ငါ အရင်သတ်ရမယ့်သူက မင်းပဲ
Vol. 107 Ch. 1596
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီးတောင်ကြားတိုက်ပွဲအပြီး၌ ပထမဆုံးအကြိမ် ပြန်လည်ဆုံစည်းကြခြင်းဖြစ်၏။
ကျင့်ကြံရေးလောကရှိ အထီးကျန်သိုင်းသခင်မှာ အစစ်အမှန်ခန္ဓာနှစ်ခု ရှိကြောင်း မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးက ကြားဖူးထားကြ၏။ သူတို့ထဲမှ တစ်ယောက်သည် နဂါးမျိုးနွယ်၏ သခင်လေးပင် ဖြစ်လာခဲ့၏။
သို့သော်လည်း.. အစစ်အမှန်ခန္ဓာနှစ်ခု အတူတကွ စုစည်းမိသည်ကို ကိုယ်တိုင်မြင်တွေ့ဖူးသောသူ များစွာမရှိပေ။
တကယ်တော့ ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် ဖန်းလိုင်ကျွန်းက လွဲလျှင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက တဗူးတစ်ကောင်အဖြစ် ကြီးပြင်းလာခဲ့ပြီကို ကျင့်ကြံရေးလောက အပါအဝင် အခြားမျိုးနွယ်ဝင်များက မသိရှိကြပေ။
သူတို့ နားလည်သဘောပေါက်ထားသည်မှာ လုံမိုသည် သန့်စင်သော နဂါးတစ်ကောင်မျှသာ ဖြစ်လေသည်။
“အဲဒါက အထီးကျန်သိုင်းသခင်ရဲ့ နဂါးအစစ်အမှန်ခန္ဓာလား.. သူတို့ရဲ့ ရုပ်ရည်သွင်ပြင်က တကယ်ကို ခြားနားမှု မရှိဘူးပဲ.. ဒါပေမဲ့ သူတို့ရဲ့ အော်ရာတွေကတော့ အရမ်းကို သိသိသာသာ ကွာခြားနေတယ်”
“အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ.. နဂါး အစစ်အမှန်ခန္ဓာ.. ဘယ်တစ်ခုက အထီးကျန်သိုင်းသခင်ရဲ့ ပင်မခန္ဓာလဲ”
“ငါလည်း မပြောတတ်ဘူး.. အဲဒါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ဖြစ်လိမ့်မယ် ထင်တယ်”
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ဆွေးနွေးပြောဆိုလာကြ၏။
“ကိစ္စတွေက စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ… အထီးကျန်သိုင်းသခင်ရဲ့ နဂါးအစစ်အမှန်ခန္ဓာက နဂါးမျိုးနွယ်ကို ဦးဆောင်လာခဲ့ပြီ.. သူတို့က ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ လုံးဝ ခွာပြဲတော့မှာလား”
“သူက နဂါးတစ်ကောင်ပဲကို.. သူက ဘာတွေများ သိပ်ပြီးလုပ်ပြနိုင်မှာလဲ”
“အဲဒါ အမှန်ပဲ… နတ်ဘုရားမျိုးနွယ်ဘက်က ပြောပုံအရဆို.. လူရိုင်းမျိုးနွယ်က ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ပူးပေါင်းတော့မယ့်ပုံပဲ”
“ဘယ်လိုပဲဖြစ်ဖြစ်.. အထီးကျန်သိုင်းသခင်ရဲ့ စိတ်နေစရိုက်အရဆို.. ကြမ်းကြုတ်ခက်ထန်တဲ့ တိုက်ပွဲတစ်ခုက ဖြစ်ပွားလာတော့မယ်”
“ဒီနဂါးအစစ်အမှန်ခန္ဓာရဲ့ အော်ရာက ဘိုးဘေးအဆင့်မှာပဲ”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ချဉ်းကပ်လာသောအခါ ကျင့်ကြံသူတစ်ယောက်က နောက်ဆုံးမှာ အဲဒါကို သတိထားမိသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
