← Chapters

ဝမ်လင်း၏ ပကတိကိုယ်ပွား

Vol. 58 Ch. 865

ဝမ်လင်း၏ ပကတိကိုယ်ပွား

Vol. 58 Ch. 865

ဝမ်လင်းကို ပြောင်ပြောင်တင်းတင်း စုံစမ်းရန်ရောက်လာသည်မှာ အခြားသူသာဆိုလျှင် ကောင်းကင်တာအို ၆ယောက်သည် အပြင်းအထန်ချေမှုန်းပြီး ကောင်းကင်တာအိုကော်မတီရုံးကနေ ကန်ထုတ်ပစ်မည် ဖြစ်သည်။

သို့သော် ကူရွှင်းကျစ်မှာမူ စကြဝဠာ၃ပါး၏ အုပ်ထိန်းသူဖြစ်သောကြောင့် အလွန်ပင်ထူးခြားသည်။

ထို့ပြင်ကူရွှင်းကျစ်သည်လည်း ကောင်းကင်တာအို၏ဝှိုက်လစ်စာရင်းရှိ ဖောက်သည်များထဲမှတစ်ဦးဖြစ်သည်။

သို့သော် သူ၏အဆင့်သည် ဝမ်လင်း၏အောက် အတော်လှမ်းလှမ်းတွင်သာ ရှိသည်။

ဟုတ်ပါသည်၊ ကောင်းကင်တာအို ဝှိုက်လစ်စာရင်းတွင်လည်း အဆင့်များ ခွဲခြားထားသည်။

ဖောက်သည်များကို ဝှိုက်လစ်စာရင်းထဲ ထည့်သွင်းပြီးနောက်တွင် ကောင်းကင်တာအိုသည် စကြဝဠာ၏ ပံ့ပိုးမှုများပေါ်မူတည်၍ ဖောက်သည်များကို အဆင့်သတ်မှတ်ခဲ့သည်။

တကယ်တမ်းတွင် ကူရွှင်းကျစ်၏ ဖောက်သည်အဆင့်က နိမ့်သည်ဟု ယူဆ၍မရပေ။

သို့သော် ဝမ်လင်းနှင့်ယှဉ်လျှင်မူ များစွာ လိုအပ်နေပါသေးသည်။

ဆိုရလျှင် ဝှိုက်လစ်စာရင်းတွင် ပါဝင်ရန်အတွက် လူတိုင်းအရည်အချင်း မပြည့်မီပေ။

ဥပမာပြရလျှင် လျူချင်းရီ နှင့် ဝမ်ကျန်းတို့သည် အရည်အချင်း မပြည့်မီကြပေ။

ကူရွှင်းကျစ်က အချက်အလက်များကို ဖြည့်နေစဉ်မှာပင် သတင်းရရှိသွားသည့် ဝမ်လင်းသည် ကောင်းကင်တာအိုအုပ်ချုပ်မှု ကော်မတီသို့ ကိုယ်ပွားတစ်ခု ပေးပို့လိုက်သည်။

ဝမ်မိသားစုအိမ်ငယ်လေးတွင် ဟင်းချက်ပြိုင်ပွဲကို ကျင်းပနေဆဲဖြစ်သောကြောင့် သူရှိနေရန် လိုအပ်သည် မဟုတ်ပါလား။

ထို့အတွက်ကြောင့် ဝမ်လင်းက ကိုယ်ပွားကို စေလွှတ်လိုက်ရခြင်း ဖြစ်သော်လည်း ဤတစ်ခေါက် သူစေလွှတ်လိုက်သော ကိုယ်ပွားမှာ ပကတိကိုယ်ပွား ဖြစ်သည်။

ထိုပကတိကိုယ်ပွားက ခေါက်ဆွဲခြောက်တာအိုဧကရာဇ်ထက် ပိုမို အားကောင်း၏။

ဤသည်ကိုကြည့်၍ ဝမ်လင်းက သူ၏ပြိုင်ဘက်ကို မည်မျှလေးလေးနက်နက် တွေးထားကြောင်း သိသာနေ၏။

