နောက်ဆုံးဝှက်ဖဲကတ်
Vol. 86 Ch. 1316
ကောင်းကင်သည် ပြန်လည်တည်ငြိမ်သွားသည်။
မြူခိုးနှင့် တိမ်တိုက်များသည် တည်နေရာပြောင်းရွှေ့ခြင်းအလင်းနှင့်အတူ လွင့်ပြယ်သွားသည်။
ကောင်းကင်ပေါ်တွင် သတ္တမသခင်ကြီး၏ ထွက်ပေါ်လာမှုကြောင့် နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်ခွံသည် အနည်းငယ် လှုပ်ခါသွားသည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ၎င်းက မျက်လုံးမဖွင့်လှစ်ခဲ့ပေ။
ဤအခိုက်အတန့်မှာ အင်ပါယာအလောင်းက ပျောက်ကွယ်သွားပြီး ရွှေရောင်လက်မှ ဖြစ်ပေါ်လာသော ရွှေရောင်အလင်းစက်က မှေးမှိန်သွားသည့်အခါ ကောင်းကင်သည် ပုံမှန်ပြန်ဖြစ်သွားသည်။
ဤသည်မှာ ဘာမှမဖြစ်ပျက်ခဲ့သည့်အလားပင်။
သို့သော်လည်း အကြောင်းတရားနှင့် အကျိုးတရားကို အာရုံစိုက်နေကြသော နတ်ဘုရားများနှင့် ပညာရှင်ကျင့်ကြံသူများအတွက်တော့ ယနေ့အဖြစ်အပျက်သည် ၎င်းတို့၏ ဘဝမှာ ဘယ်သောအခါမှ မေ့ပျောက်နိုင်မည့်အရာ မဟုတ်ချေ။
အထူးသဖြင့် နောက်ဆုံးအချိန်မှာ ထွက်ပေါ်လာသော ဧရာမရွှေရောင်လက် ဖြစ်သည်။ သိသာစွာပင် ၎င်းက ရဲတင်းသော လူသားနှစ်ယောက်ဖြင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်။ ထိုလက်၏ ဇစ်မြစ်ကို ခြေရာခံနိုင်သော်လည်း ၎င်း၏ လုပ်ဆောင်မှုသည် ကြည့်ရှုနေသူအားလုံးကို လေးနက်သောအမြင် ကျန်ရစ်စေခဲ့သည်။
တစ်ဖက်လူက သူ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ နတ်ဘုရားစည်းချအစီအရင်ကို ချိုးဖောက်ခဲ့ခြင်း မဟုတ်သော်လည်း သူက နတ်ဘုရားမျက်နှာပျက်ကြီးထံသို့ ချဉ်းကပ်သွားရန် ရူးမိုက်သော ကျင့်ကြံသူနှစ်ယောက်၏ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေခဲ့သည်။ သူ၏ နောက်ဆက်တွဲ လုပ်ဆောင်မှုများက ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်ပြခဲ့သည်။
“ သူက ကျင့်ကြံသူတစ်ယောက်ဆိုပေမဲ့ ကျင့်ကြံသူမဟုတ်ဘူး… နတ်ဘုရားတစ်ပါးဆိုပေမဲ့ နတ်ဘုရားတစ်ပါးမဟုတ်ဘူး ”
“ အဲ့ဒါက အင်မော်တယ်လမ်းစဉ်နဲ့ နတ်ဘုရားလမ်းစဉ်ကို အထူးအတတ်ပညာတချို့နဲ့ ပေါင်းစပ်ထားတဲ့ အမည်မသိစွမ်းအားပဲ ”
“ အဲ့ဒီအမည်မသိစွမ်းအားက အရမ်းအားကောင်းတယ်ဆိုပေမဲ့ ဒီတစ်ကြိမ် သူက အရမ်းလောဘကြီးတယ်… သူ ဒဏ်ရာအပြင်းအထန်ရသွားတာ သေချာတယ်… ဒါပေမဲ့ အဲ့လိုလောဘကြီးလို့ သူက ဘုရားသခင်ရဲ့ အသွေးအသားကို အများကြီး ရသွားတယ်… အနာဂတ်က မသေချာဘူး ”
“ အဲ့ဒီလူက စောစောက ထွက်ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူလား ”
“ အဲ့ဒီအမည်မသိလူက နတ်ဘုရားသုံးပါးကို ကူညီပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူမဟုတ်ဘူး ”
