စကြဝဠာဗဟိုချက်က စကြာဝဠာနတ်သစ်ပင်
Vol. 58 Ch. 868
ဝိညာဉ်ချပ်ဝတ်ကို မရုတ်သိမ်းနိုင်လျှင် တိုက်ပွဲက ကြည့်ကောင်းတော့မည် မဟုတ်မှန်း ဝမ်လင်း ကောင်းစွာသိသည်။
ယင်းက စကြဝဠာအုပ်ထိန်းသူ ဖြစ်သည့် ကူရွှင်းကျစ်ကို စိတ်ဓာတ်ကျစေနိုင်ပေသည်။
ကူရွှင်းကျစ်က အလွန်အားကောင်းသော်လည်း ဘုရင်မျက်လုံး၏ အကြွင်းမဲ့ ကာကွယ်ရေးကို ဖြတ်ကျော်ရန် နည်းလမ်းမရှိပေ။
သို့သော်လည်း ကူရွှင်းကျစ်၏ စွမ်းအားသည် ဘုရင်မျက်လုံး၏ အကြွင်းမဲ့ ကာကွယ်ရေးကို စတင်ရန် တွန်းအားပေးနိုင်သောကြောင့် လျှော့တွက်၍ မရသည်မှာတော့ သေချာ၏။
ဝမ်လင်း ကိုယ်တိုင်ပင်လျှင် ဘုရင်မျက်လုံးက ဝိညာဉ်ချပ်ဝတ်ကို အလိုအလျောက် အသက်သွင်းလိမ့်မည်ဟု မထင်ခဲ့မိပေ။
လက်ရှိ ဝမ်လင်း၏ ပြဿနာမှာ မည်ကဲ့သို့ ဖျက်သိမ်းရမည်ကို မသိရှိခြင်း ဖြစ်သည်။
ဝမ်လင်းက စက္ကန့်ပေါင်းများစွာ တွေးတောပြီးနောက် ဖျက်သိမ်းရန် အတွက် ပိုမိုမြန်ဆန်ပြီး အဆင်ပြေနိုင်မည့် နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် သူက သူ့စိတ်ထဲမှ မှော်စွမ်းရည် စီမံခန့်ခွဲရေးကို ဖွင့်ပြီး "ဘုရင်မျက်လုံး" နှင့် "ဘုရင်မျက်လုံး အောက်ဘက်ရှိ ရွေးချယ်စရာများ အားလုံးကို" ရွေးကာ "ပရိုဂရမ် အဆုံးသတ်"ခလုတ်ကို နှိပ်လိုက်သည်။
ယင်းနောက် ဝိညာဥ်ချပ်ဝတ်က ချက်ချင်းဆိုသလို ပိတ်သွားခဲ့သည်။
ဤနည်းလမ်းက မှော်စွမ်းရည် အချို့ကို ရုတ်သိမ်းရန် ဝမ်လင်းအတွက် အလွန်ထိရောက်သော နည်းလမ်း ဖြစ်သည်။
မှန်၏၊ မဟာကံကြမ္မာတာအို ကဲ့သို့ မှော်စွမ်းရည်မျိုးကမူ အချိန်ကန့်သတ်ချက် ရှိသည်။
၎င်းမှော်စွမ်းရည်က စဖွင့်ပြီးသည်နှင့် ကိုယ့်သဘောနှင့်ကိုယ် ပိတ်၍မရတော့ဘဲ သတ်မှတ်ကြာမြင့်ချိန် ပြီးဆုံးသည်အထိ စောင့်ရသည် မဟုတ်ပါလော။
...............................
