← Chapters

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 107 Ch. 1605

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 107 Ch. 1605

“ဘာလဲဟ”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် တုန်လှုပ်သွားပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို မယုံကြည်နိုင်စွာ မျက်လုံးပြူးကျယ်၍ ကြည့်လိုက်ကြ၏။

သူတို့ကို မပြောနှင့်… ကမ္ဘာဦးမျိုးနွယ် ၆စုနှင့် လက်ရှိ နတ်ဘုရားမျိုးနွယ်သက်ရှိများစွာပင်လျှင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ထိုကဲ့သို့သော အမိန့်တစ်ခုကို​ ပေးလာလိမ့်မည်ဟု မယုံကြည်နိုင်ကြပေ။

နတ်ဘုရားမျိုးနွယ်သည် ဤမျိုးနွယ်စုတစ်သောင်းစုဝေးပွဲသို့ လူတစ်ရာကျော်ကို စေလွှတ်ခဲ့၏။

သူတို့သည် အထီးကျန်သိုင်းသခင်နှင့် ထိပ်သီးဂိုဏ်းကြီးများနှင့် စောစောက တိုက်ခိုက်အပြီး၌ သူတို့သည် သိသိသာသာ ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရပြီး သူတို့မှာ လူတစ်ရာကျော်ပင် မကျန်ရှိတော့ပေ။

ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ် သက်ရှိများသည် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ ဖြစ်ကြလေသည်။ သူတို့ တစ်ယောက်ချင်းစီက နတ်ဘုရားမျိုးနွယ်၏ အဓိက အင်အားစုတစ်ခု ဖြစ်လေသည်။

ထိုအမိန့်နှင့်အတူ.. နဂါးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်ကြား ရန်ငြိုးရန်စက မည်သို့မျှ ညှိနှိုင်း၍ ရတော့မည် မဟုတ်ပေ။

အဲ့ဒါက ပဒေသရာဇ် သို့မဟုတ် နတ်မိမယ်ကို သတ်ဖြတ်ခြင်းကဲ့သို့ မရိုးရှင်းပေ။

အဲဒါသည် သူတို့ကို အမြစ်ဖြတ်သုတ်သင်လိုခြင်း ဖြစ်လေသည်။

ကမ္ဘာဦးမျိုးနွယ် ၆ စု အကြားမှာ ကမ္ဘာဦးခေတ်တုန်းက ပဋိပက္ခများနှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ရှိခဲ့သော်လည်း သူတို့သည် တစ်ဖက်ကိုတစ်ဖက် ငဲ့ကွက်ထိန်ချန်၍ စိုးရိမ်ပူပန်နေခဲ့ရဆဲ​ ဖြစ်၏။ သူတို့သည် ဤကဲ့သို့သော လွန်ကျူးသည့် အခြေအနေတစ်ရပ်သို့ ဘယ်တုန်းကမှ မရောက်ရှိခဲ့ပေ။

“အထီးကျန်သိုင်းသခင်.. မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က မယုံကြည်နိုင်စွာ မျက်လုံးပြူး၍ အော်ဟစ်လိုက်၏။

“ဂါး..”

နဂါးဟိန်းသံက ထွက်ပေါ်လာ၏။

အေးစက်စက်အလင်းတစ်ခုနှင့် တောက်ပနေသော အစိမ်းရောင်ကြေးခွံများနှင့်အတူ ဧရာမ နတ်နဂါးတစ်ကောင်သည် လေထဲသို့ ပျံတက်လာ၏။ ၎င်း၏ ဝမ်းဗိုက်အောက်ရှိ လက်သည်းငါးဖက်နှင့်အတူ ၎င်းသည် ထကြွသောင်းကျန်းနေသော စွမ်းပကားတစ်ခုနှင့်အတူ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

“အဲ.. အဲဒါက လက်သည်းငါးဖက် နတ်နဂါးပဲ”

“ဒီဘက်မျိုးဆက်မှာ နဂါးတွေက အရမ်းကို သန်မာလာတာပဲ.. အဲဒီမှာ နဂါးဖီးနစ်နဲ့ လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်ပါ ရှိနေတာပဲ”

လုံစန်းသည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး လေထဲမှာ လှည့်ပတ်လိုက်၏။ သူက ဟိန်းဟောက်၍ အောက်သို့ ထိုးဆင်းလာပြီး နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ရှိရာသို့ ပြေးဝင်လာခဲ့လေသည်။

“မင်း..”