ဝမ်လင်းက သူ့စွမ်းအား၏ အကန့်အသတ်ကို အမြဲလိုလို သိချင်နေခဲ့သည်။

သူက မဟာတာအို ၃၀၀၀ကို သူ၏ မှတ်ဉာဏ်မှတဆင့် သင်ယူခဲ့ရခြင်း ဖြစ်သည်။

တစ်ခုတည်းသောပြဿနာမှာ သူ့အနေဖြင့် ထိုမဟာတာအိုများကို မထိန်းချုပ်နိုင်ခြင်းပင်။

သူက ယခုမှ အသက်၁၆နှစ်သာ ရှိပါသေးသည်။

အကယ်၍ နှစ်ပေါင်း တစ်သောင်းခြောက်ထောင်သာ ကျင့်ကြံခဲ့လျှင် ထိုမဟာတာအို အားလုံးကို ကျွမ်းကျင်အောင် ကျင့်ကြံနိုင်လိမ့်မည်ဟု သူယုံကြည်ခဲ့သည်။

အနှစ်တစ်သောင်းခြောက်ထောင် မရခဲ့လျှင်ပင် အနှစ်တစ်ထောင့်ခြောက်ရာဆိုပါက ယခုထက် အများကြီး ပိုကောင်းနေပေလိမ့်မည်။

ကူရွှင်းကျစ်က နတ်ဘုရားနယ်မြေတွင် ကြီးပြင်းလာသူ ဖြစ်ပြီး အနာဂတ်တွင် စကြဝဠာ အုပ်ထိန်းသူတစ်ဦး ဖြစ်လာခဲ့သည်။

ထိုကဲ့သို့သောလူသည် အလွန်တရာ အားနည်းမည် မဟုတ်လောက်ပေ။

ဝမ်လင်း၏ ပကတိကိုယ်ပွားက ကောင်းကင်တာအို အုပ်ချုပ်ရေးကော်မတီ၏ နေရာ၌ ပေါ်လာသောအခါတွင် ကူရွှင်းကျစ်သည် သူ၏အော်ရာကို အာရုံခံစားမိခဲ့သည်။

သူက မေးခွန်းလွှာကို ဆက်မဖြေတော့ဘဲ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ကြည့်ရတာ စစ်တမ်းမေးခွန်းကောက်နေတာက အချိန်ဆွဲဖို့ဖြစ်နေတာကိုး”

ထိုခဏတွင် ကောင်းကင်တာအို ကော်မတီဝင်အကြီးအကဲ ၆ယောက်မှ ဖန်တီးထားသည့် ကောင်းကင်တာအိုကိုယ်ပွားများသည် ဤနေရာတွင် ရှိမနေတော့ပေ။

ဤနေရာတွင် သူတို့နှစ်ယောက်သာ ကျန်ရှိတော့သည်။

ကောင်းကင်တာအို ၆ယောက်က ဝမ်လင်းတို့ နှစ်ယောက်အတွက် နေရာခွဲတစ်ခုကို ဖန်တီးထားလျှင် ပိုကောင်းမည်ဟု ခံစားမိသည်။

အကယ်၍ ထိုနှစ်ယောက်သာ ဤနေရာတွင် တိုက်ခိုက်ကြမည်ဆိုလျှင် ၎င်းတို့၏ ခွန်အားကြောင့် အနီးနားရှိ စကြဝဠာများပါ ထိခိုက်သွားနိုင်ပေသည်။

သို့သော် ယခုအခါတွင် အသိပေးရန် နောက်ကျသွားခဲ့ပြီဖြစ်၏။

ကောင်းကင်တာအို၆ဦးအနေဖြင့် ဤတိုက်ပွဲတွင် မပါဝင်ချင်ခဲ့ပေ။

ကူရွှင်းကျစ်က နောက်လှည့်ကာ ဝမ်လင်း၏ ပကတိကိုယ်ပွားကို စူးစိုက်ကြည့်လိုက်သည်။

ကောင်းကင်တာအို၆ဦးမှ အလွန်ရိုသေလေးစားနေသောသူသည် အမှတ်၆၀ အထက်တန်းကျောင်းမှ အတန်းဖော် ဖြစ်နေမည်ဟု သူ မထင်ခဲ့မိပေ။

အမှတ်၆၀ အထက်တန်းကျောင်းသို့ သူရောက်ရှိလာသည့်ရည်ရွယ်ချက်မှာ ဝမ်လင်းကို ခြေရာခံရန်မဟုတ်ဘဲ လျူချင်းရီနှင့်ဝမ်ကျန်းတို့ကို ချဉ်းကပ်ရန် ဖြစ်သည်။