အဆုံးသတ်တွင် ဘုရင်မျက်လုံး၏ မှော်စွမ်းရည်များကို ဖျက်သိမ်းနိုင်ခဲ့ပြီ ဖြစ်၏။
ဝမ်လင်းက သက်ပြင်းကို ရှည်လျားစွာ ချလိုက်သည်။
အရာအားလုံးကို ထည့်တွက်ပြီး ပြောရလျှင် တစ်ဖက်မှလူသည် စကြဝဠာ၏ အုပ်ထိန်းသူတစ်ယောက် ဖြစ်သည်။
ထိုကဲ့သို့သော လူတစ်ယောက်က မှော်စွမ်းရည်များကို တစ်မျိုးပြီးတစ်မျိုး ထုတ်သုံးသည့်တိုင် ဝိညာဉ် ချပ်ဝတ်ကို မထိုးဖောက်နိုင်လျှင် စကြဝဠာ အုပ်ထိန်းသူ တစ်ယောက်အနေဖြင့် မည်မျှပင် စိတ်ပျက်သွားနိုင်မည်နည်း။
သူ့လို ကြင်နာတတ်သည့်သူ တစ်ယောက်က တခြားသူများကို ပိုမို စာနာသင့်သည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။
"ဝိညာဉ်ချပ်ဝတ်ကို ရုတ်သိမ်းလိုက်တယ်လား"
ကူရွှင်းကျစ်က ဝိညာဥ်ချပ်ဝတ် ပျောက်ကွယ်သွားသည်ကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်နေသည်။
"ဒါက ရန်စတာပဲ.. ဒီကောင်က ငါ့ကို အထင်သေးနေတာ သေချာတယ်"
ကူရွှင်းကျစ်က စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွားသည်။
သူက စကြာဝဠာမှ ကျင့်ကြံသူ များစွာကို တိုက်ခိုက်ခဲ့ဖူးသော်လည်း ဤကဲ့သို့ အထင်သေးခြင်းမျိုး တစ်ခါမျှ မခံခဲ့ရပေ။
တစ်ချိန်က သူသည် အလွန်ထူးခြားသော ကျောက်မျက်ရတနာများ ထည့်မြှုပ်ထားသော လက်အိတ်ကို ၀တ်ဆင်ထားသည့် ဖက်တီးတစ်ယောက်ကို အနိုင်ယူခဲ့ဖူးသည်။
တစ်ချိန်က သူသည် သားပိုက်ကောင်နှင့်တူသော နားရွက်ရှိသည့် ခရမ်းရောင်လူကို အနိုင်ယူခဲ့ဖူးသည်။
ထိုလူတွင် အစေခံတစ်ယောက်တောင်ရှိပြီး ကူရွှင်းကျစ်က သူတို့နှစ်ယောက်လုံးကို တစ်ယောက်ထဲဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။
တစ်ချိန်က သူသည် လျှပ်စစ်သံမဏိတူကို ကိုင်ဆောင်သော ခပ်ညိုညို ကောင်လေးကို အနိုင်ယူခဲ့ဖူးသည်။
ဤလူတွင် သွေးသား မတော်စပ်သော်လည်း တုန်နေအောင်ချစ်ရသည့် ရာခန် အမည်ရှိသော ညီငယ်တစ်ဦး ရှိသည်။
ထိုအချိန်က ထိုလူ သယ်လာသည့် လျှပ်စစ်သံတူကို ဝမ်တချီ ဟုခေါ်သည်။
ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲသော်လည်း အဆုံးသတ်တွင် ကူရွှင်းကျစ်က အောင်နိုင်ခဲ့၏။
ထိုလူက ကူရွှင်းကျစ်နှင့် လက်ဆွဲနှုတ်ဆက်သည့်အခါ သူ့နာမည်ကို “ဇိုင်ယက်”ဟု ပြောခဲ့သည်။
ဆိုရလျှင် ကူရွှင်းကျစ်သည် စကြဝဠာအနှံ့ ခရီးလှည့်လည်ရင်း မရေမတွက်နိုင်သော ကျင့်ကြံသူများကို အနိုင်ယူခဲ့သည်။
သို့သော် ဝမ်လင်းနှင့်တိုက်ခိုက်သည့် ဤတိုက်ပွဲသည် သူ့ကို လုံးဝကွဲပြားသည့် ခံစားချက်မျိုး ပေးစွမ်းခဲ့သည်။
"ငါ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးရတော့မယ်"
ကူရွှင်းကျစ်က သူ့မျက်လုံးများဖြင့် ဝမ်လင်းကို စိုက်ကြည့်နေသည်။
နောက်ထပ် အခိုက်အတန့်တွင် ဝိညာဉ်ရေးဖိအားများ သက်ရောက်လာပြီး ကောင်းကင်တာအို နယ်မြေ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
