နတ်မိမယ်ကို သတ်ဖြတ်ခြင်း
Vol. 107 Ch. 1603
ဘန်း... ဘန်း... ဘန်း...
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဦးသုံးကြိမ်ချစေရန် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ ဦးခေါင်းကို ဖိချလိုက်၏။
အသံတစ်ချက်က ထွက်လာတိုင်း မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက ဆတ်ခနဲတုန်ယင်သွားကြ၏။
ဦးသုံးကြိမ်ချပြီးနောက် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၏ နဖူးက သွေးများဖြင့် နီစွေးသွားလေသည်။
“အထီးကျန်သိုင်းသခင်...”
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က စူးစူးဝါးဝါး အော်ပြောလိုက်၏။
“ငါနင်နဲ့ သေတဲ့အထိ တိုက်ခိုက်မယ်”
သူမသည် သူမ၏ အမြုတေစိတ်ဝိညာဥ်ကို အသက်သွင်းပြီး သူမ၏ အမြုတေစိတ်ဝိညာဥ်ကို လောင်ကျွမ်းစေလိုက်၏။ အလွန်တရာလွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုက သူမ၏ ခန္ဓာကိုယ်ကနေ ရုန်းကန်ထွက်ပေါ်လာပြီး သူမသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်တော့မည်ကဲ့သို့ ရှိလာလေသည်။
အဲ့ဒါက သူ၏ အသက်ဓာတ်ကို လောင်ကျွမ်းစေသော လျှို့ဝှက်အတတ်ဖြစ်၏။
သူမသည် သူမ၏ အမြုတေစိတ်ဝိညာဥ်ကို လောင်ကျွမ်းစေခြင်းဖြင့် အချိန်တိုအတွင်းမှာ သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုကို ရရှိလာနိုင်လေသည်။
ဖောက်...
ကံဆိုးစွာနှင့်ပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူမကို ထိုအခွင့်အရေးမပေးတော့ပေ။
မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့က သူမ၏ အမြုတေစိတ်ဝိညာဥ်ကို လောင်ကျွမ်းစေလိုက်သည့်ခဏမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ၏ လက်သည်းများကို ဆန့်ထုတ်ပြီး သူမ၏ ဦးခေါင်းကို ထိုးဖောက်ကာ သူမ၏ အမြုတေစိတ်ဝိညာဥ်ကို သတ်ဖြတ်ပစ်လိုက်၏။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့် ၃၄ ၊ ကောင်းကင်စင်ရော်ဂိုဏ်း၏ ပကတိမဟာယာနမျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့သည် အဆုံးမဲ့ မကျေမချမ်းမှုများနှင့်အတူ ပဟေဠိနန်းတော်မှာ သေဆုံးသွားရလေပြီ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဖြည်းဖြည်းချင်း ထရပ်ပြီး ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။
ကျန်ရှိနေသော မည်သည့်မဟာယာနမျိုးနွယ်စုခေါင်းဆောင်ကမှ သူ၏ အကြည့်နှင့် ဆုံမိရဲခြင်း မရှိပေ။
ပဟေဠိနန်းတော်က တိတ်ဆိတ်ငြိမ်သက်သွား၏။
လက်ရှိသက်ရှိများအားလုံးသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော နည်းလမ်းများမှာ မှင်တက်သွားကြ၏။
မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သူက အသံတစ်ခုကို ပို့လွှတ်လိုက်၏ ။
“ကမ္ဘာဦးတဗူးတစ်ကောင်ဆိုတဲ့အတိုင်းပဲ သူ့ရဲ့နည်းလမ်းတွေက အရမ်းကို ရက်စက်ကြမ်းတမ်းတာပဲ”
“ကံကောင်းလို့.. ငါတို့မှာ အသုံးချဖို့အတွက် လူသားမျိုးနွယ်က အဲ့ဒီမျိုးနွယ်စုခေါင်းဆောင်တွေ ရှိနေသေးတယ်... မဟုတ်ရင် အဲ့ဒီတိုက်ခိုက်မှုတွေနဲ့ ရုတ်တရက် ငါတို့ရင်ဆိုင်ရမယ်ဆို... ငါတို့ငါးယောက်က သူ့ကို ကိုင်တွယ်ဖို့လွယ်မှာ မဟုတ်ဘူး”
“ဟုတ်တယ်... လုံမိုက အဲ့ဒီလူသားမျိုးနွယ်စုခေါင်းဆောင်တွေကို သတ်စမ်းပါစေ... သူတို့က ပိုပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်လေလေ ငါတို့အတွက် ပိုပြီး အကျိုးရှိလေပဲ”
