ငါပိုပြီး လိုချင်တယ်
Vol. 86 Ch. 1315
ဝမ်ကူးကောင်းကင်ပေါ်မှ တိမ်တိုက်များ၏ အထက်ကို မည်သည့်သက်ရှိမှ မရောက်ခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာသွားခဲ့ပြီ ဖြစ်သည်။
ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီး နတ်ဘုရားများ ရောက်ရှိလာသည့်အချိန်မှစ၍ ဝမ်ကူးကောင်းကင်၏ အထက်ကို မမြင်နိုင်သော နတ်ဘုရားအတားအဆီးတစ်ခုက ဖုံးအုပ်ထားသည်။
ထိုအတားအဆီးသည် လုံးဝမသိသာပေ။ ယင်းကို မျက်စိဖြင့် မမြင်နိုင်သလို နတ်ဘုရားစိတ်အာရုံဖြင့်လည်း အာရုံမခံနိုင်ပေ။ ဤသည်မှာ ကြီးမားသော အလွှာတစ်ခုက ဝမ်ကူးကုန်းမြေကို အပေါ်မှ ဖုံးလွှမ်းထားသည့်အလားပင်။ ယင်းက အထဲသို့ ဝင်ရောက်နိုင်သော်လည်း အပြင်သို့ ပြန်ထွက်ရန် မဖြစ်နိုင်ပေ။
လီဇီဟွားကဲ့သို့ နတ်ဘုရားယဇ်ပလ္လင်အစွမ်းကို ပိုင်ဆိုင်ထားသူမဟုတ်လျှင် ချွင်းချက်မရှိ ပိတ်လှောင်ခံထားရလိမ့်မည်။
ရှေးဘုရင်ရွှမ်ယုံနှင့် မျိုးနွယ်စုအသီးသီးမှ ဧကရာဇ်များသည် ဝမ်ကူးကုန်းမြေမှ ထွက်ခွာသွားကြပြီးနောက် အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲမှာ ၎င်းတို့၏ သက်ဆိုင်ရာသူတော်စင်ကုန်းမြေများကို တည်ထောင်ခဲ့ကြသည်။ သို့ဖြစ်၍ နတ်ဘုရားယဇ်ပလ္လင်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော ကျင့်ကြံသူများသည် ဝမ်ကူးကုန်းမြေထဲမှာ တစ်ယောက်မှ မကျန်ရှိတော့လုနီးပါး ရှားပါးသွားသည်။
ပြစ်ချက်မဲ့အဆင့် နတ်ဘုရားများသည်သာ နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းရန် ဖြစ်နိုင်ခြေရှိသည်။ ၎င်းတို့က ကပ်ဘေးဒုက္ခများကို စိုးရိမ်စရာ မလိုအပ်တော့သော်လည်း နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းရန် စွမ်းအင်ပမာဏ အများအပြားကို စုဆောင်းရလိမ့်မည်။
ထို့ကြောင့် အကယ်၍ ၎င်းတို့က နတ်ဘုရားတစ်ပါးနှင့်တစ်ပါး ဝါးမျိုရန်အတွက် နတ်ဘုရားစစ်ပွဲကို မစတင်ဘူးဆိုလျှင် နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းရန် နှစ်ပေါင်းမြောက်များစွာကြာအောင် စွမ်းအင်စုဆောင်းရလိမ့်မည်။
သို့သော်လည်း နတ်ဘုရားစစ်ပွဲကို မည်သို့ကြောင့် အလွယ်တကူ စတင်နိုင်မည်နည်း။ ထို့ပြင် နတ်ဘုရားများသည် အစကတည်းက ကျင့်ကြံသူများနှင့် ခြားနားကြသည်။ ၎င်းတို့မှာ မည်သည့်ဆင်းရဲဒုက္ခမှ မရှိပေ။
ဝမ်ကူးကုန်းမြေမှ သက်ရှိအားလုံးအတွက်တော့ ဝမ်ကူးကုန်းမြေသည် လီထူဂိုဏ်း၏ မူဝါဒအရ လှောင်ချိုင့်တစ်ခု ဖြစ်သည်။
ထိုနတ်ဘုရားအတားအဆီးသည် လှောင်ချိုင့်၏ ဂိတ်တံခါးဖြစ်သည်။
ယင်းက လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို သီးခြားခွဲထားသည်။
ဝမ်ကူးကုန်းမြေထဲမှ သက်ရှိများအတွက်တော့ ဝမ်ကူးကုန်းမြေတစ်ခုလုံး ဝါးမျိုခံရပြီး ဤဒုက္ခပင်လယ်ထဲမှ လွတ်မြောက်နိုင်မည့်နေ့ကို ရောက်သည်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေရုံသာ တတ်စွမ်းကြပေသည်။
သူတို့သည် ဤမဟာကပ်ဘေးမှ မလွတ်မြောက်နိုင်သလို ယင်းကို မခုခံနိုင်ပေ။
