမ်းကိုသန်မာလေသည်။
စွမ်းအားအများစုကို ချေဖျက်ပေးလိုက်သည့် ဖန်တီးခြင်းကြာခုံနှင့်ပင်လျှင် ဆူဇီမို၏ လက်တစ်ဖက်က ကြေမွသွားရဆဲဖြစ်၏။
“သွားပြီ”
“မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်ရဲ့လက်ဖဝါးဆင်းသက်လာရင် အထီးကျန်သိုင်းသခင်က သေချာပေါက်သေရတော့မယ်'
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက သူတို့၏ ခေါင်းများကို ညင်သာစွာ ခါယမ်းလိုက်ကြ၏။
ထိုစဥ်မှာပင် စတုရတီတာအိုမီးက မျိုးနွယ်စုခေါင်းဆောင်ထန်ခွိုင်၏ လက်ဖဝါးထဲရှိကြယ်နှင့် ထိတွေ့ရိုက်ခတ်သွား၏။
ရွှစ်...
မီးက ကြယ်ကို သန့်စင်ပေးနေလေသည်။
ဧရာမရှေးဟောင်းကြယ်သည် စတုရတီတာအိုမီး၏ လောင်မြိုက်မှုတွင် ဆက်လက်၍ ဆင်းသက်မလာနိုင်ပေ။
မတူညီသော စွမ်းအားနှစ်ခုက လေထဲမှာထိတွေ့ရိုက်ခတ်ပြီး ညီတူမျှတူယှဥ်ပြိုင်နေကြ၏။
“အာ...”
“အထီးကျန်သိုင်းသခင်ရဲ့ အဲ့ဒီဓမ္မပညာရပ်က မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်နဲ့ တကယ်ပဲ ရင်ဆိုင်တိုက်ခိုက်နိုင်တာပဲ”
လူအုပ်ကြီးထဲမှ တုန်လှုပ်မှုနှင့် အံ့အားသင့်မှုအသံများက ထွက်ပေါ်လာ၏။
“ဟမ်...”
မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်က လှောင်ရယ်လိုက်၏။
“နောက်ဆုံးအနေနဲ့ ရုန်းကန်ခြင်းပဲ... မင်းက ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သူ၏ မျက်လုံးက အေးစက်စွာဖြင့် ဖျတ်ခနဲလက်သွားပြီး ဧရာမကြယ်က ပေါက်ကွဲထွက်ကာ ဖုန်များနှင့် ကျောက်ခဲများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။
မရေမတွက်နိုင်သော ဥက္ကာခဲများက ပြန့်ကျဲသွားပြီး သိပ်မကြာခင် စတုရတီတာအိုမီးကို ဆွဲယူနစ်မြှုပ်လိုက်လေသည်။
ဆူဇီမိုကတော့ သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး တစ်ခဏချင်းမှာပင် အံ့မခန်းအမြန်နှုန်းဖြင့် သူ၏ ပြတ်တောက်သွားသောလက်ကို ပြန်ပေါက်စေလိုက်၏။
သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင် သီစန်းကလည်း နောက်ကျမနေခဲ့ပေ။
ဆူဇီမို၏ လက်က ပြန်ပေါက်လာသည့်ခဏမှာပင် မျိုးနွယ်စုခေါင်းဆောင်သီစန်း၏ တိုက်ခိုက်မှုက နောက်တစ်ဖန်ဆင်းသက်လာခဲ့ပြီဖြစ်၏။ သူ့လက်ထဲရှိဆေဘာက တုန်ခါသွားပြီး မရေမတွက်နိုင်သော ဆေဘာအရိပ်များအဖြစ် အသွင်ပြောင်းလဲသွား၏။ အလွန်တရာ လှည့်စားတတ်၍ ထူးဆန်းသော ရှုထောင့်ကနေ ၎င်းသည် ဆူဇီမို၏ လည်ပင်းရှိရာသို့ ပင့်၍ ထိုးစိုက်လာခဲ့၏။
ရွှစ်...