မျိုးနွယ်စုခေါင်းဆောင် ဝူထန်က အေးစက်စွာပြောလိုက်၏။
“လုံမိုက ကျန်တဲ့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေနဲ့ တိုက်ခိုက်လို့ ပြီးခါနီးတဲ့အချိန်မှာ သူ့မှာ ဘာဝှက်ဖဲမှကျန်ရှိမှာ မဟုတ်တော့ဘူး”
“အဲ့ဒီအချိန်ကျရင်... ငါတို့ငါးယောက်က သူ့ကိုပူးပေါင်းပြီး သတ်ဖြတ်ကြတာပေါ့”
“အဲ့ဒီအကြံကောင်းတယ်”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက ညင်သာစွာ ပြုံးလိုက်၏။
“အထီးကျန်သိုင်းသခင်... စောစောက နားလည်မှုတချို့ လွဲသွားတာနေမှာပေါ”
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်က ညင်သာစွာချောင်းဟန့်ပြီး သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
“ကျုပ်တို့တွေက ကမ္ဘာဦးမျိုးနွယ် ၆ စုနဲ့ အဆင်ပြေပြေ ငြိမ်းချမ်းရေးစကားပြောနိုင်ဖို့ ဒီကိုရောက်ကြတာပဲ... ကျုပ်တို့က ခင်ဗျားကို ပစ်မှတ်ထားဖို့ စိတ်ကူးမရှိဘူး တာအိုရောင်းရင်း”
“အဲ့ဒါအမှန်ပဲ... ဒီမျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ မျိုးနွယ်စုတစ်သောင်းလုံးက စုးဝေးနေကြတယ်... နောက်ထပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု ဖြစ်မလာအောင် လူတိုင်းက အေးဆေးထိုင်ပြီး ဆွေးနွေးကြရင် ပိုကောင်းတာပေါ့”
မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းက ရှက်ကိုးရှက်ကန်းအပြုံးနှင့်အတူ ပြောလိုက်၏။
တဗူးနဂါးဖီးနစ်နှင့် ရင်ဆိုင်ရာမှာ ပကတိမဟာယာန မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ဖြစ်သော ဖေးသွမ်နှင့် ရှုကျင်းပင်လျှင် ဦးညွှတ်ရလေသည်။
သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၆ စုထံမှာ အညံ့ခံထားသော်လည်း သူတို့က အရူးများ မဟုတ်ကြပေ။
သူတို့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် အဲ့ဒါက နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်ဖို့သာ ဖြစ်စေလိမ့်မည်။
ထိပ်သီးဂိုဏ်းကြီး သုံးဂိုဏ်းသည် ကမ္ဘာဦးမျိုးနွယ် ၆စုထံ အညံ့ခံခဲ့သည်မှာ သူတို့သည် သူတို့ဂိုဏ်း၏ အမွေအနှစ်နှင့် သူတို့၏ အသက်များကို ကာကွယ်ချင်သောကြောင့် ဖြစ်လေသည်။
သို့သော်ယခု... မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမစတင်ခင်မှာပင် ထိပ်သီးဂိုဏ်းကြီး သုံးဂိုဏ်းက ကြီးမားသော ပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့လိုက်ရလေပြီ။
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများက မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်နှင့် အခြားသူများကို စူးရှသောအကြည့်များနှင့်အတူ စိုက်ကြည့်လိုက်ကြ၏။
သို့သော်လည်း... မျိုးနွယ်စုခေါင်းဆောင်များစွာသည် သူတို့၏ ခေါင်းများကို ငုံ့ထားပြီး သူတို့၏ အကြည့်များကို ရှောင်လွှဲကာ မသိကျိုးကျွံပြုနေကြ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အကြည့်က မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ် ၊ မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းနှင့် အခြားသူများရှိရာသို့ ဖြတ်သန်းသွားလေသည်။ ခဏနေပြီးနောက် သူက ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီလေ... မင်းတို့တွေက အေးဆေးထိုင်ပြီး စကားပြောချင်တယ်ဆိုမှတော့... မင်းတို့ရဲ့ အပြုအမူတွေကိုဆင်ခြင်ပြီးတော့ နာနာခံခံထိုင်နေကြ”
