ငါ့ကို ဘယ်သူ သတ်ရဲမှာလဲ
Vol. 107 Ch. 1595
ဤတစ်ခေါက်မှာ အစစ်အမှန်ကျောက်စိမ်း၏ အမူအရာပင်လျှင် ပြောင်းလဲသွား၏။
သူမသည် အလယ်အလတ် မဟာယာနအဆင့်မှာသာ ရှိပြီး သူမက မည်သည့် အဆင့်မြင့် နတ်ဘုရားစွမ်းအားကိုမှ နားလည်ဆင်ခြင်နိုင်ခြင်း မရှိသေးပေ။
သူမသည် ရှေ့တွင် ရပ်နေသော နတ်ဘုရားအဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်သုံးယောက်ကို မပြောနှင့်… နောက်မှာရှိသော နောက်ပိုင်းအဆင့် မဟာယာနအချို့ကိုပင်လျှင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်၏ အသန်မာဆုံး ပညာရှင်များက နောက်ဆုံးတွင် ဤမျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ပေါ်ထွက်လာကြလေပြီ။
ဤမဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် များသောအားဖြင့် ရှေးဟောင်းတိုက်ပွဲမြေမှာ နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ပြီး သီးခြားကျင့်ကြံနေကြ၏။ သူတို့ ဂိုဏ်းများက ကပ်ဆိုးတစ်ခုခုနှင့် ကြုံတွေ့ရခြင်း မရှိသရွေ့.. သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။
ယခု သူတို့ထဲမှ အယောက်တစ်ရာကျော်က ယနေ့ အတူတကွ ရောက်ရှိလာခဲ့ပြီဆိုတော့…။
ယင်လန်ကလည်း မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
သူမသည် ခွန်မျိုးနွယ်မှ ဖြစ်သော်လည်း သူမက အစောပိုင်းအဆင့် မဟာယာနတစ်ယောက်သာ ဖြစ်ပြီး နောက်ပိုင်းအဆင့် လူသားမဟာယာနများနှင့် ရင်ဆိုင်ရာမှာ အနိုင်ရဖို့ အခွင့်အရေးများစွာ မရှိပေ။
“တာအိုရောင်းရင်းတို့..”
မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက အခြားတစ်ဖက်တွင်ရှိသော မဟာယာနမျိုးနွယ်စုခေါင်းဆောင် တစ်ရာကျော်ကျော်ဘက်သို့ လက်သီးနှစ်ဖက်ကို ယှက်ကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကျုပ်တို့က အထီးကျန်သိုင်းသခင်ကို သတ်လိုက်မယ်ဆိုရင်တောင်.. ကမ္ဘာဦးမျိုးနွယ် ၆စုက ကျုပ်တို့နဲ့ ညှိနှိုင်းဆွေးနွေးမှာ မဟုတ်ဘူး.. ဒီနေ့ပြဿနာတွေ ဖြစ်လာတာက အထီးကျန်သိုင်းသခင်ကပဲ အကြောင်းရင်းမဟုတ်ဘူး”
ရုတ်တရက် မျိုးနွယ်စုခေါင်းဆောင် ဝူထန်က ပြောလိုက်၏။
“ဒါပေမဲ့… မင်းတို့တွေက ညှိနှိုင်းဆွေးနွေးချင်တယ်ဆိုရင်.. လူသားမျိုးနွယ်ရဲ့ စိတ်ရင်းမှန်ကန်မှုကို ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုထံ ပြပေးရမှာပေါ့.. မင်းတို့တွေက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာ ရှိတဲ့ အထီးကျန်သိုင်းသခင်တစ်ယောက်ကိုတောင် မသတ်နိုင်ဘူးဆိုရင်.. လူသားမျိုးနွယ်ရဲ့ စိတ်ရင်းမှန်ကန်မှုက ဘယ်မှာလဲ”
“အဲဒါကို နင်ကြားပြီလား”
မျိုးနွယ်စုခေါင်းဆောင် ယွဲလော်က သူမ၏ ရင်ခွင်ထဲရှိ ကြောင်လေးကို ပွတ်သပ်ပြီး ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ကို သတ်ပြီးမှပဲ ငါတို့က ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ အေးဆေးထိုင်ပြီး ညှိနှိုင်းဆွေးနွေးဖို့ အခွင့်အရေးတစ်ခု ရလိမ့်မယ်”
