← Chapters

ဘယ်သူ့ကိုမှ အသက်ရှင်လျက် ထွက်မသွားစေနဲ့

Vol. 107 Ch. 1604

ဘယ်သူ့ကိုမှ အသက်ရှင်လျက် ထွက်မသွားစေနဲ့

Vol. 107 Ch. 1604

“အထီးကျန်သိုင်းသခင်”

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီသည် အေးစက်စက် အမူအရာတစ်ခု ရှိလာပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို စိုက်ကြည့်ပြီး ခက်ထန်စွာ ပြောဆိုလိုက်၏။

“နှစ်ဖက်စလုံးက ရပ်တန့်ကြပြီးပြီ… ဒါတောင် မင်းက သတ်ဖြတ်နေတုန်းပဲ… မင်းက ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ငြိမ်းချမ်းရေးကို ညှိနှိုင်းမဆွေးနွေးချင်တော့ဘူးလို့ ငါထင်တယ်”

“ရတယ်လေ.. ငါတို့က ညှိနှိုင်းဆွေးနွေးလို့ ရတယ်”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီကို စိုက်ကြည့်ပြီး သူ၏ နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားဘဲ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒါပေမဲ့.. ငါက ကမ္ဘာဦးမျိုးနွယ် ၅ စုနဲ့ပဲ စကားပြောမှာ.. နတ်ဘုရားမျိုးနွယ် မပါဘူး”

“ဒါက ဘာသဘောလဲ”

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက ရင်တစ်ချက်ထိတ်သွား၏။

“ငါပြောတာက ရှင်းပါတယ်.. ငါတို့က ညှိနှိုင်းဆွေးနွေးလို့ ရတယ်.. ဒါပေမဲ့ မဖြစ်မနေ လိုအပ်ချက်က နတ်ဘုရားမျိုးနွယ်ကို အရင်ဆုံး သတ်ဖြတ်ရမယ်”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ထိုသို့ပြောလိုက်သည့် ခဏမှာပင်.. သူက ရှေ့သို့ ခုန်တက်ပြီး မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီထံသို့ ပြေးဝင်သွားလေသည်။

ထိုသည်ကို တွေ့မြင်သောအခါ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံးက တိတ်တဆိတ် ထိတ်လန့်သွားကြ၏။

သည့်ယခင်က ကမ္ဘာဦးမျိုးနွယ် ၆ စုသည် သူတို့၏ အန္တိမနည်းလမ်းများကို ထုတ်ဖော်ပြီး အလွန်တရာ စွမ်းအားကြီးမားနေခဲ့ကြ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ရောက်ရှိလာပြီးနောက်… သူသည် ကမ္ဘာဦးမျိုးနွယ် ၆ စုထက် ၁၀ ဆကျော် ပိုမိုသန်မာကာ ပို၍ပင် ကြမ်းကြုတ်ခက်ထန်နေ၏။

ရွှစ်…

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် လှစ်ခနဲ လှုပ်ရှားသွားပြီး မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။

ဘန်း.. ဘန်း..

သူတို့၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သူတို့သည် ဆူနာမီသွေးအဆင့်သို့ ချက်ချင်းပင် ရောက်ရှိသွားကြ၏။

သို့သော်လည်း.. မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ သွေးချီက ဆက်လက်၍ မြင့်တက်နေဆဲဖြစ်၏။ ရှေးကျ၍ လျှို့ဝှက်ဆန်းကြယ်သော ပိရမစ်တစ်ခုက သူ၏ အောက်ဘက်မှာ ပေါ်ထွက်လာပြီး သန်းနှင့်ချီသော သက်ရှိများက ရိုကျိုးခယသော အမူအရာများနှင့်အတူ ဒူးထောက်ကာ ဝတ်ပြုဆုတောင်းနေကြ၏။

“သတ်”

မျိုးနွယ်စုခေါင်းဆောင် ဝူထန်၊ မျိုးနွယ်စုခေါင်းဆောင် စန်းမင်၊ မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်နှင့် မျိုးနွယ်စုခေါင်းဆောင် လီယင်တို့ကလည်း ဒီတိုင်းထိုင်မနေကြပေ။ သူတို့က မာန်သွင်းအော်ဟစ်ပြီး ပင်ကိုနတ်ဘုရားစွမ်းအား ၄ ခုကို ထုတ်ဖော်လိုက်ကြ၏။