အတွေးများစွာသည် လူတိုင်း၏ စိတ်ထဲမှာ ပေါ်ထွက်လာသည်။ သူတို့၏ နားလည်မှုက တစ်ယောက်နှင့်တစ်ယောက် ကွဲပြားသောကြောင့် သူတို့၏ ခန့်မှန်းမှုများသည်လည်း ကွဲပြားခြားနားသည်။ ထို့ပြင် သူတို့က ဤကိစ္စနှင့်ပတ်သက်ပြီး တစ်ယောက်နှင့်တစ်ယောက် မဆွေးနွေးနိုင်ပေ။
ယင်းက အသိပညာနှင့် အမြင်၏ ကိစ္စဖြစ်သည်။
“ မင်းတို့အားလုံးကို နောက်ထပ် ငါမမြင်ချင်ဘူး ”
လူတိုင်း၏ အတွေးများက ပရမ်းပတာ လှုပ်ခတ်နေစဉ် နေနတ်ဘုရားသည် ခေါင်းမော့လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။
နတ်ဘုရားအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက ကောင်းကင်ဘုံမိုးခြိမ်းသံအဖြစ် ပြောင်းလဲသွားကာ ဘေးပတ်ဝန်းကျင်တွင် ဆက်တိုက် ပေါက်ကွဲထွက်သွားသည်။
နောက်အခိုက်အတန့်မှာ ဤနေရာသို့ အာရုံစိုက်နေကြသော အင်အားစုအသီးသီးမှ နတ်ဘုရားစိတ်အာရုံများနှင့် အကြည့်များသည် တစ်ယောက်ပြီးတစ်ယောက် ပြန်ဆုတ်သွားကြသည်။ သို့သော်လည်း ၎င်းတို့၏ စိတ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၊ အမည်မသိလူနှင့် ရဲတင်းသော လူသားနှစ်ယောက်အကြောင်းက ဆက်လက် ရှိနေဆဲပင်။
ယခု နတ်ဘုရားသုံးပါးက အောင်မြင်စွာ အဆင့်တတ်နိုင်သွားပြီဖြစ်လေရာ ၎င်းတို့က ဆက်ပြီး စောင့်ကြည့်နေရန် မလိုအပ်တော့ပေ။
နတ်ဘုရားသုံးပါးက ပြစ်ချက်မဲ့အဆင့်သို့ တတ်လှမ်းသွားသောကြောင့် ဝမ်ကူးကုန်းမြေမှ အစွမ်းထက်မျိုးနွယ်စုကြီးများကြားမှာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့မည်ဖြစ်ကြောင်း ၎င်းတို့ခန့်မှန်းနိုင်ကြသည်။
သို့ဖြစ်၍ ၎င်းတို့က စောစီးစွာ ကြိုပြင်ဆင်ထားရမည်။
မကြာမီ ဤကုန်းမြေသည် ဟာလာဟင်းလင်း ဖြစ်သွားသည်။ နေနတ်ဘုရားသည် ခေါင်းလှည့်လိုက်ပြီး ၎င်း၏ ဘေးမှ လနတ်ဘုရားနှင့် ကြယ်နတ်ဘုရားကို ကြည့်လိုက်သည်။ ၎င်းက စကားပြောရန် ပြင်လိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ၎င်းက ဝေဝါးလာသည်။
လနတ်ဘုရားသည်လည်း ယင်းကို အာရုံခံမိသွားသည်။ ၎င်းက အမူအရာကင်းမဲ့စွာ ရှိနေသော်လည်း နေရာမှ ပျောက်ကွယ်သွားသည်။
ကြယ်နတ်ဘုရားက တခစ်ခစ် ရယ်မောလိုက်သည်။
“ မင်းက အတော်သတ္တိရှိတာပဲ… ဒီနေရာကို တည်နေရာပြောင်းရွှေ့ရဲတယ် ”
“ ထားလိုက်ပါတော့… ဘာပဲဖြစ်ဖြစ် မင်းငါ့ကို ယန်အဆီအနှစ်ပေးဖို့ အကြွေးရှိသေးတယ် ”
ကြယ်နတ်ဘုရားသည် စကားပြောပြီးနောက် ဟင်းလင်းပြင်ထဲသို့ ခြေချလိုက်လေရာ ၎င်း၏ ဆွဲဆောင်မှုသော ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာ ကီလိုမီတာ(၅၀၀၀)အဝေးမှ၊ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ဒေသကြီးထဲတွင် တည်နေရာပြောင်းရွှေ့ခြင်းအလင်းသည် စွန့်ပစ်တောင်တစ်လုံးထံမှ ထွက်ပေါ်လာသည်။