အာကာပြင်က တဆတ်ဆတ် တုန်ခါလာသည်နှင့်အမျှ ပင့်ကူမျှင်ကဲ့သို့ အဆုံးမဲ့ အက်ကြောင်းများက ပျံ့နှံ့သွားခဲ့သည်။
ဝမ်လင်းက မျက်လုံးများကို မှိတ်ထားသော်လည်း ခါတိုင်းကဲ့သို့ မတုန်မလှုပ် ဖြစ်နေဆဲပင်။
ထိုခဏမှာပင် ရွှေရောင်သစ်ရွက်၇ရွက်က ကောင်းကင်တာအို နယ်မြေ၏ အာကာပြင် အတွင်းရှိ အက်ကွဲကြောင်းများကနေ ထွက်ပေါ်လာပြီး လေထဲတွင် လျင်မြန်စွာ လှည့်ပတ်ကာ ရှေ့သို့ လွင့်ထွက်လာခဲ့သည်။
ဝမ်လင်းက အတားအဆီးတစ်ခု ဖန်တီးရန်အတွက် သူ့လက်ကို လေထဲတွင် စက်ဝိုင်းပုံသဏ္ဍာန် ဝှေ့ယမ်းလိုက်၏။
သို့သော်လည်း မရေမတွက်နိုင်သော ရွှေရောင် သစ်ရွက်များက သူ၏ အတားအဆီး ထဲထိ ဖောက်ဝင်သွားခဲ့သည်။
သူက အတားအဆီးကို ကောင်းကင်တာအိုဖြင့် တည်ဆောက်ထားသော်လည်း ရွှေရောင်သစ်ရွက်များက ကောင်းကင်တာအိုကို ဖြတ်တောက်နိုင်သည့် အတွက် ဝမ်လင်း အနည်းငယ် အံ့သြသွားမိသည်။
ဤသစ်ရွက်များက သူ့မျက်နှာကို ဖြတ်တောက်သွားလျှင် သွေးထွက်မထွက် သူ မသိသော်လည်း အသားအရေကမူ ထိခိုက်သွားမှာ သေချာသည်။
ကောင်းကင်တာအို အကြီးအကဲ ၆ယောက်က ဤမြင်ကွင်းကို မြင်လျှင် မျက်နှာ ဖျော့တော့သွား၏။
သူတို့က ဤရွှေသစ်ရွက်များ၏ ဝိသေသလက္ခဏာကို သိနေကြ၍ အံ့သြသွားကြသည်။
"စကြဝဠာနတ်သစ်ပင် ရဲ့ ရွှေသစ်ရွက်တွေပါလား"
ခွန်အားကောင်းကင်တာအိုက မျက်မှောင်ကြုတ်လိုက်သည်။
"ကူရွှင်းကျစ်ဆီမှာ ဒီလို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုတောင် ရှိနေတယ်လား"
စကြဝဠာ နတ်သစ်ပင်..
ကောလဟလအရ ဤသစ်ပင်သည် စကြာဝဠာ၏ ဗဟိုချက်တွင်ရှိသည်။
၎င်း၏ အရွက်တစ်ခုစီတွင် ကောင်းကင်တာအို၏ အမှန်တရားများ ပါ၀င်နေ၏။
ခွန်အားကောင်းကင်တာအိုက ကူရွှင်းကျစ်အနေဖြင့် စကြဝဠာနတ်သစ်ပင်ကို မှော်လက်နက်အဖြစ် အသုံးချဖို့နေနေသာသာ လက်ဝယ်ရှိနေလိမ့်မည်ဟုပင် ဘယ်တုန်းကမှ မမျှော်လင့်ထားမိပေ။
“စကြဝဠာ နတ်သစ်ပင်ကို ပိုင်ဆိုင်နိုင်တာက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ကံကြမ္မာပဲ.. ဒီသစ်ပင်က စကြဝဠာရဲ့ အလယ်ဗဟိုမှာရှိပြီး ရှာတွေ့ဖို့မလွယ်ကူဘူး”
အချိန်ကောင်းကင်တာအို၏ မျက်လုံးများတွင် စကြဝဠာရှိ အလွန်လှပသော ဂြိုဟ်ကြီးတစ်ခု၏ ရုပ်ပုံလွှာ ပေါ်လာသည်။
ထို့နောက် အချိန်ကောင်းကင်တာအိုက သူ့လက်ဖဝါးကို ဖြန့်လိုက်ရာ ရွှေသစ်ရွက်များ ပေါက်နေသည့် ကြီးကျယ်ခမ်းနားသော နတ်ဘုရားအပင်တစ်ပင် ထွက်ပေါ်လာသည်။
ဤသည်မှာ စကြဝဠာ နတ်သစ်ပင်၏ သေးငယ်သော ပုံသဏ္ဍာန် ဖြစ်သည်။
ယင်းက စကြဝဠာ နတ်သစ်ပင်၏ ယခုပုံသဏ္ဍာန်နှင့် အတိအကျပင် တူနေပြီး မဟာတာအို သစ္စာတရား၏ သိပ်သည်းသော အော်ရာပါ ရှိနေသောကြောင့် ကောင်းကင်တာအို အကြီးအကဲ ၆ယောက်က အတော်လေး တုန်လှုပ်သွားကြ၏။
စကြဝဠာ နတ်သစ်ပင်၏ တည်ရှိမှု သူတို့ သတိပြုမိခဲ့သည်မှာ တော်တော်ကြာခဲ့ပြီ ဖြစ်သည်။
