လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ
Vol. 86 Ch. 1312
ဤတစ်ကြိမ် အောင်မြင်ရန်အတွက် နတ်ဘုရားသုံးပါးသည် ၎င်းတို့၏ အခြေခံအုတ်မြစ်အားလုံးကို ထုတ်သုံးလိုက်ကြသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်သော်လည်းကောင်း၊ နှစ်ထောင်သောင်းချီကြာအောင် ပြင်ဆင်ထားခဲ့သော စစ်ပုဆိန်သော်လည်းကောင်း၊ ဒေသစစ်လက်နက်(၁၀၈)ခုသော်လည်းကောင်း သို့မဟုတ် မျိုးနွယ်စုအသီးသီးထံမှ ကမ္မသော်လည်းကောင်း ယင်းတို့အားလုံးက အင်ပါယာကြယ်ကောင်းကင်အဖြစ် ပြောင်းလဲသွားသည်။
ယင်းတို့ထဲမှ မည်သည့်အရာကိုမဆို အထွတ်အမြတ်လက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
စစ်ပုဆိန်သည် ပိုပြီးကြောက်စရာကောင်းသည်။ ၎င်းက ဒေသစစ်လက်နက်ထက် ကျော်လွန်သွားပြီး အင်မော်တယ်အဆင့်သို့ ရောက်ရှိနေသည်။
ယင်းတို့ကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားသုံးပါးက အဆင့်ချိုးဖြတ်ရန် မည်မျှစိတ်ဆုံးဖြတ်ထားကြောင်း မြင်နိုင်လိမ့်မည်။
သို့သော်လည်း ထိုပြင်ဆင်မှုများက မလုံလောက်သေးပုံပေါ်သည်။ တားဆီးမှုသည် အလွန်အံ့ဖွယ်ကောင်းသည်။
ဥပမာ ဤအခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်သော ဇစ်မြစ်နှင့်အတူ ထွက်ပေါ်လာသော အနီရောင်ဈာပနအဆောင်စာရွက် ဖြစ်သည်။ ယင်းက အားညိုကိုပင် လန့်ဖျပ်သွားစေပြီး ဤနေရာမှ လူတိုင်း၏ အသိစိတ်ကို ပရမ်းပတာ လှုပ်ခါသွားစေသည်။
သို့သော်လည်း နတ်ဘုရားသုံးပါးဆီမှာ ယင်းကို ခုခံရန် နည်းလမ်းမရှိခြင်း မဟုတ်ပေ။ ၎င်းတို့က နတ်ဘုရားအရင်းအမြစ်များမှ ဖြစ်ပေါ်လာသော နတ်ဘုရားမီးတောက်များကို အပြင်းအထန် တောက်လောင်စေသည်။ ထိုသုံးရောင်ခြယ်မီးတောက်က အတိတ်နှင့် ပစ္စုပ္ပန်ကို လောင်ကျွမ်းပစ်လိုက်ပြီး ၎င်းတို့၏ ယခင်ဘဝကို လမ်းပြပေးလိုက်သည်။
ယင်းက ၎င်းတို့၏ ဝိညာဉ်များနှင့် မှတ်ဉာဏ်များမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုမီးတောက်ထဲမှာ ပြန်လည်မွေးဖွားခြင်းခံစားမှု ရှိသည်။
ထိုပုံရိပ်သည် ကြီးကျယ်မြင့်မြတ်သည်။ ၎င်းက မီးတောက်ထဲမှ ထွက်လျှောက်လာသည့်အခိုက် ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး ကျယ်လောင်သော မြည်သံများက အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
၎င်းက မီးတောက်ထဲမှ အပြည့်အဝ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ၎င်း၏ အသွင်သဏ္ဍာန်က ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ ၎င်းက ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ၎င်း၏ ဦးခေါင်းပေါ်တွင် ဧကရာဇ်သရဖူကို ဆောင်းထားသည်။ ၎င်း၏ မျက်နှာက ဝေဝါးနေသော်လည်း ၎င်းထံမှ ဧကရာဇ်အရှိန်အဝါသည် လောကတစ်ခွင် ဖုံးလွှမ်းသွားသည်။