“ဒါပေမဲ့.. မင်းတို့တွေက အထီးကျန်သိုင်းသခင်ကို မသတ်ဘူးဆိုရင်.. အဲဒီအခွင့်အရေးကို ရမှာမဟုတ်ဘူး”
မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းက ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးဖို့ သတ္တိရှိတယ်ဆိုမှတော့.. လူသားမျိုးနွယ်ရဲ့ ကောင်းကျိုးကို ဖြည့်ဆည်းဖို့အတွက် သူ့ကိုယ်သူ စတေးရတာ ဘာများမှားနေလို့လဲ”
“အဲဒါ အမှန်ပဲ”
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်ကလည်း ခေါင်းညိတ်ပြလိုက်၏။
“အထီးကျန်သိုင်းသခင် တစ်ယောက်တည်းကို သတ်လိုက်တာနဲ့.. ငါတို့က တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ တိုက်ခိုက်ရခြင်းကနေ ရှောင်လွှဲနိုင်လိမ့်မယ်.. ဘာကို ဆက်ပြီး တုံ့ဆိုင်းနေရဦးမှာလဲ”
ထိုစကားလုံးများသည် မနှစ်မျို့ဖွယ်ရာကောင်းသော်လည်း မျိုးနွယ်စုခေါင်းဆောင် ၃ယောက်သည် အဲဒါက အကျိုးအကြောင်း ဆီလျော်သည့်အလား.. အမူအရာ လုံးဝပြောင်းလဲသွားခြင်း မရှိဘဲ ပြောနိုင်ကြလေသည်။
“အဓိပ္ပာယ်မရှိတာ”
မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက လှောင်ရယ်လိုက်၏။
“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်မှာ အဆင့်ဝင်တဲ့ ခင်ဗျားတို့လို လူသားမျိုးနွယ်စုခေါင်းဆောင် ၃ယောက်ကတောင် ဒီလိုမျိုး အရှက်မရှိတဲ့ စကားကို ပြောဆိုရဲတယ်ဆိုတော့.. “
“ဘာတွေဆက်ပြီး အချိန်ဆွဲနေတာလဲ.. အထီးကျန်သိုင်းသခင်ကို မြန်မြန်သတ်ဖို့ လုပ်ကြ”
ပင့်ကူတစ်ထောင်သဲခုံမှ သားရဲဘိုးဘေး ကျူးဖာက လှောင်ရယ်လိုက်၏။
“အဲဒါ အမှန်ပဲ”
သားရဲဘိုးဘေး ခုံးလင်ကလည်း ခေါင်းညိတ်ပြလိုက်၏။
“မျိုးနွယ်စုတစ်သောင်း စုဝေးပွဲဆိုတာ ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ.. ငါတို့က လူတစ်ယောက်တည်းကြောင့် ဒီလို မဟာပွဲတော်တစ်ခုကို အပျက်စီးမခံနိုင်ဘူး”
အခြားသော သားရဲဘိုးဘေးများကလည်း သူတို့၏ ရပ်တည်ချက်ကို ဖော်ပြလာကြ၏။
ခြင်္သေ့ရိုင်းတောင်ကြောရိုး၏ သားရဲဘိုးဘေး အရိုင်းကောင်းကင်ကလွဲလျှင် သားရဲနယ်မြေ ရှစ်ခွင်မှာ အခြားသော သားရဲဘိုးဘေးများက အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့ သဘောတူလာကြ၏။
ထိုစဉ်မှာပင်.. ဖန်တီးခြင်းကြာပဒုမ္မာအထက်ရှိ တလိပ်လိပ်တိုးဝင်လာနေသော ကောင်းကင်ဘုံ ခုနှစ်စင်ကြယ်လေက ပျက်ပြယ်သွားလေသည်။
ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို အလျင်အမြန် ကုသပြီး တုန်ရီနေသော သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း တည်ငြိမ်လာ၏။
မျိုးနွယ်စုခေါင်းဆောင်များစွာက အပြန်အလှန် ပြောဆိုနေစဉ်မှာပင်.. ဆူဇီမိုသည် တာအိုအတိဒုက္ခ ၃ခုထဲမှ ပထမကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီးပြီဖြစ်၏။