ယင်းက ထွန်းလင်းတောက်ပသော အလင်းစက်ကွင်းတစ်ခုကို ဖြစ်ပေါ်စေပြီး အရပ်ရှစ်မျက်နှာဆီသို့ မုန်တိုင်းတစ်ခုပမာ ပျံ့ပွားသွားသည်။
မုန်တိုင်းဖြင့် သက်ရောက်ခံလိုက်ရသော စွန့်ပစ်တောင်ပေါ်မှ အပင်များနှင့် ကျောက်တုံးများသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြသည်။ မြေကြီးသည်လည်း ချော်ရည်အလား ပူပြင်းလာသည်။
စွန့်ပစ်တောင်ပေါ်မှ မုန်တိုင်း၏ အလယ်တွင် ပျက်စီးနေသော အလောင်းတစ်လောင်း ရှိသည်။
အလောင်းသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဆက်ပြီး မတောင့်ခံနိုင်တော့ဟန် ရ၏။ သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ပုံရိပ်နှစ်ခုသည် အလောင်းထဲမှ ခုန်ထွက်လာကြသည်။
သူတို့က ရွှီချင်းနှင့် အားညိုဖြစ်သည်။
ရွှီချင်း၏ ခြေလှမ်းသည် ဒယိမ်းဒယိုင်ဖြစ်နေပြီး သွေးသည် သူ၏ ပါးစပ်ထောင့်မှာ စီးကျနေသည်။ သူ၏ မျက်နှာသည် ပိုပြီးဖြူဖျော့နေပြီး သူ၏ ခန္ဓာကိုယ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။ သူ၏ ခိုင်မြဲသော စိတ်ခွန်အားကြောင့်သာ မပြိုလဲသွားအောင် ထိန်းထားနိုင်ခြင်း ဖြစ်သည်။ သူက အပြင်သို့ ရောက်လာသည်နှင့် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပိုင်နက်ထဲမှာသာ ရှိနေသေးကြောင်း အာရုံခံမိသွားသည့်အခါ ရွှီချင်း၏ မျက်နှာက မည်းမှောင်သွားသည်။
“ ဆရာ တစ်ခုခုဖြစ်သွားတာ ဖြစ်ရမယ်… ”
ရွှီချင်းက အက်ရှရှအသံဖြင့် ပြောသည်။ အကယ်၍ သတ္တမသခင်ကြီးသာ အဆင်ပြေသည်ဆိုလျှင် သူက သူတို့အတွက် တည်နေရာပြောင်းရွှေ့မည့် တည်နေရာကို ချိန်ညှိပေးပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် ဝေးရာသို့ တည်နေရာပြောင်းရွှေ့ပေးလိမ့်မည်။
အားညို၏ အခြေအနေသည်လည်း သိပ်မကောင်းပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပေါက်များဖြင့် ပြည့်နှက်နေသည်။ သူက မြေပြင်ပေါ်မှာ လဲလျောင်းနေလျက် အမောတကော အသက်ရှူနေရသည်။ ရွှီချင်း၏ စကားကို ကြားသောအခါ သူက မထူးမခြားနားအမူအရာဖြင့် လက်ယမ်းပြလိုက်သည်။
“ ကိစ္စမရှိပါဘူး… တကယ်လို့ အဖိုးကြီးတစ်ခုခုဖြစ်သွားရင် ဒါမှမဟုတ် သူသေသွားမယ်ဆိုရင် စီနီယာအကိုကြီးအနေနဲ့ သတ္တမသခင်ကြီးနေရာကို ငါဝင်ယူလိုက်မယ် ”
ခေါင်းဆောင်က တဟားဟား ရယ်မောလိုက်သည်။ သူက အေးဆေးတည်ငြိမ်နေပုံပေါ်သည်။
ခေါင်းဆောင်၏ သစ္စာမဲ့သော စကားကို ကြားသောအခါ ရွှီချင်းသည် ဘေးဘီသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
