← Chapters

အဲ့ဒါကမှ အထူးကိစ္စကြီး

Vol. 86 Ch. 1313

အဲ့ဒါကမှ အထူးကိစ္စကြီး

Vol. 86 Ch. 1313

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အကြည့်များနှင့် နတ်ဘုရားစိတ်အာရုံများသည် နတ်ဘုရားသုံးပါးနှင့် ဧရာမလက်ကို တားဆီးလိုက်သော ခြေလှမ်းဝက် အထွတ်အထိပ် အုပ်ချုပ်သူအဆင့် ကျင့်ကြံသူပေါ်သို့ ကျရောက်သွားကြသည်။

ထိုကျင့်ကြံသူသည် အရေးကြီးအခိုက်အတန့်မှာ ထွက်ပေါ်လာသည်။ နတ်ဘုရားသုံးပါး၏ အဆင့်တတ်မှုက အနက်ရောင်လက်ကြောင့် နှောင့်ယှက်ခံရတော့မည့်အချိန် သူက အချိန်မီ ထွက်ပေါ်လာသည်။

ထိုကျင့်ကြံသူ၏ အကူအညီကြောင့်မဟုတ်လျှင် နတ်ဘုရားသုံးပါး၏ အဆင့်တတ်မှုသည် ကျရှုံးသွားလိမ့်မည်။ မည်သို့ဖြစ်ပါစေ နတ်ဘုရားသုံးပါးသည် ၎င်းတို့၏ အခြေခံအုတ်မြစ်အားလုံးကို အသုံးပြုပြီးသွားပြီ ဖြစ်သည်။

၎င်းတို့ဆီမှာ ဖုံးကွယ်ထားသော နည်းလမ်းတချို့ ကျန်ရှိနေနိုင်သေးသော်လည်း အကယ်၍ ယင်းတို့က အလုပ်မဖြစ်ဘူးဆိုလျှင် ၎င်းတို့၏ အဆင့်တတ်မှုက ကျရှုံးသွားရန် ရာခိုင်နှုန်းများသည်။

အနည်းဆုံး ၎င်းတို့ထဲမှ တစ်ယောက် သို့မဟုတ် နှစ်ယောက်သည် ဤမဟာအခွင့်အရေးကို လက်လွှတ်ရလိမ့်မည်။

ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၏ ထွက်ပေါ်လာမှုက နတ်ဘုရားသုံးပါး၏ ပြင်ဆင်ထားမှုဖြစ်ကြောင်း ထင်ရှားသည်။

သို့သော်လည်း ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားများကို လာရောက်ကူညီပေးခြင်းသည် အနည်းငယ် စဉ်းစားစရာကောင်းသည်။

အကယ်၍ ၎င်းက အဆင့်နိမ့်ကျင့်ကြံသူဆိုလျှင် ကိစ္စမရှိပေ။ သို့သော်လည်း ထိုမျှအဆင့်မြင့်မားသော ကျင့်ကြံသူတစ်ယောက်က ထိုသို့လာရောက်ကူညီပေးရန် ၎င်းတို့ကြားမှာ အလွန်နက်ရှိုင်းသော ကမ္မဆက်နွယ်မှုတစ်ခု သေချာပေါက်ရှိရမည်။

သို့ဖြစ်၍ မျိုးနွယ်စုအသီးသီး၊ အင်အားစုအသီးသီးနှင့် နတ်ဘုရားများသည် ထိုကျင့်ကြံသူ၏ သရုပ်ကို အလွန်စိတ်ဝင်စားကြသည်။

သို့သော်လည်း ထိုကျင့်ကြံသူသည် ဖုံးကွယ်ခြင်းအစွမ်းရှိသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ယင်းက သူ့အပေါ် မည်သည့်စူးစမ်းလေ့လာမှုကိုမဆို တားဆီးပေးနိုင်သည်။ သို့ဖြစ်၍ အင်အားစုအသီးသီးသည် မည်သည့်သဲလွန်စမှ ရှာမတွေ့ပေ။

ထိုသူက ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်းသာ သူတို့ခန့်မှန်းနိုင်ကြသည်။

ထိုကျင့်ကြံသူ၏ ထွက်ပေါ်လာမှုက နတ်ဘုရားသုံးပါးအတွက် အချိန်တစ်ခဏ ဆွဲပေးနိုင်ခဲ့သည်။

