သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူများ
Vol. 86 Ch. 1318
ဝမ်ကူးကုန်းမြေ… လျောင်ရွှမ်ဒေသငယ်…
ထိုဒေသငယ်သည် ရှေးခေတ်ကာလကတည်းက လူသားမျိုးနွယ်အပိုင်ဖြစ်ခဲ့ပြီး မဟာနန်းမြို့တော်ဒေသကြီး၏ အပြင်ဘက်ဒေသငယ်များထဲမှ တစ်ခုဖြစ်သည်။
အတိတ်မှာ လျောင်ရွှမ်ဒေသငယ်သည် လျောင်ရွှမ်သစ်သီးများကို ထုတ်လုပ်ပေး၍ နာမည်ကျော်ကြားခဲ့သည်။ လျောင်ရွှမ်သစ်သီးသည် ဥပဒေသများကို ဆင်ခြင်နားလည်ရာတွင် ကြီးမားသော အကျိုးကျေးဇူးရှိသည်။
သို့သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီး၏ ရောက်ရှိလာမှုနှင့်အတူ မဟာကပ်ဘေး ဆင်းသက်လာကာ နတ်ဘုရားအရှိန်အဝါက တစ်လောကလုံးကို ကျူကျော်ဝင်ရောက်လာစဉ် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ လျောင်ရွှမ်သစ်သီးများ ပျောက်ကွယ်သွားရုံသာမက ထိုဒေသငယ်သည် အကြောင်းအရင်းတချို့ကြောင့် နတ်ဘုရားအရှိန်အဝါအများအပြား၏ ကျူးကျော်ဝင်ရောက်ခြင်းခံခဲ့ရသည်။
သို့ဖြစ်၍ ထိုဒေသငယ်ထဲမှ ဒြပ်နှောများ၏ သိပ်သည်းမှုသည် တခြားနေရာများထက် အဆပေါင်းများစွာ ပိုပြီးပြင်းထန်သည်။
ထို့ကြောင့် လျောင်ရွှမ်ဒေသငယ်သည် ဒေသခံမျိုးနွယ်စုများနေထိုင်ရန် မသင့်တော်တော့ဘဲ တဖြည်းဖြည်း ကျက်တီးမြေသို့ ပြောင်းလဲသွားသည်။
ဒြပ်နှောများထဲတွင် သန္ဓေပြောင်းသားရဲများက မွေးဖွားလာကြပြီး ဤနေရာမှာ ထူးဆန်းသော သက်ရှိများသာ နေထိုင်နိုင်ကြသည်။
လျောင်ရွှမ်ဒေသငယ်ထဲမှ ဒေသခံမျိုးနွယ်စုများသည်တော့ ဘေးပတ်ဝန်းကျင်မှ ဧရိယာများဆီသို့ ရွှေ့ပြောင်းသွားကြသည်။ သူတို့က သန္ဓေပြောင်းသားရဲများနှင့် ထူးဆန်းသော သက်ရှိများ၏ ကျူးကျော်တိုက်ခိုက်မှုများကို အမြဲတမ်း ရင်ဆိုင်နေရသည်။
သူတို့က ဤနေရာမှ မထွက်သွားချင်ခြင်း မဟုတ်ပေ။ ဤလောကကြီးက အလွန်ကျယ်ပြောပြီး မျိုးနွယ်စုငယ်များအတွက် မည်သည့်နေရာကိုမဆို သွားရောက်နေထိုင်နိုင်သော်လည်း မည်သို့ဖြစ်ပါစေ ဒြပ်နှောနည်းပါးသော နေရာအားလုံးတွင် ပိုင်ရှင်ရှိပြီးသား ဖြစ်ကြသည်။
သူတို့က ဤနေရာမှာ နေထိုင်နိုင်ပေသည်။ အန္တရာယ်များက နေရာတိုင်းမှာ ရှိသော်လည်း အနည်းဆုံးတော့ သစ္စာဖောက်ခြင်းထက် မဆိုးဝါးပေ။ သို့ဖြစ်၍ သူတို့က ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရုံသာ တတ်စွမ်းကြသည်။
ထို့ပြင် လျောင်ရွှမ်ဒေသငယ်၏ တည်နေရာသည် ထူးခြားသည်။ လျောင်ရွှမ်ဒေသငယ်သည် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၊ လူသားမျိုးနွယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ သို့ဖြစ်၍ ထုံးစံအားဖြင့် လျောင်ရွှမ်ဒေသငယ်သည် မျိုးနွယ်စုနှစ်ခုအတွက် ကြားခံနယ်မြေဖြစ်လာသည်။ ထိုသို့ကြားနေမှုက လျောင်ရွှမ်ဒေသငယ်ထဲမှ ဒေသခံမျိုးနွယ်စုငယ်များကို အကျိုးအမြတ်တချို ရရှိစေသည်။
