အရာအားလုံးကို စတေးခြင်း
Vol. 86 Ch. 1314
ရွှီချင်းက ပြောလိုက်သည်နှင့် ခေါင်းဆောင်သည် ပိုပြီးစိတ်လှုပ်ရှားသွားသည်။
“ ဂျူနီယာညီလေး… ဘာမှမစိုးရိမ်နဲ့… ဒီတစ်ကြိမ် တစ်ရာရာခိုင်နှုန်း ငါယုံကြည်ချက်ရှိတယ်… ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး ”
ရွှီချင်း၏ မျက်လုံးသည် သွေးရောင်လွှမ်းနေပြီး သူက အထူးကိစ္စကြီးအတွက် အဆင်သင့်ဖြစ်နေသည်။ သို့သော်လည်း ခေါင်းဆောင်၏ စကားကို ကြားသောအခါ သူက အနည်းငယ် နှလုံးတုန်သွားသည်။
ခေါင်းဆောင်သည်တော့ ပိုပြီးစိတ်လှုပ်ရှားလာပြီး ဆက်ပြောသည်။
“ ငါ့အရင်ဘဝမှာ နတ်ဘုရားသုံးပါးရဲ့ ရည်မှန်းချက်ကို သိပြီးကတည်းက ဒီကိစ္စကို အချိန်အကြာကြီး ပြင်ဆင်ခဲ့တယ်… ဒီအခွင့်အရေးကို ရဖို့အတွက် ငါက သွေးတွေ ချွေးတွေနဲ့ ရင်းပြီး တိုက်ခိုက်ခဲ့တယ် ”
“ ရှေးဟောင်းစည်းချအစီအရင်နဲ့ မတွေ့ဆုံခင်အထိ ငါ့မှာ အဲ့လောက် ယုံကြည်မှုမရှိခဲ့ဘူး… ငါက လွတ်မြောက်ရေးပစ္စည်းတွေကို ပြင်ဆင်ထားပြီး အဲ့ဒါတွေကို အကြိမ်ပေါင်းများစွာ သန့်စင်ခဲ့တယ်ဆိုပေမဲ့ ကုန်ကြမ်းပစ္စည်းတွေက အနည်းငယ် နိမ့်ကျနေတုန်းပဲ ”
“ ဒါပေမဲ့ အဲ့ဒါက ရှေးဟောင်းစည်းချအစီအရင်နဲ့ မတွေ့ဆုံခင်အထိပဲ… ကောင်းကင်ဘုံက ငါ့ကို တကယ်ကြီး ကူညီပေးနေတယ် ”
ခေါင်းဆောင်က ရယ်မောလိုက်သည်။
“ တကယ်တော့ အတိတ်မှာ နီလာနတ်သမီးကို တိုက်ခိုက်ခဲ့တာက ဒီကိစ္စနဲ့ ဆက်စပ်နေတယ်… ဘာလို့လဲဆိုတော့ နီလာနတ်သမီးရဲ့ အသွေးအသားတွေက ပစ္စည်းကောင်းပဲ… သူက ဝမ်ကူးကုန်းမြေမှာ ပထမဆုံး နတ်ဘုရားဖြစ်လာတဲ့သူဖြစ်ပြီး နတ်ဘုရားမျက်နှာပျက်ကြီးကို ဒီရောက်လာအောင် လမ်းပြပေးခဲ့တဲ့သူလည်း ဖြစ်တယ်… သူနဲ့ နတ်ဘုရားမျက်နှာပျက်ကြီးကြားမှာ ကြီးမားတဲ့ ကမ္မဆက်နွယ်မှု ရှိတယ် ”
“ အဲ့ဒီကမ္မရယ် အစွမ်းတိုးမြှင့်ထားတဲ့ အမွှေးတွေနဲ့ဆိုရင် ငါတို့တွေ နတ်ဘုရားမျက်နှာပျက်ကြီးဆီ တည်နေရာပြောင်းရွှေ့နိုင်လိမ့်မယ် ”
“ ဒါပေမဲ့ တည်နေရာပြောင်းရွှေ့ဖို့အတွက် အရမ်းများပြားတဲ့ စွမ်းအင်တွေကို လိုအပ်တယ် ”
“ ဒါကြောင့် နတ်ဘုရားနယ်မြေဆီ ငါခရီးထွက်ခဲ့တာပဲ ”
“ နတ်ဘုရားနယ်မြေရဲ့ အဆင့်တတ်တဲ့စွမ်းအားကို လောင်စာအဖြစ် အသုံးပြုနိုင်တယ်… ဒီလိုလောင်စာကိုရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ မင်းသိပါတယ်… ဒါက အရမ်းရှားပါးတဲ့ အခွင့်အရေးပဲ ”