နောက်အခိုက်အတန့်မှာ နတ်ဘုရားသုံးပါး၏ အရှိန်အဝါသည် တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။ သူတို့၏ ကပ်ဘေးမီးတောက်များက မြန်ဆန်စွာ အဆင့်တတ်သွားကြပြီး ပြစ်ချက်မဲ့အဆင့်သို့ ရောက်ရှိသွားကြသည်။

၎င်းတို့၏ ရည်မှန်းချက်က ပြီးမြောက်သွားသည်။

တစ်ချိန်တည်းမှာ နတ်ဘုရားနယ်မြေထဲမှ ဝဲကတော့ထဲတွင် အချိန်အတော်ကြာအောင် ကုန်ဆုံးပြီးနောက် ရွှီချင်း၏ တာအိုအမှတ်အသားများသည် နောက်ဆုံးမှာတော့ ထွင်းထုခြင်းအဆင့်သို့ ရောက်ရှိသွားသည်။

ထိုသို့ထွင်းထုခြင်းက သူ့ကိုယ်ပိုင်တာအိုကို ပြန်စဉ်းစားမိစေသည်။ ယင်းက ရိုးရှင်းသော လုပ်ငန်းစဉ်မဟုတ်ပေ။

ထိုအကြောင်းအရင်းကြောင့် ရွှီချင်းက ဗလာနတ္ထိကုန်းမြေကို ဖွဲ့စည်းပြီးနောက် အချိန်အတော်ကြာအောင် လေးလေးနက်နက် စဉ်းစားနေခြင်း ဖြစ်သည်။

တာအိုအမှတ်အသားများကို ဆင်ခြင်နားလည်ရန် သူ့ကိုယ်ပိုင်တာအိုကို ရှင်းလင်းစွာ နားလည်ထားရမည်။ သို့မှသာ သူက သူ့ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းနိုင်လိမ့်မည်။

သို့သော်လည်း တာအိုအမှတ်အသားများကို အမှန်တကယ် ထွင်းထုရန် နတ်ဘုရားနယ်မြေ၏ အဆင့်တတ်မှုစွမ်းအားကို သူငှားယူရလိမ့်မည်။

နတ်ဘုရားနယ်မြေ၏ အဆင့်တတ်မှုစွမ်းအားနှင့်ဆိုလျှင် သူက ဗလာနတ္ထိကုန်းမြေကို ဖွဲ့စည်းပြီး သူ့ကိုယ်ပိုင်တာအိုအမှတ်အသားများကို အလွယ်တကူ ထွင်းထုနိုင်လိမ့်မည်။

သာမန်ကျင့်ကြံသူများအတွက် ဗလာနတ္ထိပထမအဆင့်ကို တာအိုတစ်ထောင် ဖြိုခွဲခြင်းဟုခေါ်ကြောင်း ရွှီချင်း သိသည်။

ကျင့်ကြံသူတစ်ယောက်က ဝိညာဉ်သိုက်အဆင့်ကို ချိုးဖြတ်ပြီး ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းသည့်အခါ အတိတ်မှာ သူကျင့်ကြံခဲ့သော ကျင့်ကြံခြင်းအတတ်ပညာအားလုံးနှင့် တာအိုအားလုံးက ထိုအခိုက်အတန့်မှာ မြန်ဆန်စွာ ဒြပ်ထည်ဖွဲ့စည်းသွားပြီး ဗလာနတ္ထိကုန်းမြေထဲမှာ တာအိုအမှတ်အသားများအဖြစ် ပြောင်းလဲသွားလိမ့်မည်။

အပြင်ဘက်တွင်တော့ ထိုတာအိုအမှတ်အသားများက ဥက္ကာပျံများသဖွယ် ကျင့်ကြံသူ၏ မျက်လုံးထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားလိမ့်မည်။

ယခင်က သူမြင်ခဲ့ဖူးသော ဗလာနတ္ထိပထမအဆင့် ကျင့်ကြံသူအားလုံးသည် ထိုအတိုင်းဖြစ်သည်။

ဗလာနတ္ထိပထမအဆင့်ကို ချိုးဖြတ်ရန် လိုအပ်ချက်သည်တော့ အသေးစား ဥပဒေသတစ်ထောင်ဖြစ်သည်။ သို့မှသာ ယင်းကို ပြီးပြည့်စုံသွားပြီဟု သတ်မှတ်နိုင်လိမ့်မည်။

