ခြယ်လှယ်သူ
Vol. 58 Ch. 863
ဖိုးဖိုးဝမ်၏ လုပ်ကိုင်ဆောင်ရွက်ပုံကို ကြည့်၍ အလွန်သန်မာသောပြိုင်ဘက် ဖြစ်သည်မှာ သံသယရှိစရာပင် မလိုချေ။
ကျန်းဟိုင်ဖူက ယခင်က ဖိုးဖိုးဝမ်ကို လျှော့တွက်ခဲ့မိသည်အား နောက်တရနေမိသည်။
သူက ဖိုးဖိုးဝမ်လောက် မပြင်ဆင်ထားခဲ့သည်မှာ သိသာနေ၏။
အကယ်၍ သူသာ စောစောသိခဲ့လျှင် ဤနေရာသို့ မရောက်မီ ကောင်းကင်ဟင်းလျာမှတ်တမ်းကို ပြန်လည် သုံးသပ်ခဲ့မိမည် ဖြစ်သည်။
ထိုကောင်းကင်ဟင်းလျာ မှတ်တမ်းသည် အမည်မသိစာရေးဆရာတစ်ဦးမှ ရေးသားခဲ့သော ရှေးဟောင်းမှတ်တမ်းတစ်ခု ဖြစ်သည်။
ထိုအချိန်က သူသည် ကောင်းကင်ဟင်းလျာ မှတ်တမ်းကို အမှတ်မထင် ကောက်ရခဲ့သည်။
ဆိုရလျှင် သူ၏ ယခုအချိန်ထိ အောင်မြင်မှုများ အားလုံးသည် ဤကောင်းကင်ဟင်းလျာမှတ်တမ်းကြောင့် ဖြစ်သည်မှာ အတိအကျပင် ဖြစ်၏။
“ကျွန်တော် ဟင်းချက်နည်းကို တွေးထားပေမဲ့ ရုတ်တရက် မေ့သွားခဲ့တယ်.. ပြင်ပအကူအညီကို ယူလို့ရမလား ဆရာကြီး”
ကျန်းဟိုင်ဖူက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
“ညီနောင်ဟိုင်ဖူ မင်းကြိုက်သလိုလုပ်ပါ”
ဖိုးဖိုးဝမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ငါလည်း ဒီကြောင်လေးကို ပြင်ပအကူအညီအဖြစ် ဖိတ်ခေါ်ထားတာပဲလေ.. ညီနောင်ဟိုင်ဖူအနေနဲ့ ဟင်းချက်နည်းကို မေ့သွားတယ်ဆိုရင် ပြင်ပအကူအညီကို လွတ်လွတ်လပ်လပ် ယူလို့ရပါတယ်.. အသက်ကြီးလာတဲ့အခါ ဒီလိုပါပဲ.. အရာရာကိုမေ့နေတတ်တယ်”
ဖိုးဖိုးဝမ်က ထိုသို့ ပြောလိုက်သောအခါတွင် ကျန်းဟိုင်ဖူကမျက်နှာပျက်သွားခဲ့သည်။
စားဖိုမှူးတစ်ယောက်အနေဖြင့် ဟင်းချက်နည်းကို မေ့လျော့သွားသည်မှာ တကယ်တမ်းတွင် အလွန်ပင် ရှက်စရာကောင်း၏။
သိထားရမည်မှာ ကောင်းကင်ဟင်းလျာ မှတ်တမ်းသည် ကျန်းဟိုင်ဖူကိုယ်တိုင် ပြုစုထားခြင်းမဟုတ်ပေ။
တကယ်တမ်းတွင် သူယနေ့ချက်ပြုတ်နေသည့် ငါးအရေခွံခေါက်ဆွဲဟင်းလျာသည်လည်း သူ့စိတ်ကူးမဟုတ်ပေ။
ထိုဟင်းချက်နည်းသည် ကောင်းကင်ဟင်းလျာ မှတ်တမ်းထဲမှ ဖြစ်သည်။
ပုံမှန်အားဖြင့် ကျန်းဟိုင်ဖူသည် အောင်ပွဲရရှိရန်အတွက် အလွန်ပင် ဂရုစိုက်တတ်သူ ဖြစ်သည်။
သူ့အနေဖြင့် ဤပြိုင်ပွဲကို လှလှပပ အနိုင်ယူနိုင်မည်ဟု ထင်ခဲ့သော်လည်း ဖိုးဖိုးဝမ်၏ စိတ်လှုပ်ရှားစရာ နည်းစနစ်များက သူ၏ ဟင်းချက်နည်းကို မေ့လျော့သွားစေသည်အထိ ဖြစ်စေခဲ့သည်။
တစ်ခါတရံတွင် လူသားများသည် အချို့အရာများကို အမှတ်တမဲ့ မေ့လျော့သွားတတ်ကြသည်။