ခေါင်းဆောင်သည်လည်း မျက်မှောင်ကြုတ်သွားပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“ အဖိုးကြီးက အနားမှာ တကယ်မရှိတဲ့ပုံပဲ ”
“ ဘာမှစိုးရိမ်မနေနဲ့… အဖိုးကြီးက အတွေ့အကြုံများတဲ့လူ… သူ့ကို ငါတို့စိုးရိမ်နေဖို့ မလိုဘူး… သူက ဒီလောက်ကြီးတဲ့ ကိစ္စကို လုပ်ရဲမှတော့ ကြိုမပြင်ဆင်ထားဘဲ ဘယ်နေမလဲ… စိတ်အေးအေးထားစမ်းပါ… သူက ဒီထက်ပိုကြီးတဲ့ ကိစ္စတွေကိုတောင် အရင်က လုပ်ဖူးတယ်… သူသေမှာ မဟုတ်ဘူး ”
ခေါင်းဆောင်၏ စကားက အဓိပ္ပာယ်ရှိသည်ဟု ရွှီချင်းခံစားမိသောကြောင့် သူက ခေါင်းညိတ်လိုက်သည်။
ခေါင်းဆောင်သည် ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်ပြီး ရွှီချင်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုနှင့် ဘဝင်မြင့်မှုဖြင့် ပြည့်နှက်နေသည်။
“ ဘယ်လိုလဲ ဂျူနီယာညီလေး… ဒီတစ်ခေါက် ကိစ္စကြီးက တန်ရဲ့လား ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ဗလာနတ္ထိကုန်းမြေထဲမှ ဝေဝါးနေသော နတ်ဘုရားအမှတ်အသားတစ်ရာကျော်ကို ကြည့်လိုက်သည်။ အမှတ်အသားတစ်ခုစီသည် နတ်ဘုရားအခွင့်အာဏာတစ်မျိုး ဖြစ်သည်။
သူက ထိုပုံရိပ်ယောင်အမှတ်အသားများကို အစစ်အမှန်အဖြစ် ပြောင်းလဲရန် အမှတ်အသားတစ်ခုချင်းစီကို ဆင်ခြင်နားလည်အောင် ကြိုးစားရလိမ့်မည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ထိုနတ်ဘုရားအမှတ်အသားများဖြင့်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်က အဆင့်ကြီးတစ်ဆင့်ကို ကျော်လွှားသွားပြီဟု သတ်မှတ်နိုင်ပေသည်။
ထိုရိတ်သိမ်းမှုသည် အလွန်ကြီးမားသော ကံကြမ္မာဖြစ်သည်။
ယင်းက သူ၏ တိုက်ပွဲစွမ်းအားကို ကြီးကြီးမားမား တိုးမြှင့်သွားစေသည်။
ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာမှ ဖြစ်ပေါ်လာသော နတ်ဘုရားအဆောင်လည်း ရှိသေးသည်။
ထိုပစ္စည်းသည် အထွတ်အမြတ်ရတနာတစ်ခုဖြစ်ပြီး ထိုထဲမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ပါရှိသည်။ ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံက ဗလာနတ္ထိအဆင့်၏ အကန့်အသတ်သို့ ရောက်ရှိသွားသည့်အခါ ထိုပစ္စည်းသည် နတ်ဘုရားဆေးလုံးသဖွယ် အသုံးဝင်လာလိမ့်မည်။ သူက ယင်းကို သန့်စင်လိုက်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်က ပိုပြီးချောမွေ့သွားလိမ့်မည်။
အကယ်၍ သူက ဝိညာဉ်စုစည်းခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးနောက် ယင်းကို သန့်စင်လိုက်မည်ဆိုလျှင် သွေးမျိုးဆက်အမွေအနှစ်များနှင့် ကောင်းကင်ဘုံအန်တုနိုင်သော ကံကြမ္မာများမရှိဘဲ ဝမ်ကူးကုန်းမြေ၏ အတားအဆီးတစ်ခုဖြစ်သော အုပ်ချုပ်သူအဆင့်သို့ အောင်မြင်စွာ တတ်လှမ်းနိုင်လိမ့်မည်။