“ဝမ်းတွင်းကျိန်စာ”

“မုန်တိုင်းမျက်လုံး”

“နေမင်းအမြုတေမီး”

“ဟာရီကိန်း တောင်ပံ”

ထူးဆန်းသော စွမ်းအားတစ်ခုသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို လျင်မြန်စွာ လွှမ်းခြုံလာခဲ့၏။

ကျိန်စာနည်းစနစ်က သူ၏ အသိစိတ်ထဲသို့ ရုတ်တရက် ဆင်းသက်လာပြီး အဲဒါကို ခုခံဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အဲဒါကို လျစ်လျူရှုထား၏။

သူ၏ အသိစိတ်က ကြီးမားသော လောကတစ်ခုနှင့် တူလေသည်။

အဲဒီမှာ ကျယ်ပြောသော ကုန်းမြေတစ်ခု ရှိပြီး ကြောက်စရာကောင်းသော အော်ရာများနှင့် သားရဲဘုရင်များကို တွေ့မြင်နိုင်လေသည်။ ကောင်းကင်ဘုံကို ထွန်ယက်နေသော နွားရိုင်းတစ်ကောင်နှင့် အော်မြည်ဟစ်ကြွေးနေသော နတ်ဆင်တစ်ကောင်။

ကုန်းမြေ၏ အပြင်ဘက်မှာ နဂါးဘုရင်တစ်ပါး အပေါ်စီးကနေ ကြည့်ရှုနေသော နက်မှောင်နေသည့် သမုဒ္ဒရာတစ်စင်း ရှိလေသည်။ တဝုန်းဝုန်း ရိုက်ခတ်နေသော လှိုင်းလုံးများကြားမှာ ဧရာမ စိတ်ဝိညာဉ်လိပ်တစ်ကောင်ကို ခပ်ရေးရေး မြင်နိုင်လေသည်။

ကောင်းကင်ထက်မှာပင် ၎င်း၏ တောင်ပံများကို ခတ်နေသော ဧရာမ​ ရွှေငှက်တစ်ကောင် ရှိလေသည်။

ကျိန်စာစွမ်းအားက သွေးနီရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ထံသို့ ချဉ်းကပ်မလာခင်မှာပင်.. ၎င်းသည် သားရဲဘုရင်များ၏ ဟိန်းဟောက်သံကြောင့် ဘာမှမကျန်အောင် ကြေမွသွား၏။

မျိုးနွယ်စုခေါင်းဆောင် စန်းမင်၏ ကောင်းကင်ဘုံမျက်လုံးက ပွင့်ဟလာပြီး ကြမ်းကြုတ်ခက်ထန်သော မုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာ၏။ ၎င်းသည် လောကရှိ အရာရာတိုင်းကို ဆုတ်ဖြဲပစ်နိုင်သည့်အလား လျှပ်စီးလျှပ်ပန်းများဖြင့် တလိပ်လိပ်ထိုးတက်လာ၏။

မျက်လုံးတစ်လုံးကနေ ဤနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်ခြင်းကို စဉ်းစားကြည့်ဖို့ ခက်လေသည်။

ကောင်းကင်ဘုံမျက်လုံးက ပွင့်ဟလာပြီး မုန်တိုင်းတစ်ခုက ဆင်းသက်လာခဲ့၏။

တစ်ချိန်တည်းမှာပင်.. မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်သည် သူ၏ ခေါင်းကို မော့ပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်ကာ နေမင်းနှင့် ဆင်တူသော ချစ်ချစ်တောက် ပူလောင်သည့် ရွှေရောင်မီးတောက်စီးကြောင်းများကို​ ထွေးထုတ်လိုက်လေသည်။

မျိုးနွယ်စုခေါင်းဆောင် လီယင်က ဟာရီကိန်းတောင်ပံများကို ဖြန့်ကြက်ပြီး သူ၏ လှုပ်ရှားမှု နည်းစနစ်က ပို၍ မြန်ဆန်လာ၏။ သူက လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်လုနီးပါး ဖြစ်သွား၏။

