နတ်ဘုရားတစ်ပါးကို စိန်ခေါ်ခြင်း
Vol. 106 Ch. 1586
ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး သူ၏ ဘေးတွင် မီးတောက်လုံးသုံးလုံးကို ချက်ချင်းပင် ပေါ်ထွက်လာစေ၏။ သူသည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ တိုက်ခိုက်မှုကို ခုခံဖို့အတွက် သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်ကို ထုတ်ဖော်လိုက်ပြီဖြစ်၏။
သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ တိုက်ခိုက်ရည်ခွန်အားက လူသားမျိုးနွယ်မှ အလယ်အလတ်အဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်နှင့် ယှဥ်နိုင်လေသည်။
တကယ်ဆို.. သူက လူသားမျိုးနွယ်မှ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကိုပင် ဖိနှိမ်နိုင်လေသည်။
သူနှင့်ရင်ဆိုင်ရာမှာ မျိုးနွယ်စုခေါင်းဆောင် ထန်ခွိုင်နှင့် သီစန်းတို့သည် သုံးချီမပြည့်ခင်မှာ နေရာမှာတင် သတ်ဖြတ်ခံရနိုင်လေသည်။
ခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေ၏။
များစွာသော သွေးနွယ်ပင်များသည် ဧရာမ သွေးအနာကွန်ဒါများကဲ့သို့ ရစ်ပတ်လာခဲ့၏။ သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်၏ မီးတောက်များသည် ချက်ချင်းပင်ငြိမ်းသေသွားပြီး သွေးနွယ်ပင်များအပေါ် မည်သည့် ပျက်စီးထိခိုက်မှုကိုမှ မဖြစ်စေနိုင်ပေ။
ဖောက်... ဖောက်... ဖောက်...
ထို့နောက်ချက်ချင်းပင် သွေးနွယ်ပင်များသည် သူတို့၏ ပါးစပ်များကိုဖွင့်ဟပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ကိုက်ဖြဲလာကြ၏။
ထက်ရှသော သွားစွယ်များသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ထိုးဖောက်လိုက်လေသည်။
“အ...”
ဆူဇီမိုက ခပ်သဲ့သဲ့ညည်းတွားပြီး သူ၏ မျက်နှာက သွေးဆုတ်လာခဲ့၏။
“ဟားဟားဟားဟား”
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က ရယ်မောလိုက်လေသည်။
“အထီးကျန်သိုင်းသခင်... ငါကမင်းရဲ့မျိုးဆက်သွေးကို နည်းနည်းချင်းစုပ်ယူပစ်မယ်... သေခြင်းတရားရဲ့ တကယ်တမ်းကြောက်မက်ဖွယ်ရာကောင်းမှုက ဘာလဲဆိုတာ မင်းကို ငါပြပေးမယ်”
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ အစွမ်းအစအရ သွေးနွယ်ပင်တစ်ပင်က ဆူဇီမိုကို ဝါးမျိုပစ်ဖို့ လုံလောက်လေသည်။ သို့သော်လည်း သူက ထိုသို့ မလုပ်ပေ။
