← Chapters

ငါ့ အကန့်အသတ်ကို ငါသိမှာ မဟုတ်ဘူး  

Vol. 106 Ch. 1590

ငါ့ အကန့်အသတ်ကို ငါသိမှာ မဟုတ်ဘူး  

Vol. 106 Ch. 1590

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် မျက်မှောင် အနည်းငယ်ကြုတ်လိုက်ကြ၏။ ရောက်ရှိလာသော သက်ရှိများ၏ ဇစ်မြစ်ကို သူတို့က မပြောနိုင်သော်လည်း ကမ္ဘာဦးမျိုးနွယ် ၆စုက သူတို့ကို ချက်ချင်းပင် မှတ်မိသွား၏။

“ခွန်မျိုးနွယ်”

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

ခွန်မျိုးနွယ်ဟူသော စကားလုံးက လူအုပ်ကြီးကို ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။

ဤနှစ်များအတွင်း.. အမျိုးမျိုးသော ကမ္ဘာဦးမျိုးနွယ်များသည် သူတို့၏ တားမြစ်နယ်မြေများကနေ ထွက်ခွာပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ပိုင်နက်နယ်မြေများကို လုယူကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့ကြသော်လည်း သူတို့ထဲမှ မျိုးနွယ်စု ၃စုကတော့ မည်သည့် လှုပ်ရှားမှုမှ ပြုလုပ်မလာခဲ့ပေ။

သူတို့ထဲမှာ ခွန်မျိုးနွယ်က ပါဝင်လေသည်။

ပဟေဠိနန်းတော်သည် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲသို့ တက်ရောက်ဖို့ ခွန်မျိုးနွယ်ထံသို့ ဖိတ်ခေါ်စာတစ်စောင် ပို့ခဲ့သော်လည်း အဲဒါသည် သမုဒ္ဒရာထဲသို့ နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံးကဲ့သို့ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

သို့သော် ယခုအခါ.. ခွန်မျိုးနွယ်က ပဟေဠိနန်းတော်သို့ ရောက်ရှိလာခဲ့လေပြီ။

ပို၍ အရေးကြီးသည်မှာ ခွန်မျိုးနွယ်၏ စိတ်နေသဘောထား ဖြစ်၏။

ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စုအနေဖြင့် ခွန်မျိုးနွယ်က လူသားမျိုးနွယ်ဘက်ကနေ ရပ်တည်လာမည်ဆိုလျှင် သူတို့၏ ညှိနှိုင်းဆွေးနွေးနိုင်မည့် အခွင့်အရေးက သိသိသာသာ တိုးလာပေလိမ့်မည်။

ခွန်မျိုးနွယ်က လူသားမျိုးနွယ်ဘက်ကနေ ဘာကြောင့်ရပ်တည်လာသလဲ.. ပဟေဠိနန်းတော်ပင် နားလည်သဘောမပေါက်နိုင်ကြပေ။

ရှန်ယွီနှင့် အခြားသူများက လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ခွန်မျိုးနွယ်ကို လှမ်းမျှော်ကြည့်ရှုလိုက်ကြ၏။

မျိုးနွယ်စုခေါင်းဆောင် ဝူဟွားနှင့် အခြားသူများက ချွေးများဖြင့် စိုရွှဲနေခဲ့ပြီဖြစ်၏။ သူတို့သည် သူတို့၏ သက်လုံအားကို အတတ်နိုင်ဆုံး ဖြည့်တင်းဖို့အတွက် ဆေးလုံးများကို အလျင်အမြန် စားသုံးကာ အလောတကြီး အနားယူလိုက်ကြ၏။

“စောစောက စကားကို ဘယ်သူပြောလိုက်တာလဲ”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က ခွန်မျိုးနွယ်ကို အကဲခတ်ပြီး အေးစက်စွာ မေးလိုက်၏။

“ကျုပ်ပဲ”

ခွန်မျိုးနွယ်၏ အလယ်ရှိ အနက်ရောင်ဝတ် လူငယ်က သူ၏ခေါင်းကို မော့ကာ လူတိုင်းကို တွန်းထိုးပြီး လျှောက်လှမ်းထွက်လာခဲ့၏။

မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ မေးခွန်းနှင့် ရင်ဆိုင်ရချိန်မှာတောင်.. အနက်ရောင်ဝတ် လူငယ်က ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာ မရှိပေ။