ထို့ကြောင့် ဗလာနတ္ထိပထမအဆင့်ကို ‘ တာအိုတစ်ထောင် ဖြိုခွဲခြင်း ’ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ထိုအကြောင်းအရာအားလုံးက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ စိတ်သည် ရှင်းလင်းသွားပြီး သူ၏ မျက်လုံးသည် ကြည်လင်သွားသည်။

ထိုကျင့်ကြံခြင်းလမ်းစဉ်က သူ့ကိုယ်ပိုင်တာအိုဖြစ်သော်လည်း ယင်းက သူ့ကိုယ်ပိုင်တာအိုမဟုတ်ကြောင်း ရွှီချင်း နားလည်သည်။

ပုံမှန်ဗလာနတ္ထိလမ်းစဉ်က သူ့ကိုယ်ပိုင်လမ်းစဉ်ဖြစ်သည်ဟု ပြောရခြင်းမှာ အတွေးတစ်ချက်နှင့်အတူ ပထမတာအိုအမှတ်အသားက သူ၏ ဗလာနတ္ထိကုန်းမြေထဲမှာ ဖွဲ့စည်းလာနေသောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်မှာ ကမ္ဘာတုန်ဟီးစေမည့် မြည်သံသည် သူ၏ အသိစိတ်ပင်လယ်ထဲမှ ဗလာနတ္ထိကုန်းမြေထံမှ ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာ ရှည်လျားသော အမှတ်အသားတစ်ခုက ဖြစ်ပေါ်လာသည်။

ထိုအမှတ်အသားသည် ဂမ္ဘီရမှော်ဝင်တာအို၊ ဧကရာဇ်ဓားတာအိုနှင့် ယခင်က ရွှီချင်းကျင့်ကြံခဲ့သော ကျင့်ကြံခြင်းအတတ်ပညာအားလုံးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်းတို့၏ အငွေ့အသက်အားလုံးကို ထိုအမှတ်အသားထဲမှာ အာရုံခံနိုင်ပေသည်။ ထိုထဲတွင် အများဆုံးမှာ မူကွဲအင်မော်တယ်ကျောင်းတော်၏ အငွေ့အသက် ဖြစ်သည်။

တာအိုအမှတ်အသားသည် ဗလာနတ္ထိကုန်းမြေပေါ်မှာ ဆက်လက် ထွင်းထုခံနေရပြီး ကျယ်ပြောလာသည်။ အဆုံးမှာတော့ ၎င်းက ဗလာနတ္ထိကုန်းမြေ၏ နယ်နိမိတ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အံ့ဖွယ်ကောင်းသော ဧရာမစက်ဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ယင်းက ရွှီချင်း၏ ပထမတာအိုအမှတ်အသားဖြစ်ပြီး သူ၏ သက်စောင့်အမှတ်အသားလည်း ဖြစ်သည်။

ယင်းက ဗလာနတ္ထိကုန်းမြေထဲမှာ နယ်နိမိတ်စက်ဝန်းအဖြစ် တည်ရှိနေသည်။ ယင်းက မူကွဲအင်မော်တယ်တာအိုအမှတ်အသား ဖြစ်သည်။

ပုံမှန်ဗလာနတ္ထိလမ်းစဉ်က သူ့ကိုယ်ပိုင်လမ်းစဉ်မဟုတ်ကြောင်း ပြောရခြင်းမှာ ထိုတာအိုအမှတ်အသားထဲတွင် အတိတ်မှာ ရွှီချင်းကျင့်ကြံခဲ့သော အရာအားလုံး ပါဝင်နေသည်။

ထို့ပြင် ရွှီချင်းက သူ၏ ဒုတိယတာအိုအမှတ်အသားကို ပုံမှန်ဗလာနတ္ထိလမ်းစဉ်အတိုင်း မလျှောက်လှမ်းစေလိုပေ။

သူလျှောက်လှမ်းချင်သည်မှာ နတ်ဘုရားအခွင့်အာဏာဖြစ်သည်။

ချက်ချင်းဆိုသလို ဗလာနတ္ထိကုန်းမြေသည် ဝုန်းခနဲ တုန်လှုပ်သွားသည်။ တောက်ပသော ခရမ်းရောင်အလင်းသည် ဗလာနတ္ထိကုန်းမြေထဲမှာ လင်းလက်တောက်ပလာသည်။ နောက်အခိုက်အတန့်မှာ ခရမ်းရောင်အလင်းအားလုံးက ဗလာနတ္ထိကုန်းမြေထဲမှာ နစ်မြုပ်သွားပြီး လစန္ဒာအမှတ်အသားတစ်ခုကို ဖွဲ့စည်းသွားသည်။