သူသည် ဆူဇီမိုကို ကိုက်ခဲဖို့အတွက် သွေးနွယ်ပင်များစွာကို အသုံးပြုလိုက်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သွေးနွယ်ပင်များဖြင့် ဖုံးအုပ်လုနီးပါးဖြစ်သွားပြီး လောက်လောက်လားလား မည်သည့်အကြားအလပ်မှ မကျန်ရှိတော့ပေ။
သူက သွေးနွယ်ပင်များ၏ ထိပ်ဖျားရှိသွားစွယ်များဖြင့် ကိုက်ခဲခံလိုက်ရ၏။
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် ဆူဇီမိုကို နှိပ်စက်ညှဥ်းပန်းဖို့အတွက် ထိုသူ၏ မျိုးဆက်သွေးကို နည်းနည်းချင်း စုပ်ယူချင်လေသည်။
ရုတ်တရက်သေဆုံးခြင်းက တကယ်တမ်းကြောက်စရာမကောင်းပေ။
သူတို့၏ အသက်ဓာတ်ဆုတ်ယုတ်လာနေသည်ကို ကူကယ်ရာမဲ့စွာ သိမြင်နေရသောခံစားချက်ကမှ တကယ်တမ်း ကြောက်စရာကောင်းလေသည်။
ဤတစ်ခေါက်မှာ ဘယ်သူကမှ ဆူဇီမိုကို ကူညီမပေးနိုင်ပေ။
အစစ်အမှန်ကျောက်စိမ်း၏ မျက်လုံးထဲမှာ ပူပန်ကြောင့်ကြမှုအရိပ်အယောင်တစ်ခုက ပေါ်ထွက်လာ၏။
သူမသည် ဆူဇီမိုကို မကြာမကြာလှမ်းကြည့်ပြီး နက်ရှိုင်းစွာ မျက်မှောင်ကြုတ်နေ၏။
ဆူဇီမိုသည် သူမအတွက် အရေးပါသောတစ်စုံတစ်ယောက်ဟု မဆိုနိုင်ပေ။
သူတို့နှစ်ယောက်ကြားမှာ ပြောပလောက်စရာ ပတ်သက်ဆက်နွယ်မှုပင် မရှိပေ။
သို့သော်လည်း... ဒီဘက်မျိုးဆက်မှာ အစစ်အမှန်ကျောက်စိမ်း နိုးထလာခြင်းသည် ဆူဇီမိုနှင့် ဆက်စပ်နေ၏။
သူမနိုးထလာပြီးနောက် ပထမဆုံးတွေ့မြင်ရသည့်လူက ဆူဇီမိုဖြစ်နေ၏။
ဒါအပြင်... လိုဏ်ဂူ၏ အနက်ပိုင်းထဲ၌ သူတို့နှစ်ယောက်ကြားတွင် စကားဖြင့် ထုတ်ဖော်မပြောချင်သော ကိစ္စတချို့ ဖြစ်ပွားခဲ့လေသည်။
ဒီဘက်မျိုးဆက်မှာ သူမနိုးထလာသည့်အခါ သူမ၏ မိတ်ဆွေဟောင်းများက မရှိကြတော့လေပြီ။
သူမ ဂရုစိုက်ပေးရသည့် တစ်ဦးတည်းသောသူမှာ မြေခွေးလေးဖြစ်လေသည်။ အဲ့ဒီမှာ တခြားတစ်ယောက် ရှိဦးမည်ဆိုလျှင် အဲ့ဒါက ဆူဇီမိုဖြစ်ပေလိမ့်မည်။
ဖောက်...
သူမက စိတ်အာရုံပျက်ယွင်းသွားသည့် ခဏမှာပင် သူမ၏ ပခုံးသည် ယက္ခလီယင်၏ လက်ထဲရှိ ဆေဘာနှစ်လက်ဖြင့် လှီးဖြတ်ခြင်းခံလိုက်ရပြီး လတ်ဆတ်သောသွေးများက စီးကျလာခဲ့၏။
ပို၍ကြောက်စရာကောင်းသည့်အရာမှာ ယက္ခလီယင်၏ လက်ထဲရှိ ဆေဘာနှစ်လက်ကို ဆိုးယုတ်စွမ်းအားတချို့ဖြင့် မီးဆေးထားပြီး သူမ၏ ဒဏ်ရာများက အလျင်အမြန်ဆွေးရိလာခဲ့၏။
အစစ်အမှန်ကျောက်စိမ်းက တစ်ချက်စောင့်ငဲ့ကြည့်ပြီး သူမ၏ ချယ်ရီရောင်နှုတ်ခမ်းကို ဖွင့်ဟကာ ဒဏ်ရာကို အေးခဲစေဖို့အတွက် အေးစက်နေသောလေစီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်၏။
