ဝမ်လင်းက သူ့ပါးစပ်ကို ဖွင့်၍ ပြောလိုက်သည်
Vol. 58 Ch. 869
စကြဝဠာ ဆယ်ခုအနက် တစ်ခုစီ၏ အလယ်ဗဟိုတွင် စကြဝဠာရှိ နတ်သစ်ပင် ပျိုးပင်တစ်ပင်စီ ရှိသော်လည်း သတ္တမ စကြာဝဠာရှိ နတ်သစ်ပင်သည် အကြံ့ခိုင်ဆုံးနှင့် အကြီးထွားဆုံး ဖြစ်သည်။
ကူချမ်၏ဖခင် နှင့် ကူရွှင်းကျစ်၏အဘိုးဖြစ်သော ကြယ်ဧကရာဇ် ကူယွမ်သည် ထိုနေရာတွင် အပေါ့စွန့်ခဲ့သည်။
ပြီးနောက်..
လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ထောင်..
လွန်ခဲ့သည့် နှစ်ပေါင်းငါးထောင်..
လွန်ခဲ့သည့် နှစ်ပေါင်းလေးထောင် အတွင်း သတ္တမ စကြဝဠာ အလယ်ဗဟိုရှိ စကြာဝဠာနတ်သစ်ပင်သို့ လူအများ လာရောက်လည်ပတ်မှု ပိုမို များပြားလာသည်။
ကြောက်စရာအကောင်းဆုံးမှာ ၎င်းတို့သည် တာအိုဆရာသခင်များ မဟုတ်ဘဲ တာအို နတ်ဘုရားများ ဖြစ်ကြသည်။
၎င်းတို့က စကြဝဠာကို တစ်ကိုယ်တော် ခရီးထွက်ရင်း အညစ်အကြေးကို ပြီးစလွယ် မစွန့်ပစ်တတ်ကြပေ။
သူတို့၏ သေးတွင် သူတို့၏ မူလချီ ပါ၀င်၍ အလဟဿ အဖြစ်မခံနိုင်ကြချေ။
ထို့အပြင် သူတို့သည် သူတို့နှစ်သက်သည့် နေရာ၌သာ အညစ်အကြေးစွန့်ရသည်ကို နှစ်သက်၏။
ထို့ကြောင့် သတ္တမ စကြဝဠာရှိ အစွမ်းထက် တာအိုကျင့်ကြံသူများသည် စကြဝဠာနတ်သစ်ပင်ကို စကြဝဠာကို ဖြတ်သန်းသွားလာသည့် အဝေးပြေးလမ်းပေါ်မှ အညစ်အကြေးစွန့်ရန် မှတ်တိုင်တစ်ခု အဖြစ် သတ်မှတ်ခဲ့ကြသည်။
၎င်းတို့၏ သေးက အာဟာရဓာတ်များ အလွန်ကြွယ်ဝသောကြောင့် စကြဝဠာ နတ်သစ်ပင်သည် မကြုံစဖူး အရွယ်အစားအထိ ကြီးထွားလာခဲ့သည်။
“ကြည့်စမ်း.. အရှင်လင်းရဲ့ အတားအဆီးကိုတောင် ထိုးဖောက်နေပြီ"
စကြဝဠာ နတ်သစ်ပင်၏ ကြီးထွားလာမှု သမိုင်းကို ပြန်လည်သုံးသပ်ပြီးနောက်တွင် ခွန်အား ကောင်းကင်တာအိုက ပြောလိုက်သည်။
သူတို့၏ အလွန်အံ့အားသင့်နေသော အကြည့်များ အောက်မှာပင် ပုစဉ်းရင်ကွဲတောင်ပံများကဲ့သို့ ပျော့ပျောင်းသော ရွှေသစ်ရွက်များသည် အတားအဆီးရှေ့တွင် အကြီးကျယ်ဆုံး စွမ်းအားကို ပြသခဲ့သည်။
ရွှေသစ်ရွက်များက (Saw) ရုပ်ရှင်ထဲမှ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပြီး လူတစ်ယောက်၏ အသည်းကို ဖြတ်ပစ်နိုင်တဲ့ လွှစက်ကဲ့သို့ ပကတိကိုယ်ပွား၏ အတားအဆီးကို ဖြိုခွဲပစ်လိုက်သည်။
ရွှေသစ်ရွက်များက ပြင်းထန်သော စွမ်းအားအလင်း သက်ရောက်မှု မရှိသည့်အပြင် လှိုင်းဂယက်ပင် မကျန်ခဲ့ပေ။
သို့သော်လည်း ကိုယ်ပွား၏ တင်းကျပ်သော အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။
ထိုခဏတွင် ဝမ်လင်းက လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။
ဤရွေ့လျားနေသော ရွှေသစ်ရွက်များက မည်ကဲ့သို့ တိုက်ခိုက်သည်ကို မည်သူမျှ မမြင်နိုင်သော်လည်း ဝမ်လင်းကမူ သူ့ဘုရင်မျက်လုံး စွမ်းအားဖြင့် ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။