ယင်းက ဝမ်ကူးကုန်းမြေ၏ ကံကြမ္မာဖြစ်ပြီး နတ်ဘုရားမျက်နှာပျက်ကြီး၏ အဆုံးအဖြတ်ဖြစ်သည်။
၎င်းက ကောင်းကင်ဘုံတာအိုကို ဝါးမျိုပြီး အရာအားလုံးကို ဖိနှိပ်ခဲ့သည်။ ၎င်းက ဝမ်ကူးကုန်းမြေထဲမှ ကောင်းကင်ဘုံဆန္ဒဖြစ်ပြီး ကံကြမ္မာအဆုံးအဖြတ်ပေးသူ ဖြစ်သည်။
သို့ဖြစ်၍ ကောင်းကင်ဘုံဆန္ဒကို မည်သူက တားဆီးနိုင်မည်နည်း။
သို့သော်လည်း ယနေ့တွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
တစ်စုံတစ်ယောက်သည် ရူးမိုက်သော နည်းလမ်းကို အသုံးပြု၍ မဖြစ်နိုင်သော အရာကို လုပ်ပြနေသည်။ နတ်ဘုရားနယ်မြေ၏ အဆင့်တတ်မှု၊ နီလာနတ်သမီး၏ ကမ္မနှင့် ကောင်းကင်ဘုံအန်တုနိုင်သော အခွင့်အရေးကို အသုံးချပြီးနောက် ၎င်းက လှောင်ချိုင့်၏ အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့သွားသည်။
တစ်နည်းဆိုရသော် ၎င်းက လှောင်ချိုင့်ကို ချိုးဖောက်သွားခြင်း ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းနှင့် ခေါင်းဆောင်၏ အင်ပါယာအလောင်းက နတ်ဘုရားမျက်နှာပျက်ကြီး၏ ဘေးမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဝမ်ကူးကုန်းမြေ၏ မျိုးနွယ်စုအသီးသီးထံမှ ပညာရှင်ကျင့်ကြံသူများသည် အမူအရာပြောင်းလဲသွားကြသည်။
၎င်းတို့က တံခါးပိတ်ကျင့်ကြံနေခြင်းမှ ပြန်ထွက်လာကြပြီး လေထဲသို့ အမြန်ပျံတတ်သွားကြသည်။ ၎င်းတို့၏ မျက်နှာပေါ်မှာ အံ့ဩထိတ်လန့်မှုက အထင်အရှား ထွက်ပေါ်နေသည်။
ပထမအကြိမ် အံ့ဩထိတ်လန့်သွားခြင်းမှာ လှောင်ချိုင့်ကို ချိုးဖောက်သွားနိုင်ခြင်းကြောင့် ဖြစ်သည်။ ဒုတိယအကြိမ် အံ့ဩထိတ်လန့်ခြင်းသည် ထိုသို့လုပ်ဆောင်ဝံ့သော ရူးမိုက်မှုကြောင့် ဖြစ်သည်။ တတိယအကြိမ် အံ့ဩထိတ်လန့်ခြင်းသည် အောင်မြင်သွားသော ရလဒ်ကြောင့် ဖြစ်သည်။
တချို့ကျင့်ကြံသူများသည် အလန့်တကြား အော်ပြောလိုက်သည်။
“ သူတို့က တကယ်ကြီး အပြင်ရောက်သွားတယ် ”
“ ဘာလဲ… ”
“ အလဟဿဖြစ်ပြီ… ဒီလောက်ကောင်းတဲ့ အခွင့်အရေးက တစ်သက်မှာ တစ်ခါပဲ ရနိုင်တယ်… တကယ်လို့ အဲ့ဒီအခွင့်အရေးကိုသာ ငါတို့ရမယ်ဆိုရင် ဒီလှောင်ချိုင့်ထဲကနေ ထွက်နိုင်ပြီမဟုတ်ဘူးလား ”
“ နှမြောစရာပဲ… နှမြောစရာပဲ… ဒီလိုအခွင့်အရေးမျိုးက နောက်တစ်ကြိမ် ထွက်ပေါ်လာဖို့ အရမ်းခက်ခဲတယ် ”
နတ်ဘုရားသုံးပါး၏ အမူအရာသည်လည်း ကွဲပြားခြားနားသည်။ နေနတ်ဘုရား၏ အမူအရာသည် မည်းမှောင်နေပြီး ၎င်း၏ မျက်လုံးထဲမှာ အေးစက်မှု ရှိသည်။
လနတ်ဘုရား၏ အမူအရာသည် အစဉ်အမြဲ ပြောင်းလဲနေသည်။
ကြယ်နတ်ဘုရားသည်တော့ လေးနက်စွာ စဉ်းစားနေသည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားစိတ်အာရုံအားလုံး၏ အာရုံစိုက်မှုကို ရရှိထားသော အင်ပါယာအလောင်းသည် ၎င်း၏ အရှေ့မှ သွေးစက်ဆီသို့ ခုန်အုပ်လိုက်သည်။ ယင်းက သွေးစက်ဟုသာခေါ်သော်လည်း ပင်လယ်ကြီးတမျှ ကြီးမားသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည် မည်သည့်အချိန်ကိုမှ မဖြုန်းတီးပေ။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က သွေးပင်လယ်ထဲသို့ ရူးသွပ်မှု၊ ဆာလောင်မှု၊ စိတ်လှုပ်ရှားမှုနှင့်အတူ ဝင်ရောက်သွားကြသည်။
