← Chapters

ကြမ္မာငင်သော တိုက်ပွဲ

Vol. 46 Ch. 676

ကြမ္မာငင်သော တိုက်ပွဲ

Vol. 46 Ch. 676

“ဟမ့်”

ကွင်းပြင်၌ လီကျင့်သည် သူ့ဘေးပတ်လည်မှ စစ်သည်တော်များအား အနိုင်ယူနေသည်။

လီကျင့်သည် ရဲ့လင်းချန် သင်ပေးသော ရှစ်ဆပြင်းထန် သားရဲ‌လေ့ကျင့်ရေးကို လေ့ကျင့်ပြီး ခွန်အား တိုးလာခဲ့သည်။ သို့သော် ဝူယွဲ့နှင့် စစ်သည်တော်များသည် သာမန်လူများ မဟုတ်ပေ။ ထို့အပြင် သူတို့သည် အထူး လေ့ကျင့်ရေးစန်း လေးခုမှ လာသူများ ဖြစ်ပြီး အတွင်းအားကို မလေ့ကျင့်နိုင်သေးသော်လည်း သူတို့နှင့် လီကျင့်တို့ ကြား၌ ကွာခြားချက် ကြီးကြီးမားမား မရှိသင့်ပေ။

လူရှစ်ဆယ်ကျော်က လီကျင့်တစ်ယောက်တည်းကို ဝိုင်းတိုက်ခိုက်သဖြင့် သူသည် ဖိအားအချို့ကို ခံစားမိသည်။ ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေး၏ အံ့ဩစရာကောင်းသော ခံစစ်ကြောင့်သာ မဟုတ်လျင် သူ မြေကြီးပေါ် လဲနေလောက်ပြီ ဖြစ်သည်။

“ဒါက အရမ်း ရက်စက်လွန်းတယ်”

တုန်းမြောင်မြောင်က တံတွေးမျိုချ၍ လွှတ်ခနဲ ပြောလိုက်မိသည်။

ထိုလူတစ်စုသည် ရေကုန်ရေခမ်း တိုက်ခိုက်နေပုံရပြီး အားအကုန် ထုတ်သုံးနေမှန်း သိသာလှသည်။ လူတစ်ဦးချင်းစီက သွေးဆူနေပြီး တစ်ယောက်မှ နောက်မဆုတ်သွားချေ။

သို့သော် ယင်းကပင် တိုက်ပွဲက အလွန် စိတ်လှုပ်ရှားစရာ ကောင်းရသည့် အကြောင်းရင်း ဖြစ်ပေသည်။

သာမန်လူများ၏ တိုက်ပွဲနှင့် လုံးထွေးသတ်ပုတ်မှုများက စိတ်ဝင်စားစရာ မကောင်းသော်လည်း စစ်သည်တော် များမှာမူ ထိုသို့မဟုတ်ချေ။ ၎င်းသည် ခွန်အား၊ ဖမ်းချုပ်မှုများကို အသုံးချချင်း၊ ဘေးကန်ချက်၊ နောက်ပြန် ကန်ချက်နှင့် အနီးကပ် ထိုးနှက်ချင်းတို့၏ အမှန်အကန် ပွဲဖြစ်ပြီး လူတိုင်းကို ခေါင်းမူးသွားစေနိုင်သည်။

“ဒီတိုက်ပွဲက တကယ် စိတ်လှုပ်ရှားဖို့ကောင်းတယ်၊ ဒါက စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးရဲ့ အိုင်ဒီယာနဲ့ ကွက်တိ လိုက်ဖက်နေတာ၊ ရန်သူတွေ တိုက်ပွဲမှာ မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး သူသေကိုယ်သေ တိုက်ခိုက်ကြတယ်၊ ဒါက သတ္တိကို ရှင်းရှင်းလင်းလင်း ပြသနေပြီးတော့ လူတွေကို သွေးဆူလာစေမှာပဲ”

ရိုက်ကူးရေး တာဝန်ခံ ရှောင်ဝမ်က မှတ်ချက်ပြုလာသည်။

ယခင်က အကြောင်းအရာများစွာကို ရိုက်ကူးဖူးသော်လည်း ထိုသို့သော တိုက်ပွဲမျိုးကို ပထမဆုံး ရိုက်ကူးဖူးခြင်း ဖြစ်သဖြင့် သူ့အတွက် အနည်းငယ် ထိတ်လန့်စရာ ကောင်းနေ၏။