ရွှစ်…

သူသည် ဆေဘာနှစ်လက်ကို ကိုင်ဆွဲပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ဦးခေါင်းရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက မျိုးနွယ်စုခေါင်းဆောင် ဝူထန်၏ ဝမ်းတွင်းကျိန်စာကို ဖြေရှင်းပြီးသွားလျှင်တောင် အဲဒီမှာ ရုန်းကန်ပေါက်ကွဲ၍ တလိပ်လိပ်တက်လာနေသော နတ်ဘုရားစွမ်းအား ၃ခု ကျန်ရှိနေသေး၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ နတ်ဘုရားစွမ်းအားများ၏ စွမ်းအားကို ဆင်းသက်လာစေ၏။

ဧရာမ ကျောက်သားဒိုင်းကာတစ်ခုက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ရှေ့မှာ ပေါ်ထွက်လာ၏။

၎င်း၏ မျက်နှာပြင်က ရှုပ်ထွေးပွေလီသော အင်းကွက်ကြောင်းများနှင့်အတူ ကြမ်းတမ်းခက်ထန်၍ လျှို့ဝှက်ဆန်းကြယ်နေ၏။

အဲဒါသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ နတ်ဘုရားစွမ်းအား ၄ ခု၏ ပထမတစ်ခု၊ စိတ်ဝိညာဉ်လိပ်ဒိုင်းကာ ဖြစ်လေသည်။

ဇီ…

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စုစည်းပြီး ကျောက်သားဒိုင်းကာပေါ်ရှိ အင်းကွက်ကြောင်းများကို လင်းလက်လာစေကာ ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခု ဖြာထွက်လာ၏။

“သွားစမ်း”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ကျောက်သားဒိုင်းကာနှင့်အတူ သူ၏ ဦးခေါင်းထက်ကနေ အုပ်မိုးပြီး အော်ငေါက်လိုက်လေသည်။

ဝုန်း…

မုန်တိုင်း၊ နေမင်းအမြုတေမီးနှင့် မျိုးနွယ်စုခေါင်းဆောင် လီယင်၏ ဆေဘာနှစ်လက်သည် ကျောက်သားဒိုင်းကာကို တစ်ချိန်တည်းမှာ ထိခတ်လာပြီး ကျယ်လောင်သော မြည်သံထွက်ပေါ်လာစေ၏။

မုန်တိုင်းက တလိပ်လိပ်တက်လာပြီး မီးတောက်များက ကျောက်သားဒိုင်းကာကို အဆက်မပြတ် လောင်ကျွမ်းနေသော်လည်း သူတို့က ၄င်း၏ ခံစစ်ကို မထိုးဖောက်နိုင်ပေ။

ချွမ်း…

မျိုးနွယ်စုခေါင်းဆောင် လီယင်၏ ဆေဘာက ကျောက်သားဒိုင်းကာနှင့် ထိခတ်မိသောအခါ.. သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ယင်သွားပြီး ကြောက်စရာကောင်းသော တန်ပြန်ကန်အားတစ်ခုကို ခံစားလိုက်ရ၏။ သူက သူ့လက်နှစ်ဖက်ဖြင့် ဆေဘာနှစ်လက်ကို ဆုပ်ကိုင်ထားနိုင်ခြင်း မရှိတော့ဘဲ သူ၏ လက်ဖဝါးက စုတ်ပြဲသွားလေသည်။

ဆေဘာနှစ်လက်က သူ၏ လက်ထဲကနေ လွတ်ထွက်သွား၏။

မျိုးနွယ်စုခေါင်းဆောင် လီယင်က စူးစူးဝါးဝါးအော်ပြီး နောက်သို့ဆုတ်လိုက်လေသည်။

ကျောက်သားဒိုင်းကာအောက်တွင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သူသည် ထိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးနောက်.. သူ၏ လှုပ်ရှားမှုက လုံးဝ ရပ်တန့်သွားခြင်း မရှိဘဲ မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ လက်ပြန်ရိုက်ချက်နှင့်အတူ ဒီလှိုင်းစွမ်းပကားက ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခွန်အားက တိုက်ခိုက်နေရင်း တလိပ်လိပ်ထိုးတက်လာ၏။