သူတို့က အထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ကြီးမားသော ခုခံမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ထွက်ပေါ်လာသည်။ ယင်းက အလွန်ကျယ်ပြောပြီး သက်ရှိအားလုံးကို ဖယ်ရှားပစ်နိုင်သော စိတ်ဆန္ဒကိုလည်း ပိုင်ဆိုင်ထားသည်။
ကြောက်စရာကောင်းသော ထိုစွမ်းအင်က သွေးပင်လယ်ထဲမှ ထွက်ပေါ်လာခြင်းသာမဟုတ် နတ်ဘုရားမျက်နှာပျက်ကြီးထံမှလည်း ထွက်ပေါ်လာနေသည်။
ထိုနေရာသည် နတ်ဘုရားမျက်နှာပျက်ကြီးနှင့် အလွန်နီးကပ်လေရာ ယခင်က မည်သည့်သက်ရှိမှ မရောက်လာဖူးပေ။ နတ်ဘုရားမျက်နှာပျက်ကြီး၏ အရှိန်အဝါသည်တော့ ပြောစရာမလိုအောင် အလွန်ချောက်ချားစရာကောင်းသည်။
အကယ်၍ နတ်ဘုရားသုံးပါးက ဤနေရာမှာ ရပ်နေမည်ဆိုလျှင်ပင် ၎င်းတို့က အချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ နောက်ဆုံးမှာ ၎င်းတို့၏ ခန္ဓာကိုယ်က ယိုယွင်းပျက်စီးသွားပြီး ဝိညာဉ်က ဖျက်ဆီးခံရလိမ့်မည်။
အားညို၏ ပြင်ဆင်မှုများက မည်မျှစေ့စပ်သေချာပါစေ ဤအခိုက်အတန့်မှာ အင်ပါယာအလောင်းပေါ်တွင် ယိုယွင်းပျက်စီးနေသော လက္ခဏာများ ထွက်ပေါ်လာဆဲပင်။
သို့သော်လည်း အကန့်အသတ်ရှိသော ထိုအချိန်တိုလေးအတွင်းမှာ အားညိုနှင့် ရွှီချင်းသည် အရာအားလုံးကို ပုံအောလိုက်ကြသည်။
ယင်းက မည်မျှအန္တရာယ်များကြောင်း သူတို့အာရုံခံနိုင်ပေသည်။ သို့သော်လည်း ယခုအချိန်မှာ သူတို့က ထိုအချက်ကို လျစ်လျူရှုထားကြသည်။
သူတို့က အသက်တစ်ခါရှူချိန်ကို အသုံးပြု၍ သွေးပင်လယ်ထဲသို့ ဆင်းသက်သွားကြသည်။ ဒုတိယအသက်ရှူချိန်မှာ ခေါင်းဆောင်သည် ကြီးမားသော ပါးစပ်ပေါက်အဖြစ် အသွင်ပြောင်းလဲသွားပြီး အရာအားလုံးကို ရူးသွပ်စွာ ဝါးမျိုလိုက်သည်။
သို့သော်လည်း တစ်လုပ်ဝါးမျိုလိုက်ရုံဖြင့် ခေါင်းဆောင်က ပြိုကွဲပျက်စီးသွားသည်။
သူက ခန္ဓာကိုယ်ကို ချက်ချင်း ပြန်ဖွဲ့စည်းလိုက်သည်။ သူ၏ မျက်နှာက ဖြူဖျော့နေသော်လည်း သူက နောက်တစ်ကြိမ် ပါးစပ်ဟလိုက်သည်။ ဤသည်မှာ သူက သွေးကို စုပ်ယူနေခြင်းမဟုတ်ဘဲ အထူးနည်းလမ်းတစ်ခုကို အသုံးပြု၍ သိုလှောင်နေသည့်အလားပင်။
သူက ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးသွားမည်ကို လုံးဝမစိုးရိမ်ဟန် ရ၏။
ရွှီချင်းသည်လည်း ရူးသွပ်စွာ ဝါးမျိုလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဝုန်းခနဲ မြည်သွားပြီး ဗလာနတ္ထိကုန်းမြေက အပြင်းအထန် လူးလွန့်သွားသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
အံ့ဖွယ်အကောင်းဆုံးအရာမှာ နတ်ဘုရားအခွင့်အာဏာများ၏ အမှတ်အသားတစ်ရာကျော်သည် သူ၏ ဗလာနတ္ထိကုန်းမြေထဲမှာ ထွက်ပေါ်လာကြသည်။