“ငါ့ရဲ့အမိန့်မရှိပဲ... ဘယ်သူကမှ ပဟေဠိနန်းတော်ကနေ ထွက်မသွားရဘူး”
“ရပါတယ်... ကိစ္စမရှိဘူး”
မျိုးနွယ်စုခေါင်းဆောင်များစွာသည် စိတ်သက်သာစွာသက်ပြင်းချပြီး အဝေးကနေ ပြန်လှည့်လာကြ၏။ သူတို့သည်လည်း ဤမျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၏ နောက်ဆုံး ရလဒ်ကို သိချင်လေသည်
မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်နှင့် အခြားသူများက နောက်ဆုံးမှာ စိတ်သက်သာရာ ရသွားကြ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို ဆက်လက်ပြုလုပ်ချင်သည်ဆိုလျှင် သူတို့သည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုသည်ကိုတွေ့မြင်သောအခါ မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်ကြ၏။
အစကတော့... ထိပ်သီးဂိုဏ်းကြီး သုံးဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်များနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ဆက်လက်တိုက်ခိုက်ဖို့ကို သူတို့ကမျှော်လင့်စောင့်ဆိုင်းနေကြ၏။ နှစ်ဘက်စလုံးက ထိခိုက်ဒဏ်ရာရရှိပြီး သူတို့က အကျိုးအမြတ်ကိုရိတ်သိမ်းနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်လေသည်။
ယခုတော့နှစ်ဘက်စလုံးက ရပ်တန့်သွားကြလေပြီ။
အဲ့ဒါသည် မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားလေးယောက်၏ အကြံအစည်များကို ချက်ချင်းပင် ပျက်စီးသွားစေ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဆင်းသက်လာသည့်ခဏမှာပင် သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့ပြီး ကောင်းကင်စင်ရော်ဂိုဏ်းနှင့် အခြားသောထိပ်သီးဂိုဏ်းကြီးများမှ မျိုးနွယ်စုခေါင်းဆောင်များကို ဖိနှိမ်ခဲ့လေသည်။
သူ၏ ရည်ရွယ်ချက်က သူ၏ ခြိမ်းခြောက်နိုင်စွမ်းနှင့် သူ၏ ဩဇာတိက္ကမကို တည်ဆောက်ဖို့ ဖြစ်လေသည်။
သူသည် ထိုထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းစလုံးကို အညံ့ခံလာစေဖို့ မျှော်လင့်မထားပေ။
သို့သော်လည်း အနည်းဆုံးတော့ မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ထိုထိပ်သီးဂိုဏ်းကြီးများသည် လူသားမျိုးနွယ်အတွက် ကြီးမားသော အန္တရာယ်များဖြစ်မလာစေနိုင်တော့ပေ။
ယခု... သူလိုချင်သည့်အရာကို ရရှိသွားပြီဖြစ်သည့်အတွက် သူက ရပ်တန့်ရမည့်အချိန်ဖြစ်လေသည်။
သူ၏ အစစ်အမှန် ရန်သူများနှင့် လူသားမျိုးနွယ်၏ အစစ်အမှန်ခြိမ်းခြောက်မှုသည် ကမ္ဘာဦးမျိုးနွယ် ၆စုဖြစ်ကြောင်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ကောင်းကောင်းသိထားလေသည်။
“မန်ဟူ”
ထိုစဥ်မှာပင် နတ်မိမယ်ရှောင်ရှန်းက ရှေ့သို့ထွက်လာပြီး တည်ကြည်လေးနက်စွာ မေးလိုက်၏။
“ကောင်းကင်ဘုံပဒေသရာဇ်က ဘယ်မှာလဲ... သူက လူရိုင်းမျိုးနွယ်ကို သွားခဲ့တယ်... သူက ဘာလို့နင်တို့နဲ့ လိုက်မလာတာလဲ”
စောစော တိုက်ပွဲဖြစ်ပွားနေစဥ်က သူမသည် လူအုပ်ကြီးထဲကို အဆက်မပြတ်စစ်ဆေးကြည့်ရှုနေခဲ့သော်လည်း သူမသည် မိုးကောင်းကင်ပဒေသရာဇ်၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ခဲ့ရပေ။
ယခု.. တိုက်ပွဲက ရပ်တန့်သွားသောအခါ သူမက မနေနိုင်ပဲ ရှေ့သို့ထွက်လာရ၏။
“အဲ့ဒါက...”
