← Chapters

မီးလျှံလမဟာရွှမ်ထျန်းစစ်သူကြီး

Vol. 86 Ch. 1319

မီးလျှံလမဟာရွှမ်ထျန်းစစ်သူကြီး

Vol. 86 Ch. 1319

ခေါင်းဆောင်ကို ကြည့်ရသည်မှာ ပြုံးနေဟန် ထင်ရသော်လည်း အမှန်မှာ သူက အနည်းငယ် မနာလိုဖြစ်နေသည်။

‘ မီးလျှံကြယ်ကို ကြည့်စမ်း… အချစ်ဆိုတာ အဲ့ဒါပဲ ’

ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။ ယခင်ဘဝမှာ သူက မီးလျှံလကို ပိုးပန်းရန် မည်မျှကြိုးစားအားထုတ်ခဲ့ရကြောင်း ပြန်စဉ်းစားလိုက်သည်။

သူက ကြီးမားသော တန်ဖိုးနှင့် မရေမတွက်နိုင်သော လက်ဆောင်ပစ္စည်းများကို ပေးခဲ့ရသည်။ ထို့ပြင် ရင်ခုန်စေမည့် ဇာတ်လမ်းများကိုလည်း အကြံအဖန် လုပ်ဆောင်ခဲ့ရပြီး သူ့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြှောက်ပင့်ပြောဆိုခဲ့ရသေးသည်။ ထိုသို့ပေးဆပ်ပြီးမှသာ သူက မီးလျှံလ၏ နှလုံးသားကို နောက်ဆုံးမှာတော့ လှုပ်ရှားစေခဲ့သည်။

ယခု ထိုအကြောင်းကို သူပြန်တွေးတောလိုက်သည့်အခါ ပင်ပန်းဆင်းရဲမှုကို ခံစားမိသွားသည်။

သို့သော်လည်း ရွှီချင်းသည်တော့ မီးလျှံကြယ်၏ နှလုံးသားကို လှုပ်ရှားသွားစေရန် အစမှအဆုံးအထိ အများကြီး မကြိုးစားခဲ့ရပုံပေါ်သည်။

“ ဖြစ်နိုင်တာက နတ်ဘုရားမတွေက တတ်ကြွတဲ့ ယောင်္ကျားတွေကို သဘောမကျဘူး… ဒါပေမဲ့ ယောင်္ကျားတွေက အမှန်တကယ် တတ်ကြွမှုမရှိတာ မဖြစ်ရဘူး… နတ်ဘုရားမတွေက သူတို့အပေါ် ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်လာတာမျိုးကို သဘောမကျဘူး… ဒါပေမဲ့ ယောင်္ကျားတွေက အမှန်တကယ် ရည်ရွယ်ချက်မရှိတာ မဖြစ်ရဘူး… ”

“ အတိုချုပ်ပြောရမယ်ဆိုရင် နတ်ဘုရားမတွေက သူတို့အပေါ် အရမ်းအာရုံစိုက်တဲ့ ယောင်္ကျားတွေကို သဘောမကျဘူး… ဒါပေမဲ့ တစ်ချိန်တည်းမှာ မင်းက သူတို့အပေါ် လျစ်လျူရှုထားလို့ မရဘူး ”

ခေါင်းဆောင်သည် စဉ်းစားတွေးတောနေရင်း တုန်ယင်သွားသည်။

ရွှီချင်းသည်တော့ မျက်လုံးဝင်းလက်သွားသည်။ ခေါင်းဆောင်၏ အမူအရာကို သူသတိမထားမိသလို ခေါင်းဆောင်က မဟာတာအိုတစ်ခုကို ဆင်ခြင်နားလည်နေကြောင်းကိုလည်း သူမသိပေ။

သူ၏ စိတ်အာရုံသည် သူတော်စင်နတ်ဆရာသုံးပါး၏ တည်နေရာသို့ ကျရောက်နေသည်။ သူက မဟာရွှမ်ထျန်းစစ်သူကြီးဘွဲ့ကို ရရှိရန် စိတ်ဆုံးဖြတ်ထားပြီး လမ်းတစ်လျှောက်မှာ ပြင်ဆင်မှုများစွာကို ပြုလုပ်ထားခဲ့သည်။ သူက ဖြစ်ပေါ်လာနိုင်သော အတားအဆီးအမျိုးမျိုးအတွက်လည်း ကြိုအစီအစဉ်ချထားခဲ့သည်။