“ ဒါ့အပြင် နတ်ဘုရားနယ်မြေက အပေါ်ကို မြှောက်တတ်သွားနေတာကြောင့် အဲ့ဒါနဲ့ နတ်ဘုရားမျက်နှာပျက်ကြီးကြားက အကွာအဝေးက ပိုပြီးတိုတောင်းလာတယ်… ဒါပေမဲ့ အဲ့ဒါက မလုံလောက်သေးဘူး… ငါတို့တွေ ကောင်းကင်ဘုံတာအိုရဲ့ လမ်းညွှန်မှုကိုလည်း လိုအပ်လိမ့်မယ် ”
“ ငါတို့သားရဲ့ အခန်းကဏ္ဍက အဲ့ဒီမှာ ပါဝင်မယ် ”
“ စကားလုံးမဲ့ ကျောက်တုံးကျမ်းစာက ငါတို့ကို အတိုင်းအတာတစ်ခုထိ ဖုံးကွယ်ပေးလိမ့်မယ်… ဒါ့အပြင် နတ်ဘုရားတစ်ပါးနဲ့ အင်ပါယာတစ်ပါးရဲ့ စိတ်ဆန္ဒရှိတဲ့ ဒီအင်ပါယာအလောင်းနဲ့ဆိုရင် ငါတို့တွေ ဒီအထူးကိစ္စကြီးကို အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မယ် ”
“ ဂျူနီယာညီလေး… ငါတို့က စိတ်ချင်းဆက်နေပြီးသား… ဒီတစ်ကြိမ် သေချာပေါက် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး ”
ခေါင်းဆောင်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏ စကားများက အလွန်အမင်း ရူးမိုက်သည်။
“ ငါတို့ ဘယ်တော့စမလဲ ”
ရွှီချင်းသည် ခေါင်းဆောင်၏ စကားကို ဆက်ပြီး နားမထောင်ချင်တော့ပေ။ ခေါင်းဆောင်က စကားပိုပြောလေ အန္တရာယ်က ပိုများလာလေဟု သူခံစားမိသည်။
သို့သော်လည်း ရွှီချင်းသည် ဤအခွင့်အရေးကို လက်မလွှတ်ချင်ပေ။
သို့ဖြစ်၍ သူက ခန္ဓာကိုယ်ထဲမှ ဆာလောင်မှုကို ထပ်မံ ဖိနှိပ်လိုက်သည်။
“ မကြာခင် နတ်ဘုရားနယ်မြေက ဖျက်ဆီးခံရတဲ့အခါ တည်နေရာပြောင်းရွှေ့မယ်… ငါတို့… အမ်… ငါတို့ရဲ့ အခွင့်အရေးက ရောက်လာပြီ ”
ခေါင်းဆောင်၏ စကားသည် ပြောင်းသွားသည်။ ရွှီချင်းသည် ချက်ချင်း အာရုံစူးစိုက်လိုက်သည်။
တစ်ချိန်တည်းမှာ အပြင်လောကတွင် ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးသည် နောက်ဆုံးမှာတော့ မျက်လုံးမှိတ်သွားသည်။
၎င်းက မျက်လုံးမှိတ်သွားသည့်အခိုက် နတ်ဘုရားသုံးပါးတည်ရှိနေသော နတ်ဘုရားနယ်မြေသည် တိတ်တဆိတ် ပြိုကွဲပျက်စီးသွားသည်။ နတ်ဘုရားနယ်မြေ၏ အစွန်အဖျားများသည် စတင်လောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ပေါ်တွင် ပြန့်ကျဲသွားသည်။
နတ်ဘုရားနယ်မြေသည်တော့ နတ်ဘုရားမျက်နှာပျက်ကြီးဆီသို့ ပိုပြီးနီးသထက် နီးကပ်သွားသည်။
အဝေးမှကြည့်လျှင် နတ်ဘုရားနယ်မြေသည် ကောင်းကင်ပေါ်မှာ တဖြည်းဖြည်း လွင့်ပြယ်လာပြီး တဖြည်းဖြည်း သေးငယ်လာကြောင်း မြင်နိုင်လိမ့်မည်။
နတ်ဘုရားသုံးပါးသည်တော့ အထဲမှာ တင်ပျဉ်ခွေလျက် တရားထိုင်နေကြသည်။ နတ်ဘုရားနယ်မြေက ပျက်စီးတော့မည်ဖြစ်ကြောင်း အာရုံခံမိသည့်အခါ ၎င်းတို့က နတ်ဘုရားမျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ကြသည်။ ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်များက နတ်ဘုရားနယ်မြေထဲမှ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ကြီးမားသော အပြောင်းအလဲကြောင့် သတိမေ့နေကြသော ရွှမ်မီးလျှံနှင့် တခြားလူများသည်လည်း နတ်ဘုရားသုံးပါးနှင့်အတူ ပျောက်ကွယ်သွားကြသည်။