သူက ပေဖန်းအင်မော်တယ်အင်ပါယာဖြစ်သည်။
သူက မီးတောက်ထဲမှ ထွက်လျှောက်လာပြီး ညာလက်ကို မြှောက်လိုက်ကာ အဝေးမှ ပျံသန်းလာနေသော အနီရောင်ဈာပနအဆောင်စာရွက်ကို ညင်သာစွာ ထိတွေ့လိုက်သည်။
သူ၏ လက်နှင့် အနီရောင်ဈာပနအဆောင်စာရွက်က ထိတွေ့သွားသော်လည်း မည်သည့်အသံမှ ထွက်ပေါ်မလာပေ။ ယင်းက မည်သည့် မုန်တိုင်းကိုမှလည်း မဖြစ်ပေါ်စေပေ။ စာရွက်နှင့်ထိတွေ့သွားသော သူ၏ လက်ချောင်းနေရာတွင် အဖြူရောင်အပေါက်တစ်ပေါက်သာ ထွက်ပေါ်လာသည်။
အဖြူရောင်အပေါက် ထွက်ပေါ်လာသည်နှင့်ချက်ချင်း လူတိုင်းသည် အရိုးခိုက်ခိုက်တုန်အောင် ချမ်းအေးသွားကြသည်။
ထိုအဖြူရောင်အပေါက်သည် နိယာမများနှင့် ဥပဒေသများအတွင်းမှာ မရှိသလို နတ်ဘုရား၏ အနန္တအသိဉာဏ်ထဲမှာလည်း မရှိပေ။ မည်သည့်တာအို မည်သည့်အတတ်ပညာမှ ထိုအဖြူရောင်အပေါက်ကို အဆုံးအဖြတ်မပေးနိုင်ပေ။
ဤသည်မှာ ၎င်းက မထွက်ပေါ်လာသင့်သော တည်ရှိမှုတစ်ခုဖြစ်ပြီး သံသရာစက်ဝန်းထဲမှ သို့မဟုတ် အချိန်မြစ်ထဲမှ ထွက်ပေါ်လာဟန် ရသည်။
ထို့နောက် အဖြူရောင်အပေါက်သည် ဤနေရာမှာရှိသော လူတိုင်း၏ မှတ်ဉာဏ်များထဲမှ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာ အနီရောင်ဈာပနအဆောင်စာရွက်သည်လည်း ပျောက်ကွယ်သွားသည်။
ယင်းက ဆက်ပြီး မတည်ရှိတော့ပေ။
နတ်ဘုရားနယ်မြေ၏ အပြင်ဘက်တွင် ပုန်းအောင်းနေကြသော နတ်ဘုရားများသည် တုန်လှုပ်ချောက်ချားသွားကြသည်။ ၎င်းတို့က မီးတောက်ထဲမှ ထွက်လျှောက်လာသော ပုဂ္ဂိုလ်ကို စူးစိုက်ကြည့်လိုက်ကြသည်။ ဤသည်မှာ ၎င်းတို့က ကြောက်စရာကောင်းသော ရန်သူတော်တစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလားပင်။
ယခုအချိန်မှာပင် ပေဖန်းအင်မော်တယ်အင်ပါယာ၏ မျက်နှာက ဝေဝါးနေဆဲဖြစ်ပြီး ရှင်းလင်းစွာ မမြင်နိုင်ပေ။ သူက လေထဲမှာ ရပ်နေပြီး ခေါင်းငုံ့လိုက်ကာ နတ်ဘုရားသုံးပါးကို ကြည့်လိုက်သည်။ ထို့နောက် သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။
နောက်အခိုက်အတန့်မှာ သူက လက်မြှောက်လိုက်ပြီး ပိုင်းဖြတ်လိုက်သည်။
သူက ကောင်းကင်ကို ပိုင်းဖြတ်လိုက်ခြင်းမဟုတ်ပေ။ ယင်းအစား သုံးရောင်ခြယ်မီးတောက်ကို ဖြစ်သည်။ သူက နတ်ဘုရားသုံးပါးနှင့် သူ့ကြားမှ ကမ္မဆက်နွယ်မှုကို ပိုင်းဖြတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ နတ်ဘုရားသုံးပါး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သုံးရောင်ခြယ်မီးတောက်သည် မီးတောက်သုံးခုအဖြစ် ပြန်ခွဲထွက်သွားသည်။ နတ်ဘုရားသုံးပါးသည် မျက်လုံးပြန်ဖွင့်လိုက်ပြီး ပေဖန်းအင်မော်တယ်အင်ပါယာကို ကြည့်လိုက်သည်။ စိတ်ခံစားချက်မျိုးစုံက ၎င်းတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ အခုချိန်ကစပြီး ငါတို့ကြားက ကမ္မက ပြတ်တောက်သွားပြီ ”