ဤအခိုက်အတန့်မှာ လျောင်ရွှမ်ဒေသငယ်၏ အနောက်ဘက်ပိုင်းတွင် ပုံရိပ်သုံးခုသည် အဆုံးမဲ့တောင်တန်းဒေသထဲမှ ထွက်လျှောက်လာကြသည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်ဖြစ်သည်။
သူတို့သုံးယောက်သည် လူသားများနှင့် အနည်းငယ် ဆင်တူသော်လည်း လူသားများ မဟုတ်ကြပေ။ သူတို့၏ ကျောပေါ်တွင် အသွေးအသားအတောင်ပံများရှိပြီး သူတို့၏ နဖူးပေါ်တွင် တတိယမျက်လုံးရှိသည်။
အရှေ့ဆုံးမှ ကျင့်ကြံသူသည် ရွှေရောင်အစင်းအကြောင်းများပါသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အရှေ့ဆုံးမှ လမ်းလျှောက်နေစဉ် သူ၏ ဝတ်စုံက တဖျပ်ဖျပ်လွင့်မျောသွားပြီး ရွှေရောင်အစင်းအကြောင်းများက တလက်လက် တောက်ပသွားသည်။ လေဟာနယ်အက်ကွဲကြောင်းများပင် သူ၏ ဘေးပတ်ဝန်းကျင်မှာ ဝေဝေဝါးဝါး ထွက်ပေါ်လာကြသည်။
ယင်းကိုကြည့်ခြင်းအားဖြင့် ထိုဝတ်စုံက မည်မျှအံ့ဖွယ်ကောင်းကြောင်း မြင်နိုင်ပေသည်။
သူဖြတ်လျှောက်သွားသည့်နေရာတိုင်း အေးစက်စက် လေပြေက ထွက်ပေါ်လာလိမ့်မည်။ ဤသည်မှာ သူက အသူရာချောက်နက်ထဲမှ ထွက်ပေါ်လာသော သေမင်းတမန်အလားပင်။
သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသန်မာသည်။ သူက သာမန်လူများထက် ခေါင်းတစ်လုံးပိုရှည်သည်။ သူ၏ ခန္ဓာကိုယ်က တောင်ငယ်တစ်လုံးပမာ အောက်မေ့ရပြီး ဖိနှိပ်သော ခံစားမှုကို ပေးသည်။ သူ၏ မျက်နှာက တင်းမာခက်ထန်နေပြီး မေးရိုးသည် ဓားဖျားသဖွယ် ချွန်ထက်သည်။ သူက ဆုံးဖြတ်ချက်ပြတ်သားပြီး အကြင်နာမဲ့သူဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသည်။
သူ၏ မျက်လုံးက နက်ရှိုင်းပြီး ညအမှောင်ကောင်းကင်နှင့် ဆင်တူသည်။ သူ့မျက်လုံး၏ အနက်ပိုင်းထဲမှာ ဉာဏ်များမှု၊ အေးစက်မှုနှင့် အကြင်နာမဲ့မှုက ပုန်းအောင်းနေလေရာ မည်သူမှ သူ၏ မျက်လုံးကို တိုက်ရိုက် မကြည့်နိုင်ဟန် ရသည်။
သူက အရှေ့သို့ ရွေ့လျားသွားနေစဉ် သူ၏ လက်ထဲမှ အနီရောင်မျက်လုံးတစ်လုံးကို ဆော့ကစားနေသည်။ ထိုမျက်လုံးသည် သွေးရောင်လွှမ်းနေပြီး အားကုန်သုံး၍ ရုန်းကန်နေသည်။ အနီရောင်အလင်း တလက်လက် တောက်ပနေစဉ် ၎င်းက စူးရှသော အော်ညည်းသံများကို ထုတ်လွှတ်နေသည်။
သို့သော်လည်း ၎င်းက လူငယ်၏ လက်ထဲမှ ရုန်းမထွက်နိုင်ပေ။
အကယ်၍ ဒေသခံကျင့်ကြံသူတစ်ယောက်သာ ဤနေရာမှာ ရှိမည်ဆိုလျှင် ထိုမျက်လုံးက မကောင်းသတင်းဖြင့် ကျော်စောသော မျက်လုံးမိစ္ဆာဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် မှတ်မိနိုင်လိမ့်မည်။
မျက်လုံးမိစ္ဆာသည် ထွက်ပြေးလွတ်မြောက်ရာတွင် အထူးကျွမ်းကျင်ပြီး ၎င်းကို ခြေရာခံရန် အတော်လေး ခက်ခဲသည်။ ၎င်းက ဝိညာဉ်ကိုလည်း ပစ်မှတ်ထားနိုင်သည်။ ပုံမှန်အားဖြင့် ဗလာနတ္ထိအဆင့် ကျင့်ကြံသူများပင် ထိုမျက်လုံးမိစ္ဆာဖြင့် ရင်ဆိုင်ရသည့်အခါ မျက်မှောင်ကြုတ်သွားကြလိမ့်မည်။