အနက်ရောင်ဝတ် လူငယ်က ရှောင်းယောင် ဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်သည် အထင်သေးစွာဖြင့် သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီးနောက်.. ဆက်လက်၍ အာရုံမစိုက်တော့ပေ။

သူတို့နှစ်ယောက်က တူညီသော အဆင့်မှာ ရှိမနေကြပေ။

သူသည် ခွန်မျိုးနွယ်၏ အခြားသော ပညာရှင်များကို ကြည့်​ပြီး ခေါင်းညိတ်ပြလိုက်၏။

“ခွန်မျိုးနွယ်.. ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ပြန်လည်ပူးပေါင်းလာတဲ့အတွက် ခင်ဗျားတို့ကို ကျုပ်တို့က ကြိုဆိုတယ်”

“ရွှေငှက်ကြီး.. ခင်ဗျားက ဘာတွေ ပေါက်ကရပြောနေတာလဲ”

ရှောင်းယောင်က မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်ဘက်ကို လှည့်ကာ ပြောလိုက်၏။

“ခွန်မျိုးနွယ်က ခင်ဗျားတို့တွေနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး.. နောက်ပြီး ခင်ဗျားတို့တွေက သူ့ကို ထိခိုက်အောင် လုပ်လို့လည်း မရဘူး”

သူသည် မလှမ်းမကမ်းတွင် အဆင့်ချိုးဖျက်တက်လှမ်းနေဆဲဖြစ်သော ဖန်တီးခြင်းကြာပဒုမ္မာကို လက်ညိုးထိုးကာ ပြတ်သားသော လေသံဖြင့် ပြောလိုက်၏။

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်၏ အမူအရာက ညိုမည်းသွားလေသည်။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကလည်း တုန်လှုပ်သွားကြ၏။

ရွှေကျီးကန်းမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို တစ်စုံတစ်ယောက်က ရွှေငှက်ကြီးဟု ခေါ်ဆိုရဲသည်ကို သူတို့ တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

“ဟဲဟဲ”

ရွှေကျီးကန်း ဒသမ မင်းသားက လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မောလိုက်၏။

“အတွေ့အကြုံမရှိတဲ့ ကောင်စုတ်လေးပဲ.. ဒါက မင်းစကားဝင်ပြောရမယ့် နေရာမဟုတ်ဘူး”

“မိုက်ရိုင်းလိုက်တာ”

“အတင့်ရဲလိုက်တာ”

ရှောင်းယောင်က ပြန်မပြောခင်မှာပင်.. သူ၏ နောက်ဘက်ရှိ ခွန်မျိုးနွယ် သက်ရှိများစွာက ဒေါသထွက်နေသော အမူအရာများနှင့်အတူ အော်ငေါက်လာကြ၏။

“သူက ခွန်မျိုးနွယ်က ငါတို့ရဲ့ သခင်လေးပဲ.. မင်းရဲ့စကားကို ဆင်ခြင်ပြော”

ခွန်မျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က ဒသမ မင်းသားကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“အို…”

ဒသမ မင်းသားက စူးစမ်းလိုသော အကြည့်နှင့် ရှောင်းယောင်ကို အကဲခတ်ကြည့်လိုက်၏။

ဒသမ မင်းသားကို မပြောနှင့်.. မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများပင်လျှင် အံ့အားသင့်သွားကြ၏။

ဒီ့ယခင်က မျိုးနွယ်စုများအကြား တည်ငြိမ်အေးချမ်းမှု ရှိနေခဲ့စဉ်.. ကမ္ဘာဦးမျိုးနွယ် ၉စုမှ သခင်လေးအများစုသည် များသောအားဖြင့် ဓမ္မဝိသေသအဆင့်မှာ သို့မဟုတ် မူလနတ္ထိအဆင့်မှာတောင် ရှိခဲ့ကြ၏။

သို့သော်လည်း ကစဉ့်ကလျားအခြေအနေများ ပေါ်ထွက်လာသောအခါ.. ကမ္ဘာဦးမျိုးနွယ်၏ စွမ်းအားကြီးမားသော ပြန်ဝင်စား မွန်းစတားများက တံခါးပိတ်ကျင့်ကြံရာကနေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြ၏။

ယခုအချိန်တွင် ကမ္ဘာဦးမျိုးနွယ်များ၏ သခင်လေးတစ်ယောက် ဖြစ်လာသူ မည်သူမဆို အနည်းဆုံး ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိကြလေသည်။