နောက်အခိုက်အတန့်မှာ ၎င်းတို့က နတ်ဘုရားနယ်မြေ၏ အပြင်ဘက်၊ ဝမ်ကူးကုန်းမြေ၏ လေထဲမှာ ထွက်ပေါ်လာကြသည်။
၎င်းတို့၏ အရှိန်အဝါက ဤအခိုက်အတန့်မှာ ပေါက်ကွဲထွက်လာသည်။ နောက်ဆုံးမှာတော့ ၎င်းတို့က ကပ်ဘေးမီးတောက်ကို ကျော်လွှားပြီး ပြစ်ချက်မဲ့အဆင့်သို့ ခြေချနိုင်သွားသည်။
ယခုအချိန်မှစ၍ ၎င်းတို့က ကပ်ဘေးဒုက္ခများကို ကြောက်စရာမလိုတော့ပေ။ ၎င်းတို့ဆီမှာ နတ်ဘုရားယဇ်ပလ္လင်ဆီသို့ တတ်လှမ်းရန် မျှော်လင့်ချက်ရှိသွားပြီ ဖြစ်သည်။
ယင်းက ဝမ်ကူးကုန်းမြေထဲမှ နတ်ဘုရားအများအပြား လိုချင်တောင့်တနေသော အဆင့်ဖြစ်သည်။ စိတ်မကောင်းစရာမှာ ပြစ်ချက်မဲ့အဆင့်သို့ ရောက်ရန် အလွန်အမင်း ခက်ခဲသည်။ ဝမ်ကူးကုန်းမြေထဲမှာ ပြစ်ချက်မဲ့အဆင့်သို့ ရောက်ရှိနေသော နတ်ဘုရားများကို လက်တစ်ဖက်ဖြင့် ရေတွက်နိုင်သည်။
နီလာနတ်သမီးကဲ့သို့ အစွမ်းထက်သော နတ်ဘုရားသည်ပင် ပြစ်ချက်မဲ့အဆင့်နှင့် ခြေလှမ်းဝက် ဝေးကွာခဲ့သည်။
ယခု နတ်ဘုရားသုံးပါးက ပြစ်ချက်မဲ့အဆင့်သို့ ရောက်ရှိသွားသည့်အခါ ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားမီးတောက်သည် အပြင်းအထန် လောင်ကျွမ်းလာသည်။ နတ်ဘုရားတစ်ပါးစီသည် နီလာနတ်သမီးထက် သာလွန်သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ကိုယ်စီထုတ်လွှတ်နေကြသည်။ ၎င်းတို့ထံမှ အရှိန်အဝါကြောင့် ကောင်းကင်နှင့် မြေပြင်သည်ပင် အရောင်ပြောင်းလဲသွားသည်။
နတ်ဘုရားသုံးပါး၏ အဆင့်ချိုးဖြတ်မှုက ဝမ်ကူးကုန်းမြေထဲမှ အခြေအနေကို တစ်နည်းတစ်ဖုံ ပြောင်းလဲသွားစေနိုင်ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။
၎င်းတို့၏ အမူအရာပေါ်မှာ မြင်တွေ့ရခဲသော ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင် ရှိသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့က ခေါင်းမော့လိုက်ကြပြီး ကောင်းကင်ပေါ်မှာ တဖြည်းဖြည်း ပျောက်ကွယ်နေသော နတ်ဘုရားနယ်မြေကို ကြည့်လိုက်ကြသည်။
ဤမဟာပြပွဲက အဆုံးသတ်တော့မည့်ပုံပေါ်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ နေနတ်ဘုရား၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ လနတ်ဘုရား၏ သူငယ်အိမ်သည် ကျုံ့သွားပြီး ကြယ်နတ်ဘုရား၏ လှပသော မျက်ခုံးသည် အပေါ်သို့ ပင့်တတ်သွားသည်။