သို့သော်လည်း ယခု ကိစ္စအားလုံးက အဆင်ချောမွေ့နေသည်။

ရွှီချင်းသည် မတုံ့ဆိုင်းဘဲ မနေနိုင်ပေ။ လမ်းတစ်လျှောက်တွင် သူပြင်ဆင်ထားခဲ့သော အစီအစဉ်ကိုတော့ ဤအခိုက်အတန့်မှာ ထုတ်သုံးစရာ မလိုတော့ပေ။

သို့သော်လည်း ထိုသို့အဆင်ချောမွေ့နေခြင်းက ရွှီချင်းကို အနည်းငယ် စိတ်မသက်မသာ ခံစားရစေသည်။

မည်သို့ဖြစ်ပါစေ ငယ်စဉ်ကလေးဘဝကတည်းက သူလုပ်ဆောင်ခဲ့သော ကိစ္စအများစုတွင် အတားအဆီးများစွာ ရှိခဲ့သည်။

အထူးသဖြင့် ချီယွဲ့ထုံဂိုဏ်းကို သူဝင်ရောက်ပြီး စီနီယာအကိုကြီးနှင့် သိကျွမ်းပြီးနောက် ဖြစ်သည်။

သူလုပ်ဆောင်ခဲ့သော အရာအားလုံးသည် သေခြင်းရှင်ခြင်းဓားသွားပေါ်မှာ တည်ရှိ၏။

ယင်းက ရွှီချင်းကို အတားအဆီးများနှင့် အလှည့်အပြောင်းများဖြင့် ကျင့်သားရစေသည်။ ဤသည်မှာ သူက မည်သည့်စွန့်စားမှုမှ မပြုလုပ်ဘဲ အကျိုးအမြတ်များကို မရရှိနိုင်သည့်အလားပင်။

သို့ဖြစ်၍ ယခုကဲ့သို့ အဆင်ချောမွေ့နေခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။

ရွှီချင်း၏ အမူအရာကို သတိထားမိသောအခါ မဟာတာအိုကို ဆင်ခြင်နားလည်‌နေသော ခေါင်းဆောင်သည် ရွှီချင်း၏ အတွေးများကို ခန့်မှန်းမိသွားသည်။ သို့ဖြစ်၍ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ နှလုံးသားထဲမှ မနာလိုစိတ်သည် အများကြီး လျော့ကျသွားသည်။

ထိုနေရာမှာ စိတ်ကျေနပ်မှုက အစားထိုးဝင်ရောက်လာသည်။

သူ၏ လမ်းညွှန်ပြသမှုအောက်မှာ ဂျူနီယာညီလေးက နောက်ဆုံးမှာတော့ ကောင်းသောအကျင့်တစ်ခုကို တတ်မြောက်သွားပြီဟု ခေါင်းဆောင်က စိတ်ထဲမှာ တွေးလိုက်သည်။

“ ဂျူနီယာညီလေး… ငါအရမ်းစိတ်ကျေနပ်တယ်… ငါတို့ကျင့်ကြံသူတွေဆိုတာ သူတစ်ပါး ပေးကမ်းစွန့်ကြဲတာတွေကို လက်မခံရဘူး… ငါတို့လိုချင်တဲ့အရာရှိရင် အရာအားလုံးကို စတေးပြီးတော့ ငါတို့လက်နဲ့ ကိုယ်တိုင်ရယူရမယ် ”

“ အဲ့ဒါမှပဲ အရသာက ချိုမြိန်လိမ့်မယ် ”

ခေါင်းဆောင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် အသံပို့လွှတ်လိုက်သည်။

“ ငါသာ မင်းနေရာမှာဆိုရင် အဲ့ဒီအခွင့်အရေးကို ငြင်းဆန်ပြီး လမ်းမှာ ငါတို့ပြင်ဆင်ထားတဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်လိမ့်မယ် ”

“ မဟုတ်ရင် အရသာက ချိုမြန်မှာ မဟုတ်ဘူး ”

ခေါင်းဆောင်က သွေးထိုးလှုံ့ဆော်လိုက်သည်။

ရွှီချင်းသည် ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။ သူက တစ်ဖက်လူ၏ အတွေးများကို ထွင်းဖောက်မြင်နိုင်သည်။ သို့ဖြစ်၍ သူက အေးစက်သော အသံဖြင့် ပြန်ပြောသည်။

“ မချိုမြိန်ပေမဲ့ အနံ့မွှေးတယ် ”