ယင်းမှာ တစ်စုံတစ်ဦးနှင့် စကားပြောဆိုနေရင်း မေးခွန်းတစ်ခုကို မေးချင်၍ ပါးစပ်ဖွင့်လိုက်သောအခါတွင် သင်မေးလိုသည့်အရာကို ချက်ချင်းဆိုသလို မေ့လျော့သွားခြင်းမျိုး ဖြစ်၏။
ကျန်းဟိုင်ဖူက မှတ်တမ်းဖိုင်တစ်ခု ပေးပို့ရန် သူ့ဇနီးထံသို့ နှစ်မိနစ်ကြာ အချိန်ယူ၍ ဖုန်းဆက်ခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ကောင်းကင်ဟင်းလျာ မှတ်တမ်းစာအုပ်၏ စာမျက်နှာများက ဝါကျင်ကျင် ဖြစ်နေသောကြောင့် သူက စာအုပ်တစ်ခုလုံးကို ဒစ်ဂျစ်တယ်ဖိုင်အဖြစ် ပြောင်းလဲထားခဲ့သည်။
ထို့ပြင် မူရင်းဗားရှင်းဖြစ်သည့် စာအုပ်ကိုလည်း ထိန်းသိမ်းပြုပြင်ရန် ကျန်းဟိုင်ဖူသည် နှစ်စဉ်ငွေကြေးများစွာ သုံးစွဲခဲ့သည်။
စာအုပ်ကိုလှန်လျှင် ပျက်စီးသွားမည် စိုးသောကြောင့် နောက်ပိုင်းတွင် သူက မထိဝံ့တော့ပေ။
ထို့ကြောင့်ပင် ကျန်းဟိုင်ဖူသည် ကောင်းကင်ဟင်းလျာမှတ်တမ်းကို ဒစ်ဂျစ်တယ်ဖိုင် အဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျန်းဟိုင်ဖူသည် ထိုမှတ်တမ်းကို လူသိရှင်ကြားထုတ်မပြခဲ့ဘဲ အလွန်နက်နဲစွာ လျှို့ဝှက်ထားခဲ့သည်။
သူက သူ့မိန်းမကိုပင် အသိမပေးခဲ့ပေ။
ယခုအခါတွင်မူ အရေးပေါ်ကာလ ဖြစ်သောကြောင့် သူ၏ ကွန်ပျူတာဖိုင်များထဲတွင် ဝင်ရောက်ရှာဖွေပေးရန် ဖုန်းခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
အဆုံးသတ်တွင် ကျန်းဟိုင်ဖူ၏ ဇနီးသည် "ဆရာကျန်းက မိန်းမကြောက်သည်"ဟူသော အမည်ဖြင့် ဖွက်ထားသည့် ဖိုင်တစ်ခုကို တွေ့ရှိခဲ့သည်။
များမကြာမီမှာပင် ကျန်းဟိုင်ဖူသည် သူ့ဇနီးထံမှပေးပို့လိုက်သော ဖိုင်တစ်ခုကိုရရှိခဲ့သည်။
ဤဖိုင်ကိုလည်း အလားတူ လော့ခ်ခတ်ထားခဲ့ပြီး ကျန်းဟိုင်ဖူသာလျှင် စကားဝှက်ကို သိခဲ့သည်။
ကျန်းဟိုင်ဖူက မှတ်တမ်းထဲတွင် ငါးအရေခွံခေါက်ဆွဲချက်ပြုတ်နည်းကို ရှာဖွေရန် လှန်လှောကြည့်လိုက်သည်။
ကောင်းကင်ဟင်းလျာ မှတ်တမ်းသည် မှတ်စုစာအုပ်နှင့် ဆင်တူသောကြောင့် အကြောင်းအရာ စာမျက်နှာ မပါရှိပေ။
ထို့ကြောင့် ကျန်းဟိုင်ဖူက သူ၏ ကိုယ်ပိုင်မှတ်ဉာဏ်ကို အားကိုး၍ ရှာဖွေနေခဲ့ရသည်။
သို့သော် ထိုအချိန်မှာပင် ဖိုးဖိုးဝမ်သည် နံပါတ်တစ်ခုကို တိတ်တဆိတ် ရေရွတ်လိုက်သည်။
“၈၁၈”
ကျန်းဟိုင်ဖူက မှင်တက်သွားခဲ့သည်။
သူက စာမျက်နှာ၈၁၈ကို လှန်လှောကြည့်လိုက်ရာ ထိုစာမျက်နှာက အမှန်ပင် ငါးအရေခွံခေါက်ဆွဲချက်ပြုတ်နည်းကို ရေးသားထားသည့် စာမျက်နှာ ဖြစ်နေခဲ့သည်။
ကျန်းဟိုင်ဖူက လုံးဝကို ထိတ်လန့်သွားခဲ့သည်။
ကျန်းဟိုင်ဖူ “ဆရာကြီး..”