တစ်ခုသိထားရမည်မှာ ရွှီချင်းသည် အတိတ်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း နတ်ဘုရားအမှတ်အသားလေးခုကိုသာ ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော်လည်း ယခု သူက သွေးတစ်လုပ်ကို ဝါးမျိုလိုက်ရုံဖြင့် နတ်ဘုရားအမှတ်အသားတစ်ရာကျော်ကို ချက်ချင်း ရရှိသွားသည်။
ယင်းကိုကြည့်ခြင်းအားဖြင့် နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးက မည်မျှအံ့ဖွယ်ကောင်းကြောင်း မြင်နိုင်ပေသည်။
သို့သော်လည်း ထိုနတ်ဘုရားအမှတ်အသားများက အရောင်မှေးမှိန်နေပြီး အမှန်တကယ် ဒြပ်ထည်မဖွဲ့စည်းသေးပေ။ ၎င်းတို့က ပုံရိပ်ယောင်သာ ဖြစ်သည်။ အကယ်၍ သူက ၎င်းတို့ကို အမှန်တကယ် ဒြပ်ထည်ဖွဲ့စည်းချင်သည်ဆိုလျှင် ၎င်းတို့ကို ဆင်ခြင်နားလည်အောင် ကြိုးစားရလိမ့်မည်။
မည်သို့ဖြစ်ပါစေ ယင်းက သူ့အတွက် တန်ဖိုးမဖြတ်နိုင်သော အခွင့်အရေးတစ်ခု ဖြစ်သည်။
ရွှီချင်းက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်လည်း ထိုအဖြစ်အပျက်ကြောင့် သူ၏ စိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူက ဖော်မပြနိုင်အောင် စိတ်လှုပ်ရှားသွားသည်။
သူ၏ ဆာလောင်မှုသည်လည်း အစအနရှာမရအောင် ပျောက်ကွယ်သွားသည်။
ပြင်းပြသော စိတ်ကျေနပ်မှုသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
ယင်းတို့အားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ရွှီချင်းသည် အံကြိတ်လိုက်သည်။ တစ်လုပ်ဝါးမျိုပြီးနောက် သူက ဗိုက်ဝသွားပြီဖြစ်သော်လည်း ဤနေရာကို အသက်စွန့်စားပြီး ရောက်လာခဲ့ခြင်းဖြစ်လေရာ တစ်လုပ်တည်းဖြင့် မည်သို့ကျေနပ်နိုင်မည်နည်း။
သို့ဖြစ်၍ ဒုတိယအသက်ရှူချိန် အဆုံးသတ်ပြီး တတိယအသက်ရှူချိန် ကျရောက်လာတော့မည့်အချိန် သူက ပါးစပ်ဟလိုက်ပြီး နောက်တစ်ကြိမ် ဝါးမျိုလိုက်သည်။
တစ်ချိန်တည်းမှာ သူက ခရမ်းသလင်းကျောက်ကို လှုံ့ဆော်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ အကယ်၍ သူ့ဆီမှာ နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးကို ထိန်းသိမ်းနိုင်မည့် ပစ္စည်းတစ်ခုရှိမည်ဆိုလျှင် ထိုပစ္စည်းသည် သေချာပေါက် ခရမ်းသလင်းကျောက် ဖြစ်လိမ့်မည်။
အကယ်၍ ခရမ်းသလင်းကျောက်ပင် ယင်းကို မသိုလှောင်နိုင်ဘူးဆိုလျှင် ရွှီချင်းက နောင်တရလိမ့်မည်။ သို့သော်လည်း သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။
နောက်အခိုက်အတန့်မှာ ခရမ်းရောင်အလင်းသည် ရွှီချင်း၏ တစ်ကိုယ်လုံးပေါ်မှာ ထွန်းလင်းတောက်ပလာသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်မှ သွေးသည် ခရမ်းသလင်းကျောက်ဆီသို့ ဒလဟော စီးဆင်းသွားသည်။
“ အောင်မြင်တယ် ”
ရွှီချင်းက စိတ်လှုပ်ရှားသွားပြီး အစွမ်းကုန် ထုတ်သုံးလိုက်သည်။
သို့သော်လည်း အချိန်သည် အကန့်အသတ်ရှိသည်။
ထိုအဖြစ်အပျက်အားလုံးက အသက်သုံးခါရှူချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
စတုတ္ထအသက်ရှူချိန် ကျရောက်လာသည့်အခိုက် စကားလုံးမဲ့ ကျောက်တုံးကျမ်းစာ၏ ဖုံးကွယ်မှုအစွမ်းသည် နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားသည်။