မန်ဟူက အိုးတိုးအမ်းတမ်းအမူအရာတစ်ခုနှင့်အတူ သူ၏ ခေါင်းကို ကုတ်နေ၏။
“သူက သေပြီ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ပေမင်ရွှယ်ကို သယ်ဆောင်ပြီး သူမကို လုံရှီထံသို့ လက်လွှဲပေးလိုက်၏။ သူသည် နတ်မိမယ်ရှောင်ရှန်း၏ မေးခွန်းကို ကြားသောအခါ မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“ဘာ... ဘာပြောတယ်”
နတ်မိမယ်ရှောင်ရှန်းက အနည်းငယ် မှင်တက်သွားပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို စိုက်ကြည့်ကာ အံကိုကြိတ်လိုက်၏။
“နင့်စကားကို ပြန်ပြောစမ်းပါဦး”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တည်ငြိမ်သောအမူအရာတစ်ခုနှင့်အတူ နတ်ဘုရားမျိုးနွယ်ဘက်သို့ လှည့်၍ လျှောက်လှမ်းလာကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“နင်အဲ့ဒါကို ကောင်းကောင်းမကြားလိုက်ဘူးလား... ငါက မိုးကောင်းကင်ပဒေသရာဇ်ကို သတ်ခဲ့ပြီးပြီ”
နတ်မိမယ်ရှောင်ရှန်းသည် မိုးကြိုးပစ်ချခံရသည့်အလား ဆတ်ခနဲ တုန်ယင်သွား၏။
သခင်လေးဆန်းကြယ်တစ္ဆေနှင့် အခြားသူများသည် ထူးဆန်းသောအကြည့်များနှင့် နတ်မိမယ်ရှောင်ရှန်းကို ကြည့်ရင်း တိတ်တဆိတ် ဆွံ့အသွားလေသည်။
စောစောက မိုးကောင်းကင်ပဒေသရာဇ်သည် လူရိုင်းမျိုးနွယ်ကို ဖိတ်ခေါ်ဖို့အတွက် ဘယ်လိုကြီးလေးသည့်တာဝန်ကိုယူထားကြောင်း သူမက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောနေခဲ့၏။
ယခု... ကြည့်ရသည်မှာ လူရိုင်းမျိုးနွယ်က ဘယ်ဘက်တွင်ရပ်တည်မလဲဆိုတာ မသေချာတော့ပေ။
“လုံမို..”
နတ်မိမယ်ရှောင်ရှန်း၏ မျက်လုံးနှစ်ဖက်က အဆုံးမဲ့အမုန်းတရားနှင့်ပြည့်နှက်လာပြီး သူမက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်၏။
“နင်သိပ်ပြီး အူမြူးအားရမနေနဲ့... တစ်နေ့ ငါ့ရဲ့ကျင့်ကြံမှုက နင့်ကိုသေချာပေါက် ကျော်တက်သွားလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ငါက မိုးကောင်းကင်ပဒေသရာဇ်အတွက် ကိုယ်တိုင်လက်စားချေပြီး နင့်ကိုသွေးနဲ့ပြန်ပေးဆပ်ခိုင်းမယ်”
“ဘာလို့ အဲ့အချိန်ထိ စောင့်နေဦးမှာလဲ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တည်ငြိမ်သောအမူအရာတစ်ခုရှိပြီး လျှောက်လှမ်းလာခြင်းကို ရပ်တန့်မသွားပေ။ သူက နတ်မိမယ်ရှောင်ရှန်းထံသို့ ချဥ်းကပ်လာခဲ့ပြီး မှင်သေသေဖြင့် ပြောလိုက်လေသည်။
“နင်တို့တွေက အဲ့လောက်ထိ ရင်းနှီးချစ်ခင်နေကြမှတော့... သူနဲ့ ပြန်ဆုံနိုင်မဲ့လမ်းကြောင်းပေါ် ငါနင့်ကို ပို့ပေးရတော့မှာပေါ့”
သူ့စကားမဆုံးသေးခင်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ယိမ်းနွဲ့လှုပ်ရှား၍ ရှေ့သို့တက်လှမ်းလိုက်လေသည်။
ဘုန်း... ဘုန်း...
