အသွင်ပြောင်းလဲခြင်း ၃၆ မျိုး
Vol. 107 Ch. 1597
ရူးသွပ်ပေါက်ကွဲလာသောအော်ရာနှင့်အတူ သွေးနီရောင်ဆံပင်နှင့်ပုံရိပ်သည် လူအုပ်ကြီးထဲသို့ ပြင်းထန်စွာ ပစ်ဝင်လာပြီး မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် တုန်လှုပ်သွားသောအမူအရာများနှင့်အတူ အလိုလိုမော့ကြည့်လိုက်ကြ၏။
အဲ့ဒါက သာမန်လူအုပ်မဟုတ်ပေ။ အဲ့ဒါက မဟာယာနမျိုးနွယ်စုခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော လူအုပ်ဖြစ်လေသည်။
ထိုသူများသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးနီးပါးပညာရှင်များဖြစ်ကြ၏။
ပုံမှန်အခြေအနေမှာဆိုလျှင် သူတို့ထဲမှ မည်သည့်မျိုးနွယ်စုခေါင်းဆောင်မဆို ပေါ်ထွက်လာပါက ကျင့်ကြံရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်၏။ ဒါ့အပြင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ရာကျော်က ဤနေရာမှာ စုစည်းနေကြ၏။
မျိုးနွယ်စုခေါင်းဆောင်ရှန်ယွီနှင့် ကမ္ဘာဦးမျိုးနွယ်များမှ အခြားသောငါးယောက်ပင်လျှင် ထိုကဲ့သို့သော သတ္တိနှင့် ရဲဝံ့မှု မရှိပေ။
ထိုမဟာယာနမျိုးနွယ်စုခေါင်းဆောင် တစ်ရာကျော်ကျော်သည် သာမန်နတ်ဘုရားစွမ်းအားတစ်ခုစီကို ထုတ်ဖော်မည်ဆိုလျှင် သူတို့၏ ပူးပေါင်းစွမ်းပကားက လောကတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်ကောင်းလေသည်။
ဘုန်း...
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်ရှိ သွေးနီရောင်မီးတောက်များက လောင်ကျွမ်းတောက်လောင်လာပြီး ဧရာမမီးလုံးတစ်လုံးကဲ့သို့ လူအုပ်ကြီးထဲသို့ သူက ပစ်ဝင်လာခဲ့၏။
“လူစုခွဲကြ”
မဟာနမျိုးနွယ်စုခေါင်းဆောင်များသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်ရှိ မီးတောက်များ၏ စွမ်းပကားကို ခံစားမိသွားပြီး တစ်ယောက်ပြီးတစ်ယောက် ရှောင်တိမ်းကာ ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိကြပေ။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များအားလုံးသည် မရေမတွက်နိုင်သော သေခြင်းရှင်ခြင်းတိုက်ပွဲများကို တွေ့ကြုံဖြတ်ကျော်လာသည့် ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။
သူတို့ထဲမှများစွာသည် သူတို့ကိုယ်သူတို့ အလျင်အမြန်ဟန်ချက်ထိန်းပြီး အေးစက်၍ ကြမ်းကြုတ်ခက်ထန်သောအမူအရာများနှင့်အတူ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဝန်းရံပိတ်ဆို့လိုက်ကြ၏။
မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့ ၊ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်နှင့် မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းတို့က အပြင်ဘက်အစပ်မှာ မတ်တတ်ရပ်နေကြပြီး ဝင်ရောက်တိုက်ခိုက်ဖို့ စိတ်ကူးမရှိကြပေ။
ကမ္ဘာဦးမျိုးနွယ်များက သန်မာသော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အစောပိုင်းအဆင့် မဟာယာနတစ်ယောက်သာဖြစ်လေသည်။
သူတို့၏ ထင်မြင်ချက်အရ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ရာကျော်က နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ဖိနှိမ်ဖို့ လုံလောက်လေသည်။
မျိုးနွယ်စုခေါင်းဆောင်ရှုကျင်းက အနည်းငယ်တုံ့ဆိုင်းနေ၏။
သူသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ နောက်ခံကိုသိရှိထားလေသည်။ သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်တော့ လက်ရှိသူတို့တစ်ရာကျော်ကျော်ကြားမှာ အလယ်အလတ်နှင့် နောက်ပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာ ပါရှိလေသည်။
သူတို့သည် နောက်ပိုင်းမဟာယာနအဆင့်သို့ ဝင်ရောက်လာသောအခါ အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်လာနိုင်လေသည်။
ကမ္ဘာဦးတဗူးတစ်ကောင်က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူက လူတိုင်းကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်တိုက်လိုက်နိုင်လိမ့်မည် မဟုတ်ပေ။
သူက သာမန်ကမ္ဘာဦးတဗူးတစ်ကောင်သာဖြစ်မည်ဆိုလျှင် သူသည် သူတို့တွေးထင်ထားသလို... မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ရာကျော်၏ ဝန်းရံတိုက်ခိုက်မှုကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။
သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တဗူးတစ်ကောင်မျှသာမဟုတ်ပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် တျဲယွဲ့၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားပြီး မဟာအရိုင်းကမ္ဘာမှ သာရဲဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားလေသည်။
ဤအန္တိမသားရဲနတ်ဆိုးကျင့်စဥ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ဝင်ရောက်စဥ်က သူ့ကိုမနှိုင်းယှဥ်သာအောင် စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုကို နိုးထစေနိုင်ခဲ့၏။
“လေဆင့်ခေါ်ခြင်း”
“ငရဲတာအို..”
“ဆာလောင်တစ္ဆေတာအို”
“နှင်းတောင်ပြိုကျခြင်း”
“ကမ္ဘာမြေခွဲ”
“မိုးကြိုးရိုက်ချက်”
“ချစ်ချစ်တောက်ပူလောင်သောမြေပြင်”
“နေကြတ်ခြင်း”
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ရာကျော်သည် တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်လာကြပြီး သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။
ချက်ချင်းပင် နတ်ဘုရားစွမ်းအား တစ်ရာကျော်က ဆင်းသက်လာပြီး လေဟာနယ်တစ်ခုလုံးက ပြိုကျလာ၏။ အက်ကွဲကြောင်းများက ပေါ်ထွက်လာပြီး စတင်တွန့်လိမ်ကာ ကမ္ဘာဖျက်ကပ်ဘေးများရောက်ရှိလာသည့်အလား နတ်ဘုရားစွမ်းအား မုန်တိုင်းများက တစ်လွှာပြီးတစ်လွှာ ဖြစ်ပေါ်လာ၏။
“ဟမ့်...”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များက တောက်ပသော မီးကျည်တစ်ခုနှင့်အတူ ဖြန့်ကြက်သွားလေသည်။
အဲ့ဒါက နဂါးဖီးနစ်မီးတောက် ဖြစ်၏။
အဲ့ဒါသည် တဗူးနဂါးဖီးနစ်၏ ပင်ကိုနတ်ဘုရားစွမ်းအားဖြစ်လေသည်။
မဟာယာနအဆင့်သို့ဝင်ရောက်လာပြီးနောက် ဤပင်ကိုနတ်ဘုရားစွမ်းအားသည် မည်သည့်သာမန်နတ်ဘုရားစွမ်းအားကိုမဆို လောင်ကျွမ်းပြာချပစ်ဖို့ လုံလောက်လေသည်။
ကမ္ဘာဦးမျိုးနွယ်များနှင့် တဗူးများ၏ ကျင့်ကြံရေးနည်းလမ်းများသည် လူသားများနှင့် အလွန်တရာ ကွဲပြားလေသည်။
လူသားများသည် မွေးရာပါအားနည်းကြသောကြောင့် သူတို့သည် အမျိုးမျိုးသော တာအိုနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို ကျင့်ကြံရပြီး သူတို့ကိုယ်သူတို့ ပိုမိုသန်မာလာစေဖို့အတွက် နတ်ဘုရားစွမ်းအားများကိုပင် နားလည်ဆင်ခြင်ရလေသည်။
