ဒီတိုက်ပွဲမှာ ပြဿနာနည်းနည်းရှိတယ်
Vol. 58 Ch. 867
ဝမ်လင်းကို အသက်မှော်ရတနာ ထုတ်သုံးစေချင်လျှင် အရင်ဆုံး ကြိုတင်စာရင်းသွင်းထားမှသာ ဖြစ်နိုင်လိမ့်မည်။
သို့သော် ကြိုတင်စာရင်းသွင်းနိုင်လျှင်ပင် ဝမ်လင်းကို အသက်မှော်ရတနာ ထုတ်သုံးအောင် လုပ်နိုင်သူ တစ်ယောက်မှ မရှိပေ။
အကြောင်းရင်းမှာ ဝမ်လင်းသည် တိုက်ပွဲတိုင်းကို ပါးရိုက်ချက် အနည်းငယ်ဖြင့်ပင် ပြေလည်အောင် လုပ်နိုင်သောကြောင့် ဖြစ်သည်။
ပါးရိုက်လို့မှ အဆင်မပြေလျှင်မူ အနည်းငယ် ထုတ်သုံးရပေလိမ့်မည်။
သို့သော် ဝမ်လင်းက သူ့ရှေ့မှ ကူရွှင်းကျစ်ကို ကိုင်တွယ်ရန် အကြမ်းပတမ်း နည်းလမ်းကို မသုံးနိုင်ပေ။
တစ်ဖက်လူက စကြဝဠာ အုပ်ထိန်းသူ ဖြစ်ပြီး အုပ်ထိန်းသူအားလုံးထဲတွင် အစွမ်းထက်ဆုံး ဖြစ်သည် မဟုတ်လော။
ကူရွှင်းကျစ်၏ သိက္ခာကို သူထည့်တွက်ရပေမည်။
ဝမ်လင်းက ရည်းစား မရှိသေးသော်လည်း သူ့ကိုယ်သူ တော်တော်လေး စာနာတတ်သည်ဟု ခံစားမိသည်။
အစပိုင်းတွင် စွန်းရုံကို စိတ်ကူးယဥ်မိသော်လည်း ယင်းမှာ ခဏတာ စိတ်ကစားခြင်းသာ ဖြစ်၏။
စင်စစ် ဝမ်လင်း ကိုယ်တိုင်ပင် ထိုမိန်းကလေးက သူ့ကို တကယ် ကြိုက်မကြိုက် တပ်အပ် မပြောနိုင်ပေ။
သူ၏ မှတ်ဉာဏ်ဖတ် စွမ်းရည်ဖြင့်ပင် သူ့အပေါ် မိန်းကလေးတစ်ယောက်၏ သဘောထားက တခဏတာ ထင်ယောင်ထင်မှား ဖြစ်နေသလား ဆိုသည်ကို အတည်မပြုနိုင်ခဲ့ချေ။
"တိုက်ပွဲကို အာရုံမစိုက်ဘဲ ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ"
ကူရွှင်းကျစ်က ဝမ်လင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူက အမိန့်ပေးချိန်းကြိုးကို တမင် တင်းကျပ်လိုက်သော်လည်း ကောင်လေးက နာကျင်မှုကို ခံစားရပုံမပေါ်၍ မျက်မှောင်ကြုတ်သွားခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် ကူရွှင်းကျစ်သည် ကောင်လေး၏ မျက်လုံးများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
၎င်းက သူ တစ်ခါမှမခံစားဖူးသည့် ကြီးမားသောဖိအားကို ပေးနိုင်သော မျက်လုံးတစ်စုံ ဖြစ်သည်။
ထိုခဏမှာပင် ကောင်လေး၏ မျက်လုံးများက နီရဲလာပြီး ပန်းပွင့်ချပ်ပုံသဏ္ဍာန်သို့ ပြောင်းလဲသွား၏။
ကြောက်မက်ဖွယ်ကောင်းသော အကြည့်စူးစူးက အမိန့်ပေးချိန်းကြိုး ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ကူရွှင်းကျစ်က ခေါင်းကိုက်သလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ကြက်သီးများ ထသွားခဲ့သည်။
[ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အကြည့်လဲ]
ကူရွှင်းကျစ်က ထိုသို့သော စွမ်းအားမျိုးကို တစ်ခါမှ မမြင်ဖူးပေ။
ယခုလက်ရှိခေတ်တွင် အစွမ်းထက်ဆုံးဟု သတ်မှတ်လျှင်ပင် မလွန်ချေ။
