ကူရွှင်းကျစ်၏ရည်မှန်းချက်
Vol. 58 Ch. 860
ဤတစ်လျောက်လုံး သူကျွမ်းကျင်နေသောအရာမှာ စကြဝဠာဆယ်ခု၏ ကောင်းကင်တာအိုများ ဖြစ်နေသည်။
ဝမ်လင်းက သူ့လက်ဖဝါးများကို ကြည့်ကာ မျက်လုံးများကိုမှိတ်၍ အနည်းငယ် စဉ်းစားခန်းဝင်နေမိသည်။
သူက ကူချမ်းလို ငယ်စဥ်ထဲက ကောင်းကင်တာအို သုံးထောင်ဖြင့် မွေးဖွားလာသူ မဟုတ်ပေ။
သူ၏ ကောင်းကင်တာအို သုံးထောင်သည် မှတ်ဉာဏ်ကနေ တဆင့် သူ့ဆီသို့ တဖြည်းဖြည်းချင်း ရောက်ရှိလာခြင်း ဖြစ်သည်။
သို့သော် ဤမှတ်ဉာဏ်ကို လက်ခံရရှိပုံသည် အတော်လေး နှေးကွေး၏။
ဝမ်လင်းက ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်သားအရွယ်အထိ ကောင်းကင်တာအို အားလုံးကို မကျွမ်းကျင်ခဲ့ပေ။
သို့သော် သူတော်စင် အင်မော်တယ်ကျမ်း ပြောသည့် စကားအပေါ် အခြေခံ၍ ဤပဟေဠိကို ယခုအခါတွင် ဖြေရှင်းနိုင်ပြီ ဖြစ်သည်။
အကြောင်းရင်းမှာ သူမှတ်ဉာဏ်တွင် ဖြစ်ပေါ်လာသော ကောင်းကင်တာအိုသည် စကြဝဠာဆယ်ခု၏ ကောင်းကင်တာအိုများ ဖြစ်ဖွယ်ရှိသောကြောင့်ပင်။
ထို့အပြင် လက်ခံရရှိသည့် လုပ်ငန်းစဉ်အတွင်း ရောနှောမှု တစ်မျိုးမျိုး ဖြစ်ခဲ့သည်မှာလည်း ဖြစ်နိုင်ချေရှိ၏။
စကြဝဠာဆယ်ခုရှိ ကောင်းကင်တာအို စုစုပေါင်းသည် သုံးသောင်း ဖြစ်သည်။
ဝမ်လင်းက သူမည်မျှ သန်မာသည်ကို ရှင်းရှင်းလင်းလင်းမသိသော်လည်း ရေတွက်နည်းကို သေချာပေါက်သိ၍ သူ့တွင် ကောင်းကင်တာအို သုံးထောင်သာ ရှိသည်မှာ သေချာနေ၏။
သို့သော် သူ၏ ကောင်းကင်တာအို သုံးထောင်၏ အောက်၌ မရေမတွက်နိုင်သော အကိုင်းအခက်များ ရှိခဲ့သည်။
ဆိုရလျှင် သူသည် ကောင်းကင်တာအို သုံးသောင်းကို မှတ်ဉာဏ်ကနေ လက်ခံခဲ့ခြင်း ဖြစ်နိုင်၏။
သို့သော် ကောင်းကင်တာအိုများက ရောနှောသွားခဲ့သည်။
ဆိုလိုသည်မှာ သူက ကောင်းကင်တာအို သုံးထောင်ကိုသာ ဆုပ်ကိုင်ထားဟန် တူသော်လည်း အမှန်တကယ်တွင် ကောင်းကင်တာအို သုံးသောင်း ဖြစ်နေခြင်းပင်။
အမှန်တရားတစ်ခုကို သိလိုက်ရ၍ ဝမ်လင်းက အံ့အားသင့်သွားခဲ့သည်။
သူ့လိုလူမျိုးကို မွေးထုတ်နိုင်သည့် သူ့အမေက မည်မျှ အံသြဖို့ကောင်းမှန်းပင် သူ မသိတော့ပေ။
ထိုခဏတွင် သူတော်စင် အင်မော်တယ်ကျမ်းသည် ဝမ်လင်းကို ချီးမွမ်းလိုက်သည်။