သို့သော်လည်း ယင်းက ထိုပစ္စည်း၏ တန်ဖိုးအကြီးမားဆုံး အသုံးပြုနည်း မဟုတ်သေးပေ။
အကယ်၍ ရွှီချင်းက တစ်နေ့နေ့မှာ သူ့ကိုယ်ပိုင်စွမ်းရည်ကို အသုံးပြု၍ အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းသွားပြီး ဤနတ်ဘုရားအဆောင်ကို သန့်စင်လိုက်မည်ဆိုလျှင် ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ အတင်းအကျပ် အဆင့်ချိုးဖြတ်နိုင်ရန် အခွင့်အရေး ရှိလာလိမ့်မည်။
ယင်းက အောင်မြင်နိုင်ခြေ အလွန်နည်းပါးသော်လည်း အကယ်၍ သူက နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးကို ထပ်ပေါင်းထည့်လိုက်မည်ဆိုလျှင်…
ရွှီချင်းသည် အပြင်းအထန် နှလုံးတုန်သွားသည်။ သူက ခရမ်းသလင်းကျောက်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။ ထိုနေရာမှာ ချိပ်ပိတ်ခံထားရသော ရွှေရောင်သွေးတစ်စက် ရှိသည်။
နတ်ဘုရားများ၏ သွေးက ရွှေရောင်ဖြစ်သော်လည်း ဤသွေးစက်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် တခြားနတ်ဘုရားများ၏ ရွှေရောင်သွေးသည် မစင်နှင့် မခြားတော့ပေ။
ဤရွှေရောင်သွေးစက်ကိုသာ စစ်မှန်သော နတ်ဘုရားသွေးစက်အဖြစ် သတ်မှတ်နိုင်သည်။ ယင်းက ဖော်မပြနိုင်အောင် အလွန်သန့်စင်သည်။ ရွှီချင်းက ထိုသွေးစက်ထဲမှ စကြာဝဠာတစ်ခုကိုပင် မြင်တွေ့သွားသည်။ တစ်ချိန်တည်းမှာ သူ၏ စိတ်သည် ဝုန်းခနဲ လှုပ်ခါသွားသည်။ သူ၏ စိတ်အာရုံထဲမှာ စကြာဝဠာသည် ဝေဝါးလာပြီး ဧရာမမျက်နှာပျက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုမျက်နှာပျက်ကြီးသည် ဝမ်ကူးကုန်းမြေပေါ်မှ ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရားသာ ဖြစ်သည်။
၎င်းက မျက်လုံးမှိတ်ထားသော်လည်း နက်ရှိုင်းသော ကမ္မသည် ရွှီချင်းနှင့် နတ်ဘုရားမျက်နှာပျက်ကြီးကြားမှာ ထွက်ပေါ်လာသည်။
ထိုကမ္မဆက်နွယ်မှုမှတဆင့် ရွှီချင်းက နားလည်သွားသည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးစက်သည် အထွတ်အထိပ်အဆင့် ကံကြမ္မာကောင်းတစ်ခုဖြစ်သော်လည်း ယင်းကို ဝါးမျိုခြင်းသည် ထိတ်လန့်ဖွယ်ကောင်းသော ကပ်ဘေးကို ခေါ်ဆောင်လာလိမ့်မည်။
နတ်ဘုရားမျက်နှာပျက်ကြီးသည် ရံဖန်ရံခါ မျက်လုံးဖွင့်လှစ်လေ့ရှိသော်လည်း ၎င်းက နိုးထလာခြင်းမဟုတ်ပေ။ ယင်းက ၎င်း၏ သဘာဝအလျောက် တုံ့ပြန်မှုသာ ဖြစ်သည်။
အကယ်၍ တစ်နေ့နေ့မှာ နတ်ဘုရားမျက်နှာပျက်ကြီးက အမှန်တကယ် နိုးထလာသည့်အခါ ၎င်းနှင့် ကမ္မဆက်နွယ်မှုရှိသော သက်ရှိအားလုံးသည် ၎င်းအတွက် ပထမဆုံးအစာ ဖြစ်လာလိမ့်မည်။