အကြည့်တစ်ချက်က ထိုကဲ့သို့ ဖိအားများကို ထုတ်ပေးနိုင်သည်မှာ အံ့သြစရာပင် မဟုတ်ပါလော။
နောက်ထပ် အခိုက်အတန့်တွင် ကူရွှင်းကျစ်သည် သူ၏ အမိန့်ပေးချိန်းကြိုးအား အစွမ်းထက်သော စွမ်းအားတစ်ခုက တွန်းထုတ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
အကြောင်းရင်းမှာ ကောင်လေး၏ လက်များနှင့် ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်စွမ်းအင်မှ ဖန်တီးလိုက်သော ဝိညာဥ်ချပ်ဝတ်များ ဖြစ်ပေါ်လာသောကြောင့်ပင်။
ဤဝိညာဥ်ချပ်ဝတ်သည် အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင် မော်လီကျူးများဖြင့် ဖွဲ့စည်းထား၍ ကူရွှင်းကျစ်က သူ၏ အမိန့်ပေးချိန်းကြိုးကို ပြန်လည် ရုပ်သိမ်းခဲ့ရသည်။
ကောင်းကင် လက်နက်တစ်ခု အနေဖြင့် အမိန့်ပေးချိန်းကြိုးသည် ပြိုင်ဘက်ကင်းမှော်ရတနာ ဖြစ်သည်။
သို့ရာတွင် အဆုံးသတ်၌ ကူရွှင်းကျစ်၏ သန့်စင်ထားသော ဆံပင်ဖြင့် ပြုလုပ်ထားသော အမိန့်ပေးချိန်းကြိုးသည် သိပ်သည်းသော ဝိညာဉ်စွမ်းအင် မော်လီကျူးများကို အလွန်ကြောက်လန့်ခဲ့ကြသည်။
ထိုဝိညာဥ်စွမ်းအင် မော်လီကျူးများသည် ကူရွှင်းကျစ်၏ ဆံပင်များကို ခြောက်သွေ့ကာ ပျက်စီးစေလိမ့်မည် မဟုတ်လော။
ဆံပင်များ ပျက်စီးသွားသည့်အခါ အမိန့်ပေးချိန်းကြိုး၏ ခွန်အားသည် အလွန်တရာ လျော့ကျသွားလိမ့်မည် ဖြစ်၏။
ဟုတ်ပါသည်၊ ပုံမှန်အားဖြင့် အမိန့်ပေးချိန်းကြိုးသည် သိပ်သည်းသည့် ဝိညာဉ်စွမ်းအင် မော်လီကျူးများဖြင့် ပြုလုပ်ထားသည့် ဘယ်အရာကိုမှ ကြောက်ရွံ့နေစရာ မလိုအပ်ပေ။
ဆိုရလျှင် ကူရွှင်းကျစ်၏ အသက်မှော်ရတနာ ဖြစ်သည့် အမိန့်ပေးချိန်းကြိုးသည် စကြဝဠာတစ်ခွင် လွတ်လပ်စွာ ရွေ့လျားနိုင်၍ သိပ်သည်းသော ဝိညာဉ်စွမ်းအင် မော်လီကျူးများဖြင့် ပြုလုပ်ထားသည့် အရာမှန်သမျှသည် သာမန်အားဖြင့် အမိန့်ပေးချိန်းကြိုးကို မည်ကဲ့သို့ အကျိုး သက်ရောက်နိုင်ပါမည်နည်း။
ကျင့်ကြံခြင်း စွယ်စုံကျမ်းတွင် ဝိညာဉ်စွမ်းအင်အတွက် တိုင်းတာသည့်ယူနစ်မှာ "ကိုက်"ဖြစ်သည်။
အာကာသအတွင်း ကုဗမီတာ ကိုက်တစ်ထောင် သို့မဟုတ် ထိုထက်ပိုသော ဝိညာဉ်စွမ်းအင်သိပ်သည်းဆ ရှိသည့် မည်သည့်အရာမဆို ဝိညာဉ်စွမ်းအင်မော်လီကျူး သိပ်သည်းသည်ဟု ယူဆ၍ရသည်။
ကုဗမီတာ ကိုက်တစ်ထောင် ရှိသည့် မော်လီကျူးဘောလုံးတစ်လုံး ပေါက်ကွဲသောအခါတွင် ၎င်း၏ ပေါက်ကွဲအားသည် လက်ပစ်ဗုံးထက် အားမနည်းလှပေ။
မိစ္ဆာအင်ပါယာ နှင့် ဗိုလ်ချုပ်ရီတို့ကို နမူနာယူ၍ ပြောရလျှင် မိစ္ဆာအင်ပါယာ၏ "ပျက်စီးခြင်းစက်ဝန်း"နှင့် ဗိုလ်ချုပ်ရီ၏ "ဓားလက်ဝါး"တို့သည် ၎င်းတို့ကို ကျော်ကြားစေသော နည်းစနစ်များ ဖြစ်ပြီး အလွန်သိပ်သည်းသော စွမ်းအင် မော်လီကျူးများ၏ ဖိသိပ်မှုကို အားကိုးသည့် မှော်နည်းစနစ်များ ဖြစ်သည်။