ခေါင်းဆောင်သည် မျက်လုံးပြူးကျယ်သွားပြီး ပြန်ပြောရန် ပြင်လိုက်သည်။

ဤအခိုက်အတန့်မှာ သူတော်စင်နတ်ဆရာသုံးပါး၏ အရှေ့တွင် လွင့်မျောနေသော အရာရှိသည် စောစောက သူထုတ်ပြန်ကြေညာခဲ့သော အမိန်တော်ကို နောက်တစ်ကြိမ် ပြန်ဖတ်လိုက်သည်။

“ ရွှီချင်း… မြန်မြန် အရှေ့ထွက်လာပြီး သူတော်စင်နတ်ဆရာသုံးပါးနဲ့ တွေ့ဆုံပါ ”

ထိုစကားများက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည်။ နတ်ဘုရားတောင်တန်းကို ဝန်းရံထားသော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် လက်အောက်ခံမျိုးနွယ်စုများသည် အံ့ဩထိတ်လန့်ခြင်းမှ ပြန်ငြိမ်သက်သွားကြပြီး ကောင်းကင်ကို ကြည့်လိုက်ကြသည်။

ဤသည်ကို မြင်သောအခါ ရွှီချင်း၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက နောက်ထပ်တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။ ချက်ချင်းဆိုသလို သူက သက်တံ့တစ်စင်းပမာ အသွင်ပြောင်းလဲသွားပြီး အရာရှိဆီသို့ ဦးတည်သွားသည်။

သူ၏ ထွက်ပေါ်လာမှုက မရေမတွက်နိုင်သော လူများ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ မရေမတွက်နိုင်သော အကြည့်များနှင့် နတ်ဘုရားစိတ်အာရုံများက အရပ်မျက်နှာအဘက်ဘက်မှ ချက်ချင်း စုဝေးရောက်ရှိလာကြသည်။ တချို့အကြည့်ထဲမှာ စိတ်ရှုပ်ထွေးမှုပါရှိပြီး တချို့အကြည့်ထဲမှာ အံ့အားသင့်မှု၊ ရန်လိုမှုနှင့် မနာလိုမှုပင် ပါရှိသည်။

စိတ်ခံစားချက်မျိုးစုံက သူတို့၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။

လူသားမျိုးနွယ်၏ မင်းသားကြီးသည်လည်း သူတို့ထဲမှာ ပါဝင်သည်။ ဤအခိုက်အတန့်မှာ သူ၏ အမူအရာက အလွန်စိတ်လှုပ်ရှားနေသည်။ သူက လူသားမျိုးနွယ်မှ စေလွှတ်လိုက်သော သံတမန်အဖွဲ့၏ ခေါင်းဆောင်အနေဖြင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာပွဲအခမ်းအနားကို ဤနေရာမှ ကြည့်ရှုရန် အရည်အချင်းပြည့်မီသည်။

သူက ဒုတိယပြိုင်ပွဲတွင် ကျရှုံးသွားသောကြောင့် တတိယပြိုင်ပွဲမှာ ဝင်မပြိုင်နိုင်ခဲ့ပေ။ သို့ဖြစ်၍ သူ၏ မျှော်လင့်ချက်အားလုံးကို ရွှီချင်းပေါ်မှာ ပုံအောခဲ့သည်။

ဖြစ်နိုင်ခြေက သိပ်မမြင့်မားကြောင်း သူသိသော်လည်း မျှော်လင့်ချက် ထားရှိဆဲပင်။ ယခု အရာအားလုံးက သူစိတ်ကူးထားသည့်အတိုင်း ဖြစ်လာသည်ကို မြင်လိုက်ရသောအခါ သူက ပြောမပြနိုင်အောင် စိတ်လှုပ်ရှားသွားသည်။

ရှေးခေတ်ကာလကတည်းက အပြင်လူများသည် ရံဖန်ရံခါ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ရွှမ်ထျန်းစစ်သူကြီးဘွဲ့ကို ရရှိခဲ့ကြသော်လည်း မဟာရွှမ်ထျန်းစစ်သူကြီးဘွဲ့ကိုတော့ အပြင်လူတစ်ယောက်မှ မရရှိခဲ့ဖူးပေ။

မည်သို့ဖြစ်ပါစေ ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ချီးမြှင့်မြှောက်စားသော ဂုဏ်သရေရှိဘွဲ့များအနက် တစ်ခုဖြစ်သည်။

ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော အကြည့်များ၏ အာရုံစိုက်မှုအောက်မှာ ရွှီချင်း၏ ပုံရိပ်သည် အရာရှိ၏ အရှေ့မှာ ထွက်ပေါ်လာပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

အရာရှိ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းတန်း ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်ပြီး သူ့နေရာကို ပြန်လျှောက်သွားသည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ယခု မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က မည်မျှကြောက်စရာကောင်းကြောင်း တိုက်ရိုက် သူမြင်တွေ့သွားသည်။ နတ်ဘုရားသုံးပါးကို ဖယ်ထားမည်ဆိုလျှင်ပင် မီးလျှံလမျိုးနွယ်ထဲမှာ မရေမတွက်နိုင်သော ပညာရှင်ကျင့်ကြံသူများ ရှိကြသည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က ဝမ်ကူးကုန်းမြေထဲမှ မရေမတွက်နိုင်သော မျိုးနွယ်စုများကို ဖိနှိပ်ထားနိုင်ခြင်းသည် အံ့ဩစရာမဟုတ်တော့ပေ။

မျိုးနွယ်စုတစ်ခုလုံးက ဤနေရာမှာ ရှိနေခြင်းလော သူမသိပေ။ သို့သော်လည်း လူသားမျိုးနွယ်၏ သမိုင်းမှတ်တမ်းများအရ ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက်ပိုင်း လူသားမျိုးနွယ်က အတော်အသင့် အင်အားကျန်ရှိနေသေးသော်လည်း မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကို စစ်ရှုံးသွားခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာမှာ ရှိနေသည့်လူများက မီးလျှံလ၏ မျိုးနွယ်ဝင်အားလုံးမဟုတ်သေးကြောင်း ထင်ရှားပေသည်။

နတ်ဘုရားသုံးပါးက ပြစ်ချက်မဲ့အဆင့်သို့ တတ်လှမ်းရန် စွမ်းအင်အများကြီးကို အသုံးပြုခဲ့သော်လည်း သူတို့ဆီမှာ ဝှက်ဖဲကတ်အများကြီး ကျန်ရှိနေဦးလိမ့်မည်ဟု ရွှီချင်းခံစားမိသည်။

သို့သော်လည်း ယခုအချိန်သည် ထိုအကြောင်းကို စဉ်းစားနေရမည့်အချိန် မဟုတ်ကြောင်း ရွှီချင်း သိသည်။ သို့ဖြစ်၍ သူက အဝေးမှ နတ်ဘုရားသုံးပါး၏ ရုပ်တုအရှေ့မှာ ထိုင်နေကြသော မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ သူတော်စင်နတ်ဆရာသုံးပါးကို ကြည့်လိုက်သည်။ သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

“ ရွှီချင်းက သူတော်စင်နတ်ဆရာသုံးပါးကို နှုတ်ဆက်ပါတယ် ”

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အထွတ်အထိပ် အခွင့်အာဏာကို ပိုင်ဆိုင်ထားကြသော သူတော်စင်နတ်ဆရာသုံးပါးထဲတွင် တစ်ယောက်သည် အဖိုးကြီးဖြစ်ပြီး တစ်ယောက်သည် သက်လတ်ပိုင်းအမျိုးသား ဖြစ်သည်။ နောက်ဆုံးတစ်ယောက်သည်တော့ လူငယ်တစ်ယောက် ဖြစ်သည်။

သူတို့သုံးယောက်စလုံးက ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး ဂုဏ်အရှိန်အဝါကြီးမားကြသည်။

သူတို့ထဲတွင် အဖိုးကြီးသည် ခန္ဓာကိုယ်ထွားကြိုင်းပြီး တောင်ကြီးတစ်တောင်နှယ် အောက်မေ့ရသည်။ သူ၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေလေရာ သူ၏ ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့သော ခွန်အားကို သိမ်းဆည်းထားဟန် ရ၏။

သူ၏ မျက်ခုံးက ထူထဲလေရာ ဆုံးဖြတ်ချက်ပြတ်သားပြီး အကြောက်အရွံ့ကင်းမဲ့သူဖြစ်ကြောင်း ဖော်ပြနေသည်။ ဤသည်မှာ မည်သည့်အရာကမှ သူ၏ ဆုံးဖြတ်ချက်ကို မယိမ်းယိုင်နိုင်စေဟန် ရ၏။ သူ၏ အကြည့်သည် နက်ရှိုင်းပြီး စူးရှတောက်ပသည်။ ဤသည်မှာ သူ၏ အကြည့်က ဤလောကထဲမှ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။