ပေဖန်းအင်မော်တယ်အင်ပါယာက နူးညံ့စွာ ပြောသည်။ ထို့နောက် သူက ခေါင်းမာ့လိုက်ပြီး ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ ငါက နောက်ထပ် အသက်သုံးခါရှူချိန်ပဲ ဆက်ရှိနိုင်တယ်… ငါမင်းတို့ကို နောက်တစ်ကြိမ် ထပ်ကူညီပေးလိုက်မယ် ”
ပေဖန်းအင်မော်တယ်အင်ပါယာက ပြောသည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး နတ်ဘုရားနယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။ သူက အပြင်ဘက်မှာ ခြေချလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်သည် တုန်ယင်သွားပြီး အဆုံးမရှိသော အလင်းတန်းများက ထွက်ပေါ်လာသည်။
ပုန်းအောင်းနေကြသော နတ်ဘုရားများသည် ကြောက်လန့်တုန်လှုပ်သော စိတ်ခံစားချက်နှင့်အတူ ထွက်ပြေးသွားကြသည်။
ဘေးပတ်ဝန်းကျင်သည် ဟာလာဟင်းလင်းဖြစ်သွားသည်။
အတားအဆီးသည် ရှင်းလင်းသွားသည်။
ထို့နောက် ပေဖန်းအင်မော်တယ်အင်ပါယာသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားကာ အနီရောင်ဈာပနအဆောင်စာရွက်နောက်သို့ လိုက်ဖမ်းသည်။
ရလဒ်သည် မသေချာပေ။ သို့သော်လည်း သူထွက်သွားသည်နှင့် နတ်ဘုရားသုံးပါးထံမှ အရှိန်အဝါသည် ပိုပြီးသိပ်သည်းလာသည်။ ဤတစ်ကြိမ် အတားအဆီးက ရှင်းလင်းသွားသော်လည်း ၎င်းတို့၏ အခြေအနေသည် မကောင်းမွန်ပေ။
၎င်းတို့၏ မျက်နှာက ဖြူဖျော့နေပြီး ၎င်းတို့၏ ဝိညာဉ်ထဲမှာ အားနည်းသော အငွေ့အသက်က ထွက်ပေါ်နေသည်။
ဤအခိုက်အတန့်မှာ မျှော်လင့်မထားသော နောက်ထပ်အဖြစ်အပျက်တစ်ခု ထွက်ပေါ်လာသည်။
မီးတောက်များသည် ကောင်းကင်ပေါ်မှာ တစ်ဟုန်ထိုး တောက်လောင်လာပြီး ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားသည်။ မီးတောက်များက တစ်နေရာတည်းမှာ အမြန်စုဝေးသွားပြီး မီးတောက်လှံတစ်ချောင်းအဖြစ် ဖွဲ့စည်းသွားသည်။ မီးတောက်လှံသည် နတ်ဘုရားသုံးပါးထံသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ထိုလှံသည် ကမ္ဘာတုန်လှုပ်စေနိုင်လုနီးပါး ကြောက်စရာကောင်းပြီး လွှမ်းမိုးဖိနှိပ်သော စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ၎င်းက အတားအဆီးမှန်သမျှကို ချိုးဖြတ်နိုင်ပြီး သက်ရှိအားလုံးကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိသည့်အလားပင်။
ဝုန်းခနဲ မြည်ဟိန်းသံများနှင့်အတူ မီးတောက်လှံသည် ဟင်းလင်းပြင်ကို ဖြိုခွဲသွားပြီး နတ်ဘုရားသုံးပါး၏ ဦးခေါင်းပေါ်မှာ ဝဲပျံသွားသည်။ ၎င်း၏ ဖိအားသည် အလွန်ကြောက်စရာကောင်းသည်။ ဤသည်မှာ ၎င်းက ဆူနာမီလှိုင်းလုံးကြီးသဖွယ် အရာအားလုံးကို ချေမွဖျက်ဆီးပစ်နိုင်သည့်အလားပင်။