ကမ္ဘာဦးမျိုးနွယ်နှင့် တဗူးများကတော့ သူတို့က မည်သည့်ကျင့်ကြံရေးနည်းစနစ်ကိုမှ မကျင့်ကြံထားဘူးဆိုလျှင်တောင် သူတို့သည် ကြီးပြင်းလာသည်နှင့်အမျှ သူတို့၏ ခွန်အားက တိုးပွားလာမည်ဖြစ်၏။
ဥပမာအားဖြင့် ကမ္ဘာဦးမျိုးနွယ်များသည် မဟာယာနအဆင့်သို့ ဝင်ရောက်လာပြီးနောက် သူတို့သည် အလယ်အလတ်အဆင့် လူသားမဟာယာနများနှင့် ရင်ဆိုင်တိုက်ခိုက်လာနိုင်မည်ဖြစ်ပြီး မည်သည့်သာမန်နတ်ဘုရားစွမ်းအားကိုမှ နားလည်ဆင်ခြင်ထားခြင်း မရှိလျှင်တောင် သူတို့၏ ကိုယ်ပိုင်ခွန်အားနှင့် ပင်ကိုနတ်ဘုရားစွမ်းအားများအရ အလယ်အလတ်အဆင့် လူသားမဟာယာနများကို ဖိနှိမ်နိုင်တာပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။
သာမန်နတ်ဘုရားစွမ်းအားတစ်ရာကျော်ကျော်၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်ခက်ထန်သော်လည်း သူတို့သည် နဂါးဖီးနစ်မီးတောက်များဖြင့် တွေ့ကြုံရသောအခါ ချက်ချင်းပင် လောင်ကျွမ်းပြာကျသွားလေသည်။
နဂါးဖီးနစ်မီးတောက်သည် နတ်ဖီးနစ်မီးတောက်ထက်ပင် ပို၍ လွှမ်းမိုးခြယ်လှယ်နိုင်ပြီး ပို၍ကြောက်စရာကောင်းလေသည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များစွာက ဤမြင်ကွင်းကို တုန်လှုပ်စွာကြည့်လိုက်ကြ၏။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ရာကျော်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ဤကဲ့သို့ပင် ကြေပျက်သွားရ၏။
“ဂါး....”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အလျှံညီးညီး မီးတောက်များဖြင့် တောက်လောင်လာပြီး သူ၏ ခေါင်းကိုမော့၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်ကာ အလွန်တရာကျယ်လောင်သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
ချက်ချင်းပင် တိတ်ဆိတ်မှုက ကြီးစိုးသွားလေသည်။
ထိုဟိန်းဟောက်သံနှင့် ရင်ဆိုင်ရာမှာ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၏ ဆူညံပွက်လောရိုက်မှုသည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု ထင်ရလေသည်။
ချောက်ချားစရာကောင်းသော ထိုအသံသာလျှင် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ နားထဲမှာ ကျန်ရစ်ခဲ့လေသည်။
သက်ရှိများစွာသည် ထိုဟိန်းဟောက်သံမှ ဖိအားကို ခံနိုင်ရည်မရှိပဲ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွား၏။
အဲ့ဒါသည် သူတို့မျိုးဆက်သွေးများ၏ အနက်ပိုင်းထဲမှလာသော အကြောက်တရားဖြစ်လေသည်။
သူတို့ကို မပြောနှင့် မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားနှစ်ယောက်ပင်လျှင် တုန်လှုပ်ချောက်ချား၍ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။
ပိုမိုနီးကပ်သော မဟာယာနမျိုးနွယ်စုခေါင်းဆောင်အချို့သည် နာကျင်ရှုံ့တွသော အမူအရာများနှင့်အတူ သူတို့၏ နားများကို အလိုလို အုပ်ကိုင်ထားကြ၏။
သို့သော်လည်း သူတို့၏ လက်ချောင်းများကြားကနေ သွေးများက စီးကျလာနေဆဲ ဖြစ်၏။
သွေးများက သူတို့၏ နှာခေါင်းများနှင့် ပါးစပ်ပေါက်များကနေ ရေပန်းများကဲ့သို့ ပန်းထွက်လာနေ၏။
ဘန်း.... ဘန်း.. ဘန်း...