ဘုန်း… ဘုန်း.. ဘုန်း…

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားပြီး ယိမ်းထိုးသွားလေသည်။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကနေ ထုတ်ဖော်လိုက်သော စွမ်းအားသည် အရမ်းကို သန်မာလေသည်။ သူ၏ ခြေထောက်အောက်ရှိ ပိရမစ်က ကြေမွသွားပြီး အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။ အဲဒါက ပြိုကျသွားခဲ့လေပြီ။

“ကောင်းကင်ဘုံနတ်ဘုရား ဆင်းသက်ခြင်း”

ရှေးဟောင်းခေတ်ကနေ လာသော စွမ်းအားတစ်ခုက ဆင်းသက်လာပြီး ရွှေရောင်အလင်းတန်းများသည် မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာကာ သူ၏ အော်ရာက တလိပ်လိပ် ထိုးတက်လာ၏။

သူ၏ နောက်ဘက်တွင် ဧရာမ ကောင်းကင်ဘုံနတ်ဘုရား ပုံရိပ်ယောင်က ပေါ်ထွက်လာ၏။ ၎င်းသည် အနိုင်မခံ အလျှော့မပေးလိုဘဲ အောက်တွင်ရှိသော သက်ရှိများကို ငုံ့ကြည့်ရင်း ဝင်းလက်တောက်ပနေ၏။

ထိုအခိုက်အတန့်တွင် မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာသည်ဟု ထင်ရ၏။

“ဟမ့်”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အကြောက်အလန့် ကင်းမဲ့သော အမူအရာတစ်ခု ရှိနေပြီး သူ၏ သွေးချီကို တလိပ်လိပ်တက်လာစေ၏။ သူသည် သူ၏လက်ကို ဆန့်ထုတ်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ တဖျောက်ဖျောက် မြည်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။ ချက်ချင်းပင် သူ၏ လက်က ပြန့်ကား၍ ကြီးမားတုတ်ခိုင်လာခဲ့၏။

သူ၏ ကြွက်သားများသည် တစ်ခုပြီးတစ်ခု ဖုဖောင်းထွက်လာပြီး သစ်မြစ်များကဲ့သို့ တစ်ခုကိုတစ်ခု ထုံးဖွဲ့သွားကာ သူ၏ အရေပြားပေါ်တွင် သွေးနီရောင် ကြေးခွံတစ်လွှာက ပေါ်ထွက်လာ၏။

သူ၏ လူသားလက်ဖဝါးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ထိုနေရာတွင် မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်း​သော နဂါးဖီးနစ် လက်သည်းက အစားထိုး ဝင်ရောက်လာ၏။

ဖြီး…

ကောင်းကင်ဘုံနတ်ဘုရား ပုံရိပ်ယောင်က ဆင်းသက်လာသည့် ခဏမှာပင်.. ၎င်းသည် ကြောက်စရာကောင်းသော နဂါးဖီးနစ် လက်သည်းဖြင့် ချေမွခြင်းခံရပြီး ထိုပုံရိပ်ယောင်က ပျက်ပြယ်သွားလေသည်။

ထို့နောက် ချက်ချင်းပင်.. နဂါးဖီးနစ် လက်သည်းက အရှိန်အဟုန်ဖြင့် ဆင်းသက်လာပြီး မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီကို ဖမ်းဆွဲလိုက်လေသည်။

မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

သူသည် သူ၏ သွေးချီကို လှည့်ပတ်ပြီး ဤနေရာကနေ ရုန်းထွက်ချင်လေသည်။

သို့သော်လည်း နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ပို၍ပင် မြန်ဆန်ပြီး သူ့နောက်သို့ အရိပ်ပမာ လိုက်ပါလာ၏။

ဧရာမ လှောင်ချိုင့်တစ်ခုနှင့်တူသော နဂါးဖီးနစ် လက်သည်းများသည် တစ်ချိန်လုံး သူ၏ ဦးခေါင်းပေါ်မှာ အုပ်မိုးနေပြီး သူက အဲဒီကနေ လုံးဝ ရုန်းမထွက်နိုင်ပေ။

နောက်ခဏ၌.. မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ မျက်လုံးက မှေးမှိန်သွား၏။

ဖြီး..