ဖိုးဖိုးဝမ်က ရယ်မော၍ ပြောလိုက်သည်။
“ညီနောင်ဟိုင်ဖူရဲ့ ငါးအရေခွံခေါက်ဆွဲကို မြင်လိုက်တဲ့အခါမှာ ငယ်ငယ်က အမှတ်တမဲ့ရေးခဲ့တဲ့ ဟင်းချက်စာအုပ်ကို တွေးမိခဲ့တယ်.. အဲဒီစာအုပ်နဲ့ ပတ်သက်ပြီး မေ့လျော့နေပေမဲ့ စာမျက်နှာနံပါတ်တွေကိုတော့ မှတ်မိနေပါသေးတယ်.. ငါးအရေခွံခေါက်ဆွဲ ချက်ပြုတ်နည်းကတော့ စာမျက်နှာ၈၁၈မှာ ရှိတာလေ.. ဒါ့အပြင် ဒီနံပါတ်က ငါတို့ပြိုင်ပွဲကျင်းပမယ့် ရက်စွဲနဲ့ တူညီတဲ့နံပါတ်လည်း ဖြစ်တယ်.. ဒါတိုက်ဆိုင်မှုမဟုတ်ဘူးလား”
ဖိုးဖိုးဝမ်၏ စကားကြောင့် ကျန်းဟိုင်ဖူ ထိတ်လန့်အံ့ဩသွားခဲ့သည်။
“ငယ်ငယ်တုန်းကဆိုတော့ ဘယ်အရွယ်ကလဲ”
ဖိုးဖိုးဝမ် “၁၃နှစ် ၁၄နှစ်အရွယ်လောက်တုန်းကပါ.. အဲဒီအချိန်တုန်းက အလုပ်သင်တစ်ယောက် အနေနဲ့ အလုပ်တွေလုပ်နေရင်း စာရေးဖို့စိတ်ကူးတွေ ပေါ်လာခဲ့တယ်”
ကျန်းဟိုင်ဖူ “ဆရာ.. ဆရာကြီးက ဝတ္ထုလည်းရေးခဲ့တာလား”
“အင်း”
ဖိုးဖိုးဝမ်က ဆက်ပြောလိုက်သည်။
“ဝတ္ထုရေးတဲ့အခါမှာ ကုန်ကြမ်း အရင်းအမြစ်ရှိရတယ်.. အရင်းအမြစ်မရှိရင် မင်းဘယ်လိုမှ ဝတ္ထုရေးလို့မရဘူး.. ဒါကြောင့်ပဲ ချက်ပြုတ်တဲ့နည်းစနစ်တွေကို စတင်ဖန်တီးခဲ့ပြီး ဝတ္ထုတစ်ပုဒ်အတွက် အရင်းအမြစ်အဖြစ် အသုံးပြုခဲ့တယ်.. အဲဒီနောက်မှာ ဝတ္ထုရေးဖို့အတွက် ဟင်းချက်နည်းတွေကို ပိုပြီးဖန်တီးလာခဲ့တယ်”
ကျန်းဟိုင်ဖူ “……….”
“ဒါပေမဲ့ ဝတ္ထုမပြီးခင်မှာ စားဖိုမှူးအဖြစ် အထူးတလည် ခန့်အပ်ခံခဲ့ရတဲ့အတွက် ဝတ္ထုကို ဆက်မရေးဖြစ်တော့ဘူး.. ဝတ္ထုအတွက် ငါ့စိတ်ကူးနဲ့ ရေးသားဖန်တီးခဲ့တဲ့ ဟင်းချက်စာအုပ်လည်း ဘယ်ရောက်သွားမှန်း ငါမသိတော့ပါဘူး.. အဲဒီနောက်ပိုင်း ငါအသက်၄၀ကျော်တဲ့ အခါမှာ (Kikkaro) စားသောက်ဆိုင်မှာ အလုပ်ရခဲ့တယ်.. အဲဒီဆိုင်မှာရှိတဲ့ ဟင်းပွဲ တော်တော်များများက ငါ့ဟင်းချက်စာအုပ်ထဲက ဟင်းပွဲတွေနဲ့အတူတူပဲ ဆိုတာ ငါတွေ့လိုက်ရတယ်”
ကျန်းဟိုင်ဖူ “……..”