ဆူဇီမို၏ တောင်ပံများက တဖျတ်ဖျတ်ခတ်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများပေါ်ထွက်လာကာ ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲ၍ အဝေးသို့ပြေးထွက်လိုက်လေသည်။
ရုတ်တရက်ဆိုသလို... သိပ်သည်းပြင်းထန်သော ဖိအားတစ်ခုက ဆင်းသက်လာခဲ့၏။
မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်က နောက်တစ်ဖန်တိုက်ခိုက်ပြီး ညင်သာစွာအော်ငေါက်လိုက်၏။
“ကြယ်တာရာမီးပဒေသာ”
ရုတ်တရက်... ဧရာမကြယ်တစ်စင်းသည် မိုးကောင်းကင်ထက်မှာ ပေါ်ထွက်လာပြီး အလင်းတန်းတစ်ခုက ဆူဇီမိုပေါ်သို့ ဆင်းသက်လာခဲ့၏။
မနှိုင်းယှဥ်သာအောင် သန်မာသောစွမ်းအားတစ်ခုက လေထဲမှာ ပဲ့တင်ထပ်သွားလေသည်။
အဲ့ဒါက နတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။
ဆူဇီမို၏ ကျောပေါ်ရှိ ဓမ္မစွမ်းအားတောင်ပံများက ချက်ချင်းပင်ကြေမွသွားပြီး ကြယ်အလင်းရောင်၏ စွမ်းအားကို မခုခံနိုင်ပေ။
တစ်ချိန်တည်းမှာပင်... သူ၏ ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးများကလည်း ကြယ်အလင်းရောင်ဖြင့် ပြန့်ကျဲသွား၏။
“ဖွီး...”
ဆူဇီမိုသည် ပါးစပ်အပြည့်သွေးများကို ထွေးထုတ်ပြီး သူ၏ ပုံရိပ်က ပေါ်ထွက်လာ၏။
ကြယ်အလင်းရောင်၏ လွှမ်းခြုံမှုအောက်တွင် သူသည် အဝေးသို့ ပြေးထွက်ဖို့နေနေသာ သူ့အနေဖြင့် သာမန်အတိုင်းလှုပ်ရှားဖို့ပင် အလွန်တရာခဲယဥ်းလာခဲ့ပြီဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထံမှ သွေးများက စိမ့်ထွက်လာခဲ့၏။
တစ်ခဏချင်းမှာပင်... သူ၏ အဝတ်များက သွေးများဖြင့် စိုရွှဲသွားလေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ တဖျောက်ဖျောက်မြည်သံများက အဆက်မပြတ်ထွက်ပေါ်လာပြီး ကြယ်အလင်းရောင်၏ လွှမ်းခြုံမှုအောက်တွင် သူ၏ အရိုးများက ကွဲထွက်ကုန်ပြီဟု ခံစားရလေသည်။
အသက်ဆယ်ရှိုက်စာမပြည့်ခင်မှာပင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သွေးမြူတစ်ခုအဖြစ် ဖိနှိမ်ခံရပေတော့မည်။
ဒါ့အပြင် ဤတစ်ကြိမ်မှာ သူသည် အသက်ရှင်သန်ဖို့အတွက် မည်သည့်အခွင့်အရေးမှ မရှိတော့ပေ။
ကြယ်တာရာမီးပဒေသာနတ်ဘုရားစွမ်းအား၏ လွှမ်းခြုံမှုအောက်တွင် သူ၏ အမြုတေစိတ်ဝိညာဥ်က ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။
သူ့အနေဖြင့် သွေးကနေပြန်လည်မွေးဖွားခြင်းကို ထုတ်ဖော်ဖို့လည်း အခွင့်အရေး မရှိတော့ပေ။
အဘက်ဘက်ကနေ ဝင်ရောက်လာသောဖိအားများသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိသွားစေ၏။
ဆူဇီမို၏ အမြင်အာရုံက စတင်၍ ဝေဝါးလာခဲ့၏။
ရုတ်တရက်ဆိုသလို...
သူ၏ အာရုံခံသတိစိတ်က ပို၍ပင်အေးစက်နေသော သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားမိလိုက်၏။
သူသည် သေရဖို့အတွက် အသက်ဆယ်ရှိုက်စာမကြာတော့တာပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။
မျိုးနွယ်စုခေါင်းဆောင် သီစန်းက ချဥ်းကပ်လာခဲ့ပြီဖြစ်သောကြောင့်ပင်။
“ဆန်းကြယ်သိမ်မွေ့စွာ ဖွင့်လှစ်ခြင်း”
မျိုးနွယ်စုခေါင်းဆောင် သီစန်းသည် ညင်သာစွာ အော်ငေါက်လိုက်ပြီး သူ့ဆေဘာပေါ်တွင် နက်မှောင်နေသော စွမ်းအားအလွှာတစ်ခုက စုဖွဲ့လာလေသည်။
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဖြန့်ကြက်လာပြီး လေဟာနယ်က တုန်ခါသွား၏။
နောက်ထပ် နတ်ဘုရားစွမ်းအားတစ်ခုက ဆင်းသက်လာခဲ့ပြီဖြစ်၏။
ဆူဇီမိုကဲ့သို့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာတောင် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် မည်သည့်သနားညှာတာမှုကိုမှ မပြသဘဲ သူတို့၏ နတ်ဘုရားစွမ်းအားများကို ချက်ချင်းပင်ထုတ်ဖော်လာခဲ့၏။
“အစ်ကို...”
