← Chapters

အခန်း (၁၅၉၂)

Vol. 107 Ch. 1592

အခန်း (၁၅၉၂)

Vol. 107 Ch. 1592

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်သည် မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်၏။

အခြားသော မျိုးနွယ်စုခေါင်းဆောင်များသည်လည်း တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား.. အိုးတိုးအမ်းတမ်း ဖြစ်နေသည့်ပုံပေါ်သော်လည်း သူတို့က အဲဒါကို အတည်ပြုရဲခြင်း မရှိပေ။

ဒသမ မင်းသား၏ သေဆုံးမှုသည် ရွှေကျီးကန်းများစွာ၏ အမျက်ဒေါသကို နှိုးဆွမိသွား၏။

ဤတစ်ခေါက် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ရွှေကျီးကန်း မင်းသား ၄ပါးက ရောက်ရှိလာခဲ့ကြ၏။ သူတို့ထဲမှ တစ်ယောက်သည် အဆူရာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူတို့ထဲမှ တစ်ယောက်က အထီးကျန်သိုင်းသခင်၏ မြားတစ်စင်းဖြင့် ပစ်ချခြင်းကို ခံရကာ နောက်တစ်ယောက်က ခွန်မျိုးနွယ်မှ သားပေါက်ကလေး၏ စားသုံးခြင်းကို ခံလိုက်ရ၏။

မင်းသား ၄ပါးကြားတွင် သတ္တမမင်းသားတစ်ယောက်သာလျှင် ကျန်ရစ်တော့လေသည်။

ရွှေကျီးကန်းမျိုးနွယ်က ကြီးမားစွာ ထိခိုက်ပျက်စီး ဆုံးရှုံးလိုက်ရ၏။

သတ္တမမင်းသားက အေးစက်စွာ ပြောလိုက်၏။

“ခွန်မျိုးနွယ်က ကောင်လေး.. မင်းက တော်တော်ရက်စက်ကြမ်းတမ်းတာပဲ”

“အဲဒါ ငါ့အမှား မဟုတ်ဘူးလေ.. ဟုတ်တယ်မလား”

ရှောင်းယောင်က မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောလိုက်၏။

“ငါက ကျင့်ကြံတာ မကြာသေးလို့.. ငါ့အကန့်အသတ်ကို ငါမသိပါဘူးလို့ ထပ်ခါတလဲလဲ အလေးပေးပြီး ပြောခဲ့ပြီးသားပဲ.. သူကသာ လက်ရည်စမ်းဖို့ အရမ်းကို စိတ်အားထက်သန်နေတာ”

“မင်း..”

သတ္တမမင်းသားသည် ဒေါသချောင်းချောင်းထွက်သွားပြီး ပြောစရာစကားများ ပျောက်ဆုံးသွားလေသည်။

ရှောင်းယောင်က ဆက်ပြောလိုက်၏။

“မျိုးနွယ်စုတစ်သောင်းက လူတိုင်းက အဲဒါကို မြင်တွေ့ခဲ့တာပဲ.. ငါက တိုက်ခိုက်ချင်ခဲ့တာ မဟုတ်ဘူး.. နောက်ပြီး ငါက သူ့ကို သတ်ဖြတ်နိုင်ရင်တောင်မှ အဲဒါက ငါ့မှာ အစွမ်းအစရှိလို့ပဲလို့ အဲဒီရွှေငှက်ကြီးက ပြောခဲ့တာပဲ”

“အဲဒါအမှန်ပဲ.. ငါတို့ အဲဒါကို ကြားတယ်”

“ဒီကိစ္စမှာ ကလေးကို ခင်ဗျားတို့ အပြစ်တင်လို့ မရဘူး”

“ကလေးတစ်ယောက်က ဘာသိမှာလဲ… ကလေးတစ်ယောက်က သူ့အကန့်အသတ်ကို သူဘယ်သိပါ့မလဲ”