၎င်းတို့၏ အကြည့်သည် နတ်ဘုရားမျက်နှာပျက်ကြီးဆီသို့ ပျံသန်းသွားနေသော နတ်ဘုရားနယ်မြေပေါ်သို့ ကျရောက်သွားသည်။
ယခုအချိန်မှာ နတ်ဘုရားနယ်မြေ၏ အဓိကဧရိယာသည်သာ အကောင်းတိုင်း ကျန်ရှိတော့သည်။ ကျန်အစိတ်အပိုင်းအားလုံးသည် ပြာဖြစ်သွားပြီ ဖြစ်သည်။ ထို့ပြင် အဓိကဧရိယာသည်လည်း ပြာအဖြစ်သို့ ပြောင်းလဲနေသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားသည် အဓိကဧရိယာထဲမှ ပေါ်ထွက်လာပြီး ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။
ထိုတည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားသည် အံ့ဖွယ်ကောင်းပြီး အလွန်ကျယ်ပြောသည်။ ၎င်း၏ အရှိန်အဝါသည် ရှေးဟောင်းစည်းချအစီအရင်ကို အသက်သွင်းခြင်းထက် အဆပေါင်းတစ်ရာ ပိုအားကောင်းသည်။ ယင်းက ကောင်းကင်ကို ချက်ချင်း လင်းထိန်သွားစေသည်။
ယင်းက အလွန်လင်းထိန်လေရာ ကောင်းကင်ပေါ်မှ အမှောင်ထုအားလုံးကို ဖယ်ရှားပစ်လိုက်သည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားသုံးပါးသာ ထိုမြင်ကွင်းကို မြင်သွားကြခြင်းမဟုတ်ပေ။ ဤနေရာကို အာရုံစိုက်နေကြသော နတ်ဘုရားစိတ်အာရုံအားလုံးနှင့် အကြည့်အားလုံးသည်လည်း ထိုမြင်ကွင်းကို သတိထားမိသွားကြသည်။
မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများနှင့် အကြည့်များ၏ အာရုံစိုက်မှုအောက်မှာ ပုံရိပ်တစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှာ ထွက်ပေါ်လာသည်။
၎င်းက ရွှီချင်းနှင့် အားညိုတည်ရှိနေသော အင်ပါယာအလောင်းဖြစ်သည်။
လူတိုင်း၏ စိတ်အာရုံက အင်ပါယာအလောင်းပေါ်သို့ ကျရောက်နေစဉ် ထိတ်လန့်မှုသည် အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာသည်။
“ သူတို့ဘာလုပ်နေတာလဲ ”
တည်ငြိမ်သော နေနတ်ဘုရားသည်ပင် နှလုံးတုန်ယင်သွားသည်။
“ သေလမ်းရှာနေတာ ”
စိတ်ရှုပ်ထွေးသော အကြည့်က လနတ်ဘုရား၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ၎င်းက အံ့ဩသွားပုံမပေါ်ချေ။
ကြယ်နတ်ဘုရားသည်လည်း နှလုံးတုန်သွားသည်။ ထူးဆန်းသော အမူအရာက ၎င်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
လူတိုင်းက နှလုံးတုန်နေစဉ် ပျက်စီးနေသော နတ်ဘုရားနယ်မြေအတွင်း၊ တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ အင်ပါယာအလောင်းသည် ၎င်း၏ ညာလက်ကို မြှောက်လိုက်သည်။
၎င်းက ထူးဆန်းသော ရွှေရောင်အမွှေးတစ်ခုကို ကိုင်ထားသည်။