သို့သော်လည်း ယခု လူငယ်၏ လက်ထဲမှာ ၎င်းက ဆိုးဝါးသော အခြေအနေသို့ ကျရောက်နေသည်။ အကြိမ်ရေအနည်းငယ် အော်ညည်းပြီးနောက် ၎င်းက လူငယ်၏ လက်ထဲမှာ ချေမွဖျက်ဆီးခံလိုက်ရသည်။
“ ဒီညစ်ပတ်တဲ့ စွန့်ပစ်ကုန်းမြေက အော်ဂလီဆန်လိုက်တာ… အဲ့ဒါက ငါတို့သူတော်စင်ကုန်းမြေရဲ့ ဇာတိမြေဆိုတာ အခုထိ ငါမယုံကြည်နိုင်သေးဘူး… ဒီက မျိုးနွယ်စုတွေလည်းပဲ ညစ်ပတ်တဲ့ သတ္တဝါတွေ ဖြစ်လိမ့်မယ်ဆိုတာ ငါသေချာတယ်… သူတို့က နွားတွေ၊ ဝက်တွေနဲ့ သိပ်ကွာခြားမယ် မထင်ဘူး ”
လူငယ်သည် နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ ပြောသည်။
သို့သော်လည်း သူ၏ စကားဆုံးသည်နှင့် အေးစက်စက်အသံသည် သူ့အနောက်မှ ပျံ့လွင့်လာသည်။
“ တာအိုရောင်းရင်းဖုန်း… နင့်ရဲ့ စကားက အတော်လေး ရိုင်းစိုင်းလွန်းတယ်… ဒီနေရာက ရှေးဦးအပျက်အစီးရဲ့ တည်ရှိမှုကြောင့် အခုလိုဖြစ်နေတာဆိုတာ နင်ကောင်းကောင်း သိပါတယ်… အတိတ်မှာ အင်အားစုအသီးသီးရဲ့ သူတော်စင်ကုန်းမြေတွေက ဒီကနေ ထွက်သွားဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ဘူး… ဒီက ဒေသခံမျိုးနွယ်စုအများကြီးက သူတော်စင်ကုန်းမြေတွေထဲမှာ သူတို့ရဲ့ သွေးမျိုးစက်တွေကို ပြန်ရှာဖွေနိုင်တယ် ”
“ ငါတို့က ကောင်းကင်ပေါ်မှာရှိနေပြီး သူတို့က မြေကြီးပေါ်မှာ ရှိနေရုံပါပဲ… သူတို့က လှောင်ချိုင့်ထဲမှာ ပိတ်လှောင်ခံထားရတာကြောင့် အသက်ရှင်ဖို့ အတော်လေး ခက်ခဲတယ်… နင့်ရဲ့ စကားတွေက အရမ်းကြမ်းတမ်းတယ် ”
စကားပြောလိုက်သူသည် လူငယ်၏ ညာဘက်မှ အမျိုးသမီးဖြစ်သည်။
ထိုအမျိုးသမီးမှာ ကြော့ရှင်းတင့်တယ်သော ခန္ဓာကိုယ်ရှိပြီး သူ၏ နောက်ကျောမှာ ငွေရောင်အတောင်ပံတစ်စုံ ရှိသည်။ သူ၏ အသားအရေသည် ကျောက်စိမ်းပမာ ဖြူဖွေးပြီး ပန်းနုရောင် အနည်းငယ်သန်းသည်။
သူသည်လည်း ရွှေရောင်အစင်းအကြောင်းများပါသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ်မှ တမူထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းကို သူ၏ ကြော့ရှင်းတင့်တယ်သော ခန္ဓာကိုယ်ဖြင့် တွဲဖက်မြင်လိုက်သည့်အခါ သူက မိုးပေါ်မှ ကျဆင်းလာသော နတ်မိမယ်သဖွယ် အောက်မေ့ရသည်။
သိမ်မွေ့နူးညံ့မှုက သူ၏ ဘေးပတ်ဝန်းကျင်မှာ ပျံ့လွင့်နေသည်။
သူ၏ မျက်တောင်များသည် တောင်ကုန်းသဖွယ် ထူထဲပြီး နက်မှောင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်လုံးသည် လင်းလက်တောက်ပပြီး ကြည်လင်သည်။ ယင်းက အလင်းရောင် တလက်လက်ထနေသော ကန်ရေပြင်နှင့် ဆင်တူသည်။ တစ်စုံတစ်ယောက်က ထိုမျက်လုံးကို ကြည့်မိသွားလျှင် နောက်တစ်ကြိမ် ထပ်ကြည့်မိရန် သေချာပေါက် ကြိုးစားလိမ့်မည်။
လူငယ်သည် ပြန်ပြောရန် ပြင်လိုက်သည်။ သို့သော်လည်း သူ့အဖော်ကို အနည်းငယ် ကြောက်ရွံ့နေကြောင်း ထင်ရှားပေသည်။ သို့ဖြစ်၍ အဆုံးမှာ သူက မည်သည့်စကားမှ မပြောပေ။ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးကိုသာ ကြည့်လိုက်သည်။