သို့သော်လည်း ရွှီချင်းအတွက်တော့ ယင်းက အရေးမကြီးပေ။ အဘယ့်ကြောင့်ဆိုသော် ဝမ်ကူးကုန်းမြေထဲမှ သက်ရှိအားလုံးအတွက်တော့ သူတို့သည် နတ်ဘုရားမျက်နှာပျက်ကြီးအတွက် လှောင်ချိုင့်ထဲမှာ ပိတ်လှောင်ခံထားရသော အစာများသာ ဖြစ်ကြသည်။
ရွှီချင်းက တိုးညင်းစွာ ပြောသည်။
“ တန်တယ် ”
ခေါင်းဆောင်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး အမျိုးသမီးများအသုံးပြုသော အနုပညာလက်ရာမြောက်သည့် ဖီးနစ်ဆံထိုးတစ်ချောင်းကို ရွှီချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
သူက စကားပြောတော့မည့်အချိန် ရုတ်တရက် ကောင်းကင်သည် မည်းမှောင်သွားသည်။ တစ်ချိန်တည်းမှာ ကြောက်စရာကောင်းသော ဖိအားသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ဤနေရာမှ အချိန်နှင့်လေဟာနယ်ကို သီးခြားခွဲထုတ်လိုက်သည်။
ယင်းက ခေါင်းဆောင်နှင့် ရွှီချင်းကို အထီးကျန်လှေငယ်လေးတစ်စင်းသဖွယ် ဖြစ်လာစေသည်။ လှေငယ်လေးသည် ပြင်းထန်သော မုန်တိုင်းကြားထဲမှာ ပရမ်းပတာ လှုပ်ခတ်နေပြီး အချိန်မရွေး ဖျက်ဆီးခံရတော့မည့်ဟန် ရ၏။
နတ်ဘုရားသုံးပါးသည် ဆင်းသက်လာကြသည်။
ရွှီချင်းသည် နှလုံးတုန်သွားသည်။ သူက ကောင်းကင်ကို အရိုအသေပေးလိုက်သည်နှင့် သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။
“ နတ်ဘုရားသုံးပါးကို နှုတ်ဆက်ပါတယ် ”
ရွှီချင်းက တိုးညင်းစွာ ပြောသည်။ သို့သော်လည်း သူက မချောက်ချားသွားပေ။ နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးကို ဝါးမျိုပြီး ၎င်းနှင့် သူ့ကြားမှ ကမ္မကို သိရှိသွားပြီးနောက် ယင်းက ကံကြမ္မာကောင်းတစ်ခုဖြစ်သလို ကပ်ဘေးတစ်ခုဖြစ်ကြောင်း သူနားလည်သွားသည်။
ခေါင်းဆောင်သည်လည်း ထိုသဘောတရားကို ရှင်းလင်းစွာ နားလည်ထားသည်။ ထို့ကြောင့် သူ့မှာ တခြားပြင်ဆင်ထားမှုများ ရှိသည်။ သို့ဖြစ်၍ သူက မကြောက်လန့်သွားပေ။ သူက နတ်ဘုရားသုံးပါးကို နှုတ်ဆက်လိုက်ပြီး ချောင်းဟန့်လိုက်ကာ စကားပြောရန် ပြင်လိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ နေနတ်ဘုရားသည် ရွှီချင်းနှင့် အားညိုကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်ကြောင့် ရွှီချင်းနှင့် အားညို၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ အမြစ်ဖြတ်သုတ်သင်ခြင်းစိတ်ဆန္ဒသည် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာပြီး သူတို့၏ အသက်ဓာတ်များကို ခြောက်သွေ့သွားစေသည်။