၎င်း၏ အစွမ်းက မှော်ဆန်ပြီး ခေါင်းဆောင်က ၎င်းကို အကြိမ်ပေါင်းများစွာ သန့်စင်ခဲ့သော်လည်း ဤအခိုက်အတန့်မှာ ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိသွားသည်။
ဖုံးကွယ်မှုအစွမ်း မရှိတော့သည့်အခါ ၎င်းတို့ကို ကာကွယ်ပေးရန် အင်ပါယာအလောင်းတစ်ခုတည်းသာ ကျန်ရှိတော့သည်။ ရွှီချင်းနှင့် ခေါင်းဆောင်သည် ထိတ်လန့်ချောက်ချားသွားသည်။ သို့သော်လည်း သူတို့က သွေးပင်လယ်အား ဝါးမျိုနေခြင်းကို မရပ်တန့်ခဲ့ကြပေ။
သူတို့၏ ရူးသွပ်စွာ ဝါးမျိုမှုအောက်မှာ သွေးပင်လယ်သည် (၃၀)ရာခိုင်နှုန်းခန့် ကျုံ့သွားသည်။
သို့သော်လည်း ယိုယွင်းပျက်စီးမှုက ဆက်လက် ဖြစ်ပွားနေဆဲပင်။ အင်ပါယာအလောင်း၏ ခန္ဓာကိုယ်သည် ဆိုးဝါးစွာ ယိုယွင်းပျက်စီးနေပြီး ပြာအဖြစ်သို့ ပြောင်းလဲနေသည်။
ထိုအလောင်းသည် သာမန်မဟုတ်ပေ။ ၎င်းအသက်ရှင်ခဲ့စဉ်က မည်သည့်ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ခဲ့ကြောင်း မသိရပေ။ မည်သို့ဖြစ်ပါစေ ၎င်းသည် အနိမ့်ဆုံး မဟာဧကရာဇ်အဆင့်မှာ ရှိနိုင်လောက်သည်။ ထို့ပြင် ၎င်းမှာ နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာလည်း ရှိသည်။
သို့ဖြစ်၍ အင်ပါယာအလောင်းသည် ဤအခိုက်အတန့်မှာ ရွှီချင်းနှင့် ခေါင်းဆောင်အတွက် အကြီးမားဆုံး အကာအကွယ်အလွှာ ဖြစ်လာသည်။
သို့သော်လည်း ၎င်းက သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သည်။ ၎င်းက အားပြန်ဖြည့်စရာ ဇစ်မြစ်မရှိသော အခွံလွတ်အလောင်းတစ်လောင်းသာ ဖြစ်သည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ နတ်ဘုရားမျက်နှာပျက်ကြီး၏ အရှိန်အဝါအောက်မှာ ၎င်းက မြန်ဆန်စွာ ယိုယွင်းပျက်စီးသွားနေသည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ အရှိန်အဝါသည် ကံကြမ္မာနှင့် ကြယ်များကို ဖျက်ဆီးနိုင်သည်။
အင်ပါယာအလောင်းသည် ယင်းကို မတားဆီးနိုင်ပေ။ ရွှီချင်းနှင့် အားညိုက အင်ပါယာအလောင်းကို ဆုံးရှုံးသွားသည်နှင့် နတ်ဘုရားမျက်နှာပျက်ကြီး၏ အရှိန်အဝါအောက်မှာ အသက်တစ်ခါရှူချိန်ကြာအောင်ပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
အသက်ခြောက်ခါရှူချိန်အတွင်းမှာ ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးက သူတို့အပေါ်သို့ ဆင်းသက်လာသည်။
သွေးပင်လယ်သည် (၄၀)ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။
“ မင်းမှာ အရံအစီအစဉ်ရှိသေးလား… မရှိရင် ငါတို့ထွက်သွားရအောင် ”
ရွှီချင်းသည် သူ၏ နှလုံးသားထဲမှ အလိုရမ္မက်ကို ဖိနှိပ်လိုက်ပြီး ခေါင်းဆောင်ဆီသို့ အသံပို့လွှတ်လိုက်သည်။
“ ဒါပေါ့… ငါ့မှာ နောက်ဆုံးဝှက်ဖဲ ကျန်နေသေးတယ် ”
ခေါင်းဆောင်သည် ရွှေရောင်အမွှေးကို အသုံးပြု၍ တည်နေရာမပြောင်းရွှေ့ခဲ့ပေ။ ယင်းအစား သူက ကြောက်လန့်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး နတ်ဘုရားစိတ်အာရုံဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဆရာ… တကယ်လို့ အခု ဆရာ မထွက်ပေါ်လာဘူးဆိုရင် မင်းရဲ့ တပည့်ကောင်းနှစ်ယောက်ကို ဆုံးရှုံးရလိမ့်မယ် ”