မိစ္ဆာအင်ပါယာ၏ ပျက်စီးခြင်းစက်ဝန်းသည် သိပ်သည်းဆ တစ်သန်းမှ နှစ်သန်းအထိ ရှိနိုင်၏။
ဗိုလ်ချုပ်ရီ၏ ဓားလက်ဝါးကမူ သိပ်သည်းဆ ၂.၂ သန်းခန့် ရှိသည်။
ယေဘုယျအားဖြင့် စကြာဝဠာအာကာသအတွင်း အပြန်ပြန်အလှန်လှန် လည်ပတ်ခြင်းမှ ဖိအားသည် ဝိညာဉ်စွမ်းအင်မော်လီကျူး ဆယ်သန်းခန့် ဖြစ်သည်။
ကူရွှင်းကျစ်၏ အမိန့်ပေးချိန်းကြိုးသည် စကြဝဠာ တစ်ခွင် လွတ်လပ်စွာ ရွေ့လျားနိုင်၍ ဝိညာဉ်စွမ်းအင် မော်လီကျူးပေါင်း သန်းနှစ်ဆယ်အထိ ဖိအားကို ခံနိုင်ရည်ရှိသည်။
ထို့အပြင် ကူရွှင်းကျစ်၏ အမိန့်ပေးချိန်းကြိုးတွင် ၎င်းနှင့် ထိမိသည့် အရာများ၏ ကိန်းဂဏန်း အချက်အလက်များကို ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိသည်။
သို့ရာတွင် ဝိညာဉ်ချပ်ဝတ်တန်ဆာ၏ နံပါတ်များသည် သူမရေတွက်နိုင်လောက်အောင် များပြားလွန်းနေ၍ ကူရွှင်းကျစ်သည် အမိန့်ပေးချိန်းကြိုးကို ရုပ်သိမ်းရန်သာ ရွေးချယ်ခဲ့၏။
ထိုမြင်ကွင်းကိုကြည့်ကာ ကောင်းကင်တာအို ၆ယောက်က အံ့သြမဆုံးနိုင် ဖြစ်နေသည်။
"အမိန့်ပေးချိန်းကြိုးရဲ့ စွမ်းအားက နားမလည်နိုင်လောက်အောင် အစွမ်းထက်နေပြီ.. ဒါပေမယ့် အရှင်လင်းရဲ့ ဘုရင်မျက်လုံးက ပိုပြီး အံ့သြဖို့ကောင်းတယ်"
ခွန်အား ကောင်းကင်တာအိုက သက်ပြင်းချကာ ရေရွတ်လိုက်သည်။
"ဘုရင်မျက်လုံးမှာ စကြာဝဠာရဲ့ သဘာဝကို ဖြတ်ကျော်ကြည့်ရှုနိုင်တဲ့ စွမ်းအားရှိတယ်.. သူ့ရဲ့ အမြင်စွမ်းအားက ဝိညာဉ်ချပ်ဝတ်ကို တည်ဆောက်နိုင်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ခံစစ်စွမ်းရည်ရှိတယ်"
"ဒါပေမဲ့ အစွမ်းထက်ဆုံး အုပ်ထိန်းသူ ဖြစ်တဲ့ ကူရွှင်းကျစ်ကလည်း ခေတဲ့သူတော့ မဟုတ်ဘူး.. အရှင်လင်းက ဝိညာဥ်ချပ်ဝတ်ကို ဆင့်ခေါ်လိုက်တာနဲ့ အမိန့်ပေးချိန်းကြိုးကို ပြန်လည် ရုတ်သိမ်းလိုက်တဲ့ တုံ့ပြန်မှုက တကယ်ကို လျင်မြန်လွန်းတယ်"
အချိန်ကောင်းကင်တာအိုက သုံးသပ် ပြောကြားလိုက်သည်။
စိတ်ဝိညာဥ် ကောင်းကင်တာအိုက ရယ်မောလိုက်သည်။
“စကြဝဠာ သုံးပါးရဲ့ အုပ်ထိန်းသူဖြစ်တဲ့ ကူရွှင်းကျစ်က အလွန်စေ့စပ်သေချာပြီး အလုပ်ကြိုးစားတဲ့သူပဲ.. အရှင်လင်းနဲ့ ပတ်သက်လို့ကတော့ ပြောစရာဘာမှမရှိဘူး.. ငါကတော့ ကူရွှင်းကျစ်ကို ပိုချီးကျူးသင့်တယ်လို့ ထင်တယ်.. သူက အရှင်လင်းနဲ့ ယှဉ်ရင် အများကြီး အားနည်းတယ် ဆိုပေမဲ့ ဒီလောက် စွမ်းဆောင်နိုင်တာပဲ အတော်လေး ဟုတ်နေပါပြီ.. ငါတို့ သူ့ကို ချီးမွမ်းသင့်တယ်”
"ဟုတ်တယ်.. သူ့ကို ချီးမွမ်းသင့်တယ်”
ကျန်ကောင်းကင်တာအိုများက ခေါင်းညိတ်၍ သဘောတူလိုက်ကြသည်။
သို့သော် ၎င်းတို့က တိုက်ပွဲပြီးသွားလျှင် ကောင်းကင်တာအို အုပ်ချုပ်ရေး ကော်မတီ၏ အစည်းအဝေးခန်းကို ပြုပြင်ရန်အတွက် ကူရွှင်းကျစ်ထံ လျော်ကြေးတောင်းမည်ဟု တွေးထားကြ၏။
…..........