“အထီးကျန်သိုင်းသခင်ရဲ့ နဂါးကိုယ်ပွားက မဟာယာနအဆင့်ကို ဝင်ရောက်သွားခဲ့ပြီပဲ”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများသည်လည်း သူတို့၏ မျက်လုံးများကို မှေးကျဉ်းပြီး စိုးရိမ်ပူပန်သော အမူအရာများနှင့်အတူ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို စိုက်ကြည့်လိုက်ကြ၏။
သူတို့အားလုံးသည် အစောပိုင်းအဆင့် မဟာယာနများ ဖြစ်ကြသော်လည်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အစစ်အမှန်ပုံစံသည် ကမ္ဘာဦး တဗူးတစ်ကောင် ဖြစ်သည်ကို ကမ္ဘာဦးမျိုးနွယ်များက သိထားကြလေသည်။
“ငါတို့က တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်မယ်ဆိုရင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။
“သတိထားကြ… နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက တကယ်ပဲ တိုက်ခိုက်ရဲလာမယ်ဆိုရင်.. ငါတို့ ငါးယောက်က သူ့ကို ဖိနှိမ်ဖို့အတွက် အတူပူးပေါင်းရလိမ့်မယ်”
“အင်း”
မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်နှင့် အခြားသူများကလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။
မျိုးနွယ်စုခေါင်းဆောင် ဝူထျန်က လှောင်ရယ်လိုက်၏။
“အဆင်ပြေပါတယ်.. အဲဒီမှာ ကောင်းကင်စင်ရော်ဂိုဏ်းက လူသားမျိုးနွယ်စုခေါင်းဆောင်တွေ ရှိနေသေးတာပဲ… သူတို့ကို အဲဒီ တဗူးနဲ့ တေ့ဆိုင်ပေးလိုက်မယ်”
ကမ္ဘာဦးမျိုးနွယ် ၅စုမှ မျိုးနွယ်စုခေါင်းဆောင်များက တိတ်တဆိတ် ပြောဆိုနေကြ၏။
တစ်ခဏချင်းမှာပင်.. လူရိုင်းမျိုးနွယ်ဝင်ရာချီက ပဟေဠိနန်းတော်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး လူရိုင်းမျိုးနွယ်၏ သခင်လေးက မန်ဟူပင်ဖြစ်လေသည်။
မန်ဟူ၏ နောက်မှာ လူရိုင်းမျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်များစွာနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအချို့ ရှိလေသည်။
“ဘိုးဘေးအဆင့်ပညာရှင်တွေ ဒီလောက်တောင် များတာလား”
လူရိုင်းမျိုးနွယ်သည် ပဟေဠိနန်းတော်သို့ ရောက်ရှိလာသောအခါ ထိတ်လန့်သွားလေသည်။ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အဆင့်ချိုးဖျက်တက်လှမ်းနေမှုကြောင့် သူတို့သည် နေ့တစ်ပိုင်း နောက်ကျသွားပြီး ယခုမှ ရောက်ရှိလာခဲ့ကြ၏။
သို့သော်လည်း ပဟေဠိနန်းတော်သို့ သူတို့ရောက်ရှိလာသည့် ခဏမှာပင် ဤနေရာမှာရှိသော အခြေအနေက အရမ်းကို သိသိသာသာ ပြောင်းလဲနေလိမ့်မည်ဟု သူတို့က ထင်မှတ်မထားကြပေ။ ပဋိပက္ခများက အရှိန်အဟုန် ဆက်တိုက်မြင့်တက်လာခဲ့ပြီး မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာက ပေါ်ထွက်လာခဲ့လေပြီ။
နဂါးများက နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာကြပြီး သူတို့၏ လူသားသွင်ပြင်ဖြင့် ဆင်းသက်လိုက်ကြ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အောက်ဘက်ရှိ မီးပဒေသာနဂါးသည် သူ့နောက်သို့ လိုက်ပါလာခဲ့သော တစ်ကိုယ်တော်တိမ်စိုင် ဖြစ်လေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ နောက်ဘက်မှာ လုံစန်၊ လုံရှီနှင့် အခြားသူများကလည်း ထင်ရှားပေါ်လွင်နေကြ၏။ သူတို့ကြားမှာ နဂါးမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအချို့ ပါရှိလေသည်။
