← Chapters

ကြောင်ဖြူလေး၏ နောက်ခံ

Vol. 107 Ch. 1599

ကြောင်ဖြူလေး၏ နောက်ခံ

Vol. 107 Ch. 1599

သူတို့ ၃ယောက်စလုံးသည် ပကတိ မဟာယာနအဆင့်မှာ ရှိကြ၏။

ပကတိ မဟာယာနအဆင့်သို့ ကျင့်ကြံဖို့အတွက် လူတစ်ယောက်သည် အဆင့်မြင့် နတ်ဘုရားစွမ်းအား အနည်းဆုံး ၁၀ခုကို နားလည်ဆင်ခြင်ရမည် ဖြစ်၏။

ဤမျှ များပြားလှသော အဆင့်မြင့် နတ်ဘုရားစွမ်းအားများဖြင့် ဆေးကြောသန့်စင်မှုကို ခံယူပြီးနောက်.. သူတို့၏ မျိုးဆက်သွေး၊ ကိုယ်ကာယနှင့် အမြုတေစိတ်ဝိညာဉ်များသည် အခြားသော မျိုးနွယ်စုခေါင်းဆောင်များထက် အဆများစွာ ပိုမိုသန်မာနေပြီဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က သူမ၏ မူပိုင်ဓမ္မရတနာကို ဆင့်ခေါ်လိုက်ပြီး အဲဒါက ဥက္ကာခဲ သတ္တုရိုင်းဖြင့် ပြုလုပ်ထားသော ဓားတစ်လက် ဖြစ်လေသည်။ ၎င်းက အလွန်တရာ သိပ်သည်းလေးလံပြီး ကြယ်အလင်းရောင်ဖြင့် တောက်ပနေကာ ဥက္ကာခဲတစ်ခုကဲ့သို့ ဆင်းသက်လာခဲ့၏။

ဘုန်း…

ထိုကြယ်တာရာဓားသည် ဆင်းသက်လာခဲ့ပြီး အနာကွန်ဒါ သားရဲဘုရင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ကာ ၎င်းကို မြေပြင်ပေါ်မှာ တွဲလောင်းစိုက်ချလိုက်၏။

အနာကွန်ဒါ သားရဲဘုရင်က ဒေါသတကြီး ရုန်းကန်၍ ကောင်းကင်ထက်သို့ အော်ဟစ်လိုက်သော်လည်း ၎င်းက ရုန်းထွက်နိုင်ခြင်း မရှိပေ။

သိပ်မကြာခင် အနာကွန်ဒါ သားရဲဘုရင်ပေါ်ရှိ အရောင်အဝါက မှေးမှိန်သွားပြီး ၎င်း၏ သွေးချီက ယိုယွင်းပျက်စီးကာ လောကကနေ ပျောက်ကွယ်သွားလေသည်။

ထိုသားရဲဘုရင်များသည် အစကတည်းက သူတို့၏ အစစ်အမှန်ပုံစံဖြင့် ဆင်းသက်လာကြခြင်း မဟုတ်ပေ။ သူတို့သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးနယ်မြေ၏ အစိတ်အပိုင်းမျှသာ ဖြစ်၏။

ဖောက်…

မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်သည် မိစ္ဆာဆေဘာတစ်လက်ကို ဆင့်ခေါ်ပြီး နွားရိုင်းသားရဲဘုရင်ကို ခေါင်းဖြတ်လိုက်လေသည်။

နွားရိုင်းသားရဲဘုရင်ကလည်း ပျက်ပြယ်ပျောက်ကွယ်သွားသည်။

မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းက ကြီးမားသော ရွှေငွေနှစ်ရောင်စပ် မြွေကပ်ကြေးတစ်စုံကို ဆင့်ခေါ်ပြီး ၎င်းကို လေထဲသို့ ပစ်ထုတ်လိုက်၏။ အဲဒါက မြွေနှစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားလေသည်။

ရွှေငွေ မြွေကပ်ကြေးတစ်စုံက အလွန်တရာ ထက်ရှလေသည်။

ကြွပ်ဆတ်ဆတ် အသံတစ်ခုနှင့်အတူ ကပ်ကြေးက ပူးကပ်သွားပြီး ဧရာမ ရွှေငှက်ကို ဘာမှမကျန်အောင် ဖြတ်တောက်ပစ်လိုက်လေသည်။

