← Chapters

အရှက်ခွဲခြင်းမဟုတ်

Vol. 107 Ch. 1602

အရှက်ခွဲခြင်းမဟုတ်

Vol. 107 Ch. 1602

“နှင်းခဲအကာအရံ...”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့သည် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို ချက်ချင်းပင်ထုတ်ဖော်ပြီး သူမ၏ ဘေးပတ်လည်မှာ အေးစက်နေသော နှင်းခဲအကာအရံအလွှာတစ်ခုကို ချက်ချင်းပင်ဖြစ်ပေါ်လာစေ၏။

နှင်းခဲအကာအရံအလွှာတစ်ခုလုံးသည် တိကျသောအနားစောင်းများနှင့်အတူ ဧရာမ ရေခဲပုံဆောင်ခဲတစ်ခုကဲ့သို့ ဖြစ်ပေါ်နေ၏။

ရှဲ...

သွေးနီရောင်ချော်ရည်က နှင်းခဲအကာအရံအလွှာပေါ်သို့ ကျဆင်းလာသောအခါ ရေခဲနှင့်မီးစွမ်းအားနှစ်ခုသည် ထိတွေ့ရိုက်ခတ်ပြီး စူးစူးရှရှ မြည်သံတစ်သံနှင့်အတူ မီးခိုးများက ချက်ချင်းအူထွက်လာ၏။

ချော်ရည်များက နှင်းခဲအကာအရံအလွှာတစ်လျှောက် လျှောဆင်းသွားပြီး မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ကို ချက်ချင်းပင် လွှမ်းခြုံသွား၏။

နှင်းခဲအကာအရံအလွှာ၏ အလင်းကလည်း တဖျတ်ဖျတ်ဖြစ်လာ၏။

ရေခဲပုံဆောင်ခဲ၏ အနားစောင်းများသည် ချော်ရည်ကြောင့် စတင်အရည်ပျော်လာခဲ့ပြီဖြစ်၏။ သို့သော်လည်း ချစ်ချစ်တောက်ပူလောင်သောချော်ရည်သည် ရေခဲပုံဆောင်ခဲကို လုံးလုံးမထိုးဖောက်နိုင်ပေ။

မတူညီသော စွမ်းအားနှစ်ခုကြားတိုက်ပွဲမှာ မည်သည့်ဘက်ကမှ အလျှော့မပေးလိုကြပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အမူအရာက အေးစက်နေပြီး သူကအောက်သို့ ထိုးဆင်းလာခဲ့၏။ သူ၏ ကြီးမား၍ ကြောက်စရာကောင်းသော နဂါးဖီးနစ်လက်သည်းကို ဆန့်ထုတ်ပြီး ဧရာမ ရေခဲပုံဆောင်ခဲထဲသို့ ထိုးစိုက်လိုက်လေသည်။

ဖျောက်... ဖျောက်.... ဖျောက်...

ဒေါသူပုန်ထနေသော မီးတောက်များက နဂါးဖီးနစ်လက်သည်းများပေါ်မှာလည်း တောက်လောင်နေလေသည်။ နီရဲနေအောင်အပူပေးထားသော သံမဏိချိတ်များကဲ့သို့ လက်သည်းများသည် ရေခဲပုံဆောင်ခဲကို ချက်ချင်းပင် ထိုးဖောက်သွားလေသည်။ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ အမူအရာက ထိုသည်ကိုတွေ့မြင်သောအခါ ရုတ်ချည်းပြောင်းလဲသွား၏။

နှင်းခဲအကာအရံအလွှာက မည်သည့်အကြားအလပ်မှမရှိလျှင် အဲ့ဒါက အချိန်အတော်ကြာ တောင့်ခံနိုင်လေသည်။

သို့သော် ယခု... အကာအရံအလွှာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး ရေခဲပုံဆောင်ခဲပေါ်တွင် အက်ကွဲကြောင်းများပေါ်ထွက်လာကာ ချစ်ချစ်တောက်ပူလောင်သော ချော်ရည်များက အထဲသို့ စတင်စိမ့်ဝင်လာခဲ့ပြီဖြစ်၏။

သူမက သိပ်ကြာကြာတောင့်မခံနိုင်တော့ပေ။

“ဂါး...”