ယင်းက ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။

ယင်းက ခရမ်းလဖြစ်ပြီး ရွှီချင်း၏ ခရမ်းလနတ်ဘုရားအခွင့်အာဏာဖြစ်သည်။

“ နောက်တစ်ခု… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူက တုံ့ဆိုင်းမနေပေ။ ထိုအခါ သူ၏ အသိစိတ်ပင်လယ်သည် ထပ်မံ တုန်လှုပ်သွားသည်။

ခရမ်းလပြီးနောက် တားမြစ်အဆိပ်သည် အပျက်အစီးများထဲမှ ပေါ်လျှိုးလာပြီး အဆိပ်မြူခိုးကို ဖန်တီးလိုက်သည်။ အဆိပ်မြူခိုးသည် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

အဆုံးမှာတော့ အဆိပ်မြူခိုးအားလုံးသည် ဗလာနတ္ထိကုန်းမြေထဲမှာ နစ်မြုပ်သွားပြီး ချောက်ချားဖွယ်ကောင်းသော မျက်နှာတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

ယင်းက ရွှီချင်း၏ တတိယတာအိုအမှတ်အသားဖြစ်ပြီး နတ်ဘုရားကျိန်စာ၏ တာအိုအမှတ်အသား ဖြစ်သည်။

ထို့နောက် ကံကြမ္မာဆိုးအစွမ်းက ပျံ့နှံ့ထွက်လာပြီး ဗလာနတ္ထိကုန်းမြေထဲမှာ ပျံ့နှံ့သွားသည်။ ယင်းက ဤနေရာမှာ ပြိုကွဲသွားသော နတ်ဘုရားလက်ချောင်း၏ အကြွင်းအကျန်များဖြင့် ပေါင်းစပ်သွားပြီး စတုတ္ထတာအိုအမှတ်အသားကို ဖွဲ့စည်းသွားသည်။

ထိုသို့ဖြင့် ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာသည် တာအိုအမှတ်အသားအဖြစ် ပြောင်းလဲသွားသည်။

ပထမတာအိုအမှတ်အသားသည် သူ၏ သက်စောင့်အမှတ်အသားဖြစ်ပြီး ကျန်တာအိုအမှတ်အသားသုံးခုသည် နတ်ဘုရားအခွင့်အာဏာများ ဖြစ်ကြသည်။

ရှေးခေတ်ကာလကတည်းက ဝမ်ကူးကုန်းမြေထဲမှ မည်သည့်ကျင့်ကြံသူမှ သူတို့၏ ဗလာနတ္ထိကုန်းမြေထဲမှာ နတ်ဘုရားအခွင့်အာဏာကို မဖွဲ့စည်းနိုင်ကြချေ။

အဘယ့်ကြောင့်ဆိုသော် သူတို့၏ ဗလာနတ္ထိကုန်းမြေက နတ်ဘုရားအခွင့်အာဏာကို မတောင့်ခံနိုင်သလို သူတို့၏ တာအိုကလည်း ယင်းကို မတောင့်ခံနိုင်ပေ။

သို့သော်လည်း ရွှီချင်းသည် သူတို့ထဲမှာ မပါဝင်ပေ။

နတ်ဘုရားအမှတ်အသားလေးခု ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

သူ၏ မျက်လုံးထဲမှာ နတ်ဘုရားအမှတ်အသားလေးခုက ဥက္ကာပျံများသဖွယ် ထွက်ပေါ်လာပြီး ကမ္ဘာတုန်ဟီးစေမည့် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

အမှတ်အသားများက လေးခုတည်းသာဖြစ်သော်လည်း ယင်းတို့က သာမန်ဗလာနတ္ထိအဆင့် ကျင့်ကြံသူများ၏ တာအိုအမှတ်အသားများ နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။

ရွှီချင်းထံမှ အတွေးတစ်ချက်နှင့်အတူ ဗလာနတ္ထိကုန်းမြေထဲမှ အမှတ်အသားလေးခုသည် တုန်ယင်သွားကြသည်။ ထို့နောက် အရေအတွက်များပြားသော ဝိညာဉ်ချည်မျှင်များသည် ထိုနတ်ဘုရားအမှတ်အသားလေးခုထံမှ ပေါ်လျှိုးလာကြသည်။