ထိုလှံ၏ အနောက်တွင် ကောင်းကင်ပမာ ရှည်လျားသော ဧရာမပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော စွမ်းအားသည် လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ၎င်းက နတ်ဘုရားသုံးပါးကို စိုက်ကြည့်လိုက်ပြီး ဥပဒေသနှင့်ဆင်တူသော နတ်ဘုရားအသံကို ထုတ်လွှတ်လိုက်သည်။
“ မြေအောက်လောက၊ မြောက်ပိုင်းကံကြမ္မာနဲ့ အင်ပါယာသွေးကုန်းမြေရဲ့ ဆုံးဖြတ်ချက်အရ နေ၊ လ၊ ကြယ် နတ်ဘုရားသုံးပါး… မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှာ စတုတ္ထမြောက်နတ်ဘုရား မရှိရဘူး ”
အနက်ရောင်အလင်းသည် လနတ်ဘုရား၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ကြယ်နတ်ဘုရားသည် နှုတ်ဆိတ်သွားသည်။ ဂမ္ဘီရမှော်သခင်သည်တော့ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
တစ်ချိန်တည်းမှာ ဝဲကတော့ထဲမှ အင်ပါယာအလောင်းထဲတွင် တာအိုအမှတ်အသားများကို ဖွဲ့စည်းနေသော ရွှီချင်းသည် ခေါင်းဆောင်၏ အသံကို ကြားလိုက်ရသည်။
“ မြေအောက်လောကအလောင်းကောင်မျိုးနွယ်၊ မြောက်ပိုင်းကံကြမ္မာမျိုးနွယ်နဲ့ အင်ပါယာသွေးကုန်းမြေမျိုးနွယ်… အဲ့ဒီမျိုးနွယ်စုသုံးခုက ဝမ်ကူးကုန်းမြေရဲ့ လက်ရှိ ထိပ်ဆုံးမျိုးနွယ်စုငါးခုထဲမှာ စာရင်းဝင်တယ် ”
ခေါင်းဆောင်၏ စကားသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နေနတ်ဘုရားက တည်ငြိမ်စွာ ပြောသည်။
“ ဂမ္ဘီရမှော်သခင်… အတိတ်မှာ မင်းကို ငါတို့ပေးခဲ့တဲ့ ကတိကို ဖြည့်ဆည်းပေးဖို့ ငါတို့ အကောင်းဆုံး ကြိုးစားခဲ့တယ်… အဲ့ဒါ မင်းအမြင်ပဲ ”
“ ဒါပေမဲ့ မင်းကို ငါပြောခဲ့တဲ့အတိုင်း မတော်တဆမှုက ဖြစ်ပေါ်လာတုန်းပဲ ”
“ သူတို့က မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှာ စတုတ္ထမြောက်နတ်ဘုရား မရှိစေချင်ဘူး ”
“ ဒါကြောင့် မင်းရဲ့ မျိုးနွယ်ကို စွန့်လွှတ်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သလို မင်းသေသွားမယ်ဆိုရင် ငါတို့က မင်းရဲ့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကို ဆက်ပြီး ကာကွယ်ပေးသွားမယ် ”
“ မျိုးနွယ်ကို ရွေးချယ်မလား ဒါမှမဟုတ် နတ်ဘုရားဖြစ်လာဖို့ ရွေးချယ်မလား… အဲ့ဒါက မင်းရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ ”
ဂမ္ဘီရမှော်သခင်သည် မျက်လုံးမှိတ်လိုက်သည်။ သူက မအံ့ဩပေ။ နေနတ်ဘုရားပြောခဲ့သည့်အတိုင်း တစ်ဖက်လူသည် အတိတ်မှာ သူ့ကို ထိုအကြောင်းအားလုံး ပြောပြထားခဲ့သည်။ အနာဂတ်မှာ သေချာပေါက် ထိုသို့ဖြစ်လာလိမ့်မည်ဟုပင် တစ်ဖက်လူက ပြောခဲ့သည်။