ယင်းမှာ စကြဝဠာ နတ်သစ်ပင်က သူ၏ ရွှေသစ်ရွက် တိုက်ခိုက်မှုကို ပြီးပြည့်စုံစေရန်အတွက် ပြန်လည် ဖွဲ့စည်းလိုက်ခြင်းပင်။
ရွှေသစ်ရွက်များက အတားအဆီး၏ အားကောင်းသော ခံစစ်ကို ကနဦးတွင် မထိုးဖောက်နိုင်သော်လည်း ပြန်လည် ဖွဲ့စည်းပြီးနောက်တွင် ထိုးဖောက်နိုင်ခဲ့သည်။
"တကယ်ပဲ စကြဝဠာနတ်သစ်ပင်က အရှင်လင်းရဲ့ အတားအဆီးကို ချိုးဖျက်လိုက်တာပဲ"
ခွန်အားကောင်းကင်တာအိုက တအံ့တသြ ရေရွတ်လိုက်သည်။
"ဒါက အရှင်လင်းရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်တဲ့သူကို ပထမဆုံး တွေ့ဖူးခြင်းပဲ.. ဒီစကြဝဠာနတ်သစ်ပင်ရဲ့ သစ်ရွက်တွေက တကယ်ကို ထူးထူးခြားခြား ဖြစ်ပုံရတယ်.. ကူရွှင်းကျစ်က စကြဝဠာ သုံးပါးရဲ့ အသန်မာဆုံး အုပ်ထိန်းသူဆိုတာ အလကားမဟုတ်ဘူးပဲ.. သူက စကြဝဠာနတ်သစ်ပင်ရဲ့ သစ်ရွက်ကိုတောင် လက်နက်အဖြစ် ထုတ်သုံးနိုင်တယ်"
အချိန်ကောင်းကင်တာအိုက ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ.. ကူရွှင်းကျစ်ရဲ့ စွမ်းရည်က တကယ်ကို မဆိုးဘူး"
သူတို့စကားပြောဆိုနေစဉ်မှာပင် ကူရွှင်းကျစ်က သူ၏သွယ်လျသောလက်ချောင်းများကို ဖြန့်ကာ စကြဝဠာ နတ်သစ်ပင်၏ ရွှေသစ်ရွက်များကို ပြန်ခေါ်လိုက်သည်။
ဝိညာဉ်ရေးအသိဥာဏ်ရှိသော ရွှေသစ်ရွက် ခုနစ်ရွက်သည် အလင်းလုံး ၇လုံးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ လက်ချောင်းများကြားတွင် လှည့်ပတ်နေခဲ့သည်။
"ဒီလောက်ဆို ငါက မင်းရဲ့ပြိုင်ဘက်ဖြစ်ဖို့အတွက် အရည်အချင်း ပြည့်မီပြီလား"
ကူရွှင်းကျစ်က ဝမ်လင်းကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ရိုးရိုးသားသား ဝန်ခံရရင် စကြဝဠာ နတ်သစ်ပင်ရဲ့ ရွှေသစ်ရွက်တွေက ငါ့ရဲ့ နောက်ဆုံး ဝှက်ဖဲပဲ.. မင်းက ငါ့ကို ရွှေသစ်ရွက် ထုတ်သုံးအောင် ဖိအားပေးနိုင်တဲ့ ပထမဆုံးလူပဲ"
ကူရွှင်းကျစ်က ပြောဆိုနေသော်လည်း ဝမ်လင်း၏ အမူအရာက မပြောင်းလဲပေ။
စကြဝဠာ နတ်သစ်ပင်မှ ကူရွှင်းကျစ် ရရှိထားသည်မှာ ဤရွှေသစ်ရွက် ခုနစ်ရွက်တည်း မဟုတ်ကြောင်း သူ ခန့်မှန်းမိသည်။
ဟုတ်ပါသည်၊ ဝမ်လင်း၏ ခန့်မှန်းချက်က ကွက်တိပင်။
ထိုခဏတွင် ကူရွှင်းကျစ်၏ မျက်နှာပေါ်မှ အပြုံးကို သူမြင်လိုက်ရ၏။
ကူရွှင်းကျစ်က တကယ့်ကို ကြီးမားသည့် ဝှက်ဖဲကို ဆွဲထုတ်တော့မည်ဟု ဝမ်လင်း ချက်ချင်း သိလိုက်သည် ။
ထိုအချိန်တွင် ကူရွှင်းကျစ်၏ အော်ရာက မြင့်တက်လာ၏။
သူက လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် အင်အားတချို့က ကောင်းကင်တာအို နယ်မြေကို အမှန်တကယ် တုန်လှုပ်သွားစေသည်။
ထို့နောက်တွင် ဝမ်လင်းနဲ့ကောင်းကင်တာအို အကြီးအကဲ၆ယောက်သည် အာကာပြင် အက်ကွဲကြောင်းများကြားမှ ရွှေရောင် အကိုင်းအခက်များကို တွေ့လိုက်ရ၏။
စကြဝဠာ နတ်သစ်ပင်ရဲ့ အကိုင်းအခက်တွေ..