ထိုစဥ်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ တောင်ပံများကို ခတ်လိုက်လေသည်။ မီးတောက်များက တလိပ်လိပ်တိုးဝင်လာပြီး နဂါးဖီးနစ်လက်သည်းများက ဘေးနှစ်ဖက်သို့ ဆွဲဖြဲလိုက်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်လိုက်သည်နှင့် နဂါးဖီးနစ်လက်သည်းများ၏ ထက်ရှမှုအရ သူသည် ခွန်မျိုးနွယ်၏ ကြီးမားသော ခန္ဓာကိုယ်ကိုပင် နှစ်ပိုင်းဆွဲဖြဲနိုင်လေသည်။

ဝုန်း...

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့ကို မည်သည့်အချိန်မှ မပေးပေ။ သူသည် နှင်းခဲအကာအရံအလွှာကို ဆုတ်ဖြဲပြီး များပြားလှစွာသော ရေခဲအပိုင်းအစများကို မြေပြင်ပေါ်သို့ ပြန့်ကျဲသွားစေ၏။

“ခုတ်ပိုင်းစမ်း”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့သည် သူမ၏ လက်ထဲရှိ ကြယ်တာရာဓားကို စေညွှန်ပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှိရာသို့ ထိုးစိုက်လိုက်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ရှောင်တိမ်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း မရှိပေ။ သူက သူ၏ နဂါးဖီးနစ်လက်သည်းကို ဆန့်ထုတ်ပြီး ကြယ်တာရာဓား၏ ထက်ရှမှုကို လျစ်လျူရှုကာ ၎င်းကို သူ၏ လက်ဖဝါးဖြင့် ဖမ်းဆွဲလိုက်လေသည်။

အခြားသော နဂါးဖီးနစ်လက်သည်းတစ်ဖက်က ဆင်းသက်လာပြီး မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့၏ ဦးခေါင်းထက်သို့ တစ်ခဏချင်းရောက်ရှိလာ၏။ ထိုလက်သည်းများက ထက်ရှ၍ အေးစက်နေလေသည်။

သူ၏ ခွန်အားကို စိုက်ထုတ်လိုက်သည်နှင့်အမျှ သူက မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့၏ ဦးခေါင်းကို ထိုးဖောက်ပစ်နိုင်လေသည်။

အနိုင်ရလဒ်ကို ဆုံးဖြတ်ပြီးသွားလေပြီ။

နဂါးဖီးနစ်လက်သည်း၏ အုပ်မိုးမှုအောက်တွင် မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့သည် သူမ၏ အမြုတေစိတ်ဝိညာဥ်ကိုပင် သူမ၏ ခန္ဓာကိုယ်ကနေ မထွက်ခွာစေနိုင်တော့ပေ။ သူမက မဆင်မခြင် ပြုမူလှုပ်ရှားရဲခြင်း မရှိတော့ပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ လူသားသွင်ပြင်သို့ ပြောင်းလဲလိုက်ပြီး သူ၏ ညာဘက်လက်တွင် ပေမင်ရွှယ်အသွင်ပြောင်းကြောင်ဖြူကို သယ်ဆောင်ထား၏။ သူ၏ ညာဘက်လက်ကတော့ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ ဦးခေါင်းထက်ကနေ ဖိချထားပြီး သူ၏ အမူအရာက အေးစက်နေလေသည်။

ဤအဆင့်ထိရောက်အောင် ကျင့်ကြံပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့က မသေလိုသေးပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သတ်ဖြတ်ရာမှာ ပြတ်သားသော်လည်း သူသည် သူမကို ချက်ချင်းမသတ်လိုက်ပေ။ အဲ့ဒါက သူမအတွက် မျှော်လင့်ချက်ပါးပါး ပေးထားခြင်းဖြစ်လေသည်။

“အထီးကျန်သိုင်းသခင်... ဒီကိစ္စမှာ ငါမှားပါတယ်”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က တံတွေးကိုမျိုချပြီး ကြိုးစား၍ပြုံးပြလိုက်၏။

“ဒါပေမဲ့... ငါက ပေမင်ရွှယ်အပေါ် နတ်ဘုရားစွမ်းအားတစ်ခုကိုပဲ သုံးခဲ့တာ... ငါက သူမကိုမသတ်ခဲ့ဘူး ကျေးဇူးပြုပြီး သနားညှာတာမှုပြပြီး ငါ့ကို အခွင့်အရေးတစ်ခုတော့ ပေးပါဦး”