တည်နေရာပြောင်းရွှေ့ခြင်းအလင်းသည် ထိုအမွှေးထံမှ ထွက်ပေါ်လာသည်။
ရွှေရောင်အမွှေးသည် ထိုသို့နတ်ဘုရားအစွမ်းကို မပိုင်ဆိုင်ခင် ခေါင်းဆောင်၏ အကြိမ်ကြိမ် သန့်စင်ခြင်းခံခဲ့ရသည်။ ၎င်း၏ ထွက်ပေါ်လာမှုက တည်နေရာပြောင်းရွှေ့ခြင်းအလင်းကို ကောင်းကင်အထိ တစ်ဟုန်ထိုး မြှောက်တတ်သွားစေသည်။
“ သားလေး ”
အင်ပါယာအလောင်းသည် ရုတ်တရက် ကျယ်လောင်သော မိုးခြိမ်းသံဖြင့် ပြောသည်။
ကောင်းကင်သည် ပရမ်းပတာ တုန်လှုပ်သွားပြီး ကလေးတစ်ယောက်၏ အော်သံက မြည်ဟိန်းထွက်လာသည်။ ယင်းက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ အပြောင်းအလဲတချို့ကို ဖြစ်ပေါ်လာစေသည်။ ကောင်းကင်ဘုံတာအို၏ လမ်းညွှန်မှုအောက်မှာ တည်နေရာပြောင်းရွှေ့ခြင်းအလင်းသည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားသည်။
“ နီလာနတ်သမီးရဲ့ ကမ္မ ”
အင်ပါယာအလောင်းက ထပ်မံ ပြောသည်။
နောက်အခိုက်အတန့်မှာ နီလာနတ်သမီး၏ အသွေးအသားအများအပြားက ပျံသန်းထွက်လာကြပြီး တည်နေရာပြောင်းရွှေ့ခြင်းအလင်းနှင့် ပေါင်းစပ်သွားသည်။ မကြာမီ အနီရောင်ချည်မျှင်များက မြန်ဆန်စွာ ပျံ့နှံ့ထွက်လာပြီး တည်နေရာပြောင်းရွှေ့ခြင်းကို အနည်းငယ် ချိန်ညှိပေးလိုက်သည်။
နီလာနတ်သမီး၏ ကမ္မကြောင့် တည်နေရာပြောင်းရွှေ့မည့် ဦးတည်ရာသည် အတိအကျ သတ်မှတ်ခံလိုက်ရသည်။
ထိုအရာအားလုံး ပြီးမြောက်သွားသည်နှင့်ချက်ချင်း အင်ပါယာအလောင်းတည်ရှိသော နတ်ဘုရားနယ်မြေသည် လုံးဝပျက်စီးပြိုကွဲသွားသည်။
ဝုန်း…
ကျယ်လောင်သော အသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
အသံသည် ပိုပြီးကျယ်လောင်သထက် ကျယ်လောင်လာသည်။ နောက်ဆုံးမှာတော့ ယင်းက ကောင်းကင်နှင့်မြေပြင်၏ တစ်ခုတည်းသောအသံ ဖြစ်လာသည့်အခါ နတ်ဘုရားနယ်မြေသည် ပြာဖြစ်သွားပြီး ကောင်းကင်ပေါ်မှာ လုံးဝ ပျောက်ကွယ်သွားသည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားနယ်မြေကို ယဇ်ပူဇော်ခြင်းသည် အဆုံးသတ်သွားသည်။
ဤနတ်ဘုရားနယ်မြေက နတ်ဘုရားကမ္ဘာဖြစ်လာနိုင်လောက်သည်။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားနယ်မြေ၏ ပျောက်ကွယ်သွားမှုသည် ၎င်းက ဆက်ပြီး မတည်ရှိတော့ခြင်း မဟုတ်ပေ။ သို့သော်လည်း တခြားဖြစ်နိုင်ခြေတစ်ခု ရှိနေသေးသည်။
နတ်ဘုရားနယ်မြေသည် ဆင့်ကဲပြောင်းလဲမှုကို မတောင့်ခံနိုင်သောကြောင့် အဆင့်တတ်မှု ကျရှုံးသွားသည်။
သို့သော်လည်း မည်သည့်ရလဒ်ထွက်ပေါ်လာပါစေ အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ ၎င်းကို နတ်ဘုရားမျက်နှာပျက်ကြီးထံ ယဇ်ပူဇော်ပြီးပြီ ဖြစ်သည်။
