အင်မော်တယ်ချက်ပြုတ်ခြင်း
Vol. 58 Ch. 862
ထိုအချိန်တွင် ကျန်းဟိုင်ဖူက သက်ပြင်းချသံကို ကြားလိုက်ရသည်။
“ငါးက သက်ပြင်းချလိုက်တာလား”
ကျန်းဟိုင်ဖူက သူ့အကြားအာရုံတစ်ခုခု ချွတ်ချော်နေသည်ဟု ပြင်းပြင်းထန်ထန် သံသယရှိခဲ့သည်။
သို့သော်လည်း စိတ်ဓာတ်ကျနေသောငါးက ရုတ်တရက် အသိစိတ်ဝင်လာခဲ့ပြီး ထထိုင်လိုက်သည်ကို
သူမြင်လိုက်ရသည်။
ငါးအရေခွံက ဓားဖြင့်ခုတ်ခံရသည့် သဲလွန်စမရှိဘဲ ပြီးပြည့်စုံနေသည်။
အစွန်းနှစ်ဘက်ရှိ အပေါက်များမှလွဲလျှင် ငါးအရေခွံသည် လုံးလုံးလျားလျား ဝိုင်းစက်နေခဲ့သည်။
ဖိုးဖိုးဝမ်က သူ၏ကျွမ်းကျင်မှုကို နောက်ထပ် လှုပ်ရှားမှုများဖြင့် သက်သေပြခဲ့သည်။
သူက ငါးအရေခွံ၏ အောက်ခြေကို ချည်နှောင်ကာ ရေဖြည့်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဝမ်လင်းက အံ့အားသင့်သွားခဲ့သည်။
ဖိုးဖိုးဝမ် ချက်ပြုတ်သည်ကို သူယခင်က မြင်ဖူးသော်လည်း ဤကဲ့သို့ နည်းစနစ်ကို သူ မမြင်ဖူးခဲ့ပေ။
ဖိုးဖိုးဝမ်က ယနေ့ပြိုင်ပွဲအတွက် အထူး လျှို့ဝှက်သိမ်းဆည်းထားသည့် နည်းစနစ်များကို ထုတ်သုံးနေသည်ဟုပင် ထင်ရသည်။
သူ၏ပြိုင်ဘက်က အလွန်ပင် အံ့အားသင့်စရာကောင်း၍ ကျန်းဟိုင်ဖူ၏ နဖူးပေါ်ကနေ ချွေးများက စီးကျလာခဲ့သည်။
ကျန်းဟိုင်ဖူက ငါးအရေခွံကို ရေဆေးပြီးနောက်တွင် သူ၏ တိကျသောဓားစွမ်းရည်ဖြင့် ညီညာစွာ လှီးဖြတ်လိုက်သည်။
သူက နွေဦးငါးအရေခွံ ခေါက်ဆွဲဟင်းကို ပြုလုပ်နေခြင်းဖြစ်သည်။
ငါးအရေခွံဖြင့် လုပ်ရာ၌ အခက်ခဲဆုံးအပိုင်းမှာ ငါး၏ အနံ့ဆိုးများကို ဖယ်ရှားရန် ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဤဟင်းကို ချက်ပြုတ်ရာ၌ စားဖိုမှူးများသည် ငရုပ်သီး၊ စီချွမ်ငရုပ်ကောင်း သို့မဟုတ် အခြားအစပ်ဟင်းခတ် အမွှေးအကြိုင် အမျိုးအစားများကို အသုံးပြုရန် ရွေးချယ်လေ့ရှိကြသည်။
ဤသည်မှာ တကယ်တမ်းတွင် အဆင့်နိမ့် နည်းစနစ်များသာဖြစ်သည်။
စင်စစ် ဟင်းခတ် အမွှေးအကြိုင်များကို လူတိုင်း မနှစ်သက်ကြပေ။
ဤတစ်ခေါက် သူ၏ဟင်းပွဲကို လူတိုင်းက မြည်းစမ်းကြည့်ကြမည် ဖြစ်သည်။