သက်လတ်ပိုင်းအမျိုးသားသည်တော့ နွေဦးလေပြေကဲ့သို့ သိမ်မွေ့ညင်သာပုံပေါ်သည်။ သူ၏ အမူအရာသည် သိမ်မွေ့ညင်သာပြီး သူ၏ မျက်လုံးထဲမှာ အသိပညာအလင်းဖြင့် ပြည့်နှက်နေသည်။

သူ၏ အကြည့်က ရင်းနှီးဖော်ရွေပုံပေါ်ပြီး ကမ္ဘာမြေကို အနွေးဓာတ်ပေးနေသော နေရောင်ခြည်နှင့် ဆင်တူသည်။ ယင်းက သူ့အား ကြည့်မိသူတိုင်းကို နွေးထွေးမှုနှင့် ကြင်နာမှုအား ခံစားမိစေလိမ့်မည်။

နောက်ဆုံးတစ်ယောက်ဖြစ်သော လူငယ်သည်တော့ တခြားနှစ်ယောက်နှင့် လုံးဝခြားနားသည်။ သူက ထိုင်ခုံပေါ်မှာ ထိုင်နေသည်။ သူက လူငယ်တစ်ယောက်ဖြစ်ကြောင်း ထင်ရှားသော်လည်း သူ၏ အမူအရာသည် လွှမ်းမိုးဖိနှိပ်ပြီး အရှိန်အဝါကြီးမားသည်။ ဤသည်မှာ သူက တောင်ပေါ်မှ ဆင်းသက်လာသော ကျားတစ်ကောင်အလားပင်။ သူ့ထံမှ အရှိန်အဝါက လောကကြီးကို လှုပ်ခါပစ်နိုင်ဟန် ရသည်။

သူ၏ အကြည့်က ဓားသွားတစ်ခုနှယ် ထက်ရှပြီး တစ်စုံတစ်ယောက်ကို ကြောက်ရွံ့မှုအား ခံစားမိစေလိမ့်မည်။

ဤအခိုက်အတန့်မှာ သူတော်စင်နတ်ဆရာသုံးပါးသည် မတူညီသော အရှိန်အဝါများနှင့်အတူ ရွှီချင်းကို ကြည့်လိုက်ကြသည်။

ရွှိချင်းသည် နှလုံးတုန်သွားသည်။

သူတော်စင်နတ်ဆရာသုံးပါး၏ အကြည့်များက ဓားသွားများအလား အလွန်ထက်ရှကြောင်း သူအာရုံခံနိုင်သည်။ ဤသည်မှာ သူတော်စင်နတ်ဆရာသုံးပါးက သူ၏ ခန္ဓာကိုယ်အတွင်းနှင့် အပြင်ကို ထွင်းဖောက်မြင်ချင်နေသည့်အလားပင်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဗလာနတ္ထိကုန်းမြေထဲမှ နတ်ဘုရားအခွင့်အာဏာလေးခုနှင့် ပုံရိပ်ယောင်နတ်ဘုရားအခွင့်အာဏာတစ်ရာကျော်က တစ်ပြိုင်နက် နိုးထလာကြသည်။

ဤသည်မှာ ၎င်းတို့က အပြင်ဘက်မှ စူးစမ်းလိုသော အကြည့်များကို အာရုံခံမိသွားသည့်အလား ၎င်းတို့၏ အစွမ်းကို ထုတ်လွှတ်လိုက်ပြီး လွှမ်းမိုးဖိနှိပ်သော အတားအဆီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ချက်ချင်းဆိုသလို သူတော်စင်နတ်ဆရာသုံးပါး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားကြပြီး သူတို့၏ အကြည့်က မည်းမှောင်သွားကြသည်။ သူတို့က ရွှီချင်းကို လုံးဝဖောက်ထွင်းမမြင်နိုင်ပေ။