ယခု သူ့အရှေ့မှာ ထိုကိစ္စက အမှန်တကယ် ဖြစ်ပေါ်လာသည်။
အင်အားကြီးမားသော မျိုးနွယ်စုကြီးသုံးခုက သူ့ကို နတ်ဘုရားဖြစ်လာရန် ခွင့်မပြုခြင်း မဟုတ်ပေ။ ယင်းအစား ၎င်းတို့က မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထဲမှာ စတုတ္ထမြောက်နတ်ဘုရား ထွက်ပေါ်လာမည်ကို ခွင့်မပြုခြင်း ဖြစ်သည်။
အကယ်၍ သူက ဂမ္ဘီရမှော်သခင်မဟုတ်လျှင် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် သူ့ကြားမှ ကမ္မဆက်နွယ်မှုကို ဖြတ်တောက်ပြီး နတ်ဘုရားဖြစ်လာရန် ရွေးချယ်နိုင်သည်။
သို့သော်လည်း မျိုးနွယ်ထဲမှ သူ၏ သရုပ်ကြောင့် သူက ကမ္မဆက်နွယ်မှုကို မဖြတ်တောက်ပစ်နိုင်ပေ။
ရွေးချယ်မှုကိုတော့ အတိတ်မှာကတည်းက သူဆုံးဖြတ်ထားခဲ့သည်။ မည်သို့ပင် သူက ဖြေရှင်းချက်ပေးပါစေ အတိတ်မှာ ကျူးလီကို သစ္စာဖောက်ခဲ့ခြင်းသည် မျိုးနွယ်စုအတွက်နှင့် သူ့ကိုယ်ကျိုးအတွက်ကြောင့် ဖြစ်သည်။
သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ယခုအချိန်မှာ ရွေးချယ်မှုပြုလုပ်ရန် သူ့အတွက် အနည်းငယ် ခက်ခဲနေသည်။
နတ်ဘုရားသုံးပါးက ယင်းကို အတိတ်မှာကတည်းက ကြိုစီစဉ်ထားခြင်းလော သူမသိပေ။ သို့သော်လည်း ယင်းကို သူဂရုမစိုက်ပေ။
ယင်းက နတ်ဘုရားသုံးပါး၏ အစီအစဉ်ဟုတ် မဟုတ်သည် အရေးမကြီးပေ။ မည်သို့ဖြစ်ပါစေ ၎င်းတို့က သူ့ကို ရွေးချယ်ခွင့်ပေးထားဆဲပင်။
ထားလိုက်ပါတော့…
ဂမ္ဘီရမှော်သခင်က နူးညံ့စွာ သက်ပြင်းချလိုက်သည်။ ကျူးလီမသေဆုံးခင်က သူ့ကို စိုက်ကြည့်ခဲ့သော အကြည့်သည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ထိုအကြည့်ထဲမှာ အမုန်းတရား၊ ခါးသီးမှုနှင့် နောင်တရမှု ပါရှိသည်။
ကျူးလီ၏ အရှေ့မှာ သူပြောခဲ့သော စကားများကို ပြန်အမှတ်ရသွားသည်။
“ မင်းရဲ့ သွေးမျိုးဆက်ကို သတ်ပစ်တာက မျိုးနွယ်အတွက် မျှော်လင့်ချက်ရှိစေလိမ့်မယ် ”
အတိတ်မှ မြင်ကွင်းများက ဤအခိုက်အတန့်မှာ သူ၏ စိတ်ထဲသို့ တိုးဝင်လာသည်။
သူက ရှေးခေတ်တွင် နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်ထဲမှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တတ်လာပြီး ဂမ္ဘီရမှော်သခင်တစ်ယောက် ဖြစ်လာခဲ့သည်။ သူက မျိုးနွယ်စုကို အုပ်ချုပ်ပြီး တိုးတတ်ကြီးပွားလာအောင် ဦးဆောင်ပေးခဲ့သည်။
ယင်းက ကျူးလီကို နောက်တစ်ကြိမ် သူပြန်မြင်သွားသည်အထိ ကြာမြင့်ခဲ့သည်။
ဤတစ်ကြိမ်တွင် အတိတ်မှာ သူပြောခဲ့သော စကားများက ကျူးလီ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာဟန် ရသည်။
“ အဲ့ဒါ သံသရာပဲ… ”
ဂမ္ဘီရမှော်သခင်၏ အကြည့်ထဲမှာ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။
အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် သူက ခေါင်းခါလိုက်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်သည့်သဘောဖြင့် ရယ်မောလိုက်သည်။
“ တချို့စကားတွေက ခဏခဏ ပြောပါများရင် ကိုယ်ကိုယ်တိုင်တောင် အယုံဝင်လာလိမ့်မယ်… ”
ဂမ္ဘီရမှော်သခင်သည် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ပြီးပြည့်စုံတော့မည့် နတ်ဘုရားမီးတောက်သည် ချက်ချင်း တစ်ဟုန်ထိုး တောက်လောင်လာပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။ ယင်းက သူ၏ အသွေးအသားနှင့် ဝိညာဉ်ကို လောင်ကျွမ်းပစ်လိုက်သည်။
တစ်ချိန်တည်းမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ မျိုးနွယ်ဝင်အားလုံး၏ ခန္ဓာကိုယ်ထဲမှာ မီးတောက်လောင်နေသော လက္ခဏာများ ထွက်ပေါ်လာသည်။ သေခြင်းကပ်ဘေးသည် သူတို့အားလုံးပေါ်သို့ ချက်ချင်း ကျရောက်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များက ပျောက်ကွယ်သွားသည်။
ဂမ္ဘီရမှော်သခင်၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်သည်တော့ ပိုပြီးအားကောင်းလာပြီး သူ၏ ပုံရိပ်ကို လုံးဝဝါးမျိုသွားသည်။ သူက ပြာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
သူက ဤလောကထဲမှာ မတည်ရှိတော့ပေ။
အတိတ်မှာ သူက မည်သည့်ရွေးချယ်မှုကို ပြုလုပ်ခဲ့ပါစေ၊ ယခု သူက ရွေးချယ်ရန် မည်မျှအခက်တွေ့နေပါစေ သူ၏ နောက်ဆုံးရွေးချယ်မှုသည် နတ်ဘုရားဖြစ်လာရန် လက်လျော့လိုက်ခြင်း ဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာတစ်ပိုင်းကို ကိုယ်စားပြုသော နတ်ဘုရားအဆောင်သည် ပြာဖြစ်သွားသော ဂမ္ဘီရမှော်သခင်၏ နေရာမှာ ထွက်ပေါ်လာသည်။ နတ်ဘုရားအဆောင်သည် အရောင်တလက်လက်တောက်ပလာပြီး နေနတ်ဘုရားဆီသို့ ဦးတည်ပျံသန်းသွားသည်။
ထိုနတ်ဘုရားအဆောင်သည် အထွတ်အမြတ်ရတနာထက် သာလွန်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းထဲမှာ နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာတစ်ပိုင်း ပါရှိသည်။
နတ်ဘုရားအဆောင်အပြင် ဂမ္ဘီရမှော်သခင်၏ နောက်ဆုံးအမှာစကားသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
“ မင်းတို့ ကတိတည်မယ်လို့ ငါမျှော်လင့်တယ် ”
“ ငါတို့က အမြဲတမ်း ကတိတည်တယ်… အဲ့ဒါက နတ်ဘုရားတစ်ပါးအတွက် အခြေခံအုတ်မြစ်ပဲ ”
နေနတ်ဘုရားက တည်ငြိမ်စွာ ပြောသည်။
ထိုမြင်ကွင်းက ရွှီချင်း၏ စိတ်အာရုံထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ရှုပ်ထွေးသော စိတ်ခံစားချက်များက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူက ယင်းကို အလေးမထားနိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် လက်ရှိအချိန်မှာ သူ၏ အသိစိတ်ပင်လယ်ထဲမှ ဗလာနတ္ထိကုန်းမြေက တာအိုအမှတ်အသားများကို ဖွဲ့စည်းရာတွင် အရေးကြီးအခိုက်အတန့်သို့ ရောက်ရှိနေသည်။