ထိုနှစ်ယောက်က အခြေခံတည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်းတွင် အတူတူ ကျောင်းတက်လိုကြောင်း သိသွားသောကြောင့် သူသည်လည်း အပြောင်းအရွှေ့စာမေးပွဲကို ဖြေဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။

သို့ရာတွင် ကူရွှင်းကျစ်သည် ဤကဲ့သို့ အစွမ်းထက်သော လူတစ်ဦးက သူ၏နံဘေးတွင် ပုန်းအောင်းနေလိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။

ဝမ်လင်းကို စိုက်ကြည့်ရင် ကူရွှင်းကျစ်၏ အမူအရာက လေးနက်လာသည်။

သူ့ရှေ့မှ ချာတိတ်လေးသည် အလွန်သန်မာပုံ ပေါက်ပြီး အံ့အားသင့်ဖွယ်ဖိအားကိုပင် ထုတ်လွှတ်နေသည်။

စင်စစ် စကြဝဠာ၁၀ခုတွင် ကူရွှင်းကျစ်ကို ဖိအားပေးနိုင်သူ အများအပြား မရှိခဲ့ပေ။

စကြဝဠာအုပ်ထိန်းသူ တစ်ယောက်အနေဖြင့် ကူရွှင်းကျစ်သည် အခြားသောစကြဝဠာ အုပ်ထိန်းသူများပင် လေးစားရသောသူ ဖြစ်သည်။

သို့သော် တိုက်ပွဲမစတင်မီမှာပင် တစ်ဖက်လူသည် အော်ရာဖြင့် သူ့ကို တုန်လှုပ်ခြောက်ခြားသွားအောင် လုပ်နိုင်ခဲ့သည်။

စကြဝဠာကြီးတွင် သူ့ကို ထိုသို့လုပ်နိုင်သူတစ်ယောက် ရှိခဲ့လျှင် သူ့အဖေ ကူချမ်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူ့အဖေ ကူချမ်းပင် ဤခေတ်၌ ဤမျှလောက် အစွမ်းမထက်သေးပေ။

“ငါတို့ စကြဝဠာအုပ်ထိန်းသူတွေမှာ စကြဝဠာတစ်ခုချင်းစီမှာရှိတဲ့ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးလူတွေရဲ့ စာရင်းရှိတယ်.. ဒါပေမဲ့ အဲဒီစာရင်းထဲမှာ မင်းမပါဘူး.. မင်းက အဲဒီစာရင်းထဲမှာ မပါတဲ့အတွက် စကြဝဠာကို အနှောင့်အယှက်ပေးသူပဲ ဖြစ်ရမယ်”

တစ်ဖက်လူက စာရင်းထဲတွင်မပါဝင်၍ အထူးအခြေအနေတစ်ခုခု ရှိရမည်ဟု ကူရွှင်းကျစ်က တွေးမိခဲ့သည်။

ထိုအရာက ဘာမှန်း သူမသိသော်လည်း ကောင်းကင်တာအိုကော်မတီဝင် ၆ဦး မည်မျှ ထိတ်လန့်နေသည်ကို ကြည့်၍ ထိုလူက လျှော့တွက်၍မရမှန်း သူကောင်းစွာသိနေပြီ ဖြစ်သည်။

ဝမ်လင်း၏ ဝိသေသလက္ခဏာနှင့် နောက်ခံသည် သူထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေနိုင်၏။

ကူရွှင်းကျစ်က မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ရှိနေသော်လည်း နှလုံးသားထဲတွင်မူ စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်။

အဆင့်လွန် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရခြင်းသည် သူ့ကို အလွန်စိတ်လှုပ်ရှားစေသည်။

ဝမ်လင်း “………”

သူတို့က ယခုအခါတွင် ကောင်းကင်တာအို နယ်မြေထဲတွင် ရှိနေသည်။

ကောင်းကင်တာအိုနယ်မြေသည် လုံးဝ ဘက်လိုက်မှုမရှိဘဲ အချိန်မျဉ်းများ ဖြတ်မသွားနိုင်သော နယ်မြေဖြစ်၍ ဝမ်လင်းသည် ကူရွှင်းကျစ်၏ အတွေးများကို ကောင်းစွာကြားနိုင်ခဲ့သည်။