တစ်ချိန်တည်းမှာ တိုးညင်းသော အာမေဋိတ်သံများသည် ဘေးပတ်ဝန်းကျင်မှ ပျံ့လွင့်လာသည်။

အာမေဋိတ်သံများကို ထုတ်ဖော်လိုက်သူများသည် သူတော်စင်နတ်ဆရာသုံးပါး၏ လက်အောက်မှ ရာထူးမြင့်မားသော ပညာရှင်ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုမျှသာဆိုလျှင် ကိစ္စမရှိပေ။ သို့သော်လည်း နတ်ဘုရားအခွင့်အာဏာများ၏ လင်းလက်တောက်ပမှုအောက်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ကျူးလီသည် သူ့ခန္ဓာကိုယ်၏ အပြင်ဘက်သို့ ပျံသန်းထွက်လာပြီး ဦးခေါင်းကိုးလုံးအဖြစ် အသွင်ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ဟိန်းဟောက်လိုက်ကြသည်။

ထိုအရှိန်အဝါသည် ကြီးကျယ်မြင့်မြတ်ပြီး ဟိန်းသံသည် နားကွဲလုမတတ် ကျယ်လောင်သည်။ ယင်းက ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ပေါက်ကွဲသွားသည်။

ထို့နောက် ၎င်းတို့က မီးအိမ်ကိုးခုအဖြစ် အသွင်ပြောင်းလဲသွားကြပြီး ဖြည်းညင်းစွာ လှည့်ပတ်သွားကြသည်။

ထိုအခါ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်အားလုံး၏ သွေးမျိုးဆက်သည် တအိအိလှိုင်းထသွားသည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်က မည်သို့ဖြစ်ပါစေ သာမန်မျိုးနွယ်ဝင်များမှစ၍ နတ်ဆရာများအထိ ချွင်းချက်မရှိ သက်ရောက်ခံရလိမ့်မည်။

မီးလျှံလကျင့်ကြံသူများ၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ အဆင့်မြင့် အရာရှိများသည် အာရုံစိုက်လာကြသည်။ ရွှီချင်းနှင့် အနီးဆုံးမှာရှိသော လေထဲမှ အရာရှိသည်တော့ ဤအခိုက်အတန့်မှာ သူ၏ အသက်ရှူမှုကို မထိန်းချုပ်နိုင်တော့ပေ။ သူ၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်လာသည်။ ရွှီချင်းကို ကြည့်နေသော သူ၏ မျက်လုံးထဲမှ ထူးဆန်းသော အရိပ်အယောင်က ပျောက်ကွယ်သွားပြီး အံ့အားသင့်မှုက အစားထိုး ထွက်ပေါ်လာသည်။

ထိုသို့တူညီသော အဖြစ်အပျက်သည် အတိတ်တွင် ဒုတိယပြိုင်ပွဲပြီးဆုံးသွားပြီးနောက် ရွှီချင်းထွက်ပေါ်လာသည့်အခါမှာ ဖြစ်ပျက်ခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကွာခြားမှုသည် ကြီးမားသည်။

ထိုအချိန်တုန်းက သွေးမျိုးဆက်ပဲ့တင်ထပ်မှုသာ ဖြစ်ပေါ်ခဲ့သည်။ ယခု သူတို့၏ သွေးမျိုးဆက်သည် တအိအိလှိုင်းထသွားသည်။ ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

ထိုသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ ပဉ္စမမြောက်ဂမ္ဘီရမှော်ဝင်ရတနာသိုက်ထဲတွင် ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်က ကောင်းကင်ဘုံတာအိုအဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ ထို့ပြင် ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံသည် ဝိညာဉ်သိုက်အဆင့်မှ ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းသွားခဲ့သည်။

“ ကျူးလီ… ”

စိတ်ရှုပ်ထွေးသော အကြည့်က သူတော်စင်နတ်ဆရာသုံးပါး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သိသာစွာပင် အတိတ်မှာ မျိုးနွယ်စုတစ်ခုလုံးကို စည်းလုံးညီညွတ်စေခဲ့သော ဂမ္ဘီရမှော်သခင်၏ လုပ်ရပ်များကို သူတို့သိထားကြသည်။ သူတို့က ဂမ္ဘီရမှော်သခင်နှင့် နတ်ဘုရားများကြားမှ အပေးအယူကိုပင် သိထားနိုင်လောက်သည်။

သို့ဖြစ်၍ ရွှီချင်းကို ကြည့်နေစဉ် သူတို့၏ စိတ်ထဲမှာ မတူညီသော အတွေးများက ထွက်ပေါ်လာသည်။ သို့သော်လည်း သူတို့က မည်သည့်စကားမှ မပြောပေ။ သူတို့က ညင်သာစွာ ခေါင်းညိတ်လိုက်ကြသည်။