စုစုပေါင်း သန်းလေးဆယ် ရှိသည်။

ထိုဝိညာဉ်ချည်မျှင်များသည် အကန့်အသတ်မဲ့ပြီး အံ့ဖွယ်ကောင်းသည်။ ယင်းတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ယခင်ထက် အများကြီး ပိုကြောက်စရာကောင်းသည်။

ရွှီချင်းက စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားသော်လည်း ထိုမြင်ကွင်းကြောင့် အံ့ဩထိတ်လန့်သွားသည်။

“ နတ်ဘုရားအမှတ်အသားတစ်ခုက ဝိညာဉ်ချည်မျှင်ဆယ်သန်းကို ဖွဲ့စည်းနိုင်တယ် ”

“ အရင်က ငါ့မှာ ဝိညာဉ်ချည်မျှင် သန်းအနည်းငယ်ပဲ ရှိတယ်… အရေအတွက် ပိုများလာတာနဲ့ ဝိညာဉ်ချည်မျှင်တွေက သန့်စင်ဖို့ ပိုပြီးခက်ခဲလာတယ်… အစက အကန့်အသတ်ရှိမယ်လို့ ငါထင်ထားပေမဲ့ အခု အဲ့ဒါကို တကယ်ကြီး ချိုးဖြတ်သွားတယ် ”

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ဤအခိုက်အတန့်မှာ သူက ပြောမပြနိုင်အောင် အလွန်သန်မာသည်ဟု ခံစားမိသည်။

ဝိညာဉ်ချည်မျှင်များက မည်သည့်အရာကိုမဆို အသွင်ပြောင်းလဲနိုင်သောကြောင့် သူ၏ နတ်ဘုရားစိတ်အာရုံ၊ ရုပ်ခန္ဓာကိုယ်နှင့် မန္တန်အားလုံးသည် ကြီးမားစွာ အဆင့်မြင့်တတ်သွားသည်။

“ ဒီနည်းနဲ့ဆိုရင် ငါ့ရဲ့ နတ်ဘုရားအသွင်သဏ္ဍာန်တွေက… ကန့်သတ်မခံရတော့ဘူး ”

စူးရှသော အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ပိုပြီးစိတ်လှုပ်ရှားလာသည်။ သူက ဗလာနတ္ထိကုန်းမြေကို ဆက်ပြီး စူးစမ်းလေ့လာတော့မည့်အချိန် ရုတ်တရက် ပြင်းပြသော ဆာလောင်မှုက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

ရွှီချင်း၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ ထိုခံစားမှုသည် ချက်ချင်း ပြင်းထန်လာသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်က အခွံလွတ်တစ်ခု ဖြစ်သည့်အလားပင်။ ထို့အတူ ရူးသွပ်မှုသည်လည်း ထွက်ပေါ်လာသည်။

သူ၏ မျက်လုံးသည် သွေးရောင်လွှမ်းသွားပြီး သူ၏ အသက်ရှူသံသည် ပိုပြီးမြန်ဆန်လာသည်။ သူက ချက်ချင်း ဘေးဘီကို လှည့်ကြည့်လိုက်သည်။

သူက နတ်ဘုရားအရင်းအမြစ်များ၊ နတ်ဘုရားများနှင့် အရာအားလုံးကို ဝါးမျိုပစ်ချင်နေသည်။

ဤအခိုက်အတန့်မှာ သာမန်ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်ယောက်က ရွှီချင်းကို ကြည့်လိုက်မည်ဆိုလျှင် ထိုသူ၏ အသိစိတ်နှင့် ကျင့်ကြံခြင်းအခြေခံက သေချာပေါက် မတည်မငြိမ်ဖြစ်လာလိမ့်မည်။

ရွှီချင်းကို တိုက်ခိုက်ရန်တော့ ပြောနေစရာပင် မလိုပေ။

အမှန်မှာ ပြီးပြည့်စုံသော ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ရွှီချင်းနှင့် ရင်ဆိုင်ရသည့်အခါ ထိတ်လန့်ချောက်ချားသွားလိမ့်မည်။

ဥပမာ ရွှမ်မီးလျှံသည် ကြောက်စရာကောင်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားပြီး ရွှီချင်းနှင့် ခေါင်းဆောင်က ပူးပေါင်းတိုက်ခိုက်ခဲ့သည့်တိုင် တစ်ဖက်လူကို အနိုင်မရခဲ့ပေ။