ထို့ကြောင့် ကျန်းဟိုင်ဖူ ကျော်ဖြတ်ရမည့် အခက်အခဲမှာ အနံ့အရသာကောင်းမွန်ပြီး ငရုပ်သီး မသုံးသည့်ဟင်းပွဲကို ချက်ပြုတ်ရန် ဖြစ်၏။
ထိုဟင်းလျာက ငါးအနံ့ မရှိရုံသာမက လူကြီးလူငယ်မရွေး နှစ်သက်သော အရသာမျိုး ရှိရပေမည်။
စားဖိုမှူးက အဆင့်မြင့်လေ ၎င်းတို့သုံးသည့် ပါဝင်ပစ္စည်းများ၏ အချိုးအစားက ပို၍ညီမျှလေ ဖြစ်သည်။
အချိုးအစားညီမျှနေသရွေ့ ပါဝင်ပစ္စည်းများ၏ ချို့ယွင်းချက်များကို ဖုံးကွယ်ကာ တစ်ခုချင်းစီ၏ အားသာချက်များကို တတ်နိုင်သမျှ ထုတ်ဖော်နိုင်မည်ဖြစ်၏။
ထို့ကြောင့် ကျန်းဟိုင်ဖူသည် ချက်ပြုတ်ရာတွင် ဟင်းခတ် အမွှေးအကြိုင်များကို အသုံးမပြုခဲ့ပေ။
သူ၏ ဟင်းပွဲထဲတွင် ဆား၊ ငရုပ်ကောင်း၊ ပဲငံပြာရည်၊ ချင်း၊ ကြက်သွန်ဖြူ စသည့်အရာများ မပါရှိခဲ့ပေ။
သူက ပါဝင်ပစ္စည်းများကနေ အရသာများနှင့် အမွှေးအကြိုင်များကို ကိုယ်တိုင် ဆွဲထုတ်ယူလိုက်သည်။
ဆိုရလျှင် ဟင်းခပ်အမွှေးအကြိုင်ကို အားမကိုးသည့် လျှို့ဝှက်နည်းစနစ်သည် ကျန်းဟိုင်ဖူကို အစားအသောက် နယ်ပယ်တွင် နှစ်ပေါင်းများစွာ စိုးမိုးစေခဲ့သည်။
သူက ဤလျှို့ဝှက်နည်းစနစ်ကို လိုက်ဖက်သည့် အမည်တစ်ခု ပေးခဲ့သည်။
(ဟိုင်ဖူမိသားစု အစားအစာနည်းစနစ်)
ဤနည်းစနစ်က ကျန်းဟိုင်ဖူ၏ထူးခြားချက်ဟုပင် ယူဆနိုင်သည်။
ကျန်းဟိုင်ဖူက သူ့ဘေးနားရှိ အဖိုးအို၏ အသက်ကို ထည့်တွက်ကာ အစပိုင်းတွင် အဖိုးအိုကို ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားစေရန် အလွယ်တကူ လုပ်ဆောင်နိုင်မည်ဟု ထင်ခဲ့သည်။
သို့ရာတွင် အဖိုးအို၏ စိတ်ဓာတ်ကျဓားနည်းစနစ်ကို မြင်တွေ့ပြီးနောက်တွင် ကျန်းဟိုင်ဖူ၏ နှလုံးသားထဲ၌ အကျပ်အတည်းတစ်ခု ချက်ချင်းဆိုသလို တိုးဝင်လာခဲ့သည်။
သူက ဤတိုက်ပွဲကို အမှန်တကယ် မရှုံးချင်ခဲ့ပေ။
ထို့ကြောင့် ကျန်းဟိုင်ဖူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး အခြားပါဝင်ပစ္စည်းများကို စတင် ပြင်ဆင်လိုက်သည်။
သူက ဟင်းခတ် အမွှေးအကြိုင်များကို အသုံးမပြုသောကြောင့် သူ့ဟင်းပွဲရှိ ပါဝင်ပစ္စည်းများသည် ဖိုးဖိုးဝမ်ထက် ပိုများ၏။