သူတော်စင်နတ်ဆရာသုံးပါး၏ သဘောတူညီမှုကို မြင်သောအခါ ရွှီချင်း၏ အရှေ့တွင် မတ်တတ်ရပ်နေသော အရာရှိက ချက်ချင်း ပြောသည်။

“ မီးလျှံလရဲ့ မဟာရွှမ်ထျန်းစစ်သူကြီးဘွဲ့ကို လူသားမျိုးနွယ်က ရွှီချင်းဆီ ချီးမြှင့်မြှောက်စားမယ်… အခုကစပြီး ဒီအကြောင်းကို ဝမ်ကူးကုန်းမြေနဲ့ မျိုးနွယ်စုအားလုံးက သိရှိသွားကြမယ် ”

“ လူသားရွှီချင်းက မဟာရွှမ်ထျန်းစစ်ချပ်ဝတ်ကို ဆုလာဘ်အဖြစ် ချီးမြှင့်ခံရမယ်… စစ်ချပ်ဝတ်က မင်းကို ဒဏ်ရာအနာတရ မဖြစ်ရအောင် ကာကွယ်ပေးလိမ့်မယ် ”

“ မင်းရဲ့ ကျင့်ကြံခြင်းကို အထောက်အကူဖြစ်စေဖို့ ဒေသငယ်ကိုးခုကို ဆုလာဘ်အဖြစ် ချီးမြှင့်မယ် ”

“ မင်းရဲ့ တိုက်ပွဲစွမ်းအားကို တိုးမြှင့်စေဖို့ ဝိညာဉ်ဝါမျိုးဓားကို ဆုလာဘ်အဖြစ် ချီးမြှင့်မယ် ”

“ ကြယ်နတ်ဘုရားရဲ့ ကောင်းချီးပေးမှုနဲ့အတူ မင်းက မီးလျှံကြယ်ဘုရားကျောင်းရဲ့ စစ်သူကြီးအဖြစ် ရာထူးချီးမြှောက်ခံရမယ် ”

“ မင်းက ရွှမ်ထျန်းတံဆိပ်တော်ကို ချီးမြှောက်ခံရပြီး မြင့်မြတ်တဲ့ ဂုဏ်အဆင့်အတန်းနဲ့အတူ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ရာထူးစည်းစိမ်ကို ခံစားခွင့်ရမယ်… မဟာရွှမ်ထျန်းစစ်သူကြီးကိုမြင်ရင် လက်အောက်ခံမျိုးနွယ်စုအားလုံးက ဒူးထောက်ပြီး အညံ့ခံရမယ်… အသင်္ချေမျိုးနွယ်စုတွေက မြင်ရင် ရိုသေလေးစားကြရမယ် ”

အရာရှိက ဆုလာဘ်များကို ကြေညာပေးနေစဉ် သူ၏ အသံသည် ကျယ်လောင်သထက် ပိုပြီးကျယ်လောင်လာသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ဆူပူအုံကြွသွားစေသည်။

ဆုလာဘ်များသည် အလွန်တန်ဖိုးကြီးမားသည်။

မဟာရွှမ်ထျန်းစစ်ချပ်ဝတ်ကို ခုခံမှုအထူးပြုသော အထွတ်အမြတ်ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ယင်းကို ဝတ်ဆင်ထားလျှင် မည်သည့်ဒဏ်ရာအနာတရမှ မရနိုင်ခြင်းမဟုတ်သော်လည်း သာမန်ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် မဟာရွှမ်ထျန်းစစ်ချပ်ဝတ်၏ ခုခံမှုကို မချိုးဖောက်နိုင်ပေ။

ဒေသငယ်ကိုးခုကိုတော့ အကျယ်တဝင့် ပြောနေစရာမလိုပေ။ ယင်းက ဒေသကြီးတစ်ဝက်နှင့် နှိုင်းယှဉ်နိုင်သည်။

ဝိညာဉ်ဝါးမျိုဓားသည် ပိုပြီးအံ့ဖွယ်ကောင်းသည်။ ၎င်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်ပြင်းထန်လေရာ ဓားကိုင်ဆောင်သူ၏ တိုက်ပွဲစွမ်းအားကို ကြီးမားစွာ တိုးမြှင့်ပေးနိုင်သည်။

ကြယ်နတ်ဘုရား၏ ကောင်းချီးပေးမှုနှင့် မီးလျှံကြယ်ဘုရားကျောင်း၏ စစ်သူကြီးရာထူးသည်လည်း အလွန်ကြီးမားသော ဆုလာဘ်ဖြစ်သည်။