တာအိုအမှတ်အသားများက အပြည့်အဝ ဖွဲ့စည်းသွားမှသာလျှင် သူက ဗလာနတ္ထိအဆင့်သို့ အမှန်တကယ် ခြေချနိုင်လိမ့်မည်။
တစ်ချိန်တည်းမှာ အပြင်လောကတွင် ဂမ္ဘီရမှော်သခင်က ပြာဖြစ်သွားသည်နှင့် နတ်ဘုရားသုံးပါး၏ ဦးခေါင်းပေါ်မှာ ပျံဝဲနေသော မီးတောက်လှံသည် ပျောက်ကွယ်သွားသည်။ ထို့အတူ နတ်ဘုရားပုံရိပ်သည်လည်း လှံနှင့်အတူ ပျောက်ကွယ်သွားသည်။
လောကကြီးသည် ဘာမှမဖြစ်ပျက်ခဲ့သည့်အလား ပုံမှန်ပြန်ဖြစ်သွားသည်။
နတ်ဘုရားသုံးပါးသည် မျက်လုံးမှိတ်လိုက်ပြီး ပြစ်ချက်မဲ့အဆင့်သို့ တတ်လှမ်းနိုင်ရန် ကပ်ဘေးမီးတောက်ကို ဆက်လက် ကျော်လွှားလိုက်သည်။ နတ်ဘုရားမျက်နှာပျက်ကြီးသည်တော့ သေးငယ်သော အဟရာသာ ကျန်ရှိတော့သည်အထိ မျက်လုံးမှိတ်သွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ကောင်းကင်သည် ရုတ်တရက် မည်းမှောင်သွားသည်။
ဤအခြေအနေကို အခွင့်ကောင်းယူ၍ ကြီးမားသော အနက်ရောင်ဧရာမလက်သည် ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး နတ်ဘုရားသုံးပါးထံသို့ ဖမ်းဆုပ်လိုက်သည်။
၎င်းက နတ်ဘုရားသုံးပါး၏ အခွင့်အရေးနှင့် ၎င်းတို့၏ နတ်ဘုရားသစ်သီးများကို လုယက်ချင်သည်။
အနက်ရောင်ဧရာမလက်၏ ထွက်ပေါ်လာမှုသည် နတ်ဘုရားသုံးပါး၏ အမူအရာကို သိသာစွာ ပျက်ယွင်းသွားစေသည်။
ထိုတိုက်ခိုက်မှုသည် အလွန်အချိန်ကိုက်သည်။ ယင်းက နတ်ဘုရားသုံးပါး အောင်မြင်ခါနီးအချိန်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အတားအဆီးများစွာကို ထပ်ခါတလဲလဲ တွေ့ကြုံပြီးနောက် နတ်ဘုရားသုံးပါးသည် အားအင်ကုန်ခမ်းသွားကြသည်။ ၎င်းတို့မှာ နောက်ထပ် အခြေခံအုတ်မြစ် မရှိတော့ပေ။
ဧရာမလက်က ကျဆင်းလာတော့မည့်အချိန် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ယောက်သည် ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာပြီး ဧရာမလက်၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ထိုပုဂ္ဂိုလ်ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် နတ်ဘုရားအရှိန်အဝါမဟုတ်ပေ။ ကျင့်ကြံခြင်းအရှိန်အဝါ ဖြစ်သည်။
သူက ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သို့သော်လည်း သူက မည်သည့်မျိုးနွယ်စုမှဖြစ်ကြောင်း ပြောရန် မဖြစ်နိုင်ပေ။ သူက လက်တစ်ဖက်မြှောက်လိုက်ကြောင်းသာ မြင်နိုင်လိမ့်မည်။ ထိုအခါ အလွန်ကျယ်ပြောပြီး အံ့ဖွယ်ကောင်းသော မဟာလောကကိုးခုက ဤလောကထဲမှာ ထွက်ပေါ်လာကြသည်။