နောက်ဆုံးမှာတော့.. ကမ္ဘာဦးမျိုးနွယ်မှ သခင်လေးများသည် သူတို့၏ ကလန်သားများကို ဦးဆောင်ကာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ နယ်မြေလုပွဲများကို တိုက်ခိုက်နေခဲ့ကြ၏။ သူတို့၏ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်ကျနေလျှင် သူတို့က ဤကဲ့သို့သော အခြေအနေများကို ထိန်းချုပ်ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

သခင်လေးများသည် ကမ္ဘာဦးမျိုးနွယ်များ၏ မျက်နှာပန်းများ ဖြစ်ကြ၏။ ဤကစဉ့်ကလျား အချိန်ကာလအတွင်း.. ခွန်မျိုးနွယ်သည် ဓမ္မဝိသေသ ကောင်လေးတစ်ယောက်ကို သခင်လေးဘွဲ့ အပ်နှင်းပေးထားသည်မှာ တကယ်ပင် ထူးဆန်းလေသည်။

ရှောင်းယောင်က ဒသမ မင်းသားကို ကြည့်ပြီး နှုတ်ခမ်းစူပြလိုက်၏။

“မင်းရဲ့ အသက်အရွယ်အရဆို.. မင်းကလည်း ကောင်စုတ်လေးပါပဲ.. မင်းက ငါ့ကို ဘယ်လိုတောင် ဩဝါဒ လာခြွေရဲတာလဲ”

ဒသမ မင်းသားက ငယ်ရွယ်သည့်ပုံပေါ်သော်လည်း သူက ရှောင်းယောင်ထက် နှစ်ပေါင်းများစွာ ပိုမိုကျင့်ကြံထားခဲ့ပြီဖြစ်၏။

ဒသမ မင်းသားက အေးစက်စွာ ပြောလိုက်၏။

“ငါက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ပဲ.. ဒါပေမဲ့ မင်းကတော့ ဓမ္မဝိသေသအဆင့်မှာပဲ ရှိတယ်.. ဒီမျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ပိုသန်မာတဲ့သူက အထွတ်အထိပ်မှာ ရပ်တည်ရတယ်.. မင်းက ခွန်မျိုးနွယ်ရဲ့ သခင်လေးဆိုရင်တောင်မှ ဒီနေရာမှာ စကားဝင်ပြောဖို့ အဆင့်မမီဘူး”

“ငါအကြံပေးတာကို နားထောင်လိုက်.. ဒီကနေ မြန်မြန်ပြန်ပြီး မင်းအမေရဲ့ နို့ကို ပြန်ပြီးသောက်သုံးနေလိုက်”

“ဟားဟားဟားဟား”

ကမ္ဘာဦးမျိုးနွယ် ၆စု၏ သက်ရှိများဘက်မှ ကျယ်လောင်သော ရယ်မောသံများ ထွက်ပေါ်လာ၏။

“မင်း..”

ခွန်မျိုးနွယ်မှ လူတိုင်းက ဒေါသူပုန်ထသွားကြ၏။ ခွန်မျိုးနွယ်မှ ပညာရှင်အချို့သည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ တက်လှမ်းချင်ကြလေသည်။ သို့သော်လည်း ရှောင်းယောင်က လက်ကာပြပြီး သူတို့ကို တားဆီးလိုက်၏။

“ငါက နို့တော့ မသောက်ချင်ဘူး”

ရှောင်းယောင်က သူ၏ ခေါင်းကို အနည်းငယ် စောင်းငဲ့ပြီး ဒသမ မင်းသားကို ကြည့်ကာ အတည်အတံ့ ပုံစံဖြင့် ပြောလိုက်၏။

“ငါ မင်းရဲ့ အသားကို စားချင်တယ်.. မင်းရဲ့အသားကို မီးကင်လိုက်ရင် အရသာရှိမယ့်ပုံပဲ”

ဒသမ မင်းသား၏ အမူအရာက ညိုမည်းသွားပြီး အေးစက်စွာ ပြောလိုက်၏။

“မင်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်လျှာစောင်းထက်နေတာပဲ”