ကောင်းကင်တာအို အကြီးအကဲ ၆ပါးက လုံးလုံးလျားလျားပင် တုန်လှုပ်သွားကြသည်။
ဤရွှေသစ်ရွက် ခုနစ်ရွက်က ကူရွှင်းကျစ်၏ တစ်ခုတည်းသော ဝှက်ဖဲ မဖြစ်နိုင်မှန်း သူတို့သိသင့်ပေသည်။
စကြဝဠာ နတ်သစ်ပင်က ကူရွှင်းကျစ်ကို အသိအမှတ်ပြုရုံတင်မကဘဲ နောက်ပိုင်းတွင် သူ၏သခင်အဖြစ် သတ်မှတ်ခဲ့ပုံရသည်။
ယခု ကူရွှင်းကျစ်က စကြဝဠာနတ်သစ်ပင်ကို ဆင့်ခေါ်ခဲ့သည်။
စကြဝဠာရှိ တန်ခိုးစွမ်းအားအကြီးဆုံး နတ်သစ်ပင် ဖြစ်သည့် စကြဝဠာနတ်သစ်ပင် ပေါ်လာသည်နှင့် စစ်မြေပြင်မှ အခြေအနေသည် ကူရွှင်းကျစ်ဘက်တွင် အလေးသာသွားသလို ဖြစ်သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် အကိုင်းအခက်များက စကြဝဠာ၏အဆုံးသို့ ရောက်ရှိသွားသကဲ့သို့ အက်ကွဲကြောင်းများကြားတွင် ဆန့်ထွက်နေသည်။
ဝမ်လင်းက ဤနတ်သစ်ပင်၏ အော်ရာကြောင့် အံ့သြတုန်လှုပ်သွားခဲ့သည်။
ကူရွှင်းကျစ်က သူ့ကို အံ့အားသင့်အောင်လုပ်နိုင်ခဲ့သည်မှာ အမှန်ပင်။
ဝမ်လင်းက ယခုမှ ဆယ့်ခြောက်နှစ်သာရှိသေးသည်။
သူက ထိုကဲ့သို့ သန်မာသောလူကို မတွေ့ခဲ့ဖူးပေ။
သူအရင်က ရင်ဆိုင်ဖူးသည့် ပြိုင်ဘက်များကို ကူရွှင်းကျစ်နှင့် တစ်တန်းတည်း သတ်မှတ်၍မရချေ။
အကယ်၍ ကောင်းကင်တာအို အကြီးအကဲ ၆ပါးသာ ထိုအချိန်တွင် ဝမ်လင်း တွေးနေသည့်အရာကို သိလျှင် ယင်းက အရှင်လင်း၏ ချီးကျူးမှု ဖြစ်သောကြောင့် သေချာပေါက် အံ့အားသင့်သွားမည် ဖြစ်သည်။
ကူရွှင်းကျစ်က စကြဝဠာ နတ်သစ်ပင်ကို ဆင့်ခေါ်ပြီးနောက် အလျင်စလို မတိုက်ခိုက်ဘဲ ကောင်းကင်တာအို နယ်မြေကို ရွှေရောင်သစ်ရွက်များဖြင့် လွှမ်းခြုံ၍ ဝမ်လင်းကို ဝိုင်းရံထားလိုက်သည်။
သူက ယုံကြည်မှုအပြည့်ဖြင့် ဝမ်လင်းကို စိုက်ကြည့်နေခဲ့သည်။
"ဒါဆို.. လုံလောက်ပြီလား.. စကြဝဠာ နတ်သစ်ပင်က တကယ်ကို ငါ့ရဲ့ နောက်ဆုံး ဝှက်ဖဲပဲ.. ဒါကြောင့် မင်းဘက်ကလည်း မှော်ရတနာတစ်ခုခုကို ဆင့်ခေါ်ပြီး ငါ့ကို တိုက်ခိုက်သင့်တယ်.. ငါအနိုင်ရရင် ဘာကိုမှ မလိုချင်ဘူး.. မင်းက ကမ္ဘာပေါ်မှာ ဘယ်သူလဲဆိုတာပဲ ငါသိချင်တယ်”
ကူရွှင်းကျစ်၏စကားကြောင့် ကောင်းကင်တာအို နယ်မြေက တစ်ခုလုံး စက္ကန့်အတော်ကြာ တိတ်ဆိတ်သွားသည်။
စကြဝဠာ နတ်သစ်ပင်၏ အကိုင်းအခက်များက ဝမ်လင်းကို ချိန်ရွယ်ထားသည်။
ကူရွှင်းကျစ်၏ အတွေးတစ်ချက်ဖြင့် ဤအကိုင်းအခက်များက ဝမ်လင်းကို အချိန်မရွေး ချည်နှောင်ရန် အသင့်ဖြစ်နေ၏။