ထို့နောက် မဟာလောကကိုးခုသည် ဂြိုလ်ကိုးလုံးအဖြစ် ပြောင်းလဲသွားပြီး ရောင်ဝါတောက်ပသော နဂါးငွေ့တန်းတစ်ခုကို ဖန်တီးလိုက်သည်။
ထိုနဂါးငွေ့တန်းထဲမှာ ကြယ်များပင် ရှိသည်။ ဤသည်မှာ ကြယ်တာရာဒေသကြီးတစ်ခုက ဤလောကထဲမှာ ထွက်ပေါ်လာသည့်အလားပင်။
ယင်းက မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်၏ နောက်တစ်ဆင့်ဖြစ်သော အုပ်ချုပ်သူအဆင့် ဖြစ်သည်။
ယင်းက ဝမ်ကူးကုန်းမြေ၏ ကျင့်ကြံခြင်းလမ်းစဉ်ထဲတွင် အလွန်မြင့်မားသော အဆင့်ဖြစ်ပြီး နတ်ဘုရားများဖြင့် ယှဉ်ပြိုင်နိုင်သည်။ အထွတ်အထိပ် အုပ်ချုပ်သူအဆင့် ကျင့်ကြံသူတစ်ယောက်သည် ကပ်ဘေးမီးတောက်အဆင့် နတ်ဘုရားတစ်ပါးဖြင့် ရင်ဆိုင်တိုက်ခိုက်နိုင်သည်။
ထိုကျင့်ကြံသူ၏ ထွက်ပေါ်လာမှုက ဤနေရာကို အာရုံစိုက်နေကြသော မျိုးနွယ်စုအသီးသီးကို နှလုံးတုန်သွားစေသည်။
အဘယ့်ကြောင့်ဆိုသော် မျိုးနွယ်စုအသီးသီး၏ နားလည်ထားမှုအရ လက်ရှိ ဝမ်ကူးကုန်းမြေထဲမှ အုပ်ချုပ်သူများကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်ပေသည်။ ထို့ပြင် ၎င်းတို့အားလုံးက အစောပိုင်း အုပ်ချုပ်သူအဆင့်မှာ ဖြစ်ကြသည်။
ကျင့်ကြံခြင်းလမ်းစဉ်သည် မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်ပြီးနောက် ဖြတ်တောက်ခံထားရသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် အုပ်ချုပ်သူတစ်ပါး ဖြစ်လာရန် သွေးမျိုးဆက်အမွေအနှစ်များနှင့် ကောင်းကင်ဘုံအန်တုနိုင်သော ကံကြမ္မာကောင်းများကိုသာ မှီခိုအားထားရလိမ့်မည်။
ဤအခိုက်အတန့်မှာ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၏ ကြယ်တာရာဒေသကြီးသည် အကြမ်းဖျဉ်း ရုပ်လုံးပေါ်နေပြီ ဖြစ်သည်။ သူက အစောပိုင်း အုပ်ချုပ်သူအဆင့်မှာ မဟုတ်ပေ။ အထွတ်အထိပ် အုပ်ချုပ်သူအဆင့်သို့ ရောက်ရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။
ရှေးခေတ်ကာလတွင် ထိုသို့ကျင့်ကြံသူတစ်ယောက်သည် ဒေသကြီးတစ်ခု၏ အရှင်သခင်အဖြစ် သတ်မှတ်ခံရသည်။
လက်ရှိခေတ်တွင် မျိုးနွယ်စုအသီးသီး၏ မှတ်တမ်းများအရ ထိုသို့အဆင့် ကျင့်ကြံသူတစ်ယောက်သည် ဝမ်ကူးကုန်းမြေထဲမှာ မရှိပေ။
ဖြစ်နိုင်သည်မှာ ရှေးခေတ်တုန်းက ပညာရှင်ကျင့်ကြံသူတစ်ဦးက သေဆုံးသွားဟန်ဆောင်၍ ပုန်းအောင်းနေခြင်း ဖြစ်နိုင်ပေသည်။
သို့ဖြစ်၍ ထိုကျင့်ကြံသူ၏ သရုပ်သည် မျိုးနွယ်စုအသီးသီး၏ စိတ်ထဲမှာ မေးခွန်းတစ်ခု ဖြစ်လာသည်။
ထိုကျင့်ကြံသူ၏ ထွက်ပေါ်လာမှုနှင့်အတူ ကြယ်တာရာဒေသကြီးက ဝုန်းခနဲ မြည်ဟိန်းသွားပြီး အောက်သို့ ကျဆင်းလာနေသည့် ဧရာမလက်က တုန်ယင်သွားသည်။ ထိုအခွင့်အရေးကို အသုံးပြု၍ နတ်ဘုရားသုံးပါး၏ အရှိန်အဝါသည် နောက်ဆုံးမှာတော့ တစ်ဟုန်ထိုး မြင့်တတ်သွားသည်။