ဆက်တိုက် တိုက်ခိုက်မှုများ အပြီး၌ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများ၏ တိုက်ခိုက်မှုများကြောင့် အခြားသော သားရဲဘုရင်များသည် လဲပြိုကျတော့မည့်ဆဲဆဲ ဖြစ်နေလေပြီ။ သူတို့က ဆက်လက်၍ ခြိမ်းခြောက်မှုတစ်ရပ် မဖြစ်စေနိုင်တော့ပေ။

“လရောင်ဝါးမျို ကောင်းကင်ဘုံ အမဲလိုက်ခွေး”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ အကြည့်က နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်သွားပြီး သူမက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

သူမ၏ ရှေ့တွင် ဧရာမ ကောင်းကင်ဘုံ အမဲလိုက်ခွေးတစ်ကောင်က တစ်ခဏချင်း ပေါ်ထွက်လာ၏။ ၎င်းသည် ကြမ်းကြုတ်ခက်ထန်သော အကြည့်တစ်ခု ရှိပြီး စေးကပ်နေသော တံတွေးရည်များက ၎င်း၏ ပါးစပ်ကနေ တမျှားမျှားကျကာ မလှမ်းမကမ်းတွင်ရှိသော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို စိုက်ကြည့်နေ၏။

ကောင်းကင်ဘုံ အမဲလိုက်ခွေးသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို လအဖြစ် သဘောထားလိုက်ပြီဖြစ်၏။

၎င်းသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ဝါးမျိုချင်လေသည်။

“ဆိုးယုတ်စိတ်ဝိညာဉ် ဆင်းသက်ခြင်း”

မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်ကလည်း ညင်သာစွာ အော်ငေါက်လိုက်ပြီး သူ၏ အဆင့်မြင့် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်၏။

သူသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်လိုက်ပြီး ငရဲဘုံကိုးလွှာနှင့် ချိတ်ဆက်လိုက်သည်ဟု ထင်ရလေသည်။ မကောင်းဆိုးရွားဆန်၍ ပိန်းပိတ်အောင် နက်မှောင်နေသော ဆိုးယုတ်အော်ရာက သူ၏ ခြေဖဝါးအောက်ကနေ တလိပ်လိပ်တက်လာပြီး မြင့်မားသော ပုံရိပ်တစ်ခုအဖြစ် အလျင်အမြန် စုဖွဲ့သွား၏။

၎င်းသည် ငရဲဘုံကိုးလွှာ၏ အနက်ပိုင်းထဲကနေ ဖက်တွယ်တက်ရောက်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

ဆိုးယုတ်စိတ်ဝိညာဉ်က နက်ရှိုင်းစွာ မာန်ဖီဟိန်းဟောက်လိုက်၏။ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စေညွှန်နေသည်နှင့်အမျှ ဆိုးယုတ်စိတ်ဝိညာဉ်သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာထံသို့ ပြေးဝင်ပြီး အပိုင်းပိုင်း ဆုတ်ဖြဲဖို့ ကြိုးစားမည် ဖြစ်၏။

“ပင်လယ်ပိုင်းဖြတ်ခြင်း ခုတ်ချက်”

မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းက သူ၏ လက်ဖဝါးကို ဝှေ့ယမ်းပြီး ဆေဘာတစ်လက်ကို ဆင့်ခေါ်ထုတ်လိုက်သည့်အလား ဆူဇီမို၏ ဦးခေါင်းရှိရာဘက်သို့ ခုတ်ပိုင်းချလိုက်၏။

ရေကို ပိုင်းဖြတ်ဖို့အတွက် ဆေဘာတစ်လက်ကို အသုံးပြုရသည် ဟူသော ဆိုရိုးစကား ရှိလေသည်။

၎င်း ထွက်ပေါ်လာသည့်အခါ ရေကို မပြောနှင့်.. သမုဒ္ဒရာတစ်စင်းကိုပင် လှီးဖြတ်နိုင်လေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အကြောက်အလန့် ကင်းမဲ့သော အမူအရာနှင့် တောက်လောင်ပြင်းပြသော အကြည့်ကို ထုတ်ဖော်ထား၏။

သားရဲဘုရင် ၁၁ပါးက ပျက်ပြယ်သွားပြီ ဖြစ်သော်လည်း သူတို့၏ သားရဲချီများက ပြန့်ကျဲသွားခြင်း မရှိပေ။ သူတို့သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ရှိရာသို့ တိုးဝင်လာပြီး သူ၏ နောက်ဘက်မှာ အဆက်မပြတ် ပြောင်းလဲသွား၏။