ကူရွှင်းကျစ်ကြောင့်သာ မဟုတ်လျှင် ဤမျှကြီးထွားလာမည်ည်ဟု သူတို့ သိနိုင်မည် မဟုတ်ပေ။
သူတို့က အပြည့်အဝ ဝေဆာနေသည့် အရွယ်သို့ ရောက်နေသော စကြဝဠာ နတ်သစ်ပင်ကို မြင်လျှင် အံ့ဩသွားကြသည်။
ခွန်အားကောင်းကင်တာအိုက သက်ပြင်းချလိုက်သည်။
“အဲဒီတုန်းက စကြဝဠာနတ်သစ်ပင်က အပင်လေး တစ်ပင်ထက် ဘာမှမပိုတာကို အမှတ်ရမိသေးတယ်.. မျက်စိတစ်မှိတ်အတွင်းမှာ ဒီလောက်ထိ ကြီးကျယ်ခမ်းနားလာမယ်လို့ ဘယ်သူထင်မိမှာလဲ”
“ဘယ်လို ကြီးထွားလာလဲ သိချင်လား"
အချိန်ကောင်းကင်တာအိုက စကြဝဠာ၏ သမိုင်းကြောင်းကို မှတ်တမ်းတင်ထား၍ စကြာဝဠာ နတ်သစ်ပင်၏ နောက်ခံကို ကောင်းစွာ သိသည်။
ထိုခဏမှာပင် သူ့မျက်လုံးမှ ရုပ်ပုံလွှာက လျင်မြန်စွာ ရွေ့လျားသွားပြီး အချိန်ကောင်းကင်တာအို၏ လက်ဖဝါးမှ ခမ်းနားကြီးကျယ်သော သစ်ပင်သည် ပျိုးပင် ဖြစ်ချိန်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
“အဆ ၁၂၈၀”
အချိန်ကောင်းကင်တာအိုက အချိန်ဘီးကို လှည့်လိုက်သည်။
ရုပ်ပုံလွှာပေါ်ရှိ စကြာဝဠာ နတ်သစ်ပင်သည် လျင်မြန်စွာကြီးထွားလာသည်။
ထို့နောက် လွန်ခဲ့သောနှစ်ပေါင်း ရှစ်ထောင်ခန့်ကို ရောက်ရှိသွားပြီး စကြဝဠာ နတ်သစ်ပင် အပင်ပေါက်ဘဝက ဖြတ်သွားသော ပထမဆုံးလူကို ဖော်ပြခဲ့သည်။
“ဒီလူက..”
ဝိညာဥ်လိပ်ပြာ ကောင်းကင်တာအိုက မေးလိုက်သည်။
"ကြယ်ဧကရာဇ် ကူယွမ်.. သူက ကူချမ်ရဲ့ အဖေ.. ကူရွှင်းကျစ်ရဲ့အဘိုးပဲ"
အချိန်ကောင်းကင်တာအိုက ရှင်းပြလိုက်သည်။
"ပထမဆုံးလူက ကူမိသားစုနဲ့ ဆက်စပ်နေမယ်လို့ မထင်ခဲ့မိဘူး"
ခွန်အားကောင်းကင်တာအိုက ပြောလိုက်သည်။
ကြယ်ဧကရာဇ် ကူယွမ်က စကြာဝဠာနတ်သစ်ပင်ဆီ ရောက်သောအခိုက်အတန့်တွင် လူတိုင်းသည် ကူယွမ်၏ မျက်နှာပေါ်မှ ရွှင်မြူးသောအမူအရာကို စောင့်ကြည့်နေကြသည်။
ကောင်းကင်တာအို အကြီးအကဲ ၆ယောက်က ကြယ်ဧကရာဇ် ကူယွမ် တစ်ယောက် စကြဝဠာ နတ်သစ်ပင်၏ အနားတွင် အနားယူမည်ဟု တွေးလိုက်မိသည်။
"လခွမ်း.. အောင့်ထားတာ အခုမှပဲ လွှတ်ချရတော့တယ်"
စကားဆုံးသည်နှင့် ကြယ်ဧကရာဇ် ကူယွမ်က ရွှေဂျိုးကို အပြင်ထုတ်ကာ အပင်ကို ရွှေအိုရောင် အရည်ဖြင့် ဖြန်းချလိုက်၏။
ကောင်းကင်တာအိုအကြီးအကဲ၆ယောက် “….........”
ထို့နောက်တွင် စကြဝဠာ နတ်သစ်ပင်သည် အပင်ပေါက်ဘဝကနေ အပင်ငယ်လေးတစ်ပင်အဖြစ် ကြီးထွားလာခဲ့သည်။
….....................
ထို့နောက် လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ထောင်ခန့်တွင် နောက်ထပ် အယုတ်တမာတစ်ယောက် ဖြတ်သွားပြန်သည်။
အိုး မှားလို့.. ခံ့ညားတဲ့ တာအိုသခင် တစ်ယောက် မတော်တဆ ဖြတ်သွားပြန်၏။
သူက အချိန်အတော်ကြာ အောင့်ထားတာ အညစ်အကြေးများကို စကြဝဠာ နတ်သစ်ပင် ပေါ်တွင် ပါချခဲ့သည်။
စကြဝဠာနတ်သစ်ပင်က တစ်ဖန် ကြီးထွားလာခဲ့ပြန်သည်။