မျောက်နှင့် အခြားသူများက အူမြူးအားရစွာဖြင့် ဘေးကနေ ဝင်ရောက်ပြောဆိုလိုက်ကြ၏။

“သူနဲ့ စကားပြောပြီး အချိန်ဖြုန်းမနေနဲ့.. သူ့ရဲ့ ခွန်အားကို သွားစမ်းသပ်ပြီး အဲဒီသားပေါက်လေးရဲ့ အစစ်အမှန်ပုံစံ ထွက်ပေါ်လာအောင် ဖိအားပေးလိုက်”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို သုံးပြီး ဒသမ မင်းသားထံ အသံတစ်ခုကို ပို့လွှတ်လိုက်၏။

သတ္တမမင်းသားက နားလည်သွားပြီး ရှောင်းယောင်ကို ကြည့်ကာ အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်းက ဒီလောက်ထိ စွမ်းနေတယ်ဆိုမှတော့ ငါကလည်း ကြိုးစားကြည့်ရတော့မှာပေါ့”

“ငါ ဆက်ပြီးတော့ မကစားတော့ဘူး”

ရှောင်းယောင်က သတ္တမမင်းသားဘက်သို့ ပြောင်စပ်စပ်မျက်နှာလုပ်ပြကာ လှည့်ထွက်ပြေးသွားလေသည်။ တစ်ခဏချင်းမှာပင် သူက ခွန်မျိုးနွယ်က ပညာရှင်များ ရှိရာဘက်သို့ ပြန်လည်ရောက်ရှိသွား၏။

ရာနှင့်ချီသော ခွန်မျိုးနွယ် ပညာရှင်များသည် ရှောင်းယောင်ကို အလယ်မှာထား၍ ကာကွယ်လိုက်ကြပြီး လေထဲတွင်ရှိသော သတ္တမမင်းသားကို စိမ်းသက်နေသော အမူအရာများနှင့်အတူ စိုက်ကြည့်လိုက်ကြ၏။

သတ္တမမင်းသားက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ.. သူက အတင်းဝင်ရောက်ရဲခြင်း မရှိ​ပေ။

ဒါ့အပြင် သူသည် စောစောက အထီးကျန်သိုင်းသခင်၏ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး သူ၏ အထွတ်အထိပ် အခြေအနေမှာ ရှိမနေပေ။

သတ္တမမင်းသား၏ အမူအရာက ညိုမည်းလာခဲ့၏။ သို့သော်လည်း သူက သူ့ကိုယ်သူ အလျင်အမြန် ဣန္ဒြေဆည်ပြီး လှောင်ရယ်လိုက်လေသည်။

“ခွန်မျိုးနွယ်က သခင်လေးက မတိုက်ခိုက်ဘဲ ထွက်ပြေးရလောက်အောင်ထိ သတ္တိကြောင်နေတာပဲ.. မင်းက ခွန်မျိုးနွယ်ကို အရှက်ရစေမှာ မကြောက်ဘူးလား”

“ငါက ကလေးပဲ ရှိသေးတယ်”

ရှောင်းယောင်က လျှာကို တစ်လစ်ထုတ်ပြလိုက်၏။

“ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က မင်းကို မယှဉ်နိုင်ဘူး.. အဲဒါကြောင့် ငါက ထွက်ပြေးရတာပေါ့.. နောက်ပြီး မင်းတို့ ရွှေငှက်ကြီးတွေက ကိုယ့်စကားကိုယ်တည်ကြတာ မဟုတ်ဘူး.. မင်းတို့က ရှုံးသွားရင် စိတ်က တစ်မျိုးပြောင်းသွားဦးမှာ.. ငါ မင်းတို့တွေနဲ့ ထပ်ပြီးတော့ မကစားတော့ဘူး”

သတ္တမမင်းသားသည် တဆတ်ဆတ် တုန်ယင်သွားပြီး သွေးအန်လုနီးပါး ဖြစ်သွားရ၏။

“ဟီးဟီး”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က ရယ်မောလိုက်၏။

“ခွန်မျိုးနွယ်က သားပေါက်လေး.. မင်းက တော်တော်လျှာစောင်းထက်ပြီး မယဉ်ကျေးတတ်တာပဲ.. ဒီလိုဆိုမှတော့ ငါက ခွန်မျိုးနွယ်က စီနီယာတွေ ကိုယ်စား.. မင်းကို ဆုံးမပေးရတော့မှာပေါ့”

ထိုနေရာအရောက်တွင် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးက တုန်လှုပ်သွားကြ၏။