သို့သော်လည်း ဘယ်ဘက်မှ အမျိုးသမီးသည်တော့ တခစ်ခစ် ရယ်လိုက်သည်။
“ တာအိုရောင်းရင်းယွဲ့တုန်… နင်ပြောတာ မှားတယ်… အတိတ်မှာ မျိုးနွယ်စုအသီးသီးရဲ့ မဟာဧကရာဇ်တွေနဲ့ ဧကရာဇ်တွေပဲ ထွက်သွားကြတယ်ဆိုပေမဲ့ အရည်အချင်းပြည့်မီတဲ့ လူအားလုံးက သူတို့နောက်ကို လိုက်ပါခွင့်ရကြတယ်… ဒီမှာ ကျန်နေခဲ့ကြတဲ့ လူတွေက သာမန်လူတွေနဲ့ ရာဇဝတ်သားတွေချည်းပဲ ”
“ အခုထိတိုင်အောင် သာမန်လူတွေက သာမန်ဖြစ်နေဦးမှာပဲ… နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အရှိန်အဝါအောက်မှာ သူတို့က နှစ်ထောင်ပေါင်းများစွာကြာအောင် အသက်ရှင်နေနိုင်တာက အတော်လေး အံ့ဩဖို့ကောင်းတယ်… တကယ်လို့ နင်က သူတို့အပေါ် ကရုဏာထားတယ်ဆိုရင် ဒီက သာမန်လူတစ်ယောက်ကို နင်ရဲ့ တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်ပြီး ဒီမှာ မျိုးဆက်ချန်ခဲ့ပါလား… ဒီနည်းနဲ့ နင့်ရဲ့ ကြင်နာမှုကို ဖော်ပြနိုင်မယ်လေ ”
ထိုစကားကို ပြောလိုက်သော အမျိုးသမီး၏ မျက်နှာသည် ပန်းတစ်ပွင့်နှယ် လှပသည်။ သူ၏ အနက်ရောင်ဆံပင်ရှည်သည် ကျောပေါ်မှာ ရေတံခွန်ပမာ ကျဆင်းနေသည်။ သူနှင့်ပတ်သက်ပြီး ဆွဲဆောင်မှုအရှိဆုံး အရာမှာ သေးသွယ်သော ခါးဖြစ်သည်။
သူ့မှာ ဖြူဖွေးသော ခြေတံရှည်များ ရှိသည်။ ယင်းတို့က ဝတ်စုံနက်အောက်မှာ မသဲမကွဲ ထွက်ပေါ်နေပြီး သူ၏ ဆွဲဆောင်မှုကို ထပ်လောင်းအားဖြည့်ပေးနေသည်။
သို့သော်လည်း သူ၏ စကားထဲမှာ သရော်လှောင်ပြောင်မှုဖြင့် ပြည့်နှက်နေသည်။
ယွဲ့တုန်၏ မျက်လုံးသည် အေးစက်သွားသည်။
“ လန်ယောင်… နင်သေချင်နေလား ”
ဝိညာဉ်စုစည်းခြင်းအဆင့် စွမ်းအင်လှိုင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။ လန်ယောင်ဟူသော အမျိုးသမီး၏ မျက်လုံးထဲမှာလည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ပေါက်ကွဲထွက်လာသည်။ သူသည်လည်း ဝိညာဉ်စုစည်းခြင်းအဆင့် ဖြစ်သည်။
သို့သော်လည်း ထူးဆန်းသည့်အချက်မှာ သူတို့နှစ်ယောက်စလုံးက မဟာလောကတစ်ခုအဆင့်မှာ ရှိဟန်ရသော်လည်း မဟာလောကတစ်ခုတည်းမဟုတ်ဟန် ရ၏။ ဤသည်မှာ မဟာလောကများက အကြောင်းအရင်းတချို့ကြောင့် ချိပ်ပိတ်ခံထားရသည့်အလားပင်။
အမျိုးသမီးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေကြောင်း မြင်သွားသောအခါ လူငယ်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူက ယွဲ့တုန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ပြောသည်။
“ တာအိုရောင်းရင်းယွဲ့တုန်… ဒီတစ်ကြိမ် ငါတို့က သူတော်စင်ကုန်းမြေအများကြီးနဲ့ အတူပူးပေါင်းပြီး ဆင်းသက်လာကြတာ… ငါတို့သူတော်စင်ကုန်းမြေအရှင်သခင်ရဲ့ အမိန့်အရ ငါတို့က တခြားသူတော်စင်ကုန်းမြေက လူတွေနဲ့အတူတူ မတူညီတဲ့ ဧရိယာတွေမှာ လမ်းညွှန်အမှတ်အသားတွေချဖို့ ရောက်လာကြတာ… မင်း အခုလိုမျိုး ပြဿနာရှာနေတာ မင်းမှာ တခြားရည်ရွယ်ချက်ရှိလို့များလား ”