“စိတ်ဝင်စားစရာပဲ”
ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က လှောင်ရယ်လိုက်၏။
“အထီးကျန်သိုင်းသခင်မှာ အစစ်အမှန်ခန္ဓာ နှစ်ခုရှိတယ်… နဂါးမျိုးနွယ်က သူ့ရဲ့ အစစ်အမှန်ခန္ဓာက လူသားမျိုးနွယ်က သူ့ရဲ့ အစစ်အမှန်ခန္ဓာထက်အရင် မဟာယာနအဆင့်ကို ချိုးဖျက်တက်လှမ်းသွားပြီပဲ”
“အခုချိန်မှာ ငါက စဉ်းစားရခက်နေတယ်.. အထီးကျန်သိုင်းသခင်.. မင်းက လူလား နဂါးလား”
ထိုစကားလုံးများက သတ်ဖြတ်ဖို့ ရည်ရွယ်လေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အကြည့်က ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင် ရှိရာဘက်သို့ ရွေ့လျားသွားပြီး သူက အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်၏။
“စောစောက ငါ့ကို သတ်ချင်တယ်လို့ပြောတာ မင်းလား”
“ငါ ဟုတ်တယ်.. အဲ့တော့ ဘာဖြစ်လဲ”
ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်သည် သူ၏ ဘေးပတ်လည်တွင် မျိုးနွယ်စုခေါင်းဆောင်များစွာ ရှိနေသည်ကို တွေ့မြင်သောအခါ.. သူက အကြောက်အလန့် ကင်းမဲ့နေပြီး မည်သည့် ကြောက်ရွံ့မှုမှ မရှိဘဲ သူ၏ ခေါင်းကို အနည်းငယ်မော့ကာ ခွန်းတုံ့ပြန်လိုက်လေသည်။
“ဟုတ်ပြီလေ”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ခေါင်းညိတ်လိုက်၏။
“အဲဒါဆိုရင် ငါအရင်သတ်ရမယ့်သူက မင်းပဲ”
သူ့စကား မဆုံးသေးခင်မှာပင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဖျတ်ခနဲ လှုပ်ရှားသွားပြီး တစ်ခဏချင်းမှာပင် ပေပေါင်းများစွာကို ဖြတ်ကျော်လာခဲ့၏။ သူက ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင် ရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်လေသည်။
ချွမ်း.. ချွမ်း…
သူ၏ လက်ချောင်းထိပ်ကနေ ထက်ရှသော နဂါးလက်သည်းများက ဆန့်တန်းထွက်ပေါ်လာပြီး ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်လေသည်။
ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က အလွန်တရာ လျင်မြန်စွာ တုံ့ပြန်ပြီး သာမန်နတ်ဘုရားစွမ်းအားတစ်ခုကို ချက်ချင်းပင် ထုတ်ဖော်ကာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို တိုက်ခိုက်လိုက်၏။
“ဟမ့်”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သရော်ပြုံးပြုံး၍ နောက်သို့ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မရှိပေ။ နဂါးလက်သည်းများသည် ညင်သာစွာ ဖမ်းဆွဲလိုက်ရုံမျှသာဖြစ်ပြီး သာမန်နတ်ဘုရားစွမ်းအားကို ကြေမွသွားစေ၏။
ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။ သူသည် သူ၏ မူပိုင်ဓမ္မလက်နက်ကို အလိုလိုဆင့်ခေါ်ချင်လေသည်။