သူမက စိတ်အာရုံပျက်ယွင်းသွားချိန်မှာ မပြောနှင့် သူမ၏ စိတ်အာရုံကို အပြည့်အဝစူးစိုက်ထားလျှင်တောင် ယက္ခမျိုးနွယ်နှင့် ရင်ဆိုင်ရာမှာ ထိခိုက်ဒဏ်ရာရှိနိုင်လေသည်။
“ဟီးဟီး... နင်က ကိုယ့်ကိုကိုယ်တောင် မကာကွယ်နိုင်တာ... သူ့ကိုကယ်ဖို့ စဥ်းစားနေသေးတာလား”
မျိုးနွယ်စုခေါင်းဆောင် လီယင်က လှောင်ရယ်လိုက်၏
သူ၏ စကားလုံးများက ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။
လေထဲတွင်... ကမ္ဘာဦးမျိုးနွယ်များမှ မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ ၊ ဝူထန် ၊ ကျင်းယန်နှင့် စန်းမင်တို့သည် မမှိတ်မသုန်စောင့်ကြည့်နေကြပြီး ယခုအချိန်ထိ တိုက်ခိုက်မလာကြသေးပေ။
“လူသားမျိုးနွယ်က မျိုးနွယ်စုခေါင်းဆောင်တွေက အခုချိန်ထိ ပေါ်ထွက်မလာသေးဘူး... သူတို့က တော်တော်သည်းခံနိုင်တာပဲ”
“ငါတို့က စောစောစီးစီး ပေါ်ထွက်လာတာကိုး... အခုဆို လူသားမျိုးနွယ်စုခေါင်းဆောင်တွေက အကြောက်လွန်ပြီး ပေါ်ထွက်လာရဲမှာ မဟုတ်တော့ဘူး”
“မဟုတ်သေးဘူး... ဒါက ပဟေဠိနန်းတော်ပဲ... တခြား လူသားမျိုးနွယ်စုခေါင်းဆောင်တွေက ပေါ်ထွက်မလာရဲဘူးဆိုရင်တောင် ပဟေဠိနန်းတော်က မျိုးနွယ်စုခေါင်းဆောင်တွေက ပေါ်ထွက်လာလိမ့်မယ်”
သူတို့လေးယောက်သည် အမူအရာကင်းမဲ့စွာဖြင့် လေထဲမှာမတ်တတ်ရပ်နေကြသော်လည်း သူတို့သည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် ဆက်သွယ်ပြောဆိုနေကြ၏။
သူတို့လေးယောက်သည် မတိုက်ခိုက်ကြသေးသော်လည်း တကယ်တမ်းမှာ... အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ဖို့အတွက် လူသားမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များပေါ်ထွက်အလာကို စောင့်နေကြခြင်းဖြစ်၏။
တိုက်ပွဲနယ်မြေတွင်...
ဆူဇီမိုသည် သွေးနွယ်ပင်များစွာဖြင့် ဝန်းရံပိတ်ဆို့ခံနေရပြီး အထဲမှာ နစ်မြုပ်လုနီးပါးဖြစ်နေလေပြီ။
သွေးနွယ်ပင်များက အဆက်မပြတ်တွန့်လိမ်၍ သွေးနွယ်ပင်များမှတစ်ဆင့် မျိုးဆက်သွေးစီးကြောင်းများသည် မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်၏ အစစ်အမှန်ပုံစံထံသို့ တိုးဝင်နေသည်ကို မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တွေ့မြင်နိုင်လေသည်။
“နံပါတ်တစ်..”
မျောက် ၊ ရှောင်းနင်နှင့် အခြားသူများက အော်ခေါ်လိုက်ကြ၏။
“ဇီမို...”