နောက်ဆုံးဆုလာဘ်ဖြစ်သော ရွှမ်ထျန်းတံဆိပ်တော်သည် တခြားမျိုးနွယ်စုများအတွင်းမှာ ရွှီချင်း၏ အဆင့်အတန်းကို ကြီးမားစွာ မြှင့်တင်ပေးလိမ့်မည်။

ထိုဆုလာဘ်များက ရွှီချင်းကိုပင် နှလုံးတုန်သွားစေသည်။ စိတ်ရှုပ်ထွေးသော အကြည့်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ယင်းက အဆင့်မြင့်နတ်ဘုရား မီးလျှံကြယ်ကြောင့်ဖြစ်ကြောင်း သူသိသည်။

သို့သော်လည်း မီးလျှံကြယ်က မည်သို့ကြောင့် သူ့ကို ထိုသို့ဆက်တိုက် ကူညီပေးနေရသလဲ သူနားမလည်ပေ။

ယင်းက ယန်အဆီအနှစ်ကြောင့်ဟုပြောလျှင် ရွှီချင်း ယုံကြည်လိမ့်မည် မဟုတ်ချေ။

ထိုထဲမှာ မည်သည့်ကမ္မနှင့် အမှန်တရားက ပါဝင်နေကြောင်း သူမသိထားရုံသာ ဖြစ်သည်။

သူက စိတ်ရှုပ်ထွေးမှုကို ခံစားမိနေစဉ် အေးစက်စက် စကားသံသည် အောက်ဘက်မှ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဝင်များကြားမှ ထွက်ပေါ်လာသည်။

“ သူတော်စင်နတ်ဆရာသုံးပါးခင်ဗျာ… ကျုပ် မဟာရွှမ်ထျန်းစစ်သူကြီးရွှီချင်းကို စိန်ခေါ်တိုက်ခိုက်ချင်ပါတယ် ”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ပုံရိပ်တစ်ခုသည် မရေမတွက်နိုင်သော မီးလျှံလမျိုးနွယ်ဝင်များကြားထဲမှ ပျံသန်းထွက်လာပြီး လေထဲမှာ ရပ်လိုက်သည်။

သူက မီးတောက်များနှင့်ဆင်တူသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်ရှည်သည် တာအိုဥပဒေသများမှ ဖြစ်ပေါ်လာသည့်အလား လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေသည်။

သူ၏ ချောမောခန့်ညားသော မျက်နှာသည် ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်ပေသည်။

အလွန်သိပ်သည်းပြီး ကြောက်စရာကောင်းသော အရှိန်အဝါက သူ၏ သေးသွယ်သော ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်နေသည်။ သူ၏ ညာဘက်ပုခုံးပေါ်တွင် အဖြူရောင်မီးတောက်များက တောက်လောင်နေသည်။ ထိုအဖြူရောင်မီးတောက်များကြားတွင် အလွန်ကျယ်ပြောပြီး အံ့ဖွယ်ကောင်းသော မဟာလောကတစ်ခု ရှိသည်။

သူက ရွှမ်မီးလျှံဖြစ်သည်။

သူ၏ မျက်လုံးက လင်းလက်တောက်ပနေပြီး ပြင်းပြသော တိုက်ပွဲစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်နေသည်။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မဟာရွှမ်ထျန်းစစ်သူကြီးရွှီချင်းကရော ကျုပ်ရဲ့ စိန်ခေါ်မှုကို လက်ခံရဲပါသလား ”

သူ၏ အသံသည် ထက်ရှသော ဓားသွားတစ်ခုနှယ် ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားပြီး အအေးဓာတ်ကို ခေါ်ဆောင်လာသည်။

ဤအခိုက်အတန့်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူအားလုံးက အာရုံစိုက်လာကြသည်။ လက်အောက်ခံမျိုးနွယ်စုများမှ ကျင့်ကြံသူများ၏ မျက်လုံးသည် ဝင်းလက်သွားသည်။ အရပ်မျက်နှာအဘက်ဘက်မှ ကြည့်ရှုနေကြသော ကျင့်ကြံသူများသည်လည်း စိတ်လှုပ်ရှားသွားကြသည်။

သူတော်စင်နတ်ဆရာသုံးပါးက နက်နဲစွာ တွေးတောလိုက်သည်။ နတ်ဘုရားတောင်တန်းသည်ပင် ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်လေသည်။

All Chapters