လေကပ်ဘေး အပြီး၌ မီးကပ်ဘေး လာလေသည်။
သူသည် လေကပ်ဘေးကို မဖြတ်ကျော်နိုင်ခဲ့ဘူးဆိုလျှင်.. သူ့မှာ ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခု ရှိသေးလေသည်။
သို့သော်လည်း သူက မီးကပ်ဘေးမှာ ကျရှုံးသွားမည်ဆိုလျှင် သူသည် အလောင်းပင် မကျန်ဘဲ ပြာအဖြစ် လောင်ကျွမ်းပြာကျသွားမည်ဖြစ်၏။
အဲဒါက ရိုးရိုးသာမန်မီး မဟုတ်ဘဲ ဆိုးယုတ်မြေကမ္ဘာမီး ဖြစ်လေသည်။ လူတစ်ယောက်၏ ခြေရင်းကနေ မွေးဖွားပေါ်ထွက်လာပြီး ၎င်းသည် သူတို့၏ နှာရောင်အထိ ဖြန့်ကြက်ကာ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိုးဖောက်၍ သူတို့၏ ကိုယ်တွင်းအင်္ဂါများ၊ မရီးဒျာန်များ၊ ခြေလက်များနှင့် ဒွါရများကို လောင်ကျွမ်းလာမည်ဖြစ်၏။
အဲဒါက အန္တရာယ်အများဆုံး ဖြစ်လေသည်။
ရွှစ်…
ဆိုးယုတ်မြေကမ္ဘာမီးက တလိပ်လိပ်တက်လာပြီး ဆူဇီမို၏ ခန္ဓာကိုယ်မှ ပစ်လွင့်ထွက်ပေါ်လာ၏။ တစ်ခဏချင်းမှာပင် ၎င်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဒေါသတကြီး လောင်ကျွမ်းလာ၏။
ထိုစဉ်မှာပင် ဆူဇီမိုက သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး နက်မှောင်၍ ကြော့ရှင်းလှပသော သစ်သီးတစ်လုံးကို ထုတ်ယူလိုက်၏။
“အား.. အဲဒါက…”
“ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးပဲ”
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် ဤမြင်ကွင်းကို စောင့်ကြည့်နေကြပြီး အဆိုပါ သစ်သီးကို တွေ့မြင်သောအခါ သူတို့က အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများအတွက်တော့ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးက အရမ်းကို ဖမ်းစားနိုင်လေသည်။ အဲဒါက တကယ့်ကို အန္တိမရတနာတစ်ခု ဖြစ်၏။
အကြောင်းမှာ နတ်ဘုရားစွမ်းအားကပ်ဘေး၏ ဒုတိယအဆင့် ဆိုးယုတ်မြေကမ္ဘာမီးကပ်ဘေးတွင် ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးကို စားသုံးလိုက်ခြင်းက ထိုကပ်ဘေးကို ဖြတ်ကျော်ဖို့ အနည်းဆုံး အခွင့်အရေး ၃၀% တိုးလာမည် ဖြစ်သောကြောင့်ပင်။
သာမန်ကျင့်ကြံသူများအတွက်တော့ ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးက လုံးဝ သုံးစားမရနိုင်တဲ့ အဆိပ်သစ်သီးတစ်လုံးမျှသာ ဖြစ်၏။
သို့သော်လည်း ကပ်ဘေးဖြတ်ကျော်နေစဉ်အတွင်း အဲဒါကို စားသုံးခြင်းဖြင့် သူတို့၏ ခန္ဓာကိုယ်ထဲရှိ ဆိုးယုတ်မြေကမ္ဘာမီးကို ချေဖျက်နိုင်လိမ့်မည် ဖြစ်၏။ အဲဒါက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လေသည်။
လူသားဖြစ်စေ.. သားရဲများဖြစ်စေ.. မည်သည့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်မဆို.. မနာလိုအားကျရပေလိမ့်မည်။
သို့သော်လည်း အဲဒါက ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးဆိုတာကို သူတို့ နားလည်သဘောပေါက်သွားသည့် အချိန်မှာ အဲဒါကို ဆူဇီမိုက ဝါးမျိုပြီးသွားလေပြီ။
“အား..”