သူတို့သည် အဲဒါကို ဘယ်လိုပဲကြည့်ကြည့်.. ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ဓမ္မဝိသေသ လူငယ်တစ်ယောက်ကို ကိုယ်တိုင်တိုက်ခိုက်ဖို့ ရန်စပြောဆိုလာခြင်းက အရမ်းကို ကြောင်တိကြောင်တောင်နိုင်လေသည်။

သို့သော်လည်း.. မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ၎င်း၏ နောက်ကွယ်က အကြောင်းရင်းကို နားလည်သဘောပေါက်ခြင်း မရှိကြပေ။

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်သည် ရှောင်းယောင်ကို ဆုံးမပေးချင်သည်ဟု ပြောဆိုသည်မှာ အကြောင်းပြချက်တစ်ခုပေးခြင်းသာ ဖြစ်လေသည်။

သူ၏ အဓိက ရည်ရွယ်ချက်မှာ ရှောင်းယောင်၏ အစစ်အမှန်ပုံစံကို တွေ့မြင်ရဖို့ဖြစ်၏။

“မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်.. ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်အနေနဲ့ ခင်ဗျားက ဓမ္မဝိသေသအဆင့်မှာရှိတဲ့ ကလေးတစ်ယောက်ကို ကိုယ်တိုင်ကိုင်တွယ်ချင်တယ်ဆိုတာ အရမ်းကို ဗိုလ်ကျလွန်းမနေဘူးလား”

“မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်.. ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိစမ်းပါ… ခင်ဗျားက လူငယ်ကလေးတစ်ယောက်ကို အနိုင်ကျင့်တဲ့သတင်း ပျံ့နှံ့သွားမယ်ဆိုရင်.. အဲဒါက ရွှေကျီးကန်းမျိုးနွယ်အတွက် အရှက်ရစရာတွေ ဖြစ်လာလိမ့်မယ်”

ခွန်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအချို့သည် ရှေ့သို့ ထွက်ရပ်ပြီး မလှမ်းမကမ်းတွင်ရှိသော မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်ကို စိုက်ကြည့်ကာ သုန်မှုန်သော အမူအရာများနှင့်အတူ အော်ပြောလိုက်ကြ၏။

“ဟမ့်”

ဖျတ်ခနဲဆို မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်သည် ရုတ်တရက် ခွန်မျိုးနွယ် သက်ရှိများစွာအပေါ်သို့ ဆင်းသက်လာပြီး သူ၏ ဘိုးဘေးအဆင့် စွမ်းပကားကို ထုတ်ဖော်လိုက်၏။ သူက အေးစက်စွာ ပြောလိုက်လေသည်။

“ထွက်သွားကြစမ်း.. ဒါက မင်းတို့ စကားဝင်ပြောရမယ့်နေရာ မဟုတ်ဘူး”

“အား…”

ခွန်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအချို့က ပျက်ယွင်းသွားသော အမူအရာများနှင့်အတူ ခပ်သဲ့သဲ့ ညည်းတွားလိုက်ကြ၏။

သို့သော်လည်း သူတို့က နောက်သို့ဆုတ်မပေးကြပေ။ ထိုအစား သူတို့သည် သူတို့၏ မူပိုင်ဓမ္မလက်နက်များကို ဆင့်ခေါ် ပြီး ရှောင်းယောင်ကို တင်းကျပ်စွာ ကာကွယ်ပေးထားကြ၏။

“မင်းတို့လို ငါးပုပ်တွေက ငါ့ကို ဘယ်လိုတောင် တားဆီးရဲတာလဲ”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်သည် လှောင်ရယ်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွား၏။

ရုတ်တရက်.. သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ခွန်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ မူပိုင်ဓမ္မလက်နက်များနှင့် ချက်ချင်းပင် ထိတွေ့ရိုက်ခတ်သွား၏။

ချွမ်း.. ချွမ်း… ချွမ်း..