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးက ထိတ်လန့်သွား၏။

ဤအခိုက်အတန့်မှာပင်လျှင်.. နဂါးမျိုးနွယ်သည် မည်သည့် ငဲ့ကွက်ထိန်ချန်မှုမှ မရှိဘဲ နတ်ဘုရားမျိုးနွယ်ကို အမြစ်ပြတ် ချေမှုန်းသုတ်သင်ချင်လာလိမ့်မည်ဟု သူက မယုံကြည်နိုင်သေးပေ။

ဖြီး..

နတ်ဘုရားမျိုးနွယ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးသည် တုံ့ပြန်မှု အနည်းငယ် နှေးကွေးသွားပြီး သူက လုံစန်း၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။ နဂါးပါးစပ်ထဲမှ ရွှေရောင်သွေးများက ပန်းထွက်လာပြီး လေထဲမှာ ပြန့်ကျဲသွားလေသည်။

နတ်ဘုရားမျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က နေရာမှာတင် သေဆုံးသွား၏။

ဂါး… ဂါး… ဂါး…

နဂါးဟိန်းသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာနောက်သို့ လိုက်ပါလာသော နတ်နဂါးရာချီသည် သူတို့၏ အစစ်အမှန်ပုံစံများသို့ ပြောင်းလဲကာ မည်သည့် သနားညှာတာမှုမှ မရှိဘဲ နတ်ဘုရားမျိုးနွယ် ရှိရာသို့ ပြေးဝင်လာကြ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဤကဲ့သို့သော အမိန့်တစ်ခုကို ပေးလိုက်သော်လည်း နဂါးများကပါ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ တိုက်ခိုက်လာလိမ့်မည်ဟု နတ်ဘုရားမျိုးနွယ်က မယုံကြည်နိုင်ဖြစ်နေ၏။

ချက်ချင်းပင်… နဂါးများသည် နတ်ဘုရားမျိုးနွယ်ထံသို့ ပြေးဝင်လာကြပြီး ကြီးမားသည့် တိုက်ပွဲတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ထိုနတ်ဘုရားမျိုးနွယ်သက်ရှိများသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၊ အဆုံးစွန်မီး၊ အဆူရာနှင့် ထိပ်သီးဂိုဏ်းကြီးများနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ရသော တိုက်ပွဲမှာ သူတို့၏ စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရပြီး ထိခိုက်ဒဏ်ရာများ ရရှိနေခဲ့ကြ၏။

သူတို့ကို ဦးဆောင်လာခဲ့သော ပဒေသရာဇ်နှင့် နတ်မိမယ်တို့ကလည်း သေလေပြီ။

သို့သော်လည်း.. နဂါးများက သူတို့၏ အထွတ်အထိပ် အခြေအနေမှာ ရှိနေရုံသာမက.. သူတို့သည် နတ်ဘုရားမျိုးနွယ်ထက် အရေအတွက်အားဖြင့် များစွာသာလွန်လေသည်။ လုံစန်း၏ ဦးဆောင်မှုအောက်မှာ နတ်ဘုရားမျိုးနွယ် အဖွဲ့သည် အလွယ်တကူ နင်းချေဖျက်ဆီးခံရနိုင်လေသည်။

မျိုးနွယ်စုခေါင်းဆောင် ဝူထန်၊ ကျင်းယန်၊ စန်းမင်နှင့် လီယင်တို့က မျက်မှောင်ကြုတ်ပြီး ထိုသည်ကို တွေ့မြင်သောအခါ အနည်းငယ် တွေဝေတုံ့ဆိုင်းနေကြ၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင်.. ကမ္ဘာဦးမျိုးနွယ် ၆စုသည် ဤကဲ့သို့သော အခြေအနေမှာ အတူပူးပေါင်း၍ ခုခံတိုက်ခိုက်သင့်လေသည်။

သို့သော်လည်း သွေးနွယ်ပင်မျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စုပ်ယူသန့်စင်ခြင်း ခံရပြီး သေဆုံးသွားခဲ့သည်မှာ ကြာခဲ့လေပြီ။ ခေါင်းဆောင် မရှိတော့ဘဲ ကျန်ရှိနေသော သွေးနွယ်ပင်များသည် မဆင်မခြင် ပြုမူလှုပ်ရှားရဲခြင်း မရှိတော့ပေ။

မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသုံးယောက်သည် အကြည့်ချင်းဖလှယ်ပြီး တစ်စုံတစ်ရာ ပြုလုပ်ရဲခြင်း မရှိဘဲ မလှမ်းမကမ်းရှိ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကြည့်နေကြ၏။

“အထီးကျန်သိုင်းသခင်..”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က အေးစက်စွာ ပြောလိုက်၏။

“မင်းက သက်သက် အပျော်ရှာနေတာပဲ.. မင်းက ပဒေသရာဇ်နဲ့ နတ်မိမယ်ကိုပဲ သတ်ဖြတ်လိုက်တာဆိုရင် နဂါးမျိုးနွယ်က မင်းကို ကာကွယ်ပေးနိုင်ကောင်း ကာကွယ်ပေးနိုင်ဦးမယ်… ဒါပေမဲ့ အခုတော့ မင်းက နတ်ဘုရားမျိုးနွယ်ကို ချေမှုန်းသုတ်သင်ဖို့ ကြိုးစားလာပြီဆိုတော့.. မင်းက နတ်ဘုရားမျိုးနွယ်က ဘိုးဘေးနတ်ဘုရား ပညာရှင်တွေကို သေချာပေါက် ရန်စမိသွားတော့မယ်”

“အဲဒီအချိန်ကျရင် နဂါးမျိုးနွယ်ကတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး”

မျိုးနွယ်စုခေါင်းဆောင် ဝူထန်ကလည်း အေးစက်စွာ ပြောလိုက်၏။

“ဒီလောက်များတဲ့ နတ်ဘုရားမျိုးနွယ်သက်ရှိတွေ သေဆုံးသွားရင်.. နတ်ဘုရားမျိုးနွယ်က အဲဒါကို သေချာပေါက် အာရုံခံမိလိမ့်မယ်.. မင်းကတော့ ပြဿနာကြီးကြီးတက်ပြီ”

“အဲ့လိုလား”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက လှောင်ရယ်လိုက်၏။

“နတ်ဘုရားမျိုးနွယ်က ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ဒီနေရာကို ရောက်မလာမလဲ ကြည့်ရသေးတာပေါ့”

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ​ ဖြစ်၏။

နာရီဝက်မျှမှာပင်.. နတ်ဘုရားမျိုးနွယ်က ကြီးမားစွာ ပျက်စီးထိခိုက်ဆုံးရှုံးလာရပြီ ဖြစ်၏။

“အောင်း အောင်း…”

နဂါးများက သူတို့ စိတ်ကျေနပ်အားရသည်အထိ သတ်ဖြတ်နေသည်ကို တွေ့မြင်သောအခါ မျောက်နှင့် အခြားသူများက ဆက်လက်၍ ရပ်မနေနိုင်တော့ပေ။ သူတို့သည် စိတ်ဝိညာဉ်ကျားနှင့် အခြားသူများနှင့်အတူ တိုက်ပွဲနယ်မြေသို့ ဝင်ရောက်ပြီး နတ်ဘုရားမျိုးနွယ်ကို အမဲလိုက်ဖို့အတွက် နဂါးများကို ကူညီပေးလိုက်ကြ၏။

ထိပ်သီးဂိုဏ်းကြီးများ၏ ကျင့်ကြံသူများက လှုပ်ရှားလာခြင်း မရှိပေ။ သူတို့က စိုးရိမ်ပူပန်နေကြဆဲဖြစ်၏။

အဲဒီမှာ မျောက်နှင့် အခြားသူများကဲ့သို့ မဆင်မခြင် ပြုမူလှုပ်ရှားရဲသောလူ များစွာ မရှိပေ။

ရုတ်တရက်ဆိုသလို…

ပဟေဠိနန်းတော် အထက်မှာ ကြီးမားသော စွမ်းအင်အတက်အကျတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။

လေဟာနယ်က ကွဲထွက်သွားပြီး အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခု ဖြာထွက်နေသည့် ကျိန်းစပ်နေသော ရွှေရောင်အလင်းစီးကြောင်းများက ထွက်ပေါ်လာ၏။