များစွာသောကျင့်ကြံသူများသည် ထိုသည်ကို တွေ့မြင်သောအခါ စိတ်ခံစားချက်များ မြင့်တက်လာကြ၏။

အဲ့ဒါသည် ပကတိအဆင့်မှာရှိသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်လေသည်။

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့သည် ပေမင်ရွှယ်ကိုအရှက်ခွဲပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို ရန်စခဲ့မိခြင်းမရှိလျှင် သူမသည် ကပ်ဘေးဖြတ်ကျော်ခြင်းကိုကြိုးပမ်းပြီး အထက်ဘုံသို့တက်လှမ်းဖို့ အခွင့်အရေးတစ်ခုပင်ရှိလေသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အသက်ရှင်သန်ဖို့အတွက် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က သူမ၏ ဂုဏ်သိက္ခာကို ထည့်မတွက်နိုင်တော့ပဲ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရှေ့မှာ အသနားခံတောင်းပန်နေရ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အမူအရာကင်းမဲ့နေပြီး သူကမေးလိုက်လေသည်။

“ငါနင့်ကို အခွင့်အရေးတစ်ခုပေးမယ်ဆိုရင်... ပေမင်ကို ဘယ်သူက အခွင့်အရေးပေးမှာလဲ”

“သူ... သူမက ပြန်ကောင်းလာနိုင်သေးတယ်လေ”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က အလောတကြီးပြောလိုက်၏။

“လူသားတာအို အဆင့်မြင့်နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ထားတဲ့ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ရှိနေသရွေ့ သူက သူမကို ပြန်ပြီးတော့ အသွင်ပြောင်းပေးနိုင်တာပဲ... ဗုဒ္ဓကျောင်းတော်တွေမှာ အဲလိုမျိုး အောင်မြင်ရရှိထားတဲ့ ကိုယ်တော်တစ်ပါးရှိတာငါသိတယ်”

“အဲ့လိုလား...”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ပေမင်ရွှယ်ကို မြေပြင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်၏။ သူက မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ကိုကြည့်လိုက်လေသည်။

“နင်က အမှားတစ်ခုကျူးလွန်ခဲ့ပြီဆိုမှတော့.. နင်ကအဲ့ဒီအတွက် တာဝန်ယူပေးရမှာပေါ့”

ထိုစကားကို ကြားသောအခါ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က စိတ်ထဲမှာမသက်မသာခံစားလာရ၏။

“သူ့ကို ဒူးထောက်ပြီး တောင်းပန်လိုက်”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မြေပြင်ပေါ်ရှိ ကြောင်ဖြူလေးကို လက်ညိုးထိုးပြီး အေးစက်စွာပြောလိုက်၏။

“ဘာ..”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ မျက်လုံးထဲတွင် ဒေါသချောင်းချောင်းထွက်လာသည့်ပုံရိပ်တစ်ခုက ထင်ဟပ်လာ၏။

သူမက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်၏။

သူမသည် လူတိုင်းစောင့်ကြည့်နေမှုအောက်မှာ ကျိုးနွံစွာဖြင့် အသနားခံတောင်းပန်နေခြင်းက သူမ၏ အောက်စည်း ဖြစ်နေခဲ့လေပြီ။

သို့သော်ယခု... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် တောကောင်တစ်ကောင်ရှေ့မှာ သူမကို ဒူးထောက်ချပြီး တောင်းပန်စေချင်နေ၏။

“အထီးကျန်သိုင်းသခင်...”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က မျက်မှောင်ကြုတ်ပြီး မျက်လုံးပြူးကာ တင်းမာစွာပြောလိုက်၏။

“မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ့မှာလည်း ငါ့ဂုဏ်သိက္ခာ... ငါ့မာန်မာနရှိတယ် ငါက ဒီနေရာမှာသေရမယ်ဆိုရင်တောင် တောကောင်တစ်ကောင်ထံမှာ ဒူးထောက်မှာ မဟုတ်ဘူး”