ပါဝင်ပစ္စည်းများကနေ အရသာကို ဆွဲထုတ်ယူရန်မှာ အစိတ်အပိုင်းများကို တိတိကျကျ ဖြတ်တောက်ရန် လိုအပ်သောကြောင့် ဓားနည်းစနစ် ကျွမ်းကျင်မှုကလည်း အလွန်ပင်အရေးပါသည်။
သို့ရာတွင် အဖိုးအို၏ စိတ်ဓာတ်ကျဓားနည်းစနစ်ကို မြင်တွေ့ပြီးနောက်တွင် ကျန်းဟိုင်ဖူသည် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
သူက ငါးအရေခွံခေါက်ဆွဲအတွက် အခြားသော ပါဝင်ပစ္စည်းများကို ပြင်ဆင်နေစဉ် သူ့နံဘေးရှိ အဖိုးအိုကို မကြာခဏ ခိုးကြည့်ခဲ့သည်။
အဖိုးအိုက မည်ကဲ့သို့သော ရူးသွပ်လောက်ဖွယ် နည်းစနစ်များ ထုတ်သုံးလာမည်ကို သူအမှန်တကယ် သိချင်နေခဲ့သည်။
တစ်ဖက်တွင်လည်း အဖိုးအိုက စိတ်ဓာတ်ကျ ဓားနည်းစနစ်ဖြင့် ဖြတ်တောက်ထားသော ငါးသားရေအိတ်ကို ရေတစ်ဝက်တိတိ ဖြည့်လိုက်ပြီးနောက် ထမင်းများကို ထည့်လိုက်သည်။
ယနေ့တွင် အိမ်၌ လူ၁၂ယောက်ရှိနေ၍ အဘိုးအိုက ဝဝလင်လင် ကျွေးချင်ခဲ့သည်။
ထို့ကြောင့် ဖိုးဖိုးဝမ်က ငါးအရေခွံဟင်း ထပ်မံပြုလုပ်ရန် အလားတူနည်းလမ်းကိုပင် အသုံးပြုခဲ့သည်။
ငါးအရေခွံအိတ် တစ်ခုစီတွင် ရေနှင့်ထမင်း ထည့်ပြီးနောက် ငါးအရေခွံအိတ်က ဂေါ်ဖီထုပ်တစ်ထုပ်စာ အရွယ်အစားထိ ကြီးမားလာခဲ့သည်။
ထိုအချိန်တွင် အဘိုးအို ဂရုတစိုက် ရွေးချယ်ခဲ့သော ငါး၏ အရေးပါမှုကို ကျန်းဟိုင်ဖူက သတိပြုမိခဲ့သည်။
ဖိုးဖိုးဝမ်ရွေးထားသောငါးက အသက်ကြီးပြီး အသားမလတ်ဆတ်သော်လည်း အရေခွံကမူ အလွန်ပင် မာကျော၏။
ထို့အပြင် ထိုငါးသည် အခြား ရေငံငါးများနှင့် နှိုင်းယှဉ်လျှင် အရေခွံပိုမာသော ပင်လယ်လှိုင်းငါးမျိုး ဖြစ်သည်။
ထို့ကြောင့် အဓိကပါဝင်ပစ္စည်းကို မြင်တွေ့လိုက်သည့် အခိုက်အတန့်တွင် ကျန်းဟိုင်ဖူသည် ငါးအရေခွံခေါက်ဆွဲပြုလုပ်ရာ၌ ပင်လယ်လှိုင်းငါးကို အသုံးပြုရန် စိတ်ကူးရသွားခဲ့သည်။
ထိုအချိန်တွင် ငါးအရေခွံထဲသို့ ရေနှင့်ထမင်း လောင်းထည့်လိုက်သော အဘိုးအိုကိုကြည့်ရင်း ကျန်းဟိုင်ဖူက စဉ်းစားရ ကျပ်သွားခဲ့သည်။
“အဖိုးကြီးက ငါးထမင်းချက်မှာလား”