အားလုံး၏ အကြည့်အောက်မှာ မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ ဦးခေါင်းက နဂါးဖီးနစ် လက်သည်းဖြင့် ချေမွဖျက်ဆီးခြင်းခံရပြီး သွေးများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။

သူ၏ အမြုတေစိတ်ဝိညာဉ်က မထွက်ပြေးနိုင်ခင်မှာပင်.. ၎င်းက နဂါးဖီးနစ် လက်သည်းဖြင့် ချေမွဖျက်ဆီးခြင်းခံလိုက်ရ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

နတ်ဘုရားမျိုးနွယ်မှ မဟာယာနမျိုးနွယ်စုခေါင်းဆောင်သည် ဤကဲ့သို့ပင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး မခုခံနိုင်လုနီးပါး ဖြစ်ခဲ့၏။

ဘုန်း…

မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသုံးယောက် ရောက်ရှိလာသောအခါ မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီ၏ ဦးခေါင်းမဲ့အလောင်းက မည်သည့် အသက်ဓာတ်မှ မရှိတော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားပြီဖြစ်၏။

ဖြစ်စဉ်တစ်ခုလုံးက အရမ်းကို လျင်မြန်စွာ ဖြစ်ပွားခဲ့၏။

သူသည် မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသူများကို ဒုတိယမြောက် တိုက်ခိုက်ဖို့ အခွင့်အရေး မပေးခဲ့ပေ။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသုံးယောက် ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လှည့်ပြီး အေးစက်စွာ စိုက်ကြည့်လိုက်၏။

မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသုံးယောက်၏ နှလုံးများက အေးစက်လာခဲ့၏။ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အကြည့်ကို ခံနိုင်ရည်မရှိဘဲ သူတို့သည် နောက်သို့ ခြေလှမ်းဝက် အလိုလိုဆုတ်ကာ သူတို့၏ နှလုံးများက သူတို့၏ ရင်ဘတ်ထဲကနေ ခုတ်ထွက်တော့မည်ကဲ့သို့ ဖြစ်လာ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ လေသံက ကြောက်မက်ဖွယ်ရာကောင်းနေပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းတို့တွေက ဆက်ပြီး လှုပ်ရှားရဲမယ်ဆိုရင်.. မင်းတို့ လေးယောက်ကိုပါ သတ်ဖြတ်ရမယ့်အတွက် ငါ့ကို မပြစ်မတင်နဲ့”

အဲဒါက ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခြင်း ဖြစ်၏။

သူ၏ လေသံက ပုရွက်ဆိတ် လေးကောင်ကို ဖိချေသတ်တော့မည့်အလား.. အထင်သေးမှုဖြင့် ပြည့်နှက်နေ၏။

မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသုံးယောက်သည် နေရာမှာပင် မှင်တက်သွားပြီး လှုပ်ရှားရဲခြင်း မရှိတော့ပေ။

ကမ္ဘာဦးမျိုးနွယ် ၆စုသည် အတူပူးပေါင်းခဲ့ကြသော်လည်း မျိုးနွယ်စုခေါင်းဆောင် ရှန်ယွီက သေဆုံးသွားခဲ့ပြီဖြစ်၏။ သူတို့အနေဖြင့် သေပြီးသားလူတစ်ယောက်အတွက် သူတို့၏ အသက်များကို စွန့်စားစရာ မလိုတော့ပေ။

“အထီးကျန်သိုင်းသခင်”

နတ်ဘုရားမျိုးနွယ်၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ရှေ့သို့ ထွက်လာပြီး အော်ပြောလိုက်၏။

“ခင်ဗျားက ကျုပ်တို့ရဲ့ ပဒေသရာဇ်… နတ်မိမယ်နဲ့ ဘိုးဘေးနတ်ဘုရားကိုတောင် သတ်ဖြတ်လိုက်တယ်.. နတ်ဘုရားမျိုးနွယ်က ခင်ဗျားကို သေချာပေါက် အပိုင်းပိုင်းဆုတ်ဖြဲပြီး သွေးနဲ့ ပြန်ပေးဆပ်ခိုင်းမယ်”

“အဲ့လိုလား”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အမူအရာ ကင်းမဲ့နေပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။

“နဂါးမျိုးနွယ်.. နားထောင်ကြ.. အဲဒီ နတ်ဘုရားမျိုးနွယ်သက်ရှိတွေကို သတ်ကြ.. ဘယ်သူ့ကိုမှ အသက်ရှင်လျက် ထွက်မသွားစေနဲ့”

All Chapters