“ကောင်းကင်ကသာ အရှင်လင်းကို မဖွားမြင်ခဲ့ရင် ခေတ်အဆက်ဆက် ညတာရှည်သွားလိမ့်မယ်.. အရှင်ရဲ့ အစွမ်းသတ္တိအရ အရှင့်ရဲ့ မျိုးဆက်မှန်သမျှက မွေးကတည်းက အထွတ်အထိပ်ကို အလိုအလျောက် ရောက်နေကြလိမ့်မယ်”
ထိုစကားကြောင့် ဝမ်လင်း၏ နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားခဲ့သည်။
နောက်ပိုင်း မျိုးဆက်တွေအကြောင်း ပြောဖို့မှာ စောလွန်းသေးသည် မဟုတ်ပါလော။
သူ့တွင် ယခုထိ ရည်းစားလည်း မရှိသေးပေ။
ထို့အပြင် ချစ်သူရည်းစားသည် ခေါက်ဆွဲခြောက်ထုပ်ထက် မည်သို့ အရသာရှိနိုင်ပါအံ့နည်း။
ဝမ်လင်း၏ ထိုအတွေးကို အပြစ်တင်၍မရပေ။
တကယ်တမ်းတွင် သူသည် အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသည် မဟုတ်ပါလော။
ဝမ်လင်းသည် ထိုခဏတွင် အနာဂတ်၌ ကလေးတစ်ဦးကို ရင်ခွင်ထဲ၌ ပွေ့ချီထားသည့် သူ၏ပုံရိပ်ကို စိတ်ကူးမယဉ်ဘဲ မနေနိုင်ခဲ့ပေ။
သူက လူများနှင့်တွေ့တိုင်း “ငါ့သားဝမ်ထန့်က အင်ပါယာဖြစ်ဖို့ အလားအလာရှိနေပြီ”ဟု ပြောဆိုနေခဲ့သည်။
ငါးမိနစ်ခန့်အကြာတွင် ကူရွှင်းကျစ်၏ အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာသည်။
ဝမ်လင်းက အချက်အလက်များကို ကြည့်ရှုခဲ့သည်။
သူတော်စင် အင်မော်တယ်ကျမ်း၏ အဆိုအရ ကူရွှင်းကျစ်က သူနေထိုင်ရာ သတ္တမ စကြာဝဠာအပြင် ပထမနှင့် ဒသမစကြာဝဠာတို့တွင်လည်း အချိန်ကုန်ဆုံးခဲ့သည်။
ထို့အပြင် သူတော်စင်အင်မော်တယ်ကျမ်းသည် ကူရွှင်းကျစ်၏ အလုပ်အကိုင်ကို အုပ်ထိန်းသူအဖြစ် ဖော်ပြခဲ့သည်။
ဤသည်က စည်းကမ်းထိန်း ကဲ့သို့သော အလုပ်တစ်ခုလော။
ဝမ်လင်းက ခေါင်းငုံ့ကာ စဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် သူတော်စင် အင်မော်တယ်ကျမ်းက ထပ်မံပြောလိုက်ပြန်သည်။
"အရှင် ဘာတွေတွေးနေလဲဆိုတာ ကျနော် ခန့်မှန်းလို့ရမလား"
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။
သူတော်စင်အင်မော်တယ်ကျမ်း" သတ္တမ စကြဝဠာမှာ မွေးဖွားတဲ့ ကူရွှင်းကျစ်က ပထမနဲ့ ဒသမ စကြာဝဠာတို့နဲ့ ချိတ်ဆက်ပြီး အုပ်ထိန်းသူ ရာထူးကို ထမ်းဆောင်ခဲ့တယ်.. အဲဒါကို အရှင် ခန့်မှန်းပြီးလောက်ပြီလို့ ကျနော်ထင်တယ်.. တကယ်တော့ သတ္တမ စကြဝဠာမှာ ကူရွှင်းကျစ် မွေးဖွားပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်တာအို