ရွှီချင်းသည် မျက်လုံးဝင်းလက်သွားသည်။
ကောင်းကင်ပေါ်မှ မြင်ကွင်းသည် ကျင့်ကြံသူအားလုံးကို နောက်တစ်ကြိမ် အံ့ဩထိတ်လန့်သွားစေသည်။
လှောင်ချိုင့်ကို ချိုးဖောက်ခြင်းသည် အံ့ဖွယ်ကောင်းသော အရာဖြစ်သည်။ သို့သော်လည်း အားညိုနှင့် ရွှီချင်း၏ လောဘကြီးမှုက သူတို့ကို ပိုပြီးထိတ်လန့်သွားစေခဲ့သည်။
ထိုသို့လောဘကြီးမှုကို ရူးသွပ်သည်ဟု ပြောရန်ပင် မလုံလောက်တော့ပေ။
ယင်းကို ဝမ်ကူးကုန်းမြေ၏ သမိုင်းထဲမှာ မှတ်တမ်းတင်ထားသင့်သည်ဟု ပြောလျှင်ပင် ချဲ့ကားလွန်းရာမကျပေ။
ဤအခိုက်အတန့်မှာ နတ်ဘုရားများသော်လည်းကောင်း၊ အစွမ်းထက် မျိုးနွယ်စုကြီးများသော်လည်းကောင်း၊ ဤကုန်းမြေပေါ်မှ ပညာရှင်ကျင့်ကြံသူများသော်လည်းကောင်း သို့မဟုတ် ပုန်းကွယ်နေကြသော ရှေးခေတ်တည်ရှိမှုများသော်လည်းကောင်း ၎င်းတို့အားလုံးက အပြင်းအထန် နှလုံးတုန်သွားကြသည်။ သူတို့၏ အသိစိတ်သည် ဝုန်းခနဲ လှုပ်ခတ်သွားပြီး သူတို့၏ နှလုံးသားထဲမှာ ကြီးမားသော မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။
ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရား ရှေးဦးအပျက်အစီး၏ မျက်နှာသည် ဝမ်ကူးကုန်းမြေ၏ ကောင်းကင်အထက်မှာ တည်ရှိနေပြီး ၎င်း၏ ကျောရိုးသည် ဝမ်ကူးကုန်းမြေတစ်ခုလုံးကို တင်းကျပ်စွာ ရစ်ပတ်ထားသည်။ ၎င်းက အတိတ်မှာရော ပစ္စုပ္ပန်မှာရော အထွတ်အမြတ်တည်ရှိမှု ဖြစ်သည်။
၎င်း၏ အထွတ်အထိပ်နေ့ရက်များတွင် ရှေးဦးအပျက်အစီးဟူသော အမည်နာမသည် ဤစကြာဝဠာ၏ ကြယ်တာရာစက်ဝန်း(၃၆)နှင့် မရေမတွက်နိုင်သော ကြယ်တာရာနယ်ပယ်များထဲမှာ ပျံ့နှံ့သွားခဲ့သည်။ ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရားဟူသော ၎င်း၏ အဆင့်ကြောင့် ဤစကြာဝဠာတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းလုနီးပါး အစွမ်းထက်သည်။
၎င်းက အသင်္ချေကမ္ဘာများ၏ ကိုးကွယ်ပူဇော်ခြင်းခံရသည့်အပြင် မရေမတွက်နိုင်သော သက်ရှိများ၏ ကံကြမ္မာကိုလည်း ၎င်း၏ အတွေးတစ်ချက်ဖြင့် အဆုံးအဖြတ်ပေးနိုင်သည်။
ဉာဏ်အလင်းပွင့်နတ်ဘုရားအဆင့်သို့ ၎င်း၏ အဆင့်ချိုးဖြတ်မှုက ကျရှုံးသွားပြီး အလွန်ကြီးမားသော တန်ပြန်ဆိုးကျိုးကြောင့် ၎င်း၏ ခန္ဓာကိုယ်က ဆိုးဝါးစွာ ပျက်စီးသွားခဲ့သော်လည်း မည်သူမှ ၎င်းကို ရန်မပြုဝံ့ကြချေ။
ဝေလငါးတစ်ကောင်၏ သေဆုံးမှုက သက်ရှိအများအပြားကို မွေးဖွားပေးနိုင်သည်။ ယင်းက ဤသဘောတရားနှင့် ဆင်တူသည်။
၎င်း၏ ကျရှုံးမှုက နှစ်ပေါင်းမြောက်များစွာအတွင်း မရေမတွက်နိုင်သော နတ်ဘုရားများကို မွေးဖွားစေခဲ့သည်။ ၎င်းက မည်သည့်နေရာသို့ သွားရောက်ပါစေ ထိုနေရာမှာ နတ်ဘုရားများက မွေးဖွားလာကြပြီး ၎င်းနောက်သို့ လိုက်ပါအမှုထမ်းကြလိမ့်မည်။
နတ်ဘုရားအားလုံးက ၎င်းကို ဘုရားသခင်အဖြစ် ကြောက်ရွံ့ရိုသေကြသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားမျက်နှာပျက်ကြီး၏ အဆင့်အတန်းကို မြင်နိုင်လိမ့်မည်။