ထို့နောက် တဖြည်းဖြည်း ကြောက်စရာကောင်းသော သတ္တဝါတစ်ကောင်က သွေးနီရောင် သားရဲချီကနေ မွေးဖွားပေါ်ထွက်လာ၏။

အဲဒါက လိပ်ပြာတစ်ကောင် ဖြစ်လေသည်။

လိပ်ပြာသည် ၎င်း၏ သွေးနီရောင် တောင်ပံများကို ဖြန့်ကြက်ပြီး ဆူဇီမို၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေ၏။ ၎င်း၏ တောင်ပံများပေါ်မှာ တောက်ပသော လပြည့်ဝန်းနှစ်ခုကို ခတ်နှိပ်ထားလေသည်။ ထိုလပြည့်ဝန်း နှစ်ခုသည် အေးစက်စက် မျက်လုံးတစ်စုံကဲ့သို့ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့နှင့် အခြားနှစ်ယောက်ကို စိုက်ကြည့်နေ၏။

သွေးနီရောင်လိပ်ပြာက ၁၀ပေ ဝန်းကျင်လောက်သာ ကျယ်ပြန့်လေသည်။

အဲဒါကို ဘယ်လိုပဲကြည့်ကြည့်.. အလွန်တရာ သာမန်ဆန်လေသည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ… သွေးနီရောင်လိပ်ပြာ ပေါ်ထွက်လာသောအခါ မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြား ၅ယောက် အပါအဝင် သူတို့ ၃ယောက်သည် ရင်ထဲမှာ တလှပ်လှပ် ခံစားလာရ၏။

နောက်ခဏ၌ သူတို့အပေါ် ကပ်ဘေးတစ်ခုက ကျရောက်လာတော့မည့်အလားပင်။

ကောင်းကင်ဘုံ အမဲလိုက်ခွေးသည် အဆင့်မြင့် နတ်ဘုရားစွမ်းအားကနေ ဆင့်ခေါ်ထားခြင်းမျှသာ ဖြစ်ပြီး ၎င်းတွင် စစ်မှန်သော အသိစိတ် မရှိပေ။ ၎င်းက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ရှိရာသို့ ခက်ထန်ကြမ်းကြုတ်စွာဖြင့် ပြေးဝင်လာ၏။

ဆိုးယုတ်စိတ်ဝိညာဉ်ကလည်း ၎င်း၏ ကြီးမားသည့် ခန္ဓာကိုယ်ကို ယိမ်းနွဲ့လှုပ်ရှားပြီး ရှေ့သို့ ခုန်ဝင်လာခဲ့၏။

လေထဲတွင် အေးစက်နေသော ဆေဘာအလင်းတန်းက သမုဒ္ဒရာတစ်စင်းကို နှစ်ပိုင်းလှီးဖြတ်ချင်သည့်အလား ဆင်းသက်လာခဲ့၏။

ရုတ်တရက်ဆိုသလို…

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းထက်ရှိ သွေးနီရောင် လိပ်ပြာက ၎င်း၏ တောင်ပံများကို ညင်သာစွာ ခတ်လိုက်၏။

ထိုလှုပ်ရှားမှုက သိသာထင်ရှားမှု မရှိသလောက်နီးပါးပင်။

သို့သော်လည်း.. အဲဒါက တုန်လှုပ်စရာကောင်းသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ရှေ့တွင် ရှိသော လေဟာနယ်က တွန့်လိမ်ပြောင်းလဲ၍ ပြိုကျချိုင့်ဝင်သွား၏။

​ရှေ့သို့ ခုန်ဝင်လာသော ကောင်းကင်ဘုံ အမဲလိုက်ခွေးသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ကြီးမားသော အမဲလိုက်ခွေး၏ ပါးစပ်မှ ထွက်ပေါ်လာသော ညှီစို့စို့ အနံ့ကိုပင် ရှင်းလင်းစွာ ခံစားမိနေပြီဖြစ်၏။

သို့သော်လည်း.. သွေးနီရောင် လိပ်ပြာက ၄င်း၏ တောင်ပံများကို ခတ်လိုက်သည့် ခဏမှာပင်… ကောင်းကင်ဘုံ အမဲလိုက်ခွေးက လေထဲမှာ အေးခဲရပ်တန့်သွား၏။

ထို့နောက် ချက်ချင်းပင်.. ကောင်းကင်ဘုံ အမဲလိုက်ခွေး၏ ခန္ဓာကိုယ်ပေါ်မှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။

အစကတော့.. အက်ကွဲကြောင်း အနည်းငယ်မျှသာ ဖြစ်၏။ သို့သော်လည်း သူတို့က လျင်မြန်စွာ ဖြန့်ကြက်သွားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။