ဤသည်မှာ နတ်ဘုရားသုံးပါးက နှစ်ထောင်သောင်းချီကြာ စီစဉ်ထားခဲ့သော ပြပွဲ၏ အဆုံးသတ်လည်း ဖြစ်သည်။
ထိုနည်းဖြင့် ၎င်းတို့က ကမ္မဆက်နွယ်မှုကို ဖြတ်တောက်နိုင်လိမ့်မည်။
၎င်းတို့က နတ်ဘုရားနယ်မြေ အဆင့်တတ်နိုင်ရန် နတ်ဘုရားမျက်နှာပျက်ကြီးထံမှ စွမ်းအားကို ငှားယူပြီး နတ်ဘုရားနယ်မြေကို နတ်ဘုရားမျက်နှာပျက်ကြီးထံသို့ ယဇ်ပူဇော်လိုက်သည်။
သို့ဖြစ်၍ နတ်ဘုရားသုံးပါး၏ ကန့်လန့်ကာသည် နောက်ဆုံးမှာတော့ အောက်ပြန်ကျလာသည်။
သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်၏ ပြပွဲက ယခုမှ စတင်ခြင်း ဖြစ်သည်။
နတ်ဘုရားနယ်မြေက ပြိုကွဲပျက်စီးသွားပြီး ပြာဖြစ်သွားသည်နှင့်ချက်ချင်း အဆင့်တတ်မှုစွမ်းအား၏ အကူအညီနှင့်အတူ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်သည် နောက်ဆုံးမှာတော့ အသက်ဝင်လာသည်။ ရွှေရောင်အမွှေးသည် ချက်ချင်း ရွှေရောင်အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲသွားသည်။
တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲမှ အင်ပါယာအလောင်းသည် ပျောက်ကွယ်သွားသည်။
အင်ပါယာအလောင်းထဲတွင် ရွှီချင်းသည် ခေါင်းဆောင်၏ ရယ်မောသံကို ကြားလိုက်ရသည်။
“ ဂျူနီယာညီလေး… သွားကြစို့ ”
…..
ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်တွင် အလွန်ကျယ်ပြောသော ကြယ်တာရာကောင်းကင် ရှိသည်။
အကယ်၍ တစ်စုံတစ်ယောက်က ကြယ်တာရာကောင်းကင်ထဲမှာ မတ်တတ်ရပ်ပြီး ဝမ်ကူးကုန်းမြေကို ကြည့်ရှုမည်ဆိုလျှင် ဝမ်ကူးကုန်းမြေက မည်မျှကျယ်ပြောကြောင်း မြင်နိုင်လိမ့်မည်။
အလွန်ကျယ်ပြောသော ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်တွင် ရွှေရောင်ကျောရိုးတစ်ခု ရှိသည်။
ထိုကျောရိုးသည် အလွန်ရှည်လျားပြီး ရစ်ခွေနေသော ရွှေရောင်ကင်းခြေများတစ်ကောင်နှင့် ဆင်တူသည်။ ၎င်းက ဝမ်ကူးကုန်းမြေတစ်ခုလုံးကို အပေါ်မှ စက်ဝိုင်းသဏ္ဍာန် လွှမ်းခြုံထားသည်။
၎င်းမှာ လက်များ၊ ခန္ဓာကိုယ်နှင့် ခြေထောက်များ မရှိပေ။ ထိုရွှေရောင်ကျောရိုးချည်းသာ ၎င်း၏ မျက်နှာပျက်ကြီးနှင့် ဆက်သွယ်နေသည်။ မျက်နှာပျက်ကြီးသည် ကြယ်တာရာကောင်းကင်ထဲမှာ ရပ်တန့်နေပြီး အောက်ဘက်သို့ မျက်နှာမူထားသည်။
မျက်နှာပျက်ကြီး၏ ဆံပင်သည် တဖျပ်ဖျပ်လှုပ်ခါနေပြီး ဝမ်ကူးကုန်းမြေ၏ ထက်ဝက်နီးပါးရှိသော တိမ်တိုက်များပေါ်သို့ ကျဆင်းနေသည်။