ဝမ်လင်းက ဝိညာဉ်ချပ်ဝတ်တန်ဆာကို ဆင့်ခေါ်ပြီးနောက်တွင် ကူရွှင်းကျစ်သည် မတူညီသော မှော်စွမ်းရည်များစွာဖြင့် ကြိုးစားခဲ့သည်။
သို့သော် ဘယ်အရာကမှ ဝိညာဥ်ချပ်ဝတ်တန်ဆာကို မထိုးဖောက်နိုင်ခဲ့ပေ။
သူယခု ထုတ်သုံးခဲ့သည့် တိုက်ခိုက်မှုများသည် အဖျက်စွမ်းအား လွန်စွာကြီးမားပြီး သူယခင်က တိုက်ခိုက်ခဲ့သည့် စကြဝဠာ အုပ်ထိန်းသူများပင် မခုခံနိုင်သော တိုက်ခိုက်မှု ဖြစ်သည်။
သို့တိုင် ဤတိုက်ခိုက်မှုများသည် ဝိညာဥ်ချပ်ဝတ်ကို မဖြိုခွဲနိုင်ပေ။
ယင်းက မမျှမတ ဖြစ်လွန်းနေ၏။
ဤအကာအကွယ်ကို ဖြတ်ကျော်ရန် သာမန်မှော်စွမ်းရည်များက အသုံးမဝင်ပါသလော။
[ဒါဆို ငါက စူပါမှော်စွမ်းရည်မျိုးကို အသုံးပြုရမှာလား]
ကူရွှင်းကျစ်က ဝမ်လင်းကို စိုက်ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်လင်းကလည်း အတွေးနက်နေသည်ကို သူအကဲခတ်မိသည်။
တစ်ဖက်လူက သူနှင့် မည်ကဲ့သို့ တိုက်ခိုက်ရမလဲ စဉ်းစားနေပါသလော။
…..........
တစ်ဖက်တွင် ဘုရင်မျက်လုံးမှ ဆင့်ခေါ်ထားသော ဝိညာဉ်သံချပ်ကို ဝတ်ထားသော ဝမ်လင်းသည် အမှန်ပင် မျက်မှောင်ကြုတ်နေခဲ့သည်။
သူက ဝိညာဉ်ချပ်ဝတ်တန်ဆာကို တမင်တကာ ဆင့်ခေါ်ခဲ့ခြင်းမဟုတ်ပေ။
အကြောင်းရင်းမှာ ဆင့်ခေါ်ပြီးသည်နှင့် ကူရွှင်းကျစ်၏ တိုက်ခိုက်မှု အများစုကို ကာကွယ်နိုင်မည်ဟု သူသိသောကြောင့် ဖြစ်သည်။
သို့သော် သူ၏ ဘုရင်မျက်လုံးကို အသက်သွင်းပြီးနောက်တွင် သူ့ကို ဝိညာဥ်ချပ်ဝတ်ဖြင့် အလိုအလျောက် ကာကွယ်ပေးသည့် ယန္တရားတစ်ခု အမှန်တကယ် ရှိနေမည်ဟု မည်သူသိနိုင်မည်နည်း။
ဝမ်လင်း တကယ်ပဲ တွေးနေမိသည်။
ယင်းမှာ ဝိညာဉ်ချပ်ဝတ်ကို မည်ကဲ့သို့ ဖျက်သိမ်းရမည်ကို စဉ်းစားနေခြင်း ဖြစ်၏။