ဖိုးဖိုးဝမ် " (Kikkaro) စားသောက်ဆိုင်က အဲဒီအချိန်က ဆိုင်အသစ်ဖြစ်ပြီး နာမည်လည်း မကြီးသေးဘူး.. အဲဒီဆိုင်ကဟင်းပွဲတွေကို မြင်တော့ ငါ့အနေနဲ့ ဆယ်ကျော်သက်အရွယ်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်.. အဲဒီအချိန်က ငါအရမ်းကို အံ့ဩသွားပြီး ကောင်းကင်က စီစဉ်ပေးတဲ့ ကံကြမ္မာလို့ ခံစားခဲ့ရတယ်.. ဒါက လေးနက်တဲ့ကံကြမ္မာပါပဲ”
ကျန်းဟိုင်ဖူ “……….”
ဖိုးဖိုးဝမ် “ညီနောင်ဟိုင်ဖူ.. မင်းရဲ့ ဒီငါးအရေခွံခေါက်ဆွဲက ငါတို့ကြားက ကံကြမ္မာရဲ့ ဆက်စပ်မှုတစ်ခုပဲ”
ထိုစကားကိုကြားလျှင် ကျန်းဟိုင်ဖူက ငိုချင်သလို ဖြစ်လာခဲ့သည်။
“ဆရာကြီး ကျွန်တော့ကို ညီနောင်ဟိုင်ဖူလို့ မခေါ်ပါနဲ့တော့.. ဟိုင်လေးလို့ပဲ ခေါ်ရင်ရပါပြီ”
ကျန်းဟိုင်ဖူက တကယ်ကို ငိုချင်နေခဲ့သည်။
သူက ဟင်းချက်စာအုပ်ပိုင်ရှင်ကို နှစ်ပေါင်းအတော်ကြာအောင် လိုက်လံ ရှာဖွေနေခဲ့သည်။
ထိုစာအုပ်၏ ပိုင်ရှင်က သူ့ရှေ့မှ ဖိုးဖိုးဝမ် ဖြစ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ထို့အပြင် ဖိုးဖိုးဝမ်က အသက်၁၃ ၁၄နှစ်အရွယ်ကပင် ထိုစာအုပ်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အဖိုးအို၏ပါရမီသည် သူလုံးဝမယှဉ်ပြိုင်နိုင်သောအရာဖြစ်သည်။
ထိုအချိန်တွင် ကျန်းဟိုင်ဖူ၌ အရှုံးပေးချင်စိတ်တစ်ခုသာ ရှိတော့သည်။
...................
အခြားတစ်ဖက်တွင်မူ မဟာဗျူဟာ လှည့်ဖျားမှု အထွေထွေရုံး၏ လက်အောက်ခံဖြစ်လာသော မော့အင်မော်တယ်ရဲတိုက်သို့ မမျှော်လင့်ထားသည့် ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။
ဤပုဂ္ဂိုလ်က မကြာသေးမီကမှ အပြောင်းအရွှေ့ ကျောင်းသားအဖြစ် အမှတ်၆၀ အထက်တန်းကျောင်းသို့ ဝင်ရောက်လာသည့် ကူရွှင်းကျစ်မှလွဲ၍ အခြားသူမဟုတ်ပေ။
ကူရွှင်းကျစ်က သူ၏ရိုးသားမှုကို ဖော်ပြရန် တုံ့ဆိုင်းမနေဘဲစားပွဲပေါ်၌ တက်ထရာဟီးဒရယ် ခရစ်စတယ်ကို တင်လိုက်သည်။
ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့က ထိုအရာကိုမြင်လျှင် မျက်နှာများ ဖြူဖျော့သွားကြသည်။
“တက်ထရာဟီးဒရယ် ခရစ်စတယ်…”
ဤသည်က အလွန်ရှားပါးသော ပစ္စည်းတစ်ခု ဖြစ်ပြီး အနက်ရောင် ခရစ်စတယ်ထက် အဆပေါင်းများစွာ အဆင့်မြင့်သည်။
ကူရွှင်းကျစ်၏ အမူအရာက အလွန်တရာလေးနက်နေခဲ့သည်။
“ဒါက ငါ့ဘက်က ကမ်းလှမ်းချက်ပဲ.. ငါ့အနေနဲ့ အချက်အလက် တစ်ခုပဲ သိချင်တယ်”
ရဲတိုက်သခင်က လက်ခုပ်တီးလိုက်သည်။
“ကောင်းပြီလေ.. ဆရာက ဘယ်လိုအချက်အလက်တွေ လိုချင်လို့လဲ.. ဆရာပေးတဲ့ဈေးနဲ့ဆိုရင် လိုချင်တဲ့အချက်အလက် မှန်သမျှ ဝယ်လို့ရပါတယ်”