“ နောက်မှ မင်းကို ကြိုသတိမပေးဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့… တကယ်လို့ လမ်းမှာ နောက်တစ်ခါ မင်းအဲ့လို ထပ်လုပ်မယ်ဆိုရင်တော့ ငါနဲ့ တာအိုရောင်းရင်းလန်ယောင်တို့ အတူပူးပေါင်းပြီး မင်းကို ဖမ်းဆီးရလိမ့်မယ် ”
သူ၏ စကားဆုံးသည်နှင့် အေးစက်စက် အရှိန်အဝါက ပျံ့လွင့်ထွက်လာပြီး ပုံရိပ်ယောင်အလံတိုင်ငယ်များအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် အလံတိုင်ငယ်များက အရပ်ရှစ်မျက်နှာဆီသို့ ပြန့်ကျဲသွားလေရာ ကောင်းကင်နှင့် မြေပြင်၏ အရောင်သည် ပြောင်းလဲသွားသည်။ ဤနေရာတွင် နတ်ဘုရားအတားအဆီးတစ်ခု ဖြစ်ပေါ်လာသည်။
လန်ယောင်သည်တော့ ပြုံးလိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။ သက်တံ့အရောင်သဲမှုန်သည် လေထဲမှာ ထွက်ပေါ်လာပြီး ဝဲကတော့တစ်ခုအသွင် ပြောင်းလဲသွားကာ ကောင်းကင်ပေါ်တွင် လှည့်ပတ်လိုက်သည်။
ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါသည် ပေတစ်သောင်းအကျယ်အဝန်းဆီသို့ ပျံ့နှံ့သွားသည်။ ဤသည်မှာ ဝဲကတော့က အချိန်မရွေး ဆင်းသက်လာနိုင်ဟန် ရ၏။
ဤသည်ကို ယွဲ့တုန်မြင်သောအခါ သူက မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ငါတို့လမ်းစဉ်တွေက မတူဘူးဆိုမှတော့ လူစုခွဲပြီး သူတော်စင်ကုန်းမြေရဲ့ အမိန့်အတိုင်း ဆောင်ရွက်ရအောင်… ငါ့တာဝန်ကို ငါ့ဘာသာ ကျေပွန်အောင် လုပ်မယ် ”
ယွဲ့တုန်၏ ခန္ဓာကိုယ်သည် နေရာမှာ ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။
ယွဲ့တုန်ထွက်သွားသော ဦးတည်ရာကို ကြည့်နေရင်း ဖုန်းနှင့် လန်ယောင်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
“ သူက အရိပ်အကဲ နားလည်သားပဲ… သူက ကိုယ့်ဘာသာ ထွက်သွားတယ်ဆိုတော့ ငါအားထုတ်စရာ မလိုတော့ဘူး… မဟုတ်ရင် သူ့ရဲ့ အကျင့်စရိုက်အရ နောက်လုပ်မယ့်အရာမှာ သူသေချာပေါက် ငါ့ကို ဝင်နှောင့်ယှက်လိမ့်မယ် ”
ဖုန်းသည် နှာခေါင်းရှုံ့လိုက်သည်။
“ တာအိုရောင်းရင်းဖုန်း… ယွဲ့တုန်ကို မောင်းထုတ်ဖို့ နင့်ကို ငါကူညီပေးပြီးပြီ… ဒါပေမဲ့ နင်ငါ့ကို ပြောထားတဲ့အရာက သတင်းအမှားဆိုရင်တော့ ငါစိတ်ကျေနပ်မှာ မဟုတ်ဘူးနော် ”
လန်ယောင်သည် ချိုမြိန်စွာ ပြုံးလိုက်ပြီး ဖုန်းကို ကြည့်လိုက်သည်။
သို့သော်လည်း သူ၏ မျက်လုံးထဲမှာ အေးစက်မှုဖြင့် ပြည့်နှက်နေသည်။
“ အဲ့ဒါကိုတော့ မင်းစိတ်ချထားနိုင်တယ်… ငါ့မိသားစုရဲ့ ရှေးဟောင်းစာအုပ်ထဲမှာ အဲ့ဒီလျှို့ဝှက်ချက်ကို ငါရှာတွေ့ခဲ့တာကြောင့် မဟုတ်ရင် သူတော်စင်ကုန်းမြေအရှင်သခင်ပေးတဲ့ ဒီတာဝန်မှာ ငါပါဝင်လာမှာ မဟုတ်ဘူး… ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ နတ်ဘုရားတွေအများကြီးပဲ ရှိတယ် ”