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ဘေးပတ်လည်ရှိ လေဟာနယ်ထဲမှ သွေးမြူလုံးရှစ်လုံးက ပေါက်ကွဲထွက်လာ၏။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ လတ်ဆတ်သောသွေးများက ပြန့်ကျဲသွားပြီး သွေးချီများက ဖြန့်ကြက်လာခဲ့၏။
“အာ...”
လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
သွေးမြူများ ရုတ်တရက်ပေါ်ထွက်လာသောနေရာများသည် အစက ဘာမှမရှိသောနေရာလွတ်များ ဖြစ်လေသည်။
သွေးမြူများပေါ်ထွက်လာသော နေရာအချို့သည် အစက ကျောက်ခဲများနှင့် ရွှံ့ခဲများဖြစ်ခဲ့ကြ၏။
သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ဟိန်းဟောက်လိုက်သောအခါ မဟာယာနမျိုးနွယ်စုခေါင်းဆောင်ရှစ်ယောက်သည် ထိုနေရာလွတ်များကနေ ပေါက်ကွဲထွက်လာကြ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုသည့် ပုံရိပ်တစ်ခု ထင်ဟပ်လာပြီး သူက အံ့အားသင့်သွားခြင်း မရှိပေ။
သူ၏ အာရုံခံသတိစိတ်က အရမ်းကိုသန်မာပြီး အနီးနားတွင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်အချို့ ပုန်းကွယ်နေသည်ကိုသူက အာရုံခံမိနေသည်မှာ ကြာခဲ့ပြီဖြစ်၏။
ထိုသူများသည် လျှို့ဝှက်မရဏဂိုဏ်း၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များဖြစ်ကြ၏။
သူတို့ထဲမှအချို့သည် ဖုံးကွယ်ခြင်း နတ်ဘုရားစွမ်းအားများကိုသုံးပြီး သူတို့၏ အော်ရာများကို အစဖျောက်ထားကြ၏။
သို့သော်လည်း သူတို့ထဲမှ အချို့သည် အသွင်ပြောင်းလဲခြင်း ၃၆ မျိုးကို ထုတ်ဖော်ပြီး ကျောက်ခဲများ ၊ ရွှံ့ခဲများအဖြစ် အသွင်ပြောင်းလဲထားကာ တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနေကြ၏။
အသွင်ပြောင်းလဲခြင်း ၃၆ မျိုးက သာမန်နတ်ဘုရားစွမ်းအားဖြစ်လေသည်။
ဤသာမန်နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ခြင်းဖြင့် မျိုးနွယ်စုခေါင်းဆောင်များသည် အရာဝတ္ထုများစွာအဖြစ်သို့ အသွင်ပြောင်းလဲနိုင်လေသည်။
သူတို့က ထိုသုတ္တန်ကိုစိတ်ထဲကနေ ရွတ်ဆိုနေသည်နှင့်အမျှ သူတို့သည် တောင်များ ၊ ရေ ၊ သစ်ငုပ်တိုများ ၊ ကျောက်ခဲများနှင့် အခြားသောပစ္စည်းကိရိယာများအဖြစ် မည်သည့်ပြဿနာမှမရှိဘဲ အသွင်ပြောင်းလဲနိုင်လေသည်။
သို့သော်လည်း သူတို့သည် ငှက်များ ၊ တောကောင်များ ၊ သစ်ပင်များနှင့် အင်းစက်များကဲ့သို့ သက်ရှိများအဖြစ်တော့ အသွင်မပြောင်းလဲနိုင်ကြပေ။
သူတို့က ထပ်မံ၍အသွင်ပြောင်းလဲချင်သည်ဆိုလျှင် သူတို့က အသွင်ပြောင်းလဲခြင်း ၇၂ မျိုးကို နားလည်ဆင်ခြင်နိုင်ရမည်ဖြစ်၏။
အသွင်ပြောင်းလဲခြင်း ၇၂ မျိုးက အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။ ထိုအခါမှသာ သူတို့သည် ငှက်များ ၊ တောကောင်များ ၊ သစ်ပင်များ သို့မဟုတ် အင်းစက်များအဖြစ်သို့ အသွင်ပြောင်းလဲနိုင်မည်ဖြစ်၏။
