ငါက ဆက်ပြီး ပြိုင်ဘက်ကင်းနေမယ်(က)
Vol. 86 Ch. 1322
ကျူးလီ၏ ဝန်းရံထားမှု၊ ဘိုးဘေးဂမ္ဘီရမှော်အသွင်သဏ္ဍာန်၏ ဖိနှိပ်မှု၊ ရေတွင်းထဲမှ လကို မျှားခြင်း၊ ငရဲမီးအိမ်ခုနစ်ခုကျိန်စာနှင့် နတ်ဘုရားအခွင့်အာဏာသုံးခု၏ ဆင်းသက်လာမှု ထိုအရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
လျှပ်တစ်ပြက်အချိန်အတွင်းမှာ ကြောက်စရာကောင်းသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ရွှမ်မီးလျှံသည် နေရာမှာ အေးခဲသွားသည်။ သူ၏ ဝိညာဉ်နှင့် အသိစိတ်သည်လည်း အေးခဲသွားသည်။
သူ၏ အားနည်းချက်က ကြီးကြီးမားမား မဟုတ်ပေ။ သို့သော်လည်း ရွှီချင်းနှင့် ရင်ဆိုင်သည့်အခါမှာ ထိုပြစ်ချက်သေးသေးလေးက သူ့အား သေခြင်းရှင်ခြင်းအခြေအနေသို့ တွန်းပို့လိုက်သည်။
ထို့ပြင် ရွှီချင်းသည် အသက်အစားထိုးခြင်းကို မလိုချင်ပေ။ ရှုံးနိမ့်သွားသော သူ့ရန်သူကို အနာဂတ်မှာ သူ့ကိုယ်စား အသက်အသေခံခိုင်းမည့်အစား သူက ရန်သူကို ဤနေရာမှာတင် အမြစ်ဖြတ်သုတ်သင်ပစ်ပြီး ကမ္မကို ရှင်းလင်းပစ်ချင်သည်။
သို့ဖြစ်၍ သူက မည်သည့်ခွန်အားကိုမှ ထိန်ချန်မထားဘဲ အစွမ်းကုန် ထုတ်သုံးနေခြင်း ဖြစ်သည်။
သူက ဧရာမလက်တစ်ဖက်ကို ဖွဲ့စည်းလိုက်ပြီး ရွှမ်မီးလျှံကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။
ထိုလက်သည် ပုံရိပ်ယောင်ဖြစ်သလို အစစ်အမှန်လည်း ဖြစ်သည်။ ယင်းက ကမ္မမှ ဖြစ်ပေါ်လာသည့်အလား ထိုထဲမှာ ဖော်မပြနိုင်သော နက်နဲသိမ်မွေ့မှု ပါရှိသည်။ ဧရာမလက်က ဆင်းသက်လာသည့်အခိုက် ကောင်းကင်သည် ရေပြင်အဖြစ် ပြောင်းလဲသွားသည်။
ရေပွက်သံက တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထို့နောက် ကန်ရေပြင်ပေါ်မှာ ပုံရိပ်ပြန်နေသော ရွှမ်မီးလျှံ၏ ဝိညာဉ်သည် ဧရာမလက်ဖြင့် ဆည်ယူခံလိုက်ရသည်။
ချက်ချင်းဆိုသလို ရွှမ်မီးလျှံ၏ ခန္ဓာကိုယ်သည် အရောင်မှေးမှိန်သွားပြီး သူက သက်ရှိအလောင်းကောင်ဖြစ်လာသည်။ ရွှီချင်းဆည်ယူလိုက်သော ဝိညာဉ်သည်တော့ အလွန်တောက်ပပြီး အရောင်အသွေးစုံသည်။ ဝိညာဉ်၏ အမူအရာသည်သာ မည်းမှောင်နေသည်။
အေးစက်စက် အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး ဝိညာဉ်ကို အကြင်နာမဲ့စွာ ဖျစ်ညှစ်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
နှေးကွေးလေးပင်နေသော ဝိညာဉ်ထံမှာ ရုန်းကန်သည့် အရိပ်အယောင် မထွက်ပေါ်လာသော်လည်း ၎င်းက ရုတ်တရက် ဝေဝါးလာသည်။ ၎င်းက မည်သည့်အတတ်ပညာကို အသုံးပြုလိုက်မှန်း မသိရသော်လည်း ဧရာမလက်၏ ဖမ်းဆုပ်မှုထဲမှ အမှန်တကယ် လွတ်မြောက်သွားသည်။
အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ရွှမ်မီးလျှံ၏ ဝိညာဉ်က လွတ်မြောက်သွားသည်နှင့်ချက်ချင်း သူ၏ အနောက်မှ ငရဲမီးအိမ်ခုနစ်ခုသည် ရုတ်တရက် လင်းလက်တောက်ပသွားပြီး နောက်အခိုက်အတန့်မှာ တစ်ပြိုင်နက် ငြိမ်းသတ်သွားကြသည်။
မီးအိမ်အားလုံး ငြိမ်းသတ်သွားသည်နှင့် ကျိန်စာက ထွက်ပေါ်လာသည်။
အော်ဟစ်ညည်းညူသံသည် ဟင်းလင်းပြင်ထဲမှ ပျံ့လွင့်လာသည်။ လွတ်မြောက်သွားသော ရွှမ်မီးလျှံ၏ ဝိညာဉ်သည် အဝေးမှ လေထဲမှာ အတင်းအဓမ္မ ထုတ်ဖော်ခံလိုက်ရသည်။ ထို့ပြင် ဝိညာဉ်၏ အလင်းရောင်သည် အစောနကကဲ့သို့ ထွန်းလင်းမတောက်ပတော့ပေ။ အတော်လေး မှေးမှိန်သွားသည်။ သူ၏ ဝိညာဉ်ခန္ဓာကိုယ်သည်လည်း စတင်ဝေဝါးလာနေသည်။
ထိုအခိုက်အတန့်မှာ ရွှီချင်း၏ အနောက်မှ နတ်ဘုရားအခွင့်အာဏာသုံးခုသည် တစ်ပြိုင်နက် ပေါက်ကွဲသွားသည်။ ရွှေရောင်ချည်မျှင်သုံးခုသည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားပြီး မှေးမှိန်နေသော ဝိညာဉ်ဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
ကမ္မကို အသုံးပြု၍ ဝိညာဉ်ကို ပစ်မှတ်ထားလိုက်ပြီး သတ်ဖြတ်ရန် ကံကြမ္မာကို အသုံးပြုလိုက်သည်။ သို့ဖြစ်၍ ရွှေရောင်ချည်မျှင်သုံးခုသည် ဝိညာဉ်၏ ဘေးပတ်ပတ်လည်မှာ တိုက်ရိုက် ထွက်ပေါ်လာကြသည်။
လေထဲမှာ ရွှေရောင်ချည်မျှင်သုံးခုက ရုတ်တရက် ယှက်ထွေသွားကြပြီး ဝိညာဉ်ထံသို့ ခုတ်ပိုင်းလိုက်သည်။
ကောင်းကင်သည် မည်းမှောင်သွားပြီး မြေပြင်သည် တုန်ယင်သွားသည်။ ရွှမ်မီးလျှံ၏ ဝိညာဉ်သည် အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရပြီး အလင်းစက်များအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ပြန့်ကျဲသွားကြသည်။
ထိုမြင်ကွင်းသည် ရှင်းလင်းပြီး ထိရောက်မှုရှိသည်။ ထိုမှတဆင့် ရွှီချင်းက မည်မျှစိတ်ဓာတ်ပြတ်သားကြောင်း မြင်နိုင်လိမ့်မည်။
သို့သော်လည်း ရွှီချင်း၏ တိုက်ခိုက်မှုက မပြီးဆုံးသေးပေ။ သူက ရွှမ်မီးလျှံ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်နှင့်ချက်ချင်း အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရွှမ်မီးလျှံ၏ ရုပ်ခန္ဓာကိုယ်အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။ ထို့နောက် သူက ဓားမြှောင်ဖြင့် လွှဲယမ်းလိုက်သည်။
ဝိညာဉ်ကို ဆုံးရှုံးသွားပြီးနောက် ရွှမ်မီးလျှံသည် သက်ရှိအလောင်းကောင်ဖြစ်လာသည်။ ထို့ကြောင့် သူက ရွှီချင်း၏ ဓားမြှောင်ကို မတိမ်းရှောင်နိုင်ပေ။ နောက်အခိုက်အတန့်မှာ သူ၏ ဦးခေါင်းပြတ်က လေထဲသို့ မြှောက်တတ်သွားပြီး သူ၏ ခန္ဓာကိုယ်က ပြိုလဲကျသွားသည်။