ဖုန်းသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ထို့နောက် သူက သူ့အရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။
“ ဒါ့အပြင် ငါမင်းကို သက်သေနဲ့တကွ ပြပြီးပြီမဟုတ်ဘူးလား… ပြီးတော့ သူတော်စင်ကုန်းမြေက မင်းရဲ့ တာအိုလက်တွဲဖော်ရဲ့ သရုပ်နဲ့ဆိုရင် ငါမင်းကို ဘယ်လိုလုပ် လှည့်စားရဲမှာလဲ ”
လန်ယောင်သည် ပြုံးထားဆဲပင်။ ဖုန်း၏ စကားကို ကြားသောအခါ သူက ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ… ဒါဆို မြန်မြန်ထွက်ခွာရအောင်… အဲ့ဒီဒြပ်နှောသားရဲနဲ့ပတ်သက်ပြီး အပြင်လောကမှာ သတင်းအချက်အလက်တချို့ကို ငါရှာဖွေကြည့်ခဲ့တယ်… ဒီအနီးနားမှာ ကျွန်မျိုးနွယ်စုတချို့ ရှိတယ်… တကယ်လို့ သွေးယဇ်ပူဇော်မှုတစ်ခုကို ပြုလုပ်မယ်ဆိုရင် ငါတို့လုပ်ဆောင်မယ့်ကိစ္စက ပိုပြီးအဆင်ပြေချောမွေ့လိမ့်မယ် ”
လန်ယောင်၏ စကားကို ကြားသောအခါ အရှေ့သို့ လျှောက်သွားနေသော ဖုန်း၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင်ထွက်ပေါ်လာသည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူက ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ သူ၏ အကြည့်ထဲမှာ စူးရှသော အလင်းရောင် ထွက်ပေါ်လာသည်။
“ ဒါနဲ့ တကယ်လို့ ယွဲ့တုန်က ငါတို့နောက်ကို တိတ်တဆိတ် လိုက်လာပြီး ကြားဝင်နှောင့်ယှက်မယ်ဆိုရင်ရော… တာအိုရောင်းရင်းလန်ယောင်… အဲ့ဒီအချိန်ကျရင် မင်းဘာလုပ်ရမလဲဆိုတာ သိပါတယ်နော် ”
“ သူ့ကို ငါကိုင်တွယ်လိုက်မယ် ”
လန်ယောင်သည် ပြုံးလိုက်သည်။ သူက အရှေ့သို့ ကြော့ရှင်းတင့်တယ်စွာ ဆက်လျှောက်သွားသည်။ မကြာမီ သူတို့နှစ်ယောက်က ပျောက်ကွယ်သွားကြသည်။
တစ်ချိန်တည်းမှာ ဝမ်ကူးကုန်းမြေ၏ ရာပေါင်းများစွာသော ဒေသကြီးများဆီသို့ တခြားဥက္ကာပျံများက ဆင်းသက်လာကြသည်။ မျိုးနွယ်မတူသော ကျင့်ကြံသူအများအပြားသည် ထိုဥက္ကာပျံများထဲမှ ထွက်လျှောက်လာကြသည်။ ၎င်းတို့က အပြင်သို့ ထွက်လျှောက်လာသည်နှင့်ချက်ချင်း သက်ဆိုင်ရာသူတော်စင်ကုန်းမြေများ၏ တာဝန်များကို ထမ်းဆောင်ရန် အရပ်မျက်နှာအသီးသီးဆီသို့ ထွက်ခွာသွားကြသည်။
မှန်ပေသည်။ လူတချို့မှာ မတူညီသော အတွေးများ ရှိကြသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ သူတို့သည် သက်ဆိုင်ရာသူတော်စင်ကုန်းမြေများ၏ တာဝန်များအတိုင်း လမ်းညွှန်အမှတ်အသားများကို ပြုလုပ်ရလိမ့်မည်။ သို့မှသာ ၎င်းတို့၏ အနာဂတ်အစီအစဉ်များက အဆင်ပြေချောမွေ့လိမ့်မည်။
မည်သို့ဖြစ်ပါစေ ယင်းက သူတို့ပြန်ထွက်နိုင်မည့် အခွင့်အရေးနှင့် ဆက်စပ်နေသည်။
နတ်ဘုရားအတားအဆီးသည် အဝင်သာ ခွင့်ပြုပြီး အထွက်ကို ပိတ်ဆို့ထားသည်။
သို့သော်လည်း သူတို့က ဤနေရာသို့ ဝင်ရောက်လာဝံ့မှတော့ သူတို့ဆီမှာ အားကိုးအားထားတစ်ခုရှိကြောင်း ထင်ရှားပေသည်။