သို့သော်လည်း အကယ်၍ ဤအခိုက်အတန့်မှာ သူက ရွှမ်မီးလျှံနှင့် နောက်တစ်ကြိမ် တိုက်ခိုက်မည်ဆိုလျှင် တစ်ဖက်လူကို တိုက်ရိုက် ဝါးမျိုနိုင်လိမ့်မည်။ တစ်ဖက်လူက ဝိညာဉ်စုစည်းခြင်းအဆင့်မှာဆိုလျှင်ပင် ရလဒ်သည် ထိုအတိုင်း ဖြစ်လိမ့်မည်။

ဆာလောင်မှု၏ ဇစ်မြစ်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ ဗလာနတ္ထိကုန်းမြေထံမှ ဖြစ်သည်။

သူ၏ အသိစိတ်ပင်လယ်ကို ကြီးစိုးထားသော ဗလာနတ္ထိကုန်းမြေသည် မရပ်မနား လူးလွန့်နေပြီး ဖော်မပြနိုင်သော လိုအင်ဆန္ဒကို ထုတ်လွှတ်နေသည်။

“ ဗိုက်ဆာတယ် ”

“ ဗိုက်ဆာတယ် ”

“ ဗိုက်ဆာတယ် ”

ထိုခံစားမှုသည် ပိုပြီးအားကောင်းလာသည်။

ကံကောင်းစွာဖြင့် ရွှီချင်းသည် ငယ်စဉ်ဘဝကတည်းက ဆာလောင်မှုဒဏ်ကို ကြိမ်ဖန်များစွာ တွေ့ကြုံခဲ့ဖူးသည်။ ထို့ကြောင့် သူက မြင်မြင်သမျှကို ဝါးစားချင်သော သို့မဟုတ် မြေကြီးကိုပင် ဝါးစားချင်သော အတွေ့အကြုံကို ယခုမှ ပထမဆုံးအကြိမ် ခံစားဖူးခြင်းမဟုတ်ပေ။

ငယ်ဘဝတုန်းက အတွေ့အကြုံများက ရွှီချင်းကို သူ၏ ခန္ဓာကိုယ်ထဲမှ ဆာလောင်မှုအား ယာယီဖိနှိပ်နိုင်စေသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ ထိုဆာလောင်မှုဖြင့် အတင်းအဓမ္မ နေသားကျစေသည်။ ထိုဆာလောင်မှုက ရွှီချင်းကို သူ၏ ကိုယ်ပိုင်လမ်းစဉ်အား ပိုပြီးကောင်းမွန်စွာ နားလည်သွားစေသည်။

“ ငါ့ဗလာနတ္ထိကုန်းမြေက နတ်ဘုရားတွေကို ဝါးမျိုပြီး ရှင်သန်ကြီးထွားနိုင်တယ်… နတ်ဘုရားအရင်းအမြစ်တွေကို အာဟာရဓာတ်အဖြစ် အသုံးပြုပြီး နတ်ဘုရားအခွင့်အာဏာတွေကို နတ်ဘုရားအမှတ်အသားတွေအဖြစ် ပြောင်းလဲနိုင်တယ်… အနာဂတ်မှာ နတ်ဘုရားအခွင့်အာဏာတွေ ဘယ်လောက်တောင်မှ ငါလိုအပ်လိမ့်မလဲ ”

ထိုအဖြေကို ရွှီချင်းမသိပေ။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ဆာလောင်မှုကြောင့် သူ၏ လမ်းစဉ်က နတ်ဘုရားသတ်ဖြတ်ခြင်းလမ်းစဉ်ဖြစ်ကြောင်း ရွှီချင်း နားလည်သွားသည်။

“ အဲ့ဒါက ငါ့ရဲ့ တာအိုပဲ ”

ရွှီချင်း၏ အက်ရှရှအသံထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။

နတ်ဘုရားနယ်မြေအဆင့်တတ်ခြင်းထံမှ အကျိုးအမြတ်များသည် ထိုမျှသာ မကပေ။ ဤအခိုက်အတန့်မှာ ရွှီချင်း၏ ဗလာနတ္ထိကုန်းမြေက လူးလွန့်နေစဉ် နတ်ဘုရားအဆောင်တစ်ခုက ဗလာနတ္ထိကုန်းမြေထဲမှာ ထွက်ပေါ်လာသည်။ ထိုနတ်ဘုရားအဆောင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ကိန်းအောင်းနေသည်။