အကယ်၍ တစ်စုံတစ်ယောက်က သေချာကြည့်မည်ဆိုလျှင် ၎င်း၏ မျက်နှာပေါ်မှ ဒဏ်ရာပေါ်တွင် အရေအတွက်များပြားသော အသွေးအသားအပိုင်းအစများ၊ ချွေးများနှင့် ဆံပင်မွှေးများရှိကြောင်း မြင်နိုင်လိမ့်မည်။
သို့သော်လည်း ၎င်းက အရွယ်အစား အလွန်ကြီးမားသည်။ ဝမ်ကူးကုန်းမြေ၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ၎င်းက နေနှင့်လ၏ အရွယ်အစားထက် သာလွန်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကြယ်တာရာကောင်းကင်ပေါ်မှ ကြည့်မည်ဆိုလျှင် ၎င်း၏ အရွယ်အစားက ပိုပြီးပင် အံ့ဖွယ်ကောင်းကြောင်း မြင်နိုင်လိမ့်မည်။
၎င်းနှင့် နှိုင်းယှဉ်လျှင် ကျင့်ကြံသူများသည် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။
၎င်း၏ ဆံပင်မွှေးသည်ပင် ထို့အတူဖြစ်သည်။ ၎င်းထံမှ ဆံခြည်မျှင်တစ်ပင်စီသည် အလွန်ထူထဲပြီး ကြောက်စရာကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။
၎င်းထံမှ အသွေးအသားများသည် ပိုပြီးကြောက်စရာကောင်းသေးသည်။
အသေးဆုံး သွေးတစ်စက်သည် ပင်လယ်ကြီးတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။
သွေးစက်များသည် ဒဏ်ရာ၏ အပြင်ဘက်မှာ လွင့်မျောနေကြပြီး အဆုံးမဲ့သော ဧရိယာအတွင်းမှာ ပျံ့နှံ့နေကြသည်။ ထိုသွေးစက်များက မျက်နှာပျက်ကြီးနှင့်အတူ ဤနေရာမှာ ထာဝရ တည်ရှိနေခြင်း ဖြစ်သည်။
၎င်းက ဝမ်ကူးကုန်းမြေ၏ မဟာကပ်ဘေးဖြစ်သည်။
၎င်းသည် ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းထဲမှ ရောက်ရှိလာပြီး ဝမ်ကူးကုန်းမြေကို စတင်ရစ်ပတ်ထားစဉ်ကတည်းက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသည်အထိ ထိုအတိုင်း မပြောင်းလဲဘဲ တည်ရှိနေပုံပေါ်သည်။ သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က အချိန်မြစ်ထဲမှာ စူးစမ်းလေ့လာမည်ဆိုလျှင် အတိတ်နှင့် ပစ္စုပ္ပန်ကြားမှာ အပြောင်းအလဲတချို့ရှိကြောင်း မြင်တွေ့နိုင်လိမ့်မည်။
ဥပမာ ဝမ်ကူးကုန်းမြေအပေါ် ၎င်း၏ ကျောရိုးဖြင့် ရစ်ပတ်ထားမှုက ပိုပြီးတင်းကျပ်လာသည်။
ဝမ်ကူးကုန်းမြေ၏ ဧရိယာသည်တော့ ယခင်အတိုင်း အဆုံးမဲ့စွာ ကျယ်ပြောနေသေးသော်လည်း အတိတ်တုန်းကနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အနည်းငယ် သေးငယ်သွားသည်။
ဝမ်ကူးကုန်းမြေသည် ဝါးမျိုခံနေရသည်။
ဤသည်မှာ သက်ရှိအားလုံးက အပေါ်မော့ကြည့်ရုံဖြင့် မြင်တွေ့နိုင်သော နတ်ဘုရားမျက်နှာပျက်ကြီး ဖြစ်သည်။
၎င်းက သက်ရှိအားလုံး၏ အထွတ်အထိပ်ဖြစ်တည်မှု ဖြစ်သည်။