ညဝိညာဉ်၏ အကြည့်က ရှောင်းယောင်ထံသို့ ရွေ့လျားသွားပြီး အဲဒီမှာ ခဏမျှ ကြန့်ကြာနေ၏။

ရှောင်းယောင်သည် စကားနိုင်လုချင်သောကြောင့် ဤစကားကို သာမန်ကာလျှံကာ ပြောလိုက်သည်ဟု ဒသမ မင်းသားသာမက.. လက်ရှိ သက်ရှိများ အားလုံးက တွေးထင်လိုက်ကြ၏။

သို့သော်လည်း.. ရှောင်းယောင်သည် ဒသမ မင်းသား၏ အသားကို တကယ်ပင် စားချင်နေကြောင်း ညဝိညာဉ်ကသာ သိလေသည်။

အကြောင်းမှာ.. ​ရှောင်းယောင်ထံမှ အမျိုးအစား တူညီသော အော်ရာတစ်ခုက ဖြာထွက်နေသည်ကို သူက ခံစားမိသောကြောင့် ဖြစ်၏။

သူတို့သည် မျိုးနွယ်မတူကြသော်လည်း သူတို့နှစ်ယောက်စလုံးက တဗူးများ ဖြစ်ကြ၏။

“အဲ့ကောင်လေးက အစ်ကိုကြီး လက်ခံထားတဲ့ တပည့်ဆိုတဲ့သူပဲ ဖြစ်ရမယ်”

ညဝိညာဉ်က သူ့ဘာသာသူ တွေးလိုက်၏။

ဒသမ မင်းသားက မျက်လုံးစွေကြည့်ပြီး ရုတ်တရက် ပြုံးလိုက်၏။

“ကောင်လေး.. မင်းက ငါ့အသားကို အဲ့လောက်စားချင်နေတယ်ဆိုမှတော့.. ငါက အခွင့်အရေးတစ်ခုပေးမယ်.. ဘယ်လိုလဲ”

“ဘာအခွင့်အရေးလဲ”

ရှောင်းယောင်က စိတ်ဝင်စားသည့်ဟန်ဖြင့် မေးလိုက်၏။

“ငါ မင်းနဲ့ လက်ရည်စမ်းမယ်.. မင်းနိုင်မယ်ဆိုရင် ငါ့ရဲ့ အသားတစ်ပိုင်း မင်းကို စားခွင့်ပေးမယ်.. ကဲ ဘယ်လိုလဲ”

ဒသမ မင်းသား၏ အသံက ညင်သာ၍ မက်လုံးပေးနေသည့်ပုံပေါ်သော်လည်း သူ၏ မျက်လုံးထဲမှာ ကြမ်းကြုတ်ခက်ထန်သည့် အရိပ်အယောင်တစ်ခု ရှိနေ၏။

သူသည် စောစောက ဆူဇီမို၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့​ပြီး သူ၏ တတိယမြောက် ခြေထောက်က ကြေမွပျက်စီးကာ သူ၏ ကျင့်ကြံမှု ထက်ဝက်ကျော်က လျော့ကျသွားလေသည်။

သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာ ရှိနေသေးသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက ပေါင်းစည်းခန္ဓာအဆင့်သို့ ကျဆင်းသွားခဲ့ပြီဖြစ်၏။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲအပြီးတွင် ဒသမ မင်းသားအဖြစ် သူ၏ နေရာက သေချာပေါက် အစားထိုးခံရတော့မည် ဖြစ်၏။

အဲဒါကြောင့်.. သူ၏ ရင်ထဲမှာ ဖွင့်မထုတ်နိုင်သည့် မကျေမချမ်းမှုများနှင့် အမျက်ဒေါသများက ရှိနေ၏။

ယခု ရှောင်းယောင်၏ ရန်စပြောဆိုမှုက သူ၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွလာခဲ့၏။

တကယ်တော့ ရှောင်းယောင်သည် ခွန်မျိုးနွယ်၏ သခင်လေး ဖြစ်နေသည့်အတွက်.. သူက ထိုသူကို သတ်ဖြတ်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း.. အဲဒီမှာ အခွင့်အရေးရမည်ဆိုလျှင် သူက ခွန်မျိုးနွယ်မှ ဤသားပေါက်လေးကို သင်ခန်းစာကောင်းကောင်းပေးပြီး သူ၏ အမျက်ဒေါသများကို ဖြေဖျောက်နိုင်မည် ဖြစ်၏။

“ဒါပေမဲ့ ငါရှုံးသွားရင်ရော…”