ဤသည်မှာ ထိုစွမ်းအားကို မခုခံနိုင်သလို မတားဆီးနိုင်သည့်အလားပင်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး အမြစ်ဖြတ်သုတ်သင်ခြင်းစိတ်ဆန္ဒကို ရပ်တန့်သွားစေသည်။
သူတို့ဝါးမျိုခဲ့သော နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးသည် အထွတ်အမြတ်ရတနာဖြစ်သည်။ နေနတ်ဘုရားနှင့် နှိုင်းယှဉ်လျှင် ယင်းက ရေခဲတုံးနှင့် သာမန်ရေကဲ့သို့ ခြားနားပေသည်။
သို့သော်လည်း ရေခဲတုံးသည် အလွန်သေးငယ်ပြီး ရေသည် အကန့်အသတ်မဲ့သည်။
လှိုင်းတဝုန်းဝုန်းထနေသော ပင်လယ်သည် ရေခဲတုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ကြယ်နတ်ဘုရားသည် လက်မြှောက်ရန် ပြင်လိုက်သည်။ သို့သော်လည်း ခေါင်းဆောင်က ထိုအခိုက်အတန့်မှာ အားကုန်သုံး၍ အော်ပြောလိုက်သည်။
“ ယွဲ့ယွဲ့… မိန်းမ… အချစ်လေး ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောက၏ အရောင်သည် ပြောင်းလဲသွားသည်။
ကြယ်နတ်ဘုရားသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ နေနတ်ဘုရား၏ မျက်လုံးထဲမှာ မြင်တွေ့ရခဲသော ဒေါသအရိပ်အယောင် ထွက်ပေါ်လာသည်။ အမြစ်ဖြတ်သုတ်သင်ခြင်းစိတ်ဆန္ဒသည် ၎င်းထံမှ ပေါက်ကွဲထွက်လာသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ လနတ်ဘုရားသည် အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ထိုခြေတစ်လှမ်းနှင့်အတူ အံ့ဖွယ်ကောင်းသော နတ်ဘုရားအစွမ်းသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး နေနတ်ဘုရား၏ အစွမ်းကို တားဆီးပေးလိုက်သည်။
ထို့နောက် လနတ်ဘုရားသည် အားညိုကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်လိုက်သည်။
ရွှီချင်းသည်လည်း ထိတ်လန့်သွားသည်။ ခေါင်းဆောင်ဆီမှာ အရံအစီအစဉ်ရှိနိုင်သေးသည်ဟု သူတွေးထားခဲ့သည်။ သို့သော်လည်း ထိုအစီအစဉ်က ယခုကဲ့သို့ဖြစ်လိမ့်မည်ဟု လုံးဝ သူမမျှော်လင့်ထားခဲ့ပေ။
ခေါင်းဆောင်သည်တော့ ဆက်လက် အော်ပြောသည်။
“ မိန်းမ… ညိုညို အမှားသိပါပြီ… ”
ရွှီချင်း၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာထွက်ပေါ်လာသည်။ ခေါင်းဆောင်၏ ညိုညိုဟူသော စကားကို ကြားလိုက်ရသောအခါ သူက ကြက်သီးမွေးညင်းထသွားသည်။
သို့သော်လည်း ခေါင်းဆောင်သည် ဘေးလူများကို ဂရုမစိုက်နိုင်ပေ။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲမှာ အချစ်ဓာတ်ဖြင့် ပြည့်လျှံနေပြီး သူ၏ မျက်နှာပေါ်မှာ နက်ရှိုင်းသော ချစ်မေတ္တာဖြင့် ပြည့်နှက်နေသည်။
“ မိန်းမ… ဒီဘဝမှာ ငါဘာလို့ ဒီကိုရောက်လာပြီး ရူးမိုက်စရာကောင်းတဲ့ အဲ့လိုကိစ္စတွေကို လုပ်ဆောင်ခဲ့လဲဆိုတာ မင်းသိလား… အဲ့ဒါ အရင်ဘဝတုန်းကလို မင်းအရှေ့မှာ နောက်တစ်ကြိမ် ငါရပ်နိုင်အောင်လို့ပဲ… ”