ယင်းက ရွှီချင်း၏ စုပ်ယူမခံရသေးသော နတ်ဘုရားနယ်မြေ၏ အဆင့်တတ်မှုစွမ်းအားမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းက ဂမ္ဘီရမှော်သခင်၏ သေဆုံးမှုမှ ဖြစ်ပေါ်လာ‌သော နတ်ဘုရားအဆောင်နှင့် အတူတူသာ ဖြစ်သည်။ သို့သော်လည်း ဤတစ်ခုက အနည်းငယ် အရောင်မွဲသည်။ မည်သို့ဖြစ်ပါစေ ယင်းက ဝမ်ကူးကုန်းမြေမှ နတ်ဘုရားများအတွက် အထွတ်အမြတ်ရတနာတစ်ခု ဖြစ်နေဆဲပင်။

အကယ်၍ နတ်ဘုရားတစ်ပါးက သင့်တင့်သော နယ်ပယ်သို့ ရောက်ရှိသွားပြီး ဤနတ်ဘုရားအဆောင်ကို စုပ်ယူမည်ဆိုလျှင် ၎င်းက နတ်ဘုရားသုံးပါးကဲ့သို့ ကပ်ဘေးမီးတောက်ကို တိုက်ရိုက် ကျော်လွှားပြီး ပြစ်ချက်မဲ့အဆင့်သို့ ရောက်နိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိနိုင်လိမ့်မည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို နတ်ဘုရားအဆောင်ပေါ်သို့ ပို့လွှတ်လိုက်သည်။ သူက နတ်ဘုရားအဆောင်ကို စူးစမ်းလေ့လာနေစဉ် ခေါင်းဆောင်၏ အသံက သူ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ချင်းလေး… မင်းဗိုက်ဆာနေလား ”

“ အရသာရှိတဲ့ အစားအစာရှိတယ်… အဲ့ဒါကို မင်းစားချင်လား ”

ရွှီချင်းသည် ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ ခေါင်းဆောင်၏ စကားကို ကြားပြီးနောက် စောစောက သူဖိနှိပ်ထားခဲ့သော ဆာလောင်မှုသည် တဖန်ပြန်ပေါ်လာသည်။

သူက အမှန်တကယ် ဗိုက်ဆာနေသည်။ ပြောမပြနိုင်အောင် ဆာလောင်နေသည်။

“ ဟီး ဟီး… မင်းရဲ့ လက်ရှိပုံစံက ငါနဲ့ ပိုပိုပြီး တူလာတယ်… အဲ့လိုဆာလောင်မှုကို အရင်က ငါကြုံဖူးတယ် ”

“ ဂျူနီယာညီလေး… ဘာမှမစိုးရိမ်နဲ့… စီနီယာအကိုကြီးက မင်းကို စားတော်ပွဲတစ်ခုဆီ ခေါ်သွားပေးမယ် ”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်က တံတွေးမျိုချလိုက်သည်။

“ ဒီတစ်ကြိမ် အထူးကိစ္စကြီးတစ်ခုကို ငါလုပ်ဆောင်မယ်လို့ မင်းကို ပြောခဲ့တယ်မလား ”

“ နတ်ဘုရားနယ်မြေထဲ ဝင်ရောက်တာပဲဖြစ်ဖြစ် နတ်ဘုရားနယ်မြေရဲ့ အခွင့်အာဏာကို ရယူတာပဲဖြစ်ဖြစ် နတ်ဘုရားနယ်မြေရဲ့ အဆင့်တတ်တဲ့စွမ်းအားကို သိမ်းပိုက်တာပဲဖြစ်ဖြစ် အဲ့ဒါတွေအားလုံးက အသေးအမွှားကိစ္စတွေပဲ… အဲ့ဒါတွေကို အထူးကိစ္စကြီးလို့ မသတ်မှတ်နိုင်ဘူး ”

“ စောစောတုန်းက ဒီက ကံကြမ္မာကို ငါအသုံးပြုပြီး စကားလုံးမဲ့ ကျောက်တုံးကျမ်းစာနဲ့ ရှေးဟောင်းတည်နေရာပြောင်းရွှေ့အစီအရင်ရဲ့ အမွှေးတွေကို သန့်စင်ခဲ့တယ်… တကယ်တော့ နတ်ဘုရားနယ်မြေရဲ့ အဆင့်တတ်တဲ့စွမ်းအားကိုတောင် အသုံးပြုပြီး အဲ့ဒါတွေကို နောက်တစ်ကြိမ် ထပ်သန့်စင်ခဲ့တယ်… တစ်ချိန်တည်းမှာ နီလာနတ်သမီးရဲ့ အသွေးအသားအများကြီးကိုတောင် အဲ့ဒီထဲ ထပ်ပေါင်းထည့်ခဲ့သေးတယ် ”