နတ်ဘုရားမျိုးနွယ်ဘက်ရှိ အခြေအနေသည် နောက်ဆုံးမှာ အခြားသော ဘိုးဘေးနတ်ဘုရားများကို ထိတ်လန့်သွားစေခဲ့ပြီဖြစ်၏။

အက်ကွဲကြောင်းထဲကနေ ဝင်းဝင်းလက်လက်နှင့် ရွှေရောင်ပုံရိပ်နှစ်ခုက လျှောက်လှမ်းထွက်လာ၏။ ဘယ်ဘက်တွင်ရှိသော တစ်ယောက်က တောက်ပသော မျက်လုံးများနှင့်အတူ ကျန်းမာသန်စွမ်းပုံရသည့် မီးခိုးရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက် ဖြစ်၏။

ညာဘက်တွင် ရှိသောသူက ရွှေရောင်ဆံပင်၊ အပြာရောင် မျက်လုံးနှင့် ရုပ်ရည်ချောမောသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်ပြီး ရွှေရောင်အလင်းအောက်မှာ သူက ပြီးပြည့်စုံလုနီးပါး ဖြစ်နေ၏။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်က ဆင်းသက်ရောက်ရှိလာခဲ့လေပြီ။

“အထီးကျန်သိုင်းသခင်.. မင်းကတော့ သွားပြီ”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က ဘိုးဘေးနတ်ဘုရားနှစ်ယောက်ကို ကြည့်ပြီး လှောင်ရယ်ပြောဆိုလိုက်၏။

“ဘယ်ဘက်က အသက်ကြီးကြီးလူက မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းပဲ.. ညာဘက်က တစ်ယောက်ကတော့ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးပဲ.. သူတို့နှစ်ယောက်စလုံးက အလယ်အလတ်အဆင့် မဟာယာနတွေပဲ”

ကမ္ဘာဦးမျိုးနွယ်များအနေဖြင့် အလယ်အလတ်အဆင့် မဟာယာနတစ်ယောက်သည် လူသားမျိုးနွယ်မှ အဆင့်မြင့် နတ်ဘုရားစွမ်းအားများစွာကို နားလည်ဆင်ခြင်ထားသည့်​ ပကတိ မဟာယာနတစ်ယောက်နှင့် တူညီလေသည်။

တကယ်ဆို.. သူတို့သည် လူသားမျိုးနွယ်မှ ပကတိ မဟာယာနများကိုပင် ဖိနှိမ်နိုင်လေသည်။

“ငါ မင်းကို သတိပေးခဲ့သားပဲ”

ဝူထန်က လှောင်ရယ်လိုက်၏။

“မင်းက ပြဿနာကြီးကြီးတက်ပြီ.. စောစောက မင်းကသာ ရပ်တန့်ခဲ့မယ်ဆိုရင် မင်းက မင်းကိုယ်မင်း ကယ်တင်နိုင်ဦးမယ်.. ဒါပေမဲ့ အခုတော့ အရမ်းကို နောက်ကျသွားပြီ”

သူ့စကား မဆုံးသေးခင်မှာပင်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ယိမ်းနွဲ့လှုပ်ရှားသွားပြီး ကြမ်းကြုတ်ခက်ထန်သော စိတ်ဆန္ဒနှင့်အတူ လေထဲတွင် ရှိသော ဘိုးဘေးနတ်ဘုရားနှစ်ယောက် ရှိရာသို့ ပြေးဝင်သွားပြီ ဖြစ်လေသည်။

“အထီးကျန်သိုင်းသခင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသုံးယောက်က တုန်လှုပ်စွာဖြင့် မျက်လုံးပြူးကျယ်သွားကြ၏။

“အထီးကျန်သိုင်းသခင်က ရူးသွားပြီလား.. သူက အလယ်အလတ်အဆင့် မဟာယာနဘိုးဘေးနတ်ဘုရားနှစ်ယောက်နဲ့ တကယ်ပဲ တိုက်ခိုက်တော့မှာလား”

“သူက နဂါးဖီးနစ် တဗူးဆိုရင်တောင် အဲဒါက အရမ်းကို မောက်မာရာကျမနေဘူးလား.. သူ့မှာ ဝှက်ဖဲ ဘယ်လောက်များများ ကျန်ရှိဦးမှာမို့လဲ”

မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသူများက စိတ်ထဲကနေ လှောင်ရယ်လိုက်ကြ၏။

“နဂါးမျိုးနွယ်.. မင်းတို့တွေက သေချင်နေကြတာပဲ”