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက စိတ်ထဲကနေ သက်ပြင်းချလိုက်ကြ၏။
ထိုသည်ကို တွေ့မြင်သောအခါ မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများသည် စိတ်မရှည်နိုင်သော အမူအရာများနှင့်အတူ မျက်မှောင် အနည်းငယ်ကြုတ်လိုက်ကြ၏။
“မင်းတို့တွေက အထီးကျန်သိုင်းသခင်ကို မသတ်ဘဲ ဘာကိုဆက်ပြီး စောင့်နေကြတာလဲ”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီသည် ကောင်းကင်စင်ရော်ဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ကို စိုက်ကြည့်ကာ အော်ငေါက်လိုက်လေသည်။
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ ကျင့်ကြံမှုနှင့် တိုက်ခိုက်ရည်ခွန်အားသည် မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီထက် ပိုမိုသန်မာသော်လည်း ထိုအခိုက်အတန့်မှာ သူမသည် သူမ၏ ခေါင်းကို ငုံ့ထားပြီး ခွန်းတုံ့မပြန်ရဲခြင်းကို တိတ်တဆိတ် အသိအမှတ်ပြုလိုက်၏။
“ဝူဟွား..”
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က အေးစက်စွာ ပြောလိုက်၏။
“နင်တို့တွေ ဖယ်မပေးသေးဘူးဆိုရင် တိုက်ခိုက်ရတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့”
“ခင်ဗျားဘယ်လိုတောင် လုပ်ရဲတာလဲ”
မျိုးနွယ်စုခေါင်းဆောင် ဝူဟွားက မျက်လုံးပြူး၍ အော်ပြောလိုက်လေသည်။
“ပဟေဠိနန်းတော်မှာလည်း ထိပ်တန်းအဆင့် ဘိုးဘေးပညာရှင်တွေ ရှိတယ်.. ခင်ဗျားတို့တွေက တိုက်ခိုက်လာခဲ့မယ်ဆိုရင် ပဟေဠိနန်းတော်ကလည်း ဒီတိုင်းနေမှာ မဟုတ်ဘူး”
“ဟီးဟီး.. မင်းက အခြေအနေကို အခုချိန်ထိ မသုံးသပ်နိုင်သေးဘူးနဲ့ တူတယ်”
မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းက လှောင်ရယ်လိုက်၏။
“ပဟေဠိနန်းတော်ရဲ့ အထောက်အပံ့စွမ်းအားကတောင် ဒီနေ့ သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး.. အထီးကျန်သိုင်းသခင်က ဒီနေ့ သေချာပေါက် သေရလိမ့်မယ်”
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က ကြောက်မက်ဖွယ်ရာကောင်းသော အမူအရာတစ်ခု ရှိနေပြီး ကြမ်းကြုတ်ခက်ထန်သော အကြည့်တစ်ခုနှင့်အတူ သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။
“သတ်..”
“ငါ့ကို ဘယ်သူသတ်ရဲမှာလဲ”
ထိုစဉ်မှာပင် အဝေးတစ်နေရာကနေ ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် လောကကို တုန်လှုပ်သွားစေ၏။
“ဂါး…”
ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာပြီး ထိုအသံက နဂါးဟိန်းသံနှင့် ဖီးနစ်အော်သံနှင့် ဆင်တူနေ၏။ ထိုအသံက ပြိုင်ဘက်ကင်းပြီး သတ္တုနှင့် ကျောက်သားများကို ထိုးဖောက်ကာ လောကတစ်ခုလုံးကို လှုပ်ခါသွားစေ၏။
ထိုဟိန်းဟောက်သံ ထွက်ပေါ်လာသောအခါ.. မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ရင်ထဲမှာ တလှပ်လှပ်ခံစားလာရပြီး အလိုလိုမော့ကြည့်လိုက်ကြ၏။
ဘန်း.. ဘန်း.. ဘန်း..