အုပ်ချုပ်မှု ကော်မတီက သူ့ကို စကြာဝဠာ သုံးခုရဲ့ အရှင်သခင်အဖြစ် အသိအမှတ် ပြုခဲ့တယ်.. သူ့ရဲ့တာဝန်က စကြာဝဠာတွေ ကျယ်ပြန့်လာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ အချို့သော အမှားတွေကို ပြုပြင်ပေးဖို့ပဲ.. ဒါကြောင့် ကူရွှင်းကျစ် အနာဂတ်ကနေ ရောက်လာတာက အမှားတစ်ခုခုကို ပြုပြင်ဖို့ဆိုတာ လုံးဝ သေချာတယ်.. ဟုတ်ပါတယ်.. ငါ့ရဲ့ ပညာရှိလှတဲ့ ကောင်းကင်သခင်ကြီးလင်းက ဒီအကြောင်းကို တွေးပြီးသား ဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်"
ဝမ်လင်း “…........”
သူတော်စင် အင်မော်တယ်ကျမ်းက စကားကို ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ကူရွှင်းကျစ်က သူ မမွေးဖွားလာသေးတဲ့ခေတ်ကို ရောက်လာတာ ဆိုတော့ သူကိုယ်တိုင်အတွက် လာခဲ့တာ သေချာတယ်.. အချက်အလက်တွေအရ ကူရွှင်းကျစ် နဲ့ ပတ်သက်နိုင်တဲ့ လူတွေကတော့ ဝမ်ကျန်းနဲ့ လျူချင်းရီတို့ပဲ.. ဟုတ်ပါတယ်.. ငါ့အရှင်က ဒီအကြောင်းကို တွေးမိပြီးလောက်ပါပြီ.. ဒါကြောင့် အဓိကအချက်တွေကိုပဲ ပြောပြပါတော့မယ်"
ဝမ်လင်း “…........”
သူတော်စင်အင်မော်တယ်ကျမ်း “အချက်အလက်တွေအရ ဝမ်ကျန်း နဲ့ လျူချင်းရီ တို့က အနာဂတ်ကမ္ဘာမှာ ဖူးစာမပါခဲ့ကြဘူး.. လျူချင်းရီ နဲ့ ကူရွှင်းကျစ်ရဲ့ ဖခင်ကူချမ်းတို့က အထူးပွဲတစ်ခုအတွင်းမှာ တွေ့ဆုံပြီးနောက်မှာ မမျှော်လင့်ဘဲ အကြင်လင်မယား ဖြစ်သွားခဲ့ကြတယ်.. အဲဒီနောက်မှာတော့ သူတို့ရဲ့ ရင်သွေးဖြစ်တဲ့ ကူရွှင်းကျစ်ကို မွေးဖွားလာခဲ့တယ်"
"အချက်အလက်တွေအရ ဝမ်ကျန်း ရဲ့အဆုံးသတ်က ပိုဝမ်းနည်းဖို့ကောင်းတယ်.. လျူချင်းရီကို ဆုံးရှုံးပြီးနောက်မှာ ဝမ်ကျန်းက တစ်ကိုယ်တော် အာကာသခရီးကို စတင်ခဲ့တယ်.. ဒါကြောင့် အနာဂတ်ကနေ ကူရွှင်းကျစ် ဒီနေရာကို ရောက်ရှိလာတဲ့ ရည်ရွယ်ချက်ကို အချက်သုံးချက်နဲ့ ကောက်ချက်ချနိုင်တယ်"
“ပထမအချက်အနေနဲ့ ဝမ်ကျန်း နဲ့ လျူချင်းရီတို့ တစ်ယောက်ကို တစ်ယောက် ခံစားချက်တွေ ဖြစ်ပေါ်လာမှာကို တားဆီးဖို့ပဲ.. ဒုတိယအချက်ကတော့ လျူချင်းရီကို သူ့အဖေကူချမ်းနဲ့အောင်သွယ်ပေးဖို့ပဲ.. တတိယအချက်ကတော့ ဝမ်ကျန်းကို ဖမ်းဆီးဖို့ ဖြစ်နိုင်တယ်.."