ခွန်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ၏ ခန္ဓာကိုယ်များသည် ဆတ်ခနဲ တုန်ခါသွားပြီး သူတို့က ထိုထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိပေ။ သူတို့၏ မူပိုင်ဓမ္မလက်နက်များက သူတို့၏ လက်ထဲကနေ လွင့်စင်ထွက်ကုန်၏။

မူပိုင်ဓမ္မလက်နက်များပေါ်တွင် ရွှေရောင်မီးတောက်များက တစ်ခုပြီးတစ်ခု လောင်ကျွမ်းလာခဲ့၏။ တစ်ခဏချင်းမှာပင်.. သူတို့က လောင်ကျွမ်း၍ နီရဲလာခဲ့လေသည်။

မူပိုင်ဓမ္မလက်နက်များသည် အဘက်ဘက်သို့ လွင့်စင်ထွက်သွားပြီး ခွန်မျိုးနွယ် လူအုပ်ကြားထဲသို့ ဆင်းသက်ကာ အုန်းအုန်းကျက်ကျက် ဖြစ်စေကုန်၏။

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်၏ အမူအရာက အေးစက်နေ၏။ ဖျတ်ခနဲဆို.. သူက ရုတ်ရုတ်သဲသဲဖြစ်နေသော ခွန်မျိုးနွယ်များကြားကနေ ရှောင်းယောင်ရှေ့သို့ ရောက်ရှိလာပြီး ထိုသူ၏ မျက်နှာကို ဖမ်းဆွဲဖို့အတွက် သူ၏ လက်ဖဝါးကို ဖြန့်လိုက်လေသည်။

“သားပေါက်လေး.. မင်းက အဲ့လောက်ထိ ရဲတင်းနေမှတော့ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်.. ငါ့ရဲ့အသားကို လာပြီးစားစမ်းပါ”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်၏ အကြည့်က အေးစက်နေပြီး သူက လုံးဝ ထိန်ချန်ထားမည့်ပုံ မရှိဘဲ ခက်ထန်ကြမ်းကြုတ်နေ၏။

သူသည် ရှောင်းယောင်၏ အစစ်အမှန်ပုံစံကို ထွက်ပေါ်လာဖို့ ဖိအားပေးနေလေသည်။

“ကျင်းယန်.. နင် အရမ်းကို ဗိုလ်ကျနေတာပဲ”

ရုတ်တရက်.. အေးစက်နေသော အသံတစ်သံက ရှောင်းယောင်၏ နောက်ကနေ ပေါ်ထွက်လာ၏။

ထို့နောက် ချက်ချင်းပင်.. လေဟာနယ်က အက်ကွဲသွားပြီး လက်တစ်ဖက်က ဆန့်တန်းထွက်ပေါ်လာ၏။ ထိုလက်ဖဝါးသည် လက်သီးတစ်လုံးအဖြစ် ဆုပ်ပြီး ရှောင်းယောင်၏ ပခုံးကို ဖြတ်ကျော်ကာ မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်၏ လက်ဖဝါးနှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွား၏။

ဘန်း…

လက်သီးနှင့် လက်ဖဝါး ထိ​တွေ့ရိုက်ခတ်ခြင်းကနေ ခပ်ထိုင်းထိုင်း အသံတစ်သံ ထွက်ပေါ်လာ၏။

ဂီး…

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က နာကျင်စွာဖြင့် အော်ဟစ်ပြီး လေထဲသို့ ပျံတက်ကာ တစ်ခဏချင်းမှာပင် အတော်ဝေးဝေးမှာ ပြန်လည်ပေါ်ထွက်လာ၏။ သူက ရှောင်းယောင်၏ နောက်ဘက်ရှိ လေဟာနယ်စုတ်ပြဲကြောင်းကို သုန်မှုန်သော အမူအရာနှင့်အတူ စိုက်ကြည့်လိုက်၏။

ထိုထိုးချက်၏ စွမ်းအားက အဆုံးမဲ့ သမုဒ္ဒရာတစ်စင်းကဲ့သို့ အရမ်းကို သန်မာလေသည်။

သူက အဲဒါကို ခံနိုင်ရည်မရှိပေ။

ငွေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက်က အေးစက်နေသော အမူအရာတစ်ခုနှင့်အတူ လေဟာနယ်အက်ကွဲကြောင်းထဲကနေ လျှောက်လှမ်းထွက်လာ၏။ သူမသည် ယက္ခယုနှင့် နတ်မိမယ် ရှောင်ရှန်းကဲ့သို့ ပြိုင်ဘက်ကင်း အချောအလှများနှင့် မယှဉ်နိုင်သော်လည်း သူမက ရှားရှားပါးပါး အချောအလှတစ်ဦး ဖြစ်နေဆဲပင်။