ထုံထိုင်းထိုင်း အသံများကို ဆက်တိုက်ကြားလိုက်ရ၏။ ထိုအသံ တစ်ကြိမ်ထွက်ပေါ်လာတိုင်း မြေပြင်က လှုပ်ခါသွားပြီး များပြားလှစွာသော မြေခဲများက မြေပြင်ပေါ်ကနေ ကန်ထွက်လာ၏။
အဝေးတစ်နေရာကနေ.. ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားသော ဧရာမ ပုံရိပ်များစွာက ပေါ်ထွက်လာကြ၏။ သူတို့၏ အော်ရာများက ကြောက်စရာကောင်း၍ ခံ့ညားထည်ဝါပြီး မကိုင်လှုပ်နိုင်သော တောင်တန်းများနှင့် တူလေသည်။
ထိုသက်ရှိများ အားလုံးသည် ပဟေဠိနန်းတော် ရှိရာသို့ လျှောက်လှမ်းလာနေကြ၏။
သူတို့ ခြေတစ်လှမ်းလှမ်းတိုင်း တောင်ကြောတစ်ခုလုံးကို ဖြတ်ကျော်နိုင်လေသည်။
အဲဒါသည် ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ လူရိုင်းမျိုးနွယ်ဖြစ်လေသည်။
နတ်ဘုရားမျိုးနွယ်၏ နတ်မိမယ် ရှောင်ရှန်းသည် ကျေနပ်နှစ်ခြိုက်သွားသော အမူအရာနှင့်အတူ မတ်တတ်ထရပ်ပြီး သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။
“အဲဒါက ငါ့ရဲ့ မိုးကောင်းကင်ပဒေသရာဇ်ပဲ.. သူက မျိုးနွယ်စုတစ်သောင်း စုဝေးပွဲဆီ သူနဲ့အတူ လူရိုင်းမျိုးနွယ်ကို ခေါ်လာခဲ့ပြီပဲ”
“အို.. ဟုတ်လား”
သတ္တမ မင်းသား၊ ကြမ်းကြုတ်မျက်လုံး၊ သခင်လေး ဆန်းကြယ်တစ္ဆေ၊ ယက္ခယုနှင့် အခြားသူများက လှည့်ကြည့်လာကြ၏။
နတ်မိမယ် ရှောင်ရှန်းက ဝံ့ကြွားစွာဖြင့် ပြောလိုက်၏။
“မိုးကောင်းကင်ပဒေသရာဇ်က ငါနဲ့အတူ လိုက်မလာခဲ့ဘူးဆိုတာ.. သူက လူရိုင်းမျိုးနွယ်ကို သွားပြီး သူတို့ကို ငါတို့နဲ့ ပူးပေါင်းဖို့အတွက် ဖျောင်းဖျရမယ့် ကြီးလေးတဲ့ တာဝန်တစ်ခုကို ယူထားလို့ပဲ”
“အခု လူရိုင်းမျိုးနွယ်က ပေါ်ထွက်လာပြီဆိုတော့.. သူက အောင်မြင်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ”
“ဟုတ်လှချေလား”
“အထင်ကြီးစရာပဲ”
သတ္တမ မင်းသား၊ သခင်လေး ဆန်းကြယ်တစ္ဆေနှင့် အခြားသူများက သူတို့၏ လက်သီးများကို ယှက်ပြီး ချီးကျူးလိုက်ကြ၏။
“ဒါပေမဲ့ စောစောက နဂါးဟိန်းသံက ဘာအဓိပ္ပာယ်လဲ”
ယက္ခယုက မျက်မှောင် အနည်းငယ်ကြုတ်ပြီး မေးလိုက်၏။
“နဂါးဟိန်းသံလား”
“ဂါး…”
ထိုစဉ်မှာပင်.. အသံနှုန်း မြင့်မားသော နောက်ထပ် နဂါးဟိန်းသံများက လူရိုင်းမျိုးနွယ်ဝင်များ၏ နောက်ဘက်ကနေ ဆက်တိုက်ထွက်ပေါ်လာ၏။
ဧရာမ နတ်နဂါးများသည် ကောင်းကင်ထက်သို့ တစ်ကောင်ပြီးတစ်ကောင် ထိုးတက်လာကြ၏။ သူတို့က အရေအတွက် ရာချီရှိပြီး လူရိုင်းမျိုးနွယ်၏ အထက်မှာ ရစ်ပတ်ကာ ပဟေဠိနန်းတော်ရှိရာသို့ ပျံသန်းလာနေကြ၏။
သူတို့၏ ခေါင်းဆောင်က သွေးနီရောင် မီးပဒေသာနဂါးတစ်ကောင် ဖြစ်လေသည်။
မီးပဒေသာနဂါး၏ လည်ပင်းပေါ်တွင် မီးတောက်များကဲ့သို့ လောင်ကျွမ်းနေသော သွေးနီရောင် ဆံပင်နှင့် တောက်လောင်ပြင်းပျသော အကြည့်တစ်ခုနှင့်အတူ အမျိုးသားတစ်ယောက်က ထိုင်နေ၏။ သူသည် သိပ်သည်းပြင်းထန်သော အော်ရာတစ်ခု ရှိပြီး လူတိုင်းကို ငုံ့ကြည့်ကာ ချစ်ချစ်တောက် ပူလောင်သော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးနေ၏။
သူက ဆူဇီမိုနှင့် ပုံပန်းသဏ္ဌာန်ချင်း အတိအကျ တူညီနေ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ပဟေဠိနန်းတော်သို့ ရောက်ရှိလာခဲ့လေပြီ။