ကျန်းဟိုင်ဖူ ပဟေဠိဖြစ်နေချိန်မှာပင် ဖိုးဖိုးဝမ်သည် ဗီရိုအောက်ခြေရှိ မြေအိုးတစ်လုံးကို ထုတ်ယူကာ သူ့လက်ဖြင့် ခပ်ဆတ်ဆတ် ရိုက်လိုက်သည်။
“အိပ်ရာထတော့.. အလုပ်ဆင်းချိန်ရောက်ပြီ”
ထို့နောက်တွင် ဖိုးဖိုးဝမ်က မြေအိုးအဖုံးကို ဖွင့်လိုက်သည်။
အိုးအတွင်း၌ အဝါနှင့်လိမ္မော် စပ်ထားသော ကြောင်လေးတစ်ကောင် ရှိနေသောကြောင့် ကျန်းဟိုင်ဖူက အံ့အားသင့်သွားခဲ့သည်။
ထိုကြောင်ကလေးက အိုးထဲတွင် စိတ်အေးလက်အေး အိပ်စက်နေပုံ ရသည်။
ဖိုးဖိုးဝမ်၏ ခေါ်သံကိုကြားပြီးနောက်တွင် ကြောင်ကလေးသည် အိုးထဲကနေ ခေါင်းကို ချက်ချင်း ထုတ်လိုက်သည်။
ထိုခဏတွင် ကျန်းဟိုင်ဖူသည် မြေအိုးအတွင်းကနေ ငါးခြောက်နံ့ကို ရရှိခဲ့သည်။
ထိုငါးခြောက်ကို ကြောင်စားရန်အတွက် အဖိုးအိုက မြေအိုးထဲသို့ ထည့်ပေးထားသည်ဟု ယူဆရ၏။
လိမ္မော်ရောင်ကြောင်က ၎င်း၏ ခြေသည်များကို ပျင်းရိစွာဆန့်ထုတ်လိုက်ပြီးနောက် အိုးထဲမှ ခုန်ထွက်ကာ နောက်ခြေထောက် နှစ်ချောင်းဖြင့် မတ်တပ်ရပ်လိုက်သည်။
ထင်မှတ်မထားသော မြင်ကွင်းကြောင့် ကျန်းဟိုင်ဖူက မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“ဆရာကြီး.. ဒါက…”
“ဒီကြောင်လေးက ငါ့ရဲ့မွေးရပ်မြေကနေ ခေါ်မွေးထားတဲ့ ကြောင်လေးပါ.. သူ့ကို ဒီအိမ်လေးဆီ သုံးဘီးဆိုင်ကယ်နဲ့ ခေါ်လာခဲ့တာလေ.. ဒါပေမဲ့ လျှော့မတွက်နဲ့.. ဒီကြောင်လေးက ဟင်းချက်တတ်တဲ့ ကြောင်လေးပဲ”
ဖိုးဖိုးဝမ်က ခေါင်းကုတ်၍ ပြုံးကာ ပြောလိုက်သည်။
“ငါ့အသက်အရွယ်နဲ့ တစ်စက္ကန့်ကို အချက်၈၀လောက် ထိုးဖို့က မလွယ်တော့ဘူးလေ.. ဒါကြောင့် ဒီဟင်းချက်တတ်တဲ့ ကြောင်လေးကိုပဲ အကူအညီတောင်းရတော့မယ်.. ညီနောင်ဟိုင်ဖူ မင်းသဘောတူရဲ့လား”
ထိုစကားကိုကြားလျှင် ကျန်းဟိုင်ဖူက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
“တူပါတယ်ဆရာကြီး.. ကျေးဇူးပြုပြီး စိတ်အေးလက်အေးသာ ဟင်းချက်ပါ”
စင်စစ် အဖိုးအိုက အသက်၈၀လောက် ရှိနေပြီဖြစ်သည်။
တကယ်တမ်းပြောရလျှင် ဤပြိုင်ပွဲက စတင်လိုက်ကတည်းက မျှတမှုမရှိပေ။