ရွှီချင်းက လက်ဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင်မီးတောက်များက ပေါ်လျှိုးလာပြီး ဦးခေါင်းပြတ်နှင့် ခန္ဓာကိုယ်ကို ပြာအဖြစ် လောင်ကျွမ်းပစ်လိုက်သည်။
ရွှမ်မီးလျှံ၏ ခန္ဓာကိုယ်က ထူးခြားသော်လည်း သူ့ကို ပြာအဖြစ် ပြောင်းလဲပစ်ရန် မခက်ခဲချေ။ သူ၏ ခန္ဓာကိုယ်က ပြာဖြစ်သွားလျှင် အသက်ပြန်ရှင်ရန် မဖြစ်နိုင်တော့ပေ။
ထို့ပြင် အရာအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤတိုက်ပွဲကို အာရုံစိုက်နေကြသော မီးလျှံလရွှမ်ကောင်းကင်ကျင့်ကြံသူအများစုက အံ့ဩထိတ်လန့်သွားကြသည်။ သူတို့၏ အမူအရာက သိသာစွာ ပြောင်းလဲသွားကြသည်။ အများစုသည် မယုံကြည်နိုင်ဖြစ်နေကြသည်။
သို့သော်လည်း မီးလျှံလ၏ အဆင့်မြင့်အရာရှိများ၊ လက်အောက်ခံမျိုးနွယ်စုများမှ ပညာရှင်ကျင့်ကြံသူများနှင့် သူတော်စင်နတ်ဆရာသုံးပါး၏ အမူအရာသည် ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။ သူတို့အားလုံးက အလွန်တည်ငြိမ်နေပုံပေါ်သည်။
ရွှီချင်းသည်တော့ ရွှမ်မီးလျှံကို သတ်လိုက်နိုင်ခြင်းအတွက် အောင်ပွဲအရသာကို မခံစားမိသေးပေ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး မီးလောင်ကျွမ်းနေသော ရွှမ်မီးလျှံ၏ ခန္ဓာကိုယ်အပိုင်းအစများကို ကြည့်လိုက်သည်။
ထို့နောက် သူ၏ သူငယ်အိမ်က ကျုံ့သွားသည်။
ရွှမ်မီးလျှံ၏ ခန္ဓာကိုယ်အပိုင်းအစများဆီမှာ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်ယောင်ထဲမှာ သင်္ချိုင်းတစ်ခု ရှိသည်။ ယင်းက နတ်ဘုရားနယ်မြေထဲမှ အင်ပါယာသင်္ချိုင်းဖြစ်သည်။ အင်ပါယာသင်္ချိုင်းထဲမှ သက်တံ့ရောင်ခြည်စက်ဝန်းပေါ်တွင် ရွှမ်မီးလျှံ၏ ပုံရိပ်က တင်ပျဉ်ခွေထိုင်နေကြောင်း မည်သူမဆို မြင်နိုင်လိမ့်မည်။
မျက်စိတစ်မှိတ်အတွင်းမှာ ပုံရိပ်ယောင်သည် ဝေဝါးသွားသည်။ ပုံရိပ်ယောင်က ပြန်ထွက်ပေါ်လာသည့်အခါ ၎င်းက ရွှမ်မီးလျှံသာ ဖြစ်နေဆဲပင်။ သို့သော်လည်း ပတ်ဝန်းကျင်သည် ပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် အင်ပါယာသင်္ချိုင်းမဟုတ်တော့ဘဲ တောင်တန်းပင်လယ်ဒေသကြီး ဖြစ်သည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာ ထိုပုံရိပ်ယောင်က အကြိမ်ပေါင်းတစ်ရာခန့် ဆက်တိုက်ထွက်ပေါ်လာကြသည်။ အကြိမ်တိုင်းမှာ ရွှမ်မီးလျှံက မတူညီသော တည်နေရာများမှာ ထွက်ပေါ်လာလိမ့်မည်။
အတိအကျဆိုရလျှင် ၎င်းတို့က ရွှမ်မီးလျှံ၏ အတိတ်ကာလမှ ပုံရိပ်များသာ ဖြစ်ကြသည်။
ရွှီချင်းသည် တစ်ဖက်လူကို မတားဆီးပေ။ ယင်းအစား သူက ရွှမ်မီးလျှံ၏ အတိတ်ပုံရိပ်များကို အာရုံစိုက်၍ ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ သူက သတိကြီးကြီး ထားလိုက်သည်။ ယင်းက နတ်ဘုရားအတတ်ပညာတစ်ခုနှင့် အလွန်နီးကပ်သော ထူးထူးဆန်းဆန်း အတတ်ပညာတစ်ခု ဖြစ်သည်။