လူတိုင်း၏ ရှေ့မှောက်မှာပင်.. ကောင်းကင်ဘုံ အမဲလိုက်ခွေးက ဘာမှမကျန်အောင် ပေါက်ကွဲထွက်သွား၏။

ဆိုးယုတ်စိတ်ဝိညာဉ်ကလည်း စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ ၎င်းက ချဉ်းကပ်မလာနိုင်ခင်မှာပင်.. ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဇကာပေါက် ဖြစ်သွားပြီး ဆိုးယုတ်အော်ရာများက ယိုယွင်းပျက်ပြယ်သွားလေသည်။

သမုဒ္ဒရာတစ်စင်းကိုပင် နှစ်ပိုင်းလှီးဖြတ်နိုင်သော မှင်တက်စရာကောင်းသည့် ဆေဘာအလင်းတန်းသည်လည်း သွေးနီရောင် လိပ်ပြာက ၎င်း၏ တောင်ပံများကို ခတ်ပြီးနောက်.. ပျက်ပြယ်သွားလေသည်။

အဆင့်မြင့် နတ်ဘုရားစွမ်းအား ၃ခုသည် သွေးနီရောင် လိပ်ပြာဖြင့် ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရ၏။

အို…

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်စွာဖြင့် ပင့်သက်ကို ရှိုက်လိုက်ကြ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် အစောပိုင်း မဟာယာနအဆင့်မှာသာ ရှိသော်လည်း သူသည် ပကတိ မဟာယာနအဆင့်မှာ ရှိသော လူသားပညာရှင်များနှင့် တိုက်ခိုက်နိုင်နေပြီ ဖြစ်၏။

အဲဒါက လူတိုင်း၏ အသိသညာထက် ကျော်လွန်သွားခဲ့လေပြီ။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့နှင့် အခြားနှစ်ယောက်၏ သူငယ်အိမ်များက တင်းကျပ်သွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။ အဲဒါတွေက အဆင့်မြင့် နတ်ဘုရားစွမ်းအား ၃ခု ဖြစ်လေသည်။

သူတို့သည် ဤကဲ့သို့ပင် သွေးနီရောင် လိပ်ပြာတစ်ကောင်၏ ချေဖျက်ခြင်းကို ခံလိုက်ရ၏။

အဲဒါက ဘယ်လိုစွမ်းအားမျိုးလဲ…။

သူတို့ ၃ယောက်က အိုးတိုးအမ်းတမ်းဖြစ်၍ စိုးရိမ်ပူပန်သည့်ပုံပေါ်လာ၏။

“တဗူးတစ်ကောင်ရဲ့ မျိုးဆက်သွေးဆိုတဲ့အတိုင်းပါပဲလား”

မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းက တိတ်တဆိတ် ထိတ်လန့်သွားပြီး မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့နှင့် မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်ကို တစ်ချက်ခိုးကြည့်ကာ နောက်ဆုတ်ဖို့ကို စဉ်းစားနေခဲ့ပြီ ဖြစ်၏။

အခြားသော မဟာယာန မျိုးနွယ်စုခေါင်းဆောင်များကလည်း အဝေးသို့ ခွဲထွက်သွားသည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူတို့က ရှေ့သို့ တက်လှမ်းလာရဲခြင်း မရှိတော့ပေ။ ဒါ့အပြင် သူတို့က အချိန်မရွေး ထွက်ပြေးဖို့ပင် ပြင်ဆင်နေကြပြီဖြစ်၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူတို့ ယှဉ်ပြိုင်နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ကြောင်း သူတို့က နားလည်သဘောပေါက်သွားကြပြီဖြစ်၏။

မဟာယာနအဆင့်သို့ ကျင့်ကြံထားနိုင်သော မည်သူမဆို.. မရေမတွက်နိုင်သော အန္တရာယ်များကို ဖြတ်ကျော်လာခဲ့ပြီး မည်သူကမှ ဤနေရာမှာ မသေချင်ကြပေ။

ထိုစဉ်မှာပင်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းထက်ရှိ သွေးနီရောင် လိပ်ပြာက တဖြည်းဖြည်း ပျက်ပြယ်၍ ပျောက်ကွယ်သွားလေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေဆဲဖြစ်ပြီး သူသည် အစောပိုင်း မဟာယာနအဆင့်သို့ ဝင်ရောက်လာကာစဖြစ်၏။