နတ်ဆိုးမိကျိ ၊ ကျိချန်းရှန်နှင့် အခြားသူများကလည်း တုန်လှုပ်နေကြ၏။
“ငါဆက်ပြီး ဂရုမစိုက်နိုင်တော့ဘူး”
မျောက်သည် အကျော်ဇေယျကို ဝေ့ယမ်းပြီး ရှေ့သို့ပြေးဝင်ဖို့ ပြင်လိုက်၏။
သူသည် မဟာသားရဲတစ်ကောင်သာဖြစ်ပြီး သူနှင့် မျိုးနွယ်စုခေါင်းဆောင်ထန်ဟန်ကြား ခွန်အားကွာဟချက်က အရမ်းကိုကြီးမားလေသည်။
မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်သည် လက်ချောင်းတစ်ချောင်းဖြင့် သူ့ကိုဖိနှိမ်နိုင်လေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် မျောက်နှင့် အခြားညီကိုမောင်နှမများသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ပြေးဝင်ဖို့ ပြင်လိုက်ကြ၏။
ရုတ်တရက် မျောက်နှင့် အခြားသူများ၏ စိတ်ထဲတွင် အသံတစ်သံ ပေါ်ထွက်လာ၏။
“မလာကြနဲ့... ငါအဆင်ပြေတယ်”
ထိုအသံက အနည်းငယ်အားနည်းနေသော်လည်း အဲ့ဒါက အမှန်တကယ်ပင် ဆူဇီမို၏ အသံဖြစ်ပြီး လူတိုင်းက အဲ့ဒါကို ရှင်းလင်းစွာ ကြားလိုက်ရ၏။
“နံပါတ်တစ်လား”
မျောက်နှင့်အခြားသူများက မယုံကြည်နိုင်စွာ တွေဝေရှုပ်ထွေးစွာဖြင့် တိုက်ပွဲနယ်မြေကို မျက်လုံးပြူး၍ ကြည့်လိုက်ကြ၏။
တိုက်ပွဲနယ်မြေမှာ ဆူဇီမို၏ ပုံရိပ်က သွေးနွယ်ပင်များကြား နစ်မြုပ်သွားခဲ့ပြီဖြစ်ပြီး အထဲတွင် ဘာဖြစ်ပျက်နေသည်ကို မည်သူကမှ မမြင်နိုင်ကြတော့ပေ။
ပုံမှန်အခြေအနေမှာဆိုလျှင် မျိုးနွယ်စုခေါင်းဆောင်ထန်ဟန်၏ ခွန်အားအရ ဆူဇီမိုကို သေချာပေါက်သတ်ဖြတ်နိုင်ပေလိမ့်မည်။ သို့သော်လည်း သူသည် နောက်ထပ်နည်းလမ်းတစ်ခုကို ရွေးချယ်လိုက်၏။ သူသည် ဆူဇီမို၏ မျိုးဆက်သွေးကို ဝါးမျိုချင်လေသည်။
ယခုအချိန်တွင် ဆူဇီမိုက လူပုံသဏ္ဌာန် ဖန်တီးခြင်းကြာပဒုမ္မာဖြစ်လေသည်။
ထိုဖြစ်စဥ်ဖြစ်ပွားလာသည့်ခဏမှာပင် ဆူဇီမို၏ မျိုးဆက်သွေးကို ဝါးမျိုချင်သည့်သူက မျိုးနွယ်စုခေါင်းဆောင် ထန်ဟန် ဆက်လက်၍ မဟုတ်တော့ပေ။
ထိုအစား အဲ့ဒါသည် ဖန်တီးခြင်းကြာပဒုမ္မာကို ဝါးမျိုသန့်စင်ချင်သော သွေးနွယ်ပင်တစ်ပင်ဖြစ်လာခဲ့၏။
အစကတော့... သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ဤနေရာမှာ မြှုပ်နှံခံရတော့မည်ဟု ဆူဇီမိုက တွေးထင်ထား၏။ သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင် ထန်ဟန်က သူ၏ မျိုးဆက်သွေးကို စတင်စုပ်ယူလိုက်သောအခါ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ဖန်တီးခြင်းကြာခုံသည် အလင်းရောင်ခြည်များကို အထိန်းအကွပ်မဲ့စွာ ထုတ်ဖော်လာ၏။