ဘယ်ဘက်တွင် ရှိသော နတ်ဘုရားမျိုးနွယ်ထံမှ အသက်ကြီးကြီးလူ၊ မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲကနေ ဧရာမ ရွှေရောင်လှံတစ်လက်ကို ဆွဲထုတ်လိုက်၏။ လေထဲမှာ ရပ်တန့်ပြီး သူက ကျယ်လောင်သော အသံနှင့် ဟိန်းဟောက်ပြောဆိုလိုက်၏။

“ကိုယ့်အလုပ်ကိုယ်သာ အရင်အာရုံစိုက်ထားလိုက်”

ထိုစဉ်မှာပင်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဆင်းသက်လာခဲ့ပြီဖြစ်၏။

သူသည် သူ၏ လက်ကို ဆန့်ထုတ်ပြီး မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်း၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။

“သတိထား”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးက အော်ဟစ်သတိပေးရင်း သူ၏ သိုလှောင်လက်စွပ်က ဖျတ်ခနဲ လက်သွားလေသည်။ ချက်ချင်းပင် ဧရာမ ရွှေရောင်ဓားတစ်လက်နှင့် ဒိုင်းကာတစ်လက်က သူ၏ လက်ထဲမှာ ပေါ်ထွက်လာ၏။

“သေစမ်း”

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရဆီးနှင်းသည် သူ၏ ဧရာမ လှံကို လှုပ်ခါပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ ရှိရာသို့ ပစ်ထိုးလိုက်၏။

မျိုးနွယ်စုခေါင်းဆောင် ဂမ္ဘီရစစ်ထိုးက သူ၏ ဧရာမ ရွှေဓားကို ကိုင်မြှောက်ပြီး နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ခုတ်ပိုင်းချလိုက်လေသည်။

“ငြိမ်သက်စမ်း”

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် နဂါးဝိညာဉ်ဆေဘာကို ဆင့်ခေါ်ပြီး ဘိုးဘေးနတ်ဘုရားနှစ်ပါး ရှိရာဘက်သို့ ခုတ်ပိုင်းချလိုက်၏။ ဆေဘာအားက လေထဲမှာ ချက်ချင်းပြောင်းလဲသွားပြီး တည်ငြိမ်ပင်လယ်ကို ထုတ်ဖော်လိုက်၏။

သာမန်နတ်ဘုရားစွမ်းအား၊ ခန္ဓာငြိမ်သက်ခြင်း နည်းစနစ်က ဘိုးဘေးနတ်ဘုရားနှစ်ယောက်ပေါ်သို့ ဆင်းသက်လာခဲ့၏။

ဘိုးဘေးနတ်ဘုရားနှစ်ယောက်သည် တကူးတက ခုခံနေစရာ မလိုဘဲ သူတို့၏ ခန္ဓာကိုယ်ထဲရှိ သွေးချီများက နိုးကြားသွားပြီး ရွှေရောင်အလင်းတစ်ခုနှင့်အတူ တလိပ်လိပ်တက်ကာ ပေါက်ကွဲထွက်ပေါ်လာ၏။

ခန္ဓာငြိမ်သက်ခြင်း နည်းစနစ် နတ်ဘုရားစွမ်းအားက ချက်ချင်းပင် ပျက်ပြယ်သွား၏။

ခန္ဓာငြိမ်သက်ခြင်း နည်းစနစ်သည် ဘိုးဘေးနတ်ဘုရားနှစ်ယောက်အပေါ် မည်သို့မှ အကျိုးသက်ရောက်မှု မရှိပေ။

ချွမ်း.. ချွမ်း..

နဂါးဝိညာဉ်ဆေဘာက ဧရာမ ရွှေလှံနှင့် ဧရာမ ရွှေဓားတို့ကို ထိခတ်ပြီး စူးစူးရှရှ သတ္တုချင်း ထိခတ်သံနှင့်အတူ မီးပွားများက လွင့်စင်ထွက်လာ၏။

နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဆတ်ခနဲ တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းဝက်အနည်းငယ် ဆုတ်လိုက်ရ၏။

နဂါးဝိညာဉ်ဆေဘာကလည်း လွင့်စင်ထွက်သွားပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ သူ့နောက်ဘက်ရှိ လူအုပ်ကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

All Chapters