ရှောင်းနင်က အံ့အားတသင့်အော်ခေါ်ပြီး သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ဆက်လက်၍ မကြည့်ရဲတော့ပေ။
မျောက်နှင့် အခြားသူများကလည်း မျက်လုံးပြူးမျက်ဆံပြူးဖြင့် ဒေါသူပုန်ထလာကြ၏။
“နင်တို့နှစ်ယောက်က ဘယ်လိုတောင် အရှက်မဲ့နိုင်ရတာလဲ”
ထိုစဥ်မှာပင် ဘယ်ဆီဘယ်ဝယ်ကရယ်မသိ အေးစက်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။
ဆူဇီမို၏ ဘေးဘက်တွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး ပုံရိပ်တစ်ခုက လျှောက်လှမ်းထွက်လာ၏။
“အဲ့ဒါက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပဲ”
“ဒီလိုအချိန်မှာ အထီးကျန်သိုင်းသခင်ကို လာရောက်ကူညီရဲတာက ဘယ်မျိုးနွယ်စုခေါင်းဆောင်ပါလိမ့်... သူက တကယ်ကို သေရမှာမကြောက်ဘူးပဲ”
လူတိုင်းဆွေးနွေးနေစဥ်မှာပင် အက်ကွဲကြောင်းထဲကနေ အမျိုးသမီးတစ်ယောက် လျှောက်လှမ်းထွက်လာ၏။ သူမ၏ အနက်ရောင်ဆံပင်များကို ရေတံခွန်တစ်ခုကဲ့သို့ ဖားလျားချထားပြီး နှင်းဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။ သူမ၏ အသားအရေက ရေခဲကဲ့သို့ဖြစ်ပြီး သူမ၏ အရိုးများက ကျောက်စိမ်းများနှင့် ဆင်တူလေသည်။ ချောမောလှပ၍ ချို့ယွင်းချက်ကင်းမဲ့စွာ မွေးဖွားလာသော သူမသည် သူမ၏ အလှကို ဖော်ပြဖို့အတွက် မည်သည့်စကားလုံးမှ မရှိလောက်အောင်ပင် ရက်ရက်စက်စက်ကို ချောမောလှပနိုင်လွန်းလေသည်။
နတ်ဆိုးမကျိသည် တစ်လောကလုံးကို ညို့ငင်ဖမ်းစားနိုင်သည့် အချောအလှတစ်ဦးဖြစ်၏။
ယက္ခယုနှင့် နတ်မိမယ်ရှောင်ရှန်းတို့ကလည်း ပြိုင်ဘက်ကင်းအချောအလှများဖြစ်ကြလေသည်။
သို့သော်လည်း အဖြူရောင်ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားသည့် ဤအမျိုးသမီးသည် လူတိုင်းအတွက် ခံစားချက်တစ်ခုကိုသာပေးနေ၏။
တကယ့်ကို အံချီးဖွယ်ရာဖြစ်လေသည်။
သူမက အရမ်းကို ချောမောလှပလွန်းနေ၏။
သူမကို ဖော်ပြဖို့အတွက် လောကရှိ အထူးခြားဆုံးနှင့် အပြောင်မြောက်ဆုံးစကားလုံးများကိုသာ ထုတ်ဖော်အသုံးပြုရမည်ဆိုလျှင် အဲ့ဒါက ချဲ့ကားရာမကျပေ။
တိုက်ခိုက်နေသော မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ အကြည့်များပင်လျှင် အနည်းငယ်မှင်တက်သွားပြီး သူတို့၏ လှုပ်ရှားမှုများက နှေးကွေးသွား၏။
အဖြူရောင်ကိုယ်ကျပ်အင်္ကျီဝတ် အမျိုးသမီး၏ ပေါ်ထွက်လာမှုသည် မျိုးနွယ်စုတစ်သောင်းစုဝေးပွဲက လှုပ်လှုပ်ရှားရှား အသံများကို ချက်ချင်းပင်တိတ်ဆိတ်ငြိမ်သက်သွားစေ၏။
ပို၍အရေးကြီးသည်မှာ မျိုးနွယ်စုတစ်သောင်းရှိ မည်သည့်သက်ရှိကမှ ဤအဖြူရောင်အမျိုးသမီးကို မသိရှိကြခြင်းပင်။