ထိုပုံရိပ်များ ထွက်ပေါ်လာပြီး နောက်အခိုက်အတန့်မှာ တစ်ယောက်ပြီးတစ်ယောက်က လွင့်ပြယ်သွားကြကာ မရေမတွက်နိုင်သော အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲသွားကြသည်။ ထိုအလင်းအစက်အပြောက်များက မြန်ဆန်စွာ စုဝေးသွားကြပြီး နောက်ဆုံးမှာတော့ ဧရာမအလင်းစက်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။
အလွန်သိပ်သည်းသော အချိန်စွမ်းအားသည် ထိုအလင်းစက်ကွင်းထဲမှ ထွက်ပေါ်လာသည်။
အသက်ခုနစ်ခါ ရှစ်ခါရှူချိန်ကြာပြီးနောက် ရွှမ်မီးလျှံ၏ အစစ်အမှန်ခန္ဓာကိုယ်သည် အလင်းစက်ကွင်းထဲမှ ထွက်လျှောက်လာသည်။
သူထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှာ လောင်ကျွမ်းနေသော အသွေးအသားအပိုင်းအစများက လွင့်ပြယ်သွားကြသည်။ သူ၏ အနောက်မှ အလင်းစက်ကွင်းသည် ချက်ချင်း ကျုံ့သွားပြီး နောက်ဆုံးမှာတော့ ပုလဲတစ်လုံးအသွင် ပြောင်းလဲသွားကာ ရွှမ်မီးလျှံ၏ လက်ပေါ်သို့ ကျဆင်းသွားသည်။
သူ၏ အသွင်သဏ္ဍာန်သည် ယခင်နှင့်နှိုင်းယှဉ်လျှင် အများကြီး မပြောင်းလဲသွားပေ။ သူ၏ စိတ်နေသဘောထားသာ ကွာခြားသွားသည်။ အတိတ်မှာ ရွှမ်မီးလျှံ၏ အသွင်သဏ္ဍာန်က ချောမောခန့်ညားပြီး ဆုံးဖြတ်ချက်ပြတ်သားပုံပေါ်သည်။
သို့သော်လည်း ယခု သူ့ကို ချောမောလှပသည်ဟုသာ ဖော်ပြနိုင်တော့သည်။
သူက မိန်းမဖြစ်လာသည်။
သူ၏ ရုပ်ခန္ဓာကိုယ်သည်လည်း ထို့အတူပင်။ သူ၏ ရင်ဘက်က မို့မောက်လာပြီး သူ၏ ခါးက သေးသွယ်လာသည်။ သူ၏ ဝတ်စုံအောက်မှ ခြေတံများသည်လည်း အများကြီး ပိုသေးသွယ်လာသည်။ သူ၏ မျက်နှာပေါ်မှာ တည်ငြိမ်သော အမူအရာ မရှိတော့ပေ။ ယင်းအစား အေးစက်မှုက အစားထိုး ထွက်ပေါ်လာသည်။
ရွှီချင်းသည် ရွှမ်မီးလျှံ၏ ယခုပုံစံကို သူ၏ မှတ်ဉာဏ်ထဲမှ အသွင်ပုံစံဖြင့် နှိုင်းယှဉ်ကြည့်လိုက်သည်။
လူအုပ်ကြီးသည် ချက်ချင်း နှုတ်ဆိတ်သွားသည်။ ရွှမ်မီးလျှံ၏ နတ်ဘုရားအတတ်ပညာအကြောင်းကို သိထားသူများသည်တော့ မအံ့ဩသွားကြပေ။ သို့သော်လည်း မသိထားသူများသည် ဆွံ့အသွားကြသည်။
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး စိတ်ထဲမှာ ရယ်မောလိုက်သည်။
တစ်ချိန်တည်းမှာ လေထဲမှ ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။
“ ခေါင်းဆောင်က တစ်ခါပြောဖူးတယ်… တောင်တန်းပင်လယ်ဒေသကြီးထဲမှာ ဒီလူက အရမ်းအစွမ်းထက်တဲ့ နတ်ဘုရားအတတ်ပညာတစ်ခုကို အသုံးပြုလိုက်တာကို သူမြင်ဖူးတယ်တဲ့… အဲ့ဒီအတတ်ပညာက ထူးဆန်းတယ်… အဲ့ဒါကို အသုံးပြုပြီးရင် အသုံးပြုတဲ့လူက လိင်အမျိုးအစားပြောင်းသွားလိမ့်မယ် ”