တကယ်တော့... အသွင်ပြောင်းလဲခြင်း ၃၆ မျိုးဖြစ်စေ ၊ ၇၂ မျိုးဖြစ်စေ ဤနည်းစနစ်မှာ အားနည်းချက်များ ရှိလေသည်။ ဒါ့အပြင် အသွင်ပြောင်းလဲခြင်း ၇၂ မျိုးသည် သက်ရှိလူတစ်ယောက်အဖြစ် သူတို့ကို အသွင်မပြောင်းလဲနိုင်စေပေ။
အသွင်ပြောင်းလဲခြင်း၏ စံနမူနာပြယုဂ်မှာ အန္တိမနတ်ဘုရားစွမ်းအားဖြစ်သော အသင်္ချေအသွင်ပြောင်းလဲခြင်းဖြစ်၏။
ထိုနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ပြီးနောက် သူတို့သည် အရာရာတိုင်းကို အသွင်ယူလာနိုင်မည်ဖြစ်၏။ ကြီးမားသော ခွန်နှင့် နဂါးမျိုးနွယ်တို့ကနေ အလွန်တရာသေးနုပ်သော ဖုန်မှုန့်တစ်မှုန့်အဖြစ် အရာရာတိုင်းကို အတွေးတစ်ချက်ဖြင့် ပြုလုပ်နိုင်မည်ဖြစ်၏။
ထိုနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ခြင်းဖြင့် လူတစ်ယောက်သည် အခြားလူတစ်ယောက်အဖြစ် အသွင်ပြောင်းလဲနိုင်မည်ဖြစ်၏။ သူတို့နှစ်ယောက်ကို အတူယှဥ်ကြည့်မည်ဆိုလျှင်တောင် အစစ်နှင့်အတုကြား ကွာဟချက်ကို ဘယ်သူကမှ ပြောနိုင်လိမ့်မည် မဟုတ်ပေ။
လျှို့ဝှက်မရဏဂိုဏ်းမှ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် သူတို့၏ ဖုံးကွယ်ခြင်းနတ်ဘုရားစွမ်းအားများနှင့် အသွင်ပြောင်းလဲခြင်း ၃၆ မျိုးကို ထုတ်ဖော်ပြီးနောက် ကစဉ့်ကလျား ဤအခြေအနေမှာ သူတို့ကိုယ်သူတို့ ဖုံးကွယ်နိုင်မည်ဟု တွေးထင်ထားကြ၏။
သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အာရုံခံသတိစိတ်က အရမ်းကိုသန်မာပြီး ထိုသူထံမှ ဟိန်းဟောက်သံတစ်သံဖြင့် သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်သွားလိမ့်မည်ဟု သူတို့က ထင်မှတ်မထားကြပေ။
လျှို့ဝှက်မရဏဂိုဏ်းမှ ကျင့်ကြံသူများသည် လုပ်ကြံသတ်ဖြတ်ခြင်းမှာ အထူးပြုကြပြီး သူတို့၏ သွေးချီနှင့် ကိုယ်ကာယက အားနည်းကြလေသည်။ သူတို့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံမှ ဟိန်းဟောက်သံကို လုံးဝခံနိုင်ရည် မရှိကြပေ။
ရွှစ်.... ရွှစ်...
လျှို့ဝှက်မရဏဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်များ၏ အမြုတေစိတ်ဝိညာဥ် ရှစ်ခုသည် ထွက်ပြေးလာခဲ့ပြီး သွေးကနေ ပြန်လည်မွေးဖွားခြင်းကို ကြိုးပမ်းချင်ကြ၏။
“ဂါး...”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး နောက်တစ်ဖန် ဟိန်းဟောက်လိုက်၏။
ဖောင်း... ဖောင်း... ဖောင်း...
လျှို့ဝှက်မရဏဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်ရှစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်များသည် နေရာမှာပင် ပေါက်ကွဲထွက်သွားပြီး ဘာမှမကျန်အောင် ပျက်ပြယ်သွားရလေသည်။
မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၈ ယောက်က သေဆုံးသွားခဲ့ပြီဖြစ်၏။