မြေပြင်က လှုပ်ခါသွားပြီး တောင်တန်းများက ယိမ်းယိုင်လာခဲ့၏။
ထိုခြေလှမ်းတစ်လှမ်းသည် ပေပေါင်းများစွာကို ဖြတ်ကျော်လာသည်ဟု ထင်ရ၏။ တစ်ခဏချင်းမှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် နတ်မိမယ်ရှောင်ရှန်းရှေ့သို့ ရောက်ရှိလာခဲ့ပြီး... ပစ်ရိုက်ချလိုက်၏။
“သတိထား”
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး အလောတကြီးသတိပေးလိုက်၏
သို့သော်လည်း အဲ့ဒါက နောက်ကျသွားခဲ့လေပြီ။
နတ်မိမယ်ရှောင်ရှန်းသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်သာဖြစ်၏။
မဟာယာနအဆင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် ရင်ဆိုင်ရာမှာ သူမက လုံးဝကို ကူကယ်ရာမဲ့နေ၏။
“နင်...”
နတ်မိမယ်ရှောင်ရှန်းသည် အသံတစ်ချက်သာ ထွက်လိုက်နိုင်ပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ လက်ဖဝါးက သူမ၏ ဦးခေါင်းပေါ်သို့ ပစ်ကျသွားခဲ့လေပြီ။
ဘန်း...
သူမ၏ ပြိုင်ဘက်ကင်းချောမာလှပသော မျက်နှာသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွပျက်စီးသွားပြီး သွေးမြူများဖြစ်သွားရ၏။
နတ်မိမယ်ရှောင်ရှန်း၏ အမြုတေစိတ်ဝိညာဥ်က ထိုစွမ်းအားဖြင့် ကြေမွသွားပြီး ဘာမှမကျန်အောင် ပျက်ပြယ်သွားလေသည်။
နတ်မိမယ်ရှောင်ရှန်းက သေလေပြီ။
ထိုအခါမှသာ... မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် ဖြစ်ပျက်နေသည့်အရာများကို နားလည်သဘောပေါက်သွားပြီး လူအုပ်ကြီးထဲမှ အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
များစွာသော ကျင့်ကြံသူများကလည်း တုန်လှုပ်သွားကြ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ကောင်းကင်စင်ရော်ဂိုဏ်းနှင့် အခြားသော ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်းနှင့်အတူ ရန်မီးသေသွားပြီးနောက် ရုတ်တရက်... နတ်ဘုရားမျိုးနွယ်ဘက်သို့ လှည့်လာကာ နတ်မိမယ်ရှောင်ရှန်းကို နေရာမှာပင် သတ်ဖြတ်လိုက်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ တိုက်ခိုက်လိုက်ချိန်မှ နတ်မိမယ်ရှောင်ရှန်းသေဆုံးသွားချိန်ထိ အသက်တစ်ရှိုက်စာသာ ကြာမြင့်ခဲ့၏။
မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီနှင့် အခြားသူများပင်လျှင် သူမကိုကယ်တင်ဖို့ အချိန်မရခဲ့ပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဆင်းသက်မလာခင်မှာ ကမ္ဘာဦးမျိုးနွယ် ၆ စုသည် အခြေအနေကို တစ်ဖက်သတ်ထိန်းချုပ်ထားပြီး ထင်တိုင်းကြဲ သတ်ဖြတ်နေခဲ့၏။
သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာရောက်ရှိလာမှုသည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ အရှိန်အဟုန်ကို လုံးဝရပ်တန့်သွားစေ၏။