ဖောက်…
သို့သော်လည်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အလွန်တရာ မြန်ဆန်ပြီး သူ့ကို ဒုတိယအခွင့်အရေး မပေးတော့ပေ။ သူ၏ လက်ဖဝါးက ဆင်းသက်လာပြီး မျိုးနွယ်စုခေါင်းဆောင်၏ ဦးခေါင်းကို ခြေမွှဖျက်ဆီးပစ်လိုက်၏။
မျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်က နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ နဂါးလက်သည်းများနှင့် ရင်ဆိုင်ရချိန်မှာ စက္ကူရွက်များကဲ့သို့ ဖြစ်နေ၏။
၎င်းသည် အလွယ်တကူ ထိုးဖောက်ခံလိုက်ရပြီး မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ်က ကြေမွပျက်စီးသွား၏။
ကောင်းကင်စင်ရော်ဂိုဏ်း၏ ထိုမျိုးနွယ်စုခေါင်းဆောင်သည် သွေးကနေ ပြန်လည်မွေးဖွားခြင်းကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် သူ၏ အမြုတေစိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရခြင်းနှင့်အတူ ဘာကိုမှ သုံးစားမရနိုင်တော့ပေ။
အားလုံး၏ အကြည့်များအောက်မှာ ကောင်းကင်စင်ရော်ဂိုဏ်း၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ လက်ထဲမှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖိခြေခံလိုက်ရ၏။
မလှမ်းမကမ်းတွင် ကောင်းကင်စင်ရော်ဂိုဏ်းမှ အခြားသော မျိုးနွယ်စုခေါင်းဆောင်များ ရှိနေကြသော်လည်း သူတို့ထဲ မည်သူကမှ အဲဒါကို မတုံ့ပြန်နိုင်ကြပေ။
အဲဒီမှာ မဟာယာနမျိုးနွယ်စုခေါင်းဆောင် တစ်ရာကျော် ရှိနေ၏။
သူတို့ကြားမှာ အချို့က နောက်ပိုင်းအဆင့်မှာ ရှိပြီး ပကတိ မဟာယာနအဆင့် ၃ ယောက်ပင်လျှင် ပါဝင်လေသည်။
အစောပိုင်း မဟာယာနအဆင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ဤကဲ့သို့သော အခြေအနေအောက်မှာ မည်သည့် ထိန်ချန်ငဲ့ကွက်မှုမှ မရှိဘဲ ပြတ်သားစွာ တိုက်ခိုက်လာလိမ့်မည်ဟု သူတို့က ထင်မှတ်မထားကြပေ။
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၊ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်နှင့် မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းတို့က နဂါးမျိုးနွယ်ကို စိုးရိမ်ပူပန်နေကြဆဲဖြစ်၏။
မျိုးနွယ်စုခေါင်းဆောင် ၃ ယောက်သည် မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများ ရှိရာဘက်သို့ အလိုလိုလှည့်ကြည့်လိုက်ကြ၏။
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများက မသိမသာ ခေါင်းညိတ်ပြလိုက်၏။ သူတို့က မည်သည့် ထိန်ချန်ငဲ့ကွက်မှုမှ မရှိဘဲ တိုက်ခိုက်နိုင်သည်ဟု အချက်ပြလိုက်ခြင်း ဖြစ်၏။
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့နှင့် အခြားသူများက စိတ်သက်သာရာရသွားကြ၏။
“ငါ နင့်ကို အထီးကျန်သိုင်းသခင်လို့ ခေါ်ရမှာလား.. လုံမိုလို့ ခေါ်ရမှာလား”