“ သေရမှာကို ငါမကြောက်ဘူး… ရူးသွပ်တာတွေ ရူးမိုက်တာတွေကိုလည်း ငါဂရုမစိုက်ဘူး… ဘာလို့လဲဆိုတော့ ငါ့နှလုံးသားထဲမှာ မင်းအပေါ်ထားတဲ့ အချစ်တွေပဲ ရှိတယ်… ဘာလို့လဲဆိုတော့ ငါက အချစ်အတွက်ဆိုရင် ဘာမဆိုစွန့်လွှတ်ရဲတဲ့ မင်းရဲ့ ညိုညိုဖြစ်နေသေးလို့ပဲ ”
“ ငါ့ရဲ့ အရင်ဘဝမှာ မင်းကို တန်ဖိုးမထားခဲ့ဘူး… ဒီဘဝမှာတော့ ကောင်းကင်ဘုံက အဲ့ဒီအခွင့်အရေးကို နောက်တစ်ကြိမ် ထပ်ပေးပေး မပေးပေး မင်းအရှေ့မှာ နောက်တစ်ကြိမ် ထပ်ရပ်နိုင်ဖို့ ငါတိုက်ခိုက်မယ် ”
“ ဒီအတွက် ငါက နှစ်တစ်သောင်းသက်တမ်းရှိတဲ့ မဟူရာရွှေကို ထာဝရသလင်းကျောက်ရယ် ငါ့ဂျူနီယာညီလေးရဲ့ အကူအညီနဲ့အတူ ဖီးနစ်ဆံထိုးနှစ်ချောင်းကို သန့်စင်ခဲ့တယ်… ဒီဟာက မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အချစ်တွေအတွက် သက်သေပဲ ”
“ ယွဲ့လေး… ကျေဇူးပြုပြီး ငါ့ရဲ့ ဖီးနစ်ဆံထိုးကို လက်ခံပေးပါ… အတိတ်မှာ ဖြစ်ခဲ့တာတွေကို အတိတ်မှာပဲ ပြီးပါစေတော့ ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် အစောနက ရွှီချင်းကို သူပေးခဲ့သော ဖီးနစ်ဆံထိုးနှင့် တစ်ပုံစံတည်းတူညီသည့် နောက်ထပ် ဖီးနစ်ဆံထိုးတစ်ချောင်းကို ထုတ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်သို့ ဒယိမ်းဒယိုင် ပျံသန်းသွားသည်။
သူက ခေါင်းငုံ့ထားပြီး လနတ်ဘုရား၏ မျက်နှာကို တည့်တည့်မကြည့်ပေ။ ဤသည်မှာ လနတ်ဘုရားက အေးတိအေးစက် အမူအရာဖြင့် သူ့အား ငြင်းဆန်လိုက်မည်ကို စိုးရွံ့နေသည့်အလားပင်။
ရွှီချင်းသည် ဆက်ပြီး နားမထောင်နိုင်တော့ပေ။ သို့သော်လည်း ယင်းက သူတို့၏ ဘေးကင်းလုံခြုံမှုနှင့် ဆက်စပ်နေသောကြောင့် သူက ခေါင်းဆောင်၏ ဝန်ခံမှုကို တိတ်တဆိတ် ရပ်ကြည့်နေရုံသာ တတ်စွမ်းပေသည်။
နောက်အခိုက်အတန့်မှာ ခေါင်းဆောင်က သူ့ကို မျက်စပစ်ပြလိုက်သည်။
ရွှီချင်းသည် ခေါင်းဆောင်နှင့်အတူ ကိစ္စများစွာကို ဆောင်ရွက်ခဲ့ဖူးသည်။ ထို့ကြောင့် ခေါင်းဆောင်၏ အကြည့်မှ အဓိပ္ပာယ်ကို ချက်ချင်း သူနားလည်သွားပြီး အစောနက သူ့အား တစ်ဖက်လူပေးခဲ့သော ဖီးနစ်ဆံထိုးကို စဉ်းစားမိသွားသည်။
အကယ်၍ တခြားအချိန်မှာသာဆိုလျှင် သူက သေချာပေါက် ငြင်းဆန်လိမ့်မည်။ သို့သော်လည်း ယခုတော့…
ရွှီချင်းသည် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ကြယ်နတ်ဘုရားကို ကြည့်လိုက်သည်။ သူက စိတ်ထဲမှာ သူ့ကိုယ်သူ အားပေးလိုက်ပြီး ပြောသည်။
“ အဆင့်မြင့်နတ်ဘုရား မီးလျှံကြယ်… ကျွန်တော် မင်းအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်… ”