သူ၏ ခန္ဓာကိုယ်ထဲရှိသွေးချီက သိပ်သည်းကျစ်လျစ်လာခဲ့လေသည်။
သွေးနွယ်ပင်များ၏ ဝန်းရံပိတ်ဆို့မှုအောက်မှာ ဆူဇီမို၏ ပုံရိပ်က လုံးဝပျောက်ကွယ်သွားပြီး ထိုနေရာမှာ ကျောက်စိမ်းရောင်ကြာပင်တစ်ပင် ပေါ်ထွက်လာခဲ့၏။
ထိုအခိုက်အတန့်တွင် များပြားလှစွာသော သွေးနွယ်ပင်များက အစိမ်းရောင်ကြာပင်ကို ရစ်ပတ်ထားပြီး ၎င်း၏ ရိုးတံကို ကိုက်ခဲကာ ၎င်း၏ စွမ်းအားကို စုပ်ယူချင်နေလေသည်။
ထိုသို့ဖြင့် အစိမ်းရောင်ကြာပန်းက အလိုအလျောက်တုံ့ပြန်တိုက်ခိုက်လာခဲ့၏။
သွေးနွယ်ပင်မျိုးနွယ်သည် နောက်ဆုံးမှာတော့ အပင်မျိုးနွယ်သာဖြစ်လေသည်။
အပင်မျိုးနွယ်များကြားမှာ ဖန်တီးခြင်းကြာပဒုမ္မာသည် သွေးနွယ်ပင်မျိုးနွယ်ထက် များစွာပိုမိုသန်မာလေသည်။
လောကတွင် သွေးနွယ်ပင်များစွာရှိပြီး သူတို့က မျိုးနွယ်စုတစ်စုအဖြစ် စုဖွဲ့ထားကြ၏။
သို့သော်လည်း ဤလောကနှင့် ကျယ်ပြောလှသောစကြဝဠာမှာ ဖန်တီးခြင်းကြာပဒုမ္မာက တစ်ခုတည်းသာလျှင်ရှိလေသည်။
“ကစဉ့်ကလျားကာလ စတင်ဖြစ်ပေါ်လာသောအခါ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ ဖန်တီးမှုကို ရယူပြီး ထာဝရတည်တံ့လာခဲ့၏။
အပင်မျိုးနွယ်အတွင်းမှာ နတ်ဘုရားများရှိမည်ဆိုလျှင် ဖန်တီးခြင်းကြာပဒုမ္မာက ထိုနတ်ဘုရားများထဲမှ တစ်ပါးဖြစ်ပေလိမ့်မည်။
ဤကဲ့သို့သော လောကဆိုင်ရာနှင့် အဆုံးစွန်ရတနာများက သေချာပေါက် များများစားစား မရှိပေ။
မျိုးနွယ်စုခေါင်းဆောင်ထန်ဟန်၏ အပြုအမူသည် အပင်များ၏ နတ်ဘုရားတစ်ပါးကို စိန်ခေါ်လိုက်ခြင်းနှင့် တူလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာသည် ကစဉ့်ကလျားကာလမှာ မွေးဖွားလာခဲ့ပြီး စွမ်းအားကြီးအားသော စုပ်ယူအားတစ်ခုမရှိဘဲ အဲ့ဒါက ယနေ့အထိ သေချာပေါက် ရှင်သန်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သွေးနွယ်ပင်မျိုးနွယ်၏ သွေးဆာရက်စက်မှုသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ စုပ်ယူနိုင်စွမ်းနှင့်ယှဥ်လျှင် အရမ်းကို သေးနုပ်သွားပေလိမ့်မည်။
လက်ရှိမြင်ကွင်းသည် သေးငယ်သောရေစီးကြောင်းများစွာက သမုဒ္ဒရာထဲမှာ ရေများကို စုပ်ယူဖို့ ကြိုးစားနေခြင်းနှင့် တူလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက ညင်သာစွာ ယိမ်းနွဲ့သွားပြီး မြေပြင်ပေါ်မှာ အမြစ်တွယ်ရပ်တည်ကာ အလင်းရောင်ခြည်များကို ဖြာထုတ်ပေးလိုက်၏။
သွေးနွယ်ပင်များစွာက ဖန်တီးခြင်းကြာပဒုမ္မာကို ကိုက်ခဲနေကြဆဲ ဖြစ်သော်လည်း သွေးချီစုပ်ယူခြင်း၏ အခြေအနေသည် တိတ်တဆိတ်ဖြင့် ဘက်ပြန်လာနေ၏။