“ဒါဆိုရင်ကောင်းတာပေါ့”
ကူရွှင်းကျစ်က ခေါင်းညိမ့်လိုက်သည်။
“ငါက လူတစ်ယောက်အကြောင်း အချက်အလက်တွေ လိုချင်တယ်”
ရဲတိုက်သခင် “ဘယ်သူလဲ.. သူ့ရဲ့ တာအိုနာမည်ရောသိလား”
ကူရွှင်းကျစ်က ခေါင်းညိမ့်လိုက်သည်။
“ငါပြမယ်”
ထို့နောက်တွင် ကူရွှင်းကျစ်သည် ဓာတ်ပုံတစ်ပုံကို စားပွဲပေါ်တင်လိုက်သည်။
ဓာတ်ပုံထဲမှ လူကိုမြင်လိုက်ရလျှင် ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီက အံ့ဩသွားကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဓာတ်ပုံထဲမှလူမှာ မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံးမှ ဆေးအဖွဲ့ခေါင်းဆောင် အင်မော်တယ်ထုန်ရာမှလွဲ၍ အခြားသူ မဟုတ်ပေ။
ဤလူက အင်မော်တယ်ထုန်ရာ အကြောင်း အချက်အလက်ကို အဘယ်ကြောင့် လိုအပ်ပါသနည်း။
ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့က တွေဝေသွားကြသည်။
အားလုံးပြီးနောက်တွင် မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံး၏ အမာခံအဖွဲ့ဝင်ဖြစ်သည့် အင်မော်တယ်ထုန်ရာသည် သူတို့၏ အထက်မှအကြီးအကဲ ဖြစ်သည်။
အထက်မှအကြီးအကဲ၏ အချက်အလက်ကို သူတို့အနေဖြင့်မည်ကဲ့သို့ ရောင်းစားရဲပါမည်နည်း။
ရဲတိုက်သခင်က ကူရွှင်းကျစ်ကို ငေးကြည့်ရင်း ချွေးစေးများထွက်လာခဲ့သည်။
“ဆရာခဏစောင့်ပါ.. ကျွန်တော်စုံစမ်းဖို့ လိုအပ်ပါသေးတယ်”
သို့သော် ကူရွှင်းကျစ်က သူ့စကားမဆုံးခင်မှာပင် သူ၏ပုခုံးကိုလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ရဲတိုက်သခင် “???”
ကူရွှင်းကျစ် “သူကမင်းရဲ့ အထက်က အကြီးအကဲလား”
ထိုမေးခွန်းကြောင့် ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့က ထိတ်လန့်သွားကြသည်။
[ဒီလူက စိတ်ဖတ်တတ်တယ်လား]
“မင်းတို့ရဲ့ အထက်အကြီးအကဲဆိုတော့ ကိစ္စက ပိုလွယ်သွားတာပေါ့”
ကူရွှင်းကျစ်က ပြုံး၍ ပြောလိုက်သည်။
“အခုမင်းတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်.. တစ်ခုက တက်ထရာဟီးဒရယ် ခရစ်စတယ်ကိုယူပြီး အချက်အလက်ကို ငါ့ဆီရောင်းချပါ.. ဒုတိယတစ်ခုကတော့ အရောင်းအဝယ်ကို ငြင်းဆိုလိုက်ပါ.. ဒုတိယတစ်ခုကို ရွေးချယ်ရင်တော့ မင်းတို့ရဲ့မှတ်ဉာဏ်ကို ငါအတင်းအကျပ် ကြည့်ရှုရလိမ့်မယ်”
ကူရွှင်းကျစ်၏ ခြိမ်းခြောက်စကားကြောင့် ရဲတိုက်သခင်က သွားများကို တင်းကျပ်စွာ အံကြိတ်ထားခဲ့ရသည်။
ဤကဲ့သို့ ဒုက္ခပေးမည့် လူတစ်ဦး ရုတ်တရက် ပေါ်ထွက်လာမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။