"ဘာလို့လဲဆိုတော့ ဝမ်ကျန်းက အနာဂတ်မှာ သတ္တမ စကြဝဠာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်သွားရမှာ ဖြစ်လို့ပဲ.. ဒါကြောင့် ကူရွှင်းကျစ်က ဝမ်ကျန်းကို အသည်းကွဲပြီး အာကာသ ခရီးထွက်ဖို့ ခွင့်ပြုနိုင်မှာမဟုတ်ဘူး
သူတော်စင်အင်မော်တယ်ကျမ်း၏ သုံးသပ်မှုများကို ကြားလျှင် ဝမ်လင်းက သက်ပြင်းချလိုက်သည်။
"လတ်စသတ်တော့ ဒီလိုကိုး"
သူတော်စင်အင်မော်တယ်ကျမ်း "ကျနော် ပြောခဲ့တာတွေက တိမ်မြုပ်နေတဲ့ ဗဟုသုတလေးတွေပါပဲ.. အရှင်က ဒီကိစ္စကို ကျနော့်ထက် ပိုပြီး အသေအချာ တွေးမိပြီးလောက်ပါပြီ”
ဝမ်လင်း “…..........”
…................
မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင် ကျန်းဟိုင်ဖူနှင့် ဖိုးဖိုးဝမ်တို့ ယှဥ်ပြိုင်ကြမည့်နေ့သည် သြဂုတ်လ ၁၈ ရက်နေ့ ဖြစ်သည်။
ရက်သတ္တပတ်များစွာ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက်တွင် ဖိုးဖိုးဝမ် နှင့် ကျန်းဟိုင်ဖူ တို့သည်
ယှဥ်ပြိုင်ရန် အသင့်ဖြစ်နေကြသည်။
ကျန်းဟိုင်ဖူ၏ မီးဖိုချောင်သုံးဓားဂိုဏ်းသည် မကြာသေးမီ ဆယ်စုနှစ်များ အတွင်း ရေပန်းစားလာခဲ့သည့် ဂိုဏ်းတစ်ခု ဖြစ်သည်။
၎င်း၏ အလုံးစုံ တိုက်ခိုက်ရေး စွမ်းအားသည် အခြားသော ဂိုဏ်းများထက် အားနည်းနိုင်သော်လည်း တပည့်အရေအတွက်ကိုမူ တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်နိုင်သောဂိုဏ်း ဖြစ်သည်။
ထို့အပြင် မီးဖိုချောင်သုံးဓားဂိုဏ်းသည် မကြာမီတွင် လုပ်ငန်း လုပ်ပိုင်ခွင့် (franchise)ကို မိတ်ဆက်တော့မည် ဖြစ်၏။
ထို့ကြောင့် ၎င်းတို့ဂိုဏ်း၏ သြဇာသည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့တော့မည် ဆိုလည်းမမှားပေ။
သူ့အနေဖြင့် ယခု အနေအထားအထိ အောင်မြင်လာသည့် အကြီးမားဆုံး အကြောင်းရင်းမှာ ထိုစဉ်က မတော်တဆကောက်ရခဲ့သော ဟင်းချက်နည်း စာအုပ်ကြောင့် ဖြစ်ကြောင်း ကျန်းဟိုင်ဖူက လွဲ၍ မည်သူမှမသိပေ။