သို့ဖြစ်၍ ရှေးခေတ်ကာလကတည်းက နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားကို လိုချင်တပ်မက်ခဲ့ကြသော တည်ရှိမှုတချို့ရှိခဲ့သော်လည်း မည်သူမှ အမှန်တကယ် မလုပ်ဆောင်ဝံ့ကြချေ။
အကယ်၍ ကျင့်ကြံသူများက နတ်ဘုရားအတားအဆီးကို မချိုးဖြတ်နိုင်ဘူးဆိုလျှင် သူတို့က နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားကို လုံးဝစိတ်ကူးယဉ်နိုင်လိမ့်မည် မဟုတ်ချေ။ နတ်ဘုရားများသည်တော့ နတ်ဘုရားမျက်နှာပျက်ကြီးကို ကြောက်ရွံ့ရိုသေသောကြောင့် ၎င်းတို့ဆီမှာ ထိုသို့အတွေးမျိုး မရှိကြပေ။
သို့ဖြစ်၍ နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားကို ဝါးမျိုခြင်းသည် ဤမတိုင်ခင် လုံးဝမဖြစ်နိုင်သော ကိစ္စဖြစ်သည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ အရှိန်အဝါက သက်ရှိအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်ကြောင်းကိုတော့ ထည့်ပြောနေရန် မလိုအပ်ပေ။
သို့သော်လည်း ယနေ့ လူတိုင်း၏ အကြည့်အောက်မှာ လူနှစ်ယောက်သည် နတ်ဘုရားမျက်နှာပျက်ကြီး၏ ဘေးမှာ ထွက်ပေါ်လာရုံသာမက ဖော်မပြနိုင်သော ရူးသွပ်မှုနှင့်အတူ သွေးစက်ကို အငမ်းမရ ဝါးမျိုနေကြသည်။
ရွှီချင်းနှင့် အားညို၏ လုပ်ရပ်ကို ဆင်တစ်ကောင်အား ဝါးမျိုနေသော မြွေများဟု ဥပမာပေး၍ ဖော်ပြလျှင် သင့်တော်လိမ့်မည် မဟုတ်ချေ။ အတိအကျဆိုရလျှင် သူတို့က ဧရာမနဂါးတစ်ကောင်ကို ဝါးမျိုနေသော ပုရွက်ဆိတ်များ ဖြစ်ကြသည်။
အရေးကြီးဆုံးမှာ သူတို့က အောင်မြင်တော့မည့်ဟန် ရ၏။ ထို့အတူ အမြစ်ဖြတ်သုတ်သင်ခြင်းစွမ်းအားက သူတို့အပေါ်သို့ ကျရောက်လာတော့မည်။
ဤအခိုက်အတန့်မှာ တစ်လောကလုံးက သူတို့နှစ်ယောက်ကို အာရုံစိုက်နေကြသည်။
ဘယ်လောက် ရူးမိုက်လိုက်လဲ…
ဘယ်လောက် ရဲတင်းလိုက်လဲ…
ဘယ်လိုတောင် သေလမ်းရှာရဲတာလဲ…
နတ်ဘုရားစိတ်အာရုံများနှင့် အကြည့်များစွာက သူတို့နှစ်ယောက်ကို အာရုံစိုက်နေကြပြီး သူတို့၏ သေဆုံးမှုကို မျက်မြင်တွေ့ချင်နေကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ…
အလွန်ကြီးမားသော ဧရာမရွှေရောင်လက်တစ်ဖက်သည် ကောင်းကင်ပေါ်မှ နတ်ဘုရားအတားအဆီး၏ အပြင်ဘက်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုဧရာမလက်ထဲမှာ အလွန်အံ့ဖွယ်ကောင်းသော နတ်ဘုရားအစွမ်း ရှိသည်။ ဧရာမလက်ထွက်ပေါ်လာသည်နှင့်ချက်ချင်း ၎င်းထံမှ အရှိန်အဝါသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။
၎င်းက နတ်ဘုရားမျက်နှာပျက်ကြီး၏ အသားအပိုင်းအစကြီးတစ်ခုကို အမှန်တကယ် ဖမ်းဆုပ်လိုက်သည်။ ထိုမျှတင် မကသေးပေ။ ၎င်းက ရွှီချင်းနှင့် အားညိုရှိနေသော သွေးပင်လယ်ကိုပင် ဆည်ယူလိုက်သေးသည်။
ထို့နောက် ၎င်းက နောက်ထပ် အသားအပိုင်းအစကြီးတစ်ခုကို ဖမ်းဆုပ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်တွေ့သွားသော နတ်ဘုရားအားလုံးသည် တုန်လှုပ်ချောက်ချားသွားကြသည်။