“ အဲ့ဒါတွေအားလုံးက အထူးကိစ္စကြီးအတွက်ပဲ ”

“ စကားလုံးမဲ့ ကျောက်တုံးကျမ်းစာက ဖုံးကွယ်ဖို့အတွက်… အမွှေးတွေက လွတ်မြောက်ဖို့အတွက်ပဲ ”

ခေါင်းဆောင်က ခဏရပ်လိုက်သည်။ ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ အဖြေကို သူခန့်မှန်းမိထားသည်။ သို့သော်လည်း ယင်းက အလွန်ရူးမိုက်သည်။

“ ချင်းလေး… ဒီတစ်ကြိမ် ငါတို့ရဲ့ ပစ်မှတ်က… ဝမ်ကူးကုန်းမြေရဲ့ နံပါတ်တစ်ရတနာပဲ ”

“ တစ်နည်းပြောရရင်… အဲ့ဒါက ခွေးမသားမျက်နှာပျက်ကြီးပဲ ”

ထိုနေရာသို့ ရောက်သည့်အခါ ခေါင်းဆောင်က ရူးသွပ်နေသော်လည်း သူ၏ အသက်ရှူသံက ပြင်းထန်လာသည်။ ယခုအချိန်မှာ သူက အနည်းငယ်ပင် စိုးရိမ်နေသည်။

“ ငါမင်းကို ပြောပြမယ်… အဲ့ဒါကို ငါ့အရင်ဘဝပေါင်းများစွာမှာ လေ့လာခဲ့တယ်… နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ ဒဏ်ရာတွေနားမှာ အသွေးအသားတချို့နဲ့ သွေးစတချို့ ရှိတယ်… ပြီးတော့ ဆံပင်မွှေးတချို့နဲ့ ချွေးစက်တချို့လည်း ရှိတယ်… ဒါကြောင့် ဒီတစ်ကြိမ် ငါတို့ရဲ့ ပစ်မှတ်က နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ သွေးစ၊ ချွေးစက်တွေနဲ့ ဆံပင်မွှေးတွေပဲ ”

“ အဲ့ဒါက ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရားနော်… သူ့ရဲ့ အသွေးအသားတွေက သာမန်အသွေးအသားမဟုတ်တော့ဘူး… အဲ့ဒါက အထွတ်အမြတ်ရတနာတွေထဲက အထွတ်အမြတ်ရတနာတွေပဲ… အဲ့ဒီထဲမှာ မူလဇစ်မြစ်ရှိတယ်… အဲ့ဒါက အရမ်းအရသာရှိမှာ သေချာတယ် ”

“ အဲ့ဒါက ငါမင်းကို ပြောတဲ့ အထူးကိစ္စကြီးပဲ ”

“ အခုဟာက အချိုပွဲပဲ ရှိသေးတယ်… အပြင်ဘက်က ယင်ကောင်တွေကိုတော့ ငါ့နှလုံးသားထဲကနေ တကယ် ရှုံ့ချတယ်… သူတို့က ပြစ်ချက်မဲ့အဆင့်ကို ခြေတစ်လှမ်းတည်းနဲ့ ရောက်ဖို့ပဲ ရည်မှန်းချက်ထားကြတယ် ”

“ ငါ့ရဲ့ ရည်မှန်းချက်က ဉာဏ်အလင်းပွင့်နတ်ဘုရားရဲ့ အသွေးအသားပဲ ”

“ ဂျူနီယာညီလေး… မင်းလုပ်မှာလား မလုပ်ဘူးလား ”

ခေါင်းဆောင်၏ ရူးသွပ်မှုနှင့် သူ့ထံမှ ရူးမိုက်သော စကားများကို ကြားပြီးနောက် ရွှီချင်း၏ အသိစိတ်သည် ပရမ်းပတာ လှုပ်ခါသွားသည်။ သို့သော်လည်း ထိုရူးသွပ်မှုနှင့် နှိုင်းယှဉ်လျှင် သူ၏ ဆာလောင်မှုသည် ပိုပြီးအားကောင်းသည်။

“ လုပ်မယ် ”

ရွှီချင်းက အံတင်းတင်းကြိတ်ပြီး ပြောလိုက်လေရာ သူ၏ မျက်လုံးက သွေးရောင်လွှမ်းသွားသည်။

All Chapters