ထိုစာအုပ်မရှိလျှင် မီးဖိုချောင်သုံးဓားဂိုဏ်းသည် ယနေ့ ရရှိနေသော အောင်မြင်မှုများကို ရရှိရန် အလွန်ခက်ခဲနေလိမ့်မည်သာ။
ပြိုင်ပွဲကျင်းပပုံက အလွန်ရှင်းလင်းသည်။
ဖိုးဖိုးဝမ် နှင့် ကျန်းဟိုင်ဖူ တို့က မီးဖိုချောင်တွင် ဟင်းလျာအသစ်များကို ချက်ပြုတ်ပြီး အမှတ်ပေးမည့်သူတိုင်းကို မြည်းစမ်းစေမည် ဖြစ်သည်။
အမှတ်ပိုရသူက အောင်နိုင်သူ ဖြစ်လာပေလိမ့်မည်။
ထို့အပြင် ဟင်းလျာအသစ်များကို ဖန်တီးရမည် ဖြစ်သောကြောင့် တီထွင်ဆန်းသစ်မှု အသစ်များကို မြင်တွေ့ရတော့မည် ဖြစ်၏။
တကယ်တော့ ထိုစည်းမျဥ်းကို ချမှတ်သူမှာ ဖိုးဖိုးဝမ် ဖြစ်သည်။
သူက ဝမ်မိသားစု အိမ်ငယ်လေးတွင် နေထိုင်စဥ် ဟင်းလျာများကို စိတ်တိုင်းကျ ချက်ပြုတ်ခဲ့သည်။
ထိုအထဲတွင် သူအကျွမ်းကျင်ဆုံး ဟင်းလျာမှာ ကျီကျစ် သကြားရည်ဖြင့် ပြုလုပ်ထားသည့် ချိုချဉ်စပ် ဝက်နံရိုးဟင်း ဖြစ်၏။
ဖိုးဖိုးဝမ်က သူ့ကိုယ်သူ စိန်ခေါ်လို၍ ဟင်းလျာအသစ် ချက်ပြုတ်ရန် စည်းမျဥ်းချထားခြင်းပင်။
ဝမ်လင်း အောက်ထပ်သို့ ဆင်းလာသောအခါတွင် ဧည့်သည်များစွာ ရောက်နေသည်ကို တွေ့လိုက်ရသည်။
ဤတစ်ကြိမ် အကဲဖြတ်မည့်သူများမှာ ဝမ်မိသားစု အိမ်ငယ်လေးအတွင်းမှ လူများသက်သက် မဟုတ်ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်၊ ငွေရောင်လေး၊ ကျိုက်ယန် နှင့် ကျန်းဟိုင်ဖူ၏သား ကျန်းပိုင်တို့ အားလုံး ဤနေရာတွင် ရှိနေကြသည်။
ထို့အပြင် လျူချင်းရီ နှင့် ဝမ်ကျန်း တို့သည်လည်း ဤနေရာတွင် ရှိနေကြ၏။
သူတော်စင် အင်မော်တယ်ကျမ်း၏ သုံးသပ်မှုက လုံးဝမှန်ကန်ပုံ ရသည်။
ကူရွှင်းကျစ်သာ အနာဂတ်မှ ရောက်မလာခဲ့ပါက ထိုနှစ်ယောက်သည် ရန်သူဖြစ်နေလျှင်ပင် တစ်ယောက်ကို တစ်ယောက် ခံစားချက်များ ပေါက်ဖွားလာပေလိမ့်မည်။
အကယ်၍ ဝမ်ကျန်းနှင့် လျူချင်းရီ တို့သာ အနာဂတ်တွင် အပြန်အလှန် ခံစားချက်များ ဖြစ်ပေါ်လာခဲ့လျှင် မည်သည့်အရာများ ဖြစ်လာနိုင်ပါသနည်း။
ဝမ်လင်းက ရုတ်တရက် သိချင်လာခဲ့သည်။