ဤအကောင်က သရုပ်ဆောင်ပိုင်းတွင် ကျွမ်းကျင်ပုံရသည်။

ကူရွှင်းကျစ်က ဝမ်လင်းကိုစိုက်ကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။

သူက တစ်ဖက်သားကို ရန်စကားပြောခဲ့သော်လည်း မထင်မှတ်ဘဲ တစ်ဖက်လူက တည်ငြိမ်နေခဲ့သည်။

ထိုအပြုအမူကြောင့် ကူရွှင်းကျစ်က ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့သည်။

တကယ့် စီနီယာကြီးတစ်ဦးသာလျှင် ဤကဲ့သို့ တည်ငြိမ်မှုမျိုး ရှိနိုင်ပေသည်။

သူဘာလုပ်သင့်ပါသနည်း။

[အရင်ဦးအောင် တိုက်ခိုက်လိုက်သင့်လား.. မဟုတ်ဘူး အဲဒီလိုလုပ်လို့ လုံးဝမဖြစ်ဘူး]

ထိုကဲ့သို့ လုပ်လိုက်လျှင် စကြဝဠာအုပ်ထိန်းသူ ဖြစ်သော သူ၏ ဂုဏ်သိက္ခာက ကျဆင်းသွားလိမ့်မည် ဖြစ်သည်။

ထိုခဏတွင် ကူရွှင်းကျစ်သည် ဝမ်လင်းကို စစ်ဆေးရန်အတွက် သူ၏ အော်ရာ ၅၀% ကို ထုတ်လွှတ်လိုက်သည်။

သို့သော် စက္ကန့်များစွာ ကြာပြီးနောက်မှပင် တစ်ဖက်သား၏ မျက်ခုံးများကို တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပေ။

ကူရွှင်းကျစ်က ပို၍ပင် စိတ်လှုပ်ရှားသွားသည်။

သူ၏ အော်ရာဖိနှိပ်မှုက အမှန်တကယ် အကျိုးသက်ရောက်မှု မရှိခဲ့ပါသလော။

တစ်ဖက်လူက သူထင်ထားသည်ထက် ပိုမို အားကောင်းနေပုံရသည်။

သူက အခြားသော စကြဝဠာမှ အုပ်ထိန်းသူအချို့နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးသည်။

သို့ရာတွင် ထိုအုပ်ထိန်းသူများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူ့လောက် မကောင်းမွန်ပေ။

အဆုံးသတ်တွင် သူက သူနှင့် ရင်ဆိုင်နိုင်သည့် ပြိုင်ဘက်တစ်ဦးကို တွေ့ခဲ့ရပြီ ဖြစ်သည်။

ထိုခဏတွင် ကူရွှင်းကျစ်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားခဲ့သည်။

သူက ချက်ချင်းပင် သူ၏လက်ဖြင့် ပါးစပ်ကို အမြန်ဖုံးအုပ်လိုက်သည်။

“ချီးပဲ..”

သူက စိတ်လှုပ်ရှားလွန်း၍ သူ၏ ပါးစပ်ကိုပင် မထိန်းချုပ်နိုင်ခဲ့ပေ။

“စကြာဝဠာနှောင့်ယှက်သူ.. မင်းသတ္တိရှိရင် ငါ့ကိုတိုက်ခိုက်စမ်း”

ကူရွှင်းကျစ်က ဝမ်လင်း၏ ပကတိကိုယ်ပွားကို စိုက်ကြည့်၍ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

သူ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး တစ်ကိုယ်လုံးရှိ သွေးများက ဆူပွက်လာခဲ့သည်။

[မတိုက်ခင်မှာ ငါ့ရဲ့စိတ်ကို ရှင်းအောင်ထားရမယ်.. ငါလုံးဝစိတ်လှုပ်ရှားလို့ မဖြစ်ဘူး.. ဟုတ်တယ် စိတ်လှုပ်ရှားလို့ လုံးဝမဖြစ်ဘူး]

“……….”

ဝမ်လင်းက ကူရွှင်းကျစ်၏ အတွေးများကို အတိုင်းသားကြားနေရ၍ အဆုံးသတ်တွင် သဘောပေါက်သွားခဲ့သည်။

[ဒီကောင်က ငကြောင်ပဲ]

All Chapters