သွေးနီရောင် လိပ်ပြာအနေဖြင့် အဆင့်မြင့် နတ်ဘုရားစွမ်းအား ၃ခုကို ခုခံလိုက်နိုင်ခြင်းက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ စွမ်းအားအကန့်အသတ် ဖြစ်နေခဲ့လေပြီ။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က အေးစက်စက် အမူအရာတစ်ခုနှင့်အတူ သူမ၏ ရင်ခွင်ထဲရှိ ကြောင်ဖြူလေးကို ပွတ်သပ်နေလေသည်။

တိုက်ခိုက်နေစဉ်မှာတောင်.. သူမသည် ကြောင်ဖြူလေးကို လုံးဝ လက်လွှတ်ခြင်း မရှိဘဲ တစ်ချိန်လုံး သူမ၏ ရင်ခွင်ထဲမှာ ထွေးပိုက်ထားလေသည်။

အကြောင်းမှာ အထီးကျန်သိုင်းသခင်နှင့် ရင်ဆိုင်ဖို့အတွက် ကြောင်ဖြူလေးက သူမ၏ ဝှက်ဖဲ ဖြစ်နေသောကြောင့်ပင်။

အစကတော့ သူမသည် အဲဒါကို အသုံးပြုဖို့အတွက် အလောတကြီး ရှိမနေခဲ့ပေ။

သို့သော် ယခုအခါ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ခွန်အားက သူမ တွေးထင်ထားသည်ထက် အပြတ်အသတ် ကျော်လွန်နေခဲ့ပြီဖြစ်ပြီး သူမက အဲဒါကို ဆက်လက်၍ မစောင့်ဆိုင်းလိုတော့ပေ။

“အထီးကျန်သိုင်းသခင်”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး သူမ၏ ရင်ခွင်ထဲရှိ ကြောင်ဖြူလေးကို ကြင်နာစွာ ပွတ်သပ်ကာ ပြုံးစစဖြင့် ပြောလိုက်၏။

“တစ်ချက် ခန့်မှန်းကြည့်လိုက်ဦး.. ဒီကြောင်ဖြူလေးရဲ့ နောက်ခံက ဘာဖြစ်မလဲလို့”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။

စောစောကတည်းက ကြောင်ဖြူလေးနှင့် ပတ်သက်၍ တစ်ခုခု မူမမှန်သည်ကို သူက ခံစားမိနေခဲ့ပြီဖြစ်၏။ သို့သော်လည်း သူက အကြောင်းရင်း အတိအကျကို မဖော်ထုတ်နိုင်ခဲ့ပေ။

“ပြောရမယ်ဆိုရင်တော့.. အဲဒါက တကယ့်ကို တိုက်ဆိုင်တာပဲ”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က ညင်သာစွာ ပြောလိုက်၏။

“ငါက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့ပြီး မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ပါဝင်တက်ရောက်ဖို့ ပြင်ဆင်နေခဲ့တာ.. လမ်းမှာ ငါက ပါရမီ အလားအလာကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူမကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံချင်ခဲ့တယ်”

“မမျှော်လင့်ထားစွာနဲ့ပဲ.. သူမမှာ ဆရာတစ်ယောက် ရှိနေပြီမို့လို့ တုံ့ဆိုင်းခြင်း မရှိဘဲ ငါ့ကို ငြင်းပယ်ခဲ့တယ်”

“မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါက တပည့်တစ်ယောက်ကို လက်ခံဖို့ တွေးမိတယ်ဆိုတာ တကယ့်ကို ရှားရှားပါးပါးပဲ.. ဒါပေမဲ့ ငါက မူလနတ္ထိအဆင့်မှာ ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ငြင်းပယ်ခြင်းကို ခံလိုက်ရတယ်.. အဲဒီအကြောင်းသာ ပျံ့နှံ့သွားမယ်ဆိုရင် ဟာသတစ်ခု ဖြစ်သွားမှာမလား”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က ညင်သာစွာ ပြုံးလိုက်၏။

“ငါက စိတ်နည်းနည်းတိုသွားတဲ့အတွက် သူမပေါ်ကို နတ်ဘုရားစွမ်းအားတစ်ခု ပို့လွှတ်ပြီး သူမရဲ့ စိတ်ကို တည်ငြိမ်စေဖို့အတွက် ကြောင်ဖြူလေးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲပေးလိုက်တယ်”

ထိုနေရာအရောက်တွင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အမူအရာက လုံးဝ ခက်ထန်လာခဲ့ပြီဖြစ်၏။

All Chapters