ဝမ်လင်းက စကြဝဠာ နတ်သစ်ပင်၏ အကိုင်းအခက်များတွင် ကျင့်ခယ်၏ အော်ရာနှင့် ဆင်တူသော ဖိနှိပ်ချုပ်ချယ်နိုင်သည့် စွမ်းအားရှိကြောင်း သတိပြုမိခဲ့သည်။
သို့သော်လည်း ၎င်းတို့က တူညီခြင်းမရှိကြောင်း သေချာခဲ့သည်။
"မင်းက အရမ်းသန်မာတယ်"
ကောင်းကင်တာအိုအကြီးအကဲ ၆ပါးကို အံ့အားသင့်သွားစေသည်အထိ ဝမ်လင်းက အမှန်တကယ်ပင် သူ့ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။
ထိုစကားသံကို ကြားလျှင် ကူရွှင်းကျစ်၏ ဒူးများက ပျော့ခွေမတတ် ဖြစ်သွားခဲ့သည်။
အကြောင်းရင်းမှာ ထိုအသံက ချာတိတ်တစ်ယောက်၏ အသံ ဖြစ်နေ၍ပင်။
ဝမ်လင်း၏ ခွန်အားအရဆိုလျှင် အနည်းဆုံး နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံထားသူဟု သူမှန်းဆထားခဲ့သည်။
ယေဘုယျအားဖြင့် ၎င်းတို့၏ ငယ်ရွယ်နုပျိုသောအသွင်အပြင်ကို ထိန်းသိမ်းလိုသော ကြီးမြတ်သည့် ပုဂ္ဂိုလ်တချို့ ရှိခဲ့သည်။
သို့သော်လည်း ၎င်းတို့အားလုံးသည် ၎င်းတို့၏ အရွယ်ရောက်ပြီးသူ၏ အသံကို ထိန်းသိမ်းထားဆဲပင်။
ထို့ကြောင့် ဝမ်လင်း၏ ဆယ်ကျော်သက်အသံက သူ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ယင်းက အံ့သြစရာမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကူရွှင်းကျစ်က ဝမ်လင်း၏ အသက်အစစ်အမှန်ကို မသိခဲ့သောကြောင့်ပင်။
"တရားမျှတတဲ့ တိုက်ပွဲ ဖြစ်ဖို့အတွက် မင်းရဲ့ မှော်ရတနာကို ဆင့်ခေါ်လိုက်ပါ"
ကူရွှင်းကျစ်က လက်ပိုက်ကာ ဝမ်လင်းကို ကြည့်လိုက်သည်။
"လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ငါ့စကားကို ငါတာဝန်ယူတယ်.. မင်းရဲ့ ဆင့်ခေါ်မှု မတိုင်ခင် ငါ ဘာတိုက်ခိုက်မှုမှ မလုပ်ဘူးလို့ ကတိပေးတယ်"
"ကြည့်ရတာ မင်းက အတော်လေး ယုံကြည်မှုလွန်ကဲနေပုံပဲ"
ဝမ်လင်းက သူ၏ဒုတိယစကားကို ပြောနေစဉ် ကူရွှင်းကျစ်ကို စိုက်ကြည့်နေသည်။
ထို့နောက် သူ့လက်ကိုဆန့်ထုတ်ကာ လက်ခုပ်တီးလိုက်ရာ ဆင့်ခေါ်သည့် အစီအရင်တစ်ခုက ချက်ချင်းပင် လေထဲ၌ ပေါ်လာသည်။
ဤမြင်ကွင်းကြောင့် ကူရွှင်းကျစ်က အံ့အားသင့်သွား၏။
[ဘယ်လိုတောင် ဆင့်ခေါ်လိုက်တာလဲ]
ဒါမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။
ထို့အပြင် ဆင့်ခေါ်ထားသော အရာဝတ္ထုကြောင့် သူ ပို၍ပင် အံ့သြထိတ်လန့်သွားသည်။
ကူရွှင်းကျစ်က သူ့မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူ့အမြင် မမှားကြောင်း အတည်ပြုလိုက်သည်။
ထိုအရာက အိမ်သာတစ်လုံး ဖြစ်၏။