ရှောင်းယောင်က တွေဝေတုံ့ဆိုင်း၍ စိုးရိမ်နေသည့်ပုံပေါ်၏။

“မင်း ရှုံးသွားမယ်ဆိုရင်.. ငါက မင်းကို အခက်တွေ့အောင် မလုပ်ဘူး.. ဘာမှမပူနဲ့”

ဒသမ မင်းသား၏ မျက်လုံးထဲရှိ အပြုံးက ပိုမိုတောက်ပလာခဲ့၏။

ဤသားပေါက်လေးသည် ငယ်ရွယ်လွန်းသေးပြီး လောက၏ အတွေ့အကြုံ များများစားစား မရှိသည့်ပုံပင်။

ခဏမျှ စဉ်းစားတွေးတောပြီးနောက် ရှောင်းယောင်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ငါတို့က လက်ရည်စမ်းရင်း လက်လွန်သွားကြမယ်ဆိုရင်ရော… “

“အဲဒါလည်း မပူနဲ့”

ဒသမ မင်းသားက အလောတကြီး ပြောလိုက်၏။

“ငါ့ရဲ့ အကန့်အသတ်ကို ငါ သေချာပေါက် သိတယ်”

“ငါစိုးရိမ်တာက ငါ့ရဲ့ အကန့်အသတ်ကို ငါမသိလောက်ဘူး”

ရှောင်းယောင်က သူ၏ မျက်လုံးကို ပုတ်ခတ်ပြီး ပြောလိုက်၏။

“ဟားဟား”

ဒသမ မင်းသားက ရယ်မောလိုက်လေသည်။

“ရတယ် ကောင်လေး.. ရတယ်.. မင်းက လက်လွန်သွားမှာကို စိုးရိမ်စရာ မလိုဘူး.. မင်းစိတ်ရှိသလို တိုက်ခိုက်နိုင်တယ်”

ခွန်မျိုးနွယ်မှ ဤသားပေါက်လေးက စိတ်ပါလာခဲ့ပြီဟု သူပြောနိုင်လေသည်။

“ဟုတ်ပြီလေ.. အဲဒါဆိုရင်လည်း ငါကြိုးစားကြည့်မယ်”

ရှောင်းယောင်က ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက်.. ဆုံးဖြတ်ချက်ချလိုက်ပုံရကာ အားတက်သရော ခေါင်းညိတ်ပြလိုက်၏။

“သခင်လေး.. ခင်ဗျားရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ ဒီလိုမျိုး စွန့်စားစရာ မလိုဘူး”

“အမှန်ပဲ သခင်လေး.. ခင်ဗျားတို့နှစ်ယောက်က ကျင့်ကြံမှု အဆင့်ကြီးတစ်ဆင့် ကွာဟနေတယ်.. ခင်ဗျားတို့က လုံးဝ မတူညီတဲ့အဆင့်… “

ရှောင်းယောင်၏ နောက်ဘက်ရှိ ခွန်မျိုးနွယ် သက်ရှိများက ရှေ့သို့ အလောတကြီး ထွက်လာ​ပြီး သူ့ကို တားဆီးဖို့ ကြိုးစားလိုက်ကြ၏။

“အားလုံးပဲ.. စိတ်မပူကြပါနဲ့”

ရှောင်းယောင်က စကားမတည်တော့မည်ကို စိုးရိမ်သည့်အတွက် ဒသမ မင်းသားက အလောတကြီး ဝင်ရောက်ပြောဆိုလိုက်၏။

“ကျုပ်က ပေါင်းစည်းခန္ဓာအဆင့်နဲ့ အဲဒီရဲ့ အထက် စွမ်းအားကို အသုံးမပြုဘူးလို့ အာမခံတယ်.. ကျုပ်က ဒီကောင်လေးနဲ့ လက်ရည်စမ်းဖို့အတွက် ဓမ္မဝိသေသ အဆင့်ရဲ့ စွမ်းအားကိုပဲ အသုံးပြုမယ်”

“ဦးလေးတို့.. မစိုးရိမ်ကြပါနဲ့”

ရှောင်းယောင်က သူ၏နောက်ဘက်ရှိ ခွန်မျိုးနွယ်မှ ပညာရှင်များကို သူ့မျက်လုံးထဲရှိ လိမ္မာပါးနပ်မှုနှင့်အတူ သူ၏မျက်လုံးကို ပုတ်ခတ်ပြလိုက်၏။

All Chapters