သူမသည် ရိုကျိုးခယစွာစကားပြောဆိုပြီး သနားညှာတာဖို့အတွက် သူမ၏ မာန်မာနကိုပင် မျိုချနိုင်လေသည်။ သို့သော်လည်း သူမသည် တောကောင်တစ်ကောင်ထံမှာ ဒူးထောက်ပြီး တောင်းပန်ရမည်ဆိုလျှင် သူမက အသက်ရှင်သန်နိုင်ခဲ့မည်ဆိုလျှင်တောင် သူမသည် ကျင့်ကြံရေးလောက၏ လူအများလှောင်ပြောင်ရယ်မောစရာတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

သူမ၏ တာအိုနှလုံးသားက နေရာမှာပင်ပြိုလဲသွားနိုင်၏။

“ငါ့ရဲ့လက်ထဲမှာ နင့်ရဲ့သေခြင်းရှင်ခြင်းကို နင်က မဆုံးဖြတ်နိုင်တော့ဘူး”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက လှောင်ရယ်လိုက်၏။

“နင်က... ဒီနေရာမှာသေချင်တယ်ဆိုရင်တောင်မှ... နင်က ဒူးထောက်ရဦးမှာပဲ”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ ​ခြေထောက်ကိုဆန့်ထုတ်ပြီး မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့၏ ဒူးကိုညင်သာစွာတောက်ကာ အရိုးများကျိုးသံကို ထွက်ပေါ်လာစေ၏။

ဖျောက်... ဖျောက်... ​ဖျောက်...

မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့၏ ဒူးက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ကန်ချက်ဖြင့် ကြေမွသွားပြီး အရိုးတစ်ချောင်းတောင် အကောင်းတိုင်း မကျန်ရှိတော့ပေ။

“အား...”

မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့က ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ နာကျင်စွာအော်ဟစ်လိုက်၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ့လက်ဖဝါးထဲရှိခွန်အားကို စိုက်ထုတ်ပြီး မျိုးနွယ်စုခေါင်းဆောင်ယွဲ့လော့ကို ဖိချလိုက်လေသည်။

ဘုန်း...

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ပေမင်ရွှယ်အသွင်ပြောင်း ကြောင်ဖြူထံမှာ မျက်နှာမူပြီးသားဖြစ်သွားလေသည်။

“နင်...”

မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ မျက်နှာက နီမြန်းသွားပြီး သူမက နာကျင်မှုဖြင့် တုန်ယင်နေ၏။ သူမသည် သူမ၏ သွားများကို ကြိတ်ထားလွန်းသောကြောင့် ကျိုးကြေလုမတတ်ဖြစ်နေလေပြီ။

သို့သော်လည်း သူမ၏ အမြုတေစိတ်ဝိညာဥ်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ထိန်းချုပ်မှုအောက်ကနေ ရုန်းမထွက်နိုင်ပေ။

“နင်က... တောင်းပန်ဖို့ ငြင်းဆန်နေတယ်ဆိုမှတော့ ငါကနင့်ကို ကူညီပေးရမှာပေါ့”

အားလုံး၏ အကြည့်အော​က်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ ဦးခေါင်းကို ဖိချလိုက်ပြီး ၎င်းကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျကာ ဦးချလျက်သားဖြစ်သွားစေ၏။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် ကြောင်ဖြူလေးတစ်ကောင်းရှေ့မှာ ဒူးထောက်၍ ဦးချနေရလေသည်။

“အဲ့ဒီအထီးကျန်သိုင်းသခင်က တကယ့်ကို ရက်စက်ကြမ်းတမ်းတာပဲ... သူက မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့ကို သတ်လိုက်တာထက်တောင် ပိုပြီးတော့ ရက်စက်ရာကျသေးတယ်”

“စာပေသမားတစ်ယောက်က သတ်ဖြတ်ခံနိုင်တယ်... ဒါပေမဲ့ အရှက်ခွဲမခံနိုင်ဘူး အထီးကျန်သိုင်းသခင်ရဲ့ အပြုအမူက နည်းနည်းတော့လွန်ကျူးရာကျမနေဘူးလား”

“လွန်ကျုးရာကျတယ် ဟုတ်လား..”