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က သူမ၏ ရင်ခွင်ထဲရှိ ကြောင်လေးကို ညင်သာစွာ ပွတ်သပ်ပြီး ပြုံးစစဖြင့် မေးလိုက်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အကြည့်က အဖြူရောင်ကြောင်လေး၏ မျက်နှာပေါ်သို့ အလိုလိုဆင်းသက်သွားပြီး သူတို့က အကြည့်ချင်းဆုံသွားကြ၏။
ဘာကြောင့်ရယ်မသိ.. သူက ရင်ထဲမှာ လှုပ်ခတ်သွား၏။
အဲဒါက အလွန်တရာ သက်သောင့်သက်သာ မရှိသော ခံစားချက်တစ်ခု ဖြစ်၏။
ထိုကြောင်ဖြူသည် မည်သည့် ကျင့်ကြံမှုအော်ရာမှ မရှိဘဲ လူသားဘာသာစကားကို မပြောနိုင်ပေ။ သို့သော်လည်း ၎င်း၏ မျက်လုံးထဲမှာ ထူးဆန်းသော အမူအရာတစ်ခု ရှိနေ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြီး အဲဒါနှင့် ပတ်သက်၍ များစွာ စဉ်းစားတွေးတောခြင်း မရှိတော့ပေ။ သူက မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့နှင့် အခြားသူများကို အေးစက်စက် အမူအရာတစ်ခုနှင့်အတူ ဖြတ်ကြည့်ပြီး နောက်တစ်ဖန် မေးလိုက်၏။
“ငါ့ကို တခြားဘယ်သူ သတ်ချင်သေးလဲ”
“ဟမ့်”
လွတ်လပ်စွာ တိုက်ခိုက်နိုင်သည်ဟု အမိန့်ကို လက်ခံရရှိထားပြီဖြစ်သော ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က လှောင်ရယ်လိုက်၏။
“လုံမို… သိပ်ပြီးတော့ မောက်မာမနေနဲ့.. ဒါက နဂါးအရိုးတောင်ကြား မဟုတ်ဘူး.. မင်းတို့ နဂါးမျိုးနွယ်က ဒီနေရာမှာ ဗိုလ်ကျခြယ်လှယ်နိုင်မှာ မဟုတ်ဘူး”
“စောစောက မင်းကို သတ်ချင်နေကြတာက ငါတို့တွေပဲ”
ကောင်းကင်စင်ရော်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ရှေ့သို့ ထွက်ရပ်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“မင်းက ဆက်ပြီး တိုက်ခိုက်ရဲမယ်ဆိုရင်.. မင်းကို အတူပူးပေါင်းဖိနှိမ်ရမယ့်အတွက် ငါတို့ကို အပြစ်မတင်နဲ့”
“ဟုတ်ပြီလေ”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
“မင်းတို့တွေက အဲဒါကို ဝန်ခံရဲတယ်ဆိုမှတော့ ငါကလည်း မင်းတို့တွေကို သတ်ရဲတာပေါ့”
တကယ်တော့.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ကောင်းကင်စင်ရော်ဂိုဏ်း၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် ဖန်းလိုင်ကျွန်းတို့ကို အရင်ဆုံး တိုက်ခိုက်ရခြင်းမှာ ထိုထိပ်သီးဂိုဏ်းကြီး ၃ဂိုဏ်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို သတ်ဖြတ်ချင်သောကြောင့်သာ မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ထိုဂိုဏ်း ၃ဂိုဏ်းသည် ကမ္ဘာဦးမျိုးနွယ် ၆စုထံမှာ အညံ့ခံပြီးသွားပြီ ဖြစ်သောကြောင့်ပင်။
အဲဒါသည် ဆူဇီမို သည်းမခံနိုင်သည့် တစ်စုံတစ်ရာ ဖြစ်လေသည်။
ဘုန်း…
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ခြေကို ဆောင့်နင်းပြီး လေထဲကနေ ထိုးဆင်းလာခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်တက်လာပြီး သူက လူအုပ်ကြီးထဲသို့ ပစ်ဝင်သွားလေသည်။