ဝမ်ကူးကုန်းမြေသို့ ၎င်းရောက်ရှိလာသည့်အချိန်မှစ၍ ရှေးခေတ်ကာလကတည်းက မည်သည့်သက်ရှိမှ ၎င်း၏ အရှေ့မှာ မထွက်ပေါ်လာနိုင်ဟန် ရ၏။
ဤသည်မှာ နတ်ဘုရားမျက်နှာပျက်ကြီးအတွက် ဘဝဟူသည်မှာ အချိန်စီးဆင်းမှုတစ်ခုသာ ဖြစ်ပုံပေါ်သည်။ ယင်းက အစမရှိသလို အဆုံးမရှိပေ။
သို့သော်လည်း ယင်းက ယနေ့မတိုင်ခင်အထိ ဖြစ်သည်။
ဤအခိုက်အတန့်မှာ သေးငယ်သော အလင်းစက်တစ်ခုသည် နတ်ဘုရားမျက်နှာပျက်ကြီး၏ ဒဏ်ရာနားမှ ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
အကယ်၍ တစ်စုံတစ်ယောက်က ထိုအလင်းစက်ကို အဆပေါင်းများစွာ အကျယ်ချဲ့ကြည့်မည်ဆိုလျှင် ထိုအလင်းစက်ထဲမှာ အင်ပါယာဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုရှိကြောင်း မြင်နိုင်လိမ့်မည်။
ထိုပုံရိပ်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း စတင်ဝေဝါးလာသည်။
ယင်းက အလွန်ကြောက်စရာကောင်းသည်။ တစ်စုံတစ်ယောက်၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော စွမ်းအင်သည် အင်ပါယာအလောင်း၏ ခန္ဓာကိုယ်ကို ဆူနာမီလှိုင်းလုံးသဖွယ် ရိုက်ခတ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အင်ပါယာအလောင်းသည် စတင်ယိုယွင်းပျက်စီးလာသည်။ သို့သော်လည်း ၎င်း၏ မျက်နှာပေါ်မှာ တစ်ခါမှမဖြစ်ဖူးသော ရူးသွပ်မှုက ထွက်ပေါ်နေသည်။
ဤသည်မှာ လောကထဲမှ မည်သည့်အရာမှ သူ့အရှေ့မှ အရာကို မနှိုင်းယှဉ်နိုင်သည့်အလားပင်။ ထိုအမူအရာသည် ခေါင်းဆောင်၏ ပြင်းပြသော အလိုရမ္မက်နှင့် ရူးသွပ်မှုထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့အတူ အင်ပါယာအလောင်း၏ အကြည့်ထဲမှ အလင်းရောင်သည် အလွန်အမင်း စူးရှတောက်ပသည်။ ယင်းက နှစ်ပေါင်းများစွာကြာအောင် ဆာလောင်မွတ်သိပ်နေခဲ့သော တစ္ဆေတစ်ကောင်၏ ခံစားမှုမျိုး ပေးသည်။ ဤသည်မှာ ၎င်းက အစာတစ်ကိုက်အတွက် အရာအားလုံးကို စတေးပစ်ပြီး စွန့်စားဝံ့သည့်အလားပင်။
၎င်း၏ အကြည့်ထဲမှ အလင်းရောင်သည် ရွှီချင်းထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်က စိတ်ချင်းဆက်သွယ်နေသည်ဟု ဆိုနိုင်ပေသည်။ သူတို့၏ နတ်ဘုရားစိတ်အာရုံများသော်လည်းကောင်း သို့မဟုတ် အတွေးများနှင့် လုပ်ဆောင်မှုများသော်လည်းကောင်း အပြည့်အဝ တစ်သားတည်း ပေါင်းစည်းနေသည်။
သူတို့နှစ်ယောက်၏ ထိန်းချုပ်မှုအောက်မှာ အင်ပါယာအလောင်းသည် ခန္ဓာကိုယ်၏ ယိုယွင်းပျက်စီးမှုနှင့် ဝိညာဉ်၏ မှေးမှိန်မှုကို လျစ်လျူရှုထားလျက် ဒဏ်ရာနားမှ သွေးစက်ဆီသို့ ဖော်မပြနိုင်သော ရူးသွပ်မှုနှင့်အတူ ပြေးသွားသည်။