ကျင့်ကြံသူတစ်ယောက်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“အထီးကျန်သိုင်းသခင်ရဲ့ ရည်ရွယ်ချက်ကို မင်းတို့တွေ မပြောနိုင်ဘူးထင်တယ်”

“အဲ့ဒါဘာလဲ”

ဘေးနားမှာရှိသော ကျင့်ကြံသူများက မေးလိုက်ကြ၏။

“ပေမင်ရွှယ်က အနာဂတ်မှာ လူသားတစ်ယောက်ပြန်ဖြစ်လာမယ်ဆိုရင်တောင် ဒီတစ်ခေါက် သူမရဲ့အတွေ့အကြုံက သူမရဲ့ တာအိုနှလုံးသားထဲမှာ ဖျက်ဆီးလို့မရနိုင်တဲ့ ဒဏ်ချက်တစ်ခု သေချာပေါက်ဖြစ်သွားလိမ့်မယ်”

ထိုကျင့်ကြံသူက ပြောလိုက်၏။

“အနာဂတ်မှာ သူမက ဘယ်လောက်ပဲ သန်မာလာ သန်မာလာ လူတိုင်းက အချက်တစ်ချက်ကို အမှတ်ရနေလိမ့်မယ်... ပေမင်ရွယ်က တစ်ခါတုန်းက တောကောင်တစ်ကောင်အဖြစ် လျှောကျခဲ့ဖူးတယ်... ဒီကိစ္စက သူမရဲ့ အတွင်းစိတ်နတ်ဆိုးဖြစ်လာဖို့များတယ်”

များစွာသော ကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြ၏။

ထိုကျင့်ကြံသူက ဆက်ပြောလေသည်။

“အခုချိန်မှာ အထီးကျန်သိုင်းသခင်က ပေမင်ရွှယ်ရဲ့ တာအိုနှလုံးသားထဲက အဲ့ဒီဒဏ်ချက်ကို ချေဖျက်ပေးဖို့ ပြုလုပ်ပေးနေတာ”

“နောက်ပြီး... ပေမင်ရွယ်က တောကောင်တစ်ကောင်အဖြစ် လျှောကျခဲ့ဖူးပေမဲ့ သူမကိုပစ်မှတ်ထားခဲ့တဲ့ အဲ့ဒီ မျိုးနွယ်စုခေါင်းဆောင်က သူမရှေ့မှာ ဒူးထောက်ပြီး ပြန်ဦးချရတယ်ဆိုတာကို အထီးကျန်သိုင်းသခင်က လောကမှာရှိတဲ့လူတိုင်းကို မြင်စေချင်တာပဲ”

“ပေမင်ရွယ်က တောကောင်တစ်ကောင်အဖြစ်လျှောကျခဲ့ဖူးပေမဲ့ သူမက တဗူးနဂါးဖီးနစ်ရဲ့ ကျောပေါ်မှာ ထိုင်ခဲ့ဖူးပြီး မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က သူမရှေ့မှာ ဒူးထောက်ပြီး ဦးချခဲ့ရဖူးတယ်”

“လောကမှာ ဘယ်သူကများ အဲ့လိုအတွေ့အကြုံမျိုး ရှိခဲ့ဖူးမလဲ”

“အခုအဲ့ဒါက ပေမင်ရွှယ်ရဲ့ အတွင်းစိတ်နတ်ဆိုး ဖြစ်မလာရုံတင် မကဘူး... အဲ့ဒါက သူမရဲ့ တာအိုနှလုံးသားကို ပိုပြီး သန်မာလာဖို့ပါ မီးဆေးပေးလိမ့်မယ်”

များစွာသောကျင့်ကြံသူများက လေးနက်စွာ စဥ်းစားတွေးတောလိုက်ကြ၏။

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က အေးစက်စွာပြောလိုက်၏။

“အထီးကျန်သိုင်းသခင်ရဲ့ ရည်ရွယ်ချက်က အဲ့ဒါတင် မကလောက်ဘူး”

“မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေနဲ့ လောကမှာရှိတဲ့ ပညာရှင်တွေအားလုံးက သူ့ရဲ့တပည့်ကို အနိုင်ကျင့်လို့မရဘူးဆိုတာကို အထီးကျန်သိုင်းသခင်က သတိပေးနေတာပဲ... မဟုတ်ရင် အဲ့ဒီရလဒ်ထွက်လာလိမ့်မယ်... မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေတောင် ခြွင်းချက်မရဘူး”

All Chapters