နတ်ဘုရားသုံးပါး၏ အမူအရာသည်လည်း သိသာစွာ ပျက်ယွင်းသွားကြသည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်ခွံသည်တော့ အနည်းငယ် လှုပ်ခါသွားသည်။
နောက်အခိုက်အတန့်မှာ ဧရာမလက်သည် တုန်ယင်သွားပြီး ပြိုကွဲပျက်စီးသွားသည်။
ရွှေရောင်သွေးသည် ရေပန်းသဖွယ် ပြန့်ကျဲသွားသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ထွက်ပေါ်လာသော ဧရာမလက်သည် လောဘစိတ်ဆန္ဒ၏ ဇစ်မြစ်ဖြစ်ကြောင်း ထင်ရှားပေသည်။ ၎င်းက ယိုယွင်းပျက်စီးနေသော်လည်း ဧရာမပါးစပ်ပေါက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး နောက်ပြန်မဆုတ်ခင် အသွေးအသားများကို ရူးသွပ်စွာ ဝါးမျိုလိုက်သည်။
သို့သော်လည်း ထိုအတွက် ပေးဆပ်ရသည့် တန်ဖိုးသည် အလွန်ကြီးမားသည်။ လက်ဝါးသည် ပြိုကွဲသွားပြီး ၎င်း၏ လက်ချောင်းများသည် ဖျက်ဆီးခံလိုက်ရသည်။ နောက်ဆုံးမှာ ရွှေရောင်အလင်းဘောလုံးတစ်လုံးသာ ကျန်ရစ်တော့သည်။ ရွှေရောင်အလင်းဘောလုံးသည် ရွှီချင်းနှင့် အားညိုကို အဝေးသို့ ခေါ်ဆောင်သွားသည်။
သို့သော်လည်း ၎င်းက အလွန်နောက်ကျသွားဆဲပင်။ ရွှေရောင်အလင်းဘောလုံးသည် ဖျက်ဆီးခံလိုက်ရသည်။ ၎င်းက လွင့်ပြယ်တော့မည့်အခိုက် အော်ငေါက်သံသည် ရွှီချင်းနှင့် အားညို၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ခွေးရူးနှစ်ကောင်… မြန်မြန် ထွက်ပြေးကြ… ငါနောက်ထပ် မတောင့်ခံနိုင်တော့ဘူး ”
ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း (၁၀)ရာခိုင်နှုန်းသာ ကျန်ရှိတော့သော သွေးပင်လယ်ထဲမှ ယိုယွင်းပျက်စီးနေသည့် အင်ပါယာအလောင်းထဲတွင် ဒုတိယရွှေရောင်အမွှေးသည် ချက်ချင်း အသက်ဝင်လာသည်။
ရွှေရောင်အလင်းဘောလုံး၏ ကာကွယ်ပေးမှုအောက်မှာ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားသည် ချက်ချင်း ပေါ်လျှိုးလာပြီး တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ထိုအလင်းရောင် ထွက်ပေါ်လာစဉ် ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အင်ပါယာအလောင်း၏ မျက်လုံးမှတဆင့် ရွှေရောင်အလင်းဘောလုံးကို ကြည့်လိုက်သည်။
ရွှေရောင်အလင်းဘောလုံးသည် လုံးဝပျောက်ကွယ်သွားသည်။
ရွှီချင်းသည် စိတ်သက်သာရာရသွားပြီး အကြည့်ပြန်ရုပ်ရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက မျက်လုံးမှေးကျဉ်းလိုက်သည်။
အဝေးမှ အဆုံးမဲ့သော ကြယ်တာရာကောင်းကင်ထဲတွင် ကြယ်ဂြိုလ်တစ်ရာခန့် တည်ရှိနေကြောင်း သူမြင်တွေ့သွားသည်။ ၎င်းတို့က ဥက္ကာပျံများသဖွယ် ဝမ်ကူးကုန်းမြေဆီသို့ ချဉ်းကပ်လာနေကြဟန် ရသည်။
အကွာအဝေးသည် အလွန်ဝေးကွာလှသည်။ ၎င်းတို့က မည်သည့်အရာဖြစ်ကြောင်း သူမသိပေ။ သူက ၎င်းတို့ကို အနီးကပ် သေချာကြည့်ရှုရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အလွန်နောက်ကျသွားချေ၏။
နောက်အခိုက်အတန့်မှာ သူရှိနေသော အင်ပါယာအလောင်းသည် တည်နေရာပြောင်းရွှေ့ခြင်းနှင့်အတူ ပျောက်ကွယ်သွားသည်။