အမှန်မှာ ဝမ်ကူးကုန်းမြေထဲတွင် ဤကိစ္စကို သိထားသော မျိုးနွယ်စုတချို့ ရှိနိုင်ပြီး ၎င်းတို့က သူတို့ကို နောက်ကွယ်မှ တိတ်တဆိတ် အကူအညီပေးနေသလော မသေချာပေ။
အတိုချုပ်ပြောရလျှင် ထိုဥက္ကာပျံတစ်ရာကျော်သည် ဝမ်ကူးကုန်းမြေတစ်ခုလုံးမှာ ပုန်းအောင်းနေကြသော ရှေ့ပြေးစစ်တပ်တစ်တပ်နှင့် ဆင်တူသည်။
သို့သော်လည်း ထိုအခြေအနေက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ဦးဆောင်ကျင်းပသော မြင့်မြတ်မြို့တော်ထဲမှ မဟာပွဲအခမ်းအနားအပေါ်သို့ သက်ရောက်မှုမရှိပေ။
မြင့်မြတ်မြို့တော်ထဲတွင် ဆိုင်းသံဗုံသံများဖြင့် ဆူညံနေပြီး ကောင်းကင်တစ်ခွင်လုံး ကောင်းချီးမင်္ဂလာနိမိတ်များဖြင့် ပြည့်နှက်နေသည်။ အဝေးမှ နတ်ဘုရားတောင်တန်းသည် ရွှေရောင်တဝင်းဝင်း တောက်ပနေသည်။ ထိုစဉ် ခေါင်းလောင်းမြည်သံများနှင့် အော်ဟစ်ချီးမြှောက်သံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည့်အခါ ကြီးမြတ်သော ပွဲအခမ်းအနားသည် တရားဝင် စတင်လာသည်။
သူတော်စင်နတ်ဆရာသုံးပါးသည် နတ်ဘုရားတောင်တန်းပေါ်မှ နတ်ဘုရားရုပ်တုသုံးခု၏ အရှေ့မှာ မျောလွင့်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့၏ အနောက်တွင် နတ်ဘုရားရုပ်တုများရှိပြီး ၎င်းတို့၏ အရှေ့တွင် မရေမတွက်နိုင်သော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များ ရှိကြသည်။
ထိုမျိုးနွယ်ဝင်များကို အုပ်စုသုံးစုအဖြစ် ခွဲခြားထားပြီး ၎င်းတို့၏ ကျင့်ကြံခြင်းအခြေခံနှင့် အဆင့်အတန်းအလိုက် နေရာချပေးထားသည်။ ၎င်းတို့ထဲမှာ ဘုရင်များ၊ အမတ်များနှင့် ပညာရှင်ကျင့်ကြံသူများ ပါဝင်ကြပြီး ၎င်းတို့၏ အရေအတွက်သည် တိမ်တိုက်များသဖွယ် အလွန်ပေါများသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ဝမ်ကူးကုန်းမြေ၏ အစွမ်းထက် မျိုးနွယ်စုကြီးများထဲမှ တစ်ခုအပါအဝင်ဖြစ်သော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အခြေခံအုတ်မြစ်က မည်မျှကြောက်စရာကောင်းကြောင်း မြင်နိုင်ပေသည်။
ထို့ပြင် အပြင်ဘက်မှာ ပိုမိုများပြားသော လူများ ရှိကြသည်။ အဆင့်မြင့်အရာရှိများနှင့် လက်အောက်ခံမျိုးနွယ်စုများ၏ ခေါင်းဆောင်များသည်လည်း ဤပွဲအခမ်းအနားကို တတ်ရောက်လာကြသည်။ ၎င်းတို့အားလုံးထံမှ အရှိန်အဝါသည် ကောင်းကင်နှင့် မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး လေကြမ်းများ တိုက်ခတ်လာစေသည်။
ထိုထက်ပိုဝေးသော နေရာတွင် နောက်ထပ်ကျင့်ကြံသူများ ရှိကြသေးသည်။ ၎င်းတို့က မြို့တော်နားသို့ ချဉ်းကပ်ရန် အရည်အချင်းမပြည့်မီကြသော်လည်း မဟာပွဲအခမ်းအနားကို အဝေးမှ ကြည့်ရှုနိုင်ကြသည်။ မည်သို့ဖြစ်ပါစေ သူတို့၏ ဤခရီးစဉ်သည် အလဟဿမဖြစ်ပေ။
ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ပွဲအခမ်းအနားဖြစ်သည်။ ထိုပွဲတွင် ရှုပ်ထွေးသော ရိုးရာဓလေ့များနှင့် ကြီးကျယ်ခမ်းနားသော ယဇ်ပူဇော်မှုများ မရှိပေ။ အရာအားလုံးသည် ရိုးရှင်းသည်။ သို့သော်လည်း လွှမ်းမိုးဖိနှိပ်သည်။
ဤအခိုက်အတန့်မှာ နတ်ဆရာတစ်ဦးသည် နတ်ဘုရားသုံးပါးကို ဦးစွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူတော်စင်နတ်ဆရာသုံးပါးကို ကိုယ်စားပြုသော အရာရှိတစ်ဦးသည် အမိန့်တော်တစ်ခုကို ထုတ်ပြန်ကြေညာလိုက်သည်။ သူ၏ စကားလုံးတိုင်းမှာ အားမာန်ဖြင့် ပြည့်နှက်နေပြီး သူ့အသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည်တော့ ရုပ်ဖျက်ထားကြပြီး လူအုပ်ကြားထဲမှာ ပုန်းအောင်းနေကြသည်။ သူတို့နှစ်ယောက်က အဝေးမှ မဟာပွဲအခမ်းအနားကို ကြည့်နေကြပြီး အမိန့်တော်ကြေညာခြင်းကို နားထောင်နေကြစဉ် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အသံပို့နေကြသည်။
“ ချင်းလေး… မင်းစဉ်းစားပြီးပြီလား ”
“ အင်း… ဘာပဲဖြစ်ဖြစ် မဟာရွှမ်ထျန်းစစ်သူကြီးရာထူးကို ငါရရမယ် ”
စူးရှသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တည်ငြိမ်စွာ ပြန်ပြောသည်။
ဤသို့လာရာလမ်းတစ်လျှောက်တွင် သူက မည်သို့လုပ်ဆောင်ရမည်ဖြစ်ကြောင်း စိတ်ထဲမှာ အစီအစဉ်ဆွဲထားခဲ့ပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ သူက လေထဲသို့ ပျံသန်းသွားရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အမိန့်တော်ကြေညာနေသော အရာရှိ၏ စကားသည် ပြောင်းလဲသွားသည်။
“ နောက်တစ်ခုကတော့ ဒီတစ်ကြိမ် ကျင်းပခဲ့တဲ့ မီးလျှံလမဟာအမဲလိုက်ပွဲတော် ဖြစ်တယ် ”
“ အမဲလိုက်ပွဲတော်ရဲ့ ပထမပြိုင်ပွဲဖြစ်တဲ့ တောင်ရွှေ့ပြောင်းခြင်းမှာ လူသားမျိုးနွယ်က ရွှီချင်းက ပထမနေရာကို ရရှိခဲ့တယ် ”
“ အမဲလိုက်ပွဲတော်ရဲ့ ဒုတိယပြိုင်ပွဲဖြစ်တဲ့ တောင်တန်းပင်လယ်ဒေသကြီးထဲမှာ လူသားမျိုးနွယ်က ရွှီချင်းက ပထမနေရာကို ရရှိခဲ့တယ် ”
“ အမဲလိုက်ပွဲတော်ရဲ့ တတိယပြိုင်ပွဲဖြစ်တဲ့ နတ်ဘုရားနယ်မြေထဲမှာ လူသားမျိုးနွယ်က ရွှီချင်းက ပထမနေရာကို ရရှိခဲ့တယ် ”
“ ဒါကြောင့် နတ်ဘုရားသုံးပါးရဲ့ အသိအမှတ်ပြုမှုအောက်မှာ ရွှီချင်းကို မဟာရွှမ်ထျန်းစစ်သူကြီးဘွဲ့ ချီးမြှင့်မြှောက်စားမယ် ”
“ ရွှီချင်း… မြန်မြန် အရှေ့ထွက်လာပြီး သူတော်စင်နတ်ဆရာသုံးပါးနဲ့ တွေ့ဆုံပါ ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မဟာအမဲလိုက်ပွဲတော်၏ ပထမပြိုင်ပွဲနှင့် ဒုတိယပြိုင်ပွဲ၏ ရလဒ်ကို လူတိုင်းက သိထားကြသော်လည်း နတ်ဘုရားနယ်မြေမှ ကိစ္စများကိုတော့ လူအနည်းစုသာလျှင် သိထားကြသည်။
သို့ဖြစ်၍ ထိုစကားများ ထွက်ပေါ်လာသည့်အခါ ထုံးစံအားဖြင့် ဆူပူအုံကြွမှုဖြစ်ပေါ်လာသည်။
ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
“ ကြည့်ရတာ မင်းရဲ့ ဖီးနစ်ဆံထိုးက အလုပ်ဖြစ်သွားတဲ့ပုံပဲ ”
ခေါင်းဆောင်က တဟားဟား ရယ်မောလိုက်သည်။