ထိုခဏတွင် အဖိုးအိုသည် သူ့အိတ်ကပ်ထဲကနေ တစ်စုံတစ်ရာကို ထုတ်ယူလိုက်ပြီး လိမ္မော်ရောင်ကြောင်လေး၏ လက်နှစ်ဖက်ကို စွပ်ပေးလိုက်သည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ထိုအရာက အလွန်သေးငယ်သော ဘောက်စင် လက်အိတ်တစ်စုံ ဖြစ်ကြောင်း ကျန်းဟိုင်ဖူ သဘောပေါက်လိုက်သည်။
“ဒါက ဘာအတွက်များပါလိမ့်”
ကျန်းဟိုင်ဖူ အံ့အားသင့်နေသောအချိန်မှာပင် ဖိုးဖိုးဝမ်သည် ရေနှင့်ဆန် ထည့်ထားသော ငါးအရေခွံအိတ်များကို ဝါးခြမ်းဖြင့်ကပ်၍ ချိတ်ပေါ်တွင် ချိတ်ဆွဲလိုက်သည်။
ထို့နောက်တွင် ဖိုးဖိုးဝမ်က မျက်လုံးများ ကျဉ်းမြောင်းစွာဖြင့် လိမ္မော်ရောင်ကြောင်ကို စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။
“ကြောင်ကလေးရေ.. မွေထိုင်း ဘောက်စင်နည်းစနစ်ကို အသုံးပြုမယ်”
အမိန့်ကိုရသည်နှင့် လိမ္မော်ရောင် ကြောင်ကလေးသည် ငါးအရေခွံအိတ်နှစ်လုံးကို ချက်ချင်းပင် ဘောက်စင် နည်းစနစ်ဖြင့် ထိုးလိုက်သည်။
“ဖုန်း ဖုန်း ဖုန်း ဖုန်း”
ထိုမြင်ကွင်းကိုကြည့်ကာ ကျန်းဟိုင်ဖူနှင့် ဝမ်လင်းတို့ နှစ်ယောက်လုံးက အံ့အားသင့်သွားကြသည်။
နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ကျန်းဟိုင်ဖူသည် အဆုံးသတ်၌ ဤကမ္ဘာပေါ်တွင် ကြောင်များအတွက် အလုပ်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ထိုကြောင်ကလေးသည် သူ၏ လက်များကို ကျွမ်းကျင်စွာ အသုံးပြုပြီး ငါးအရေခွံတစ်ဝိုက်ရှိ လေကို ပွတ်တိုက်ကာ အပူပေးခဲ့သည်။
ကြောင်ကလေး၏ လက်များကြောင့် ငါးအရေခွံက အရှိန်မြင့်သည့် တုန်ခါမှုများ ဖြစ်ပေါ်လာပြီး အရေခွံအိတ် အတွင်းရှိ ပင်လယ်ငါးအရသာ ထမင်းက ပေါင်းပြီးသား ဖြစ်သွားခဲ့သည်။
ဤသည်မှာ ချက်ပြုတ်မှုနှင့် အရသာကို အဆင့်တစ်ဆင့်တည်းဖြင့် လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။
ဟင်းခတ်အမွှေးအကြိုင်များကို အသုံးမပြုခဲ့သလို ပါဝင်ပစ္စည်း အများအပြားကိုလည်း အသုံးမပြုခဲ့ပေ။
သူက ထပ်ပြီး ရှုံးနိမ့်ခဲ့ရပြန်သည်ဟု ကျန်းဟိုင်ဖူ ခံစားခဲ့ရသည်။