“အစ်မ.. ခင်ဗျား ဒီကို ရောက်လာပြီပဲ”

ရှောင်းယောင်သည် ငွေရောင်ဆံပင်နှင့် အမျိုးသမီးကို တွေ့မြင်သောအခါ.. သူက စိတ်အားတက်ကြွသွားပြီး ခပ်လှမ်းလှမ်းတွင်ရှိသော မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်ကို လက်ညိုးထိုးပြလိုက်၏။

“အဲဒီရွှေငှက်ကြီးက ကျုပ်တို့ကို အနိုင်ကျင့်နေတာ.. အစ်မ ကျုပ်ကို ကူပြီး သူ့ကို ဆုံးမပေးဦး”

“ယင်လန်.. အဲဒါ နင်မလား”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

“မတွေ့ရတာ ဒီလောက်ကြာပြီးတဲ့နောက်.. နင်က ဘိုးဘေးအဆင့်ကို ဝင်ရောက်လာခဲ့ပြီပဲ.. လူငယ်မျိုးဆက်တွေက တကယ့်ကို ထူးချွန်ကြတာပဲ”

ယင်လန်ဟု အမည်ရသော ငွေရောင်ဆံပင်နှင့် အမျိုးသမီးက မှင်သေသေဖြင့် ပြောလိုက်၏။

“ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက အတူတူပဲ.. အဲဒီတော့ ဟိတ်ကြီးဟန်ကြီးလုပ်ပြီး လူငယ်မျိုးဆက်တွေ ဘာတွေ ငါ့ကို ခေါ်နေစရာ မလိုဘူး.. ငါက အဲဒီစကားမှာ ကျဆင်းသွားမှာ မဟုတ်ဘူး”

“မင်းက အချိန်မှန်ရောက်လာတာပဲ”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က ရှောင်းယောင်ကို လက်ညိုးထိုးပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“မင်းတို့ ခွန်မျိုးနွယ်က အဲဒီသခင်လေးရဲ့ ရည်ရွယ်ချက်က ဘာလဲ.. သူက ဒီကိုရောက်လာပြီး လူသားမျိုးနွယ်က အထီးကျန်သိုင်းသခင်ကို ကူညီပေးဖို့ ပေါက်တတ်ကရ ပြောဆိုနေရုံတင်မကဘူး.. သူက ငါတို့ ရွှေကျီးကန်းမျိုးနွယ်က ဒသမ မင်းသားကိုပါ ချောင်းမြောင်းတိုက်ခိုက်ပြီး ဝါးမျိုလိုက်သေးတယ်”

“ငါက အဲဒီအချိန်တုန်းက ဒီမှာ ရှိမနေခဲ့ပေမဲ့.. အဲဒီကိစ္စမှာ နင်တို့ရဲ့ ဒသမ မင်းသားက အရင်ရန်စခဲ့တာပဲ ဖြစ်ရမယ်”

ယင်လန်က လှောင်ရယ်လိုက်၏။

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“အဲ့လိုဆိုရင်တောင်မှ.. ဒီကောင်လေးက အရမ်းကို ရက်စက်ကြမ်းတမ်းလွန်းတယ်”

“နင်တို့ရဲ့ ဒသမ မင်းသားက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ပဲ.. ဒါတောင် သူက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးတာ​တောင် နင်က ကလဲ့စားချေချင်နေသေးတာလား”

ယင်လန်က နောက်တစ်ဖန် လှောင်ရယ်လိုက်၏။

“ငါ နင့်ကို ပြောလိုက်မယ်… ဒီကိစ္စမှာ ရှောင်းယောင်က မှားတယ်ဆိုရင်တောင်မှ ခွန်မျိုးနွယ်က သူ့ကို အပြစ်ပေးလိမ့်မယ်.. ငါတို့ရဲ့ သခင်လေးကို ဆုံးမပေးချင်ရအောင် နင့်ကိုယ်နင် ဘာကောင်ထင်နေလို့လဲ”

ယင်လန်၏ စကားလုံးများက စူးရှပြီး သူမက မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်ကို မည်သည့် မျက်နှာသာမှ ပေးခြင်းမရှိပေ။

All Chapters