“ပထမဆုံးအပိုင်းမှာ ဒီအခန်းကို ပြတာက အရမ်း လက်စွမ်းပြသလို ဖြစ်မနေဘူးလား”

ရှောင်ဖေးဖေးက သုံးသပ်၍ ပြောလိုက်သည်။

“ဒါက အရမ်း စိတ်လှုပ်ရှားစရာ ကောင်းပင်မယ့် စမှတ်က နည်းနည်း မြင့်လွန်းနေလောက်မလား၊ နောက်အပိုင်း တွေမှာ စိတ်လှုပ်ရှားစရာ အကြောင်းအရာတွေ မပါတော့ရင် ပရိသတ်တွေက ဒါကို အဖျားရှူးသွားတယ်လို့ ထင်နေကြဦးမယ်”

ပထမဆုံးအပိုင်းက လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ရန် လိုအပ်သော်လည်း အကန့်အသတ် ရှိရပေမည်။ အကယ်၍ ပထမဆုံးအပိုင်းက စိတ်လှုပ်ရှားစရာ ကောင်းလွန်းပြီး နောက်ပိုင်း၌ ပေါ့သွားပါက အကျဘက် ရောက်သွားပေမည်။ ထိုသို့ ဖြစ်လာပါက ကြည့်ရှုသူနှုန်းက မြင့်တော့မည် မဟုတ်ပါ။

“စိတ်မပူပါနဲ့၊ လာမယ့် တိုက်ပွဲတွေက ပိုပိုပြီး စိတ်လှုပ်ရှားဖို့ပဲ ရှိလာမှာ၊ ပထမဆုံး အပိုင်းက ပါးပါးလေးပဲ ရှိသေးတယ်၊ ဘာတွေ ကြည့်စရာ ရှိလို့လဲ”

ရဲ့လင်းချန်က ခေါင်းခါ၍ ပြုံးနေသည်။

“အဖွဲ့လိုက် တိုက်ပွဲတွေ၊ တစ်ကိုယ်တော် စိန်ခေါ်မှုတွေ၊ လက်စားချေတဲ့ တိုက်ပွဲတွေနဲ့ လီကျင့်နဲ့ အလီကြားက ကြမ္မာငင်တဲ့ တိုက်ပွဲ ရှိလာမှာ၊ သူတို့နှစ်ယောက်လုံးက စစ်သည်တော်တွေပဲဆိုတော့ တိုက်ပွဲကို စိတ်လှုပ်ရှား လာအောင် လုပ်ဖို့က အလွယ်လေးပဲ”

“ကြမ္မာငင်တဲ့ တိုက်ပွဲ …”

ရှောင်ဖေးဖေး ပြုံးမိသွားသည်။

အလီနှင့် လီကျင့်၏ တိုက်ပွဲသည် တကယ်ပင် ကြမ္မာငင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဟော်ရန်ကျား၌ ထောင်ပေါင်းများစွာသော ကြည့်ရှုသူများ၏ နှလုံးသားကို ချုပ်ကိုင်နိုင်ခဲ့သည်က သူတို့၏ နောက်ဆုံးတိုက်ပွဲပင်။ ထိုနည်းတူစွာပင် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး၌ သူတို့၏ ကြမ္မာငင်သော တိုက်ပွဲက ဆူဆူညံညံ ဖြစ်လာစေနိုင်သည်မှာ အသေအချာပင်။

ထို့အပြင် အလီနှင့် လီကျင့်တို့၏ သိုင်းပညာက ယခင်ကနှင့် လုံးဝ မတူတော့ချေ။ သူတို့နှစ်ဦး၏ တိုက်ပွဲက အစစ်အမှန် သိုင်းပညာရှင်များကြားမှ တိုက်ပွဲ ဖြစ်သည်။ ထိုတိုက်ပွဲမှ စိတ်လှုပ်ရှားမှု အတိုင်းအတာအား အလွယ်တကူ ခန့်မှန်းမိနိုင်ပေသည်။

“ရှင်က သိပ်အရည်အချင်း ရှိတာပဲ လင်းချန်၊ ရှင့်ဆီက ထွက်လာတာဆိုရင် ဘယ်လို ကြမ္မာငင်တဲ့ တိုက်ပွဲမျိုးမဆိုက ကြည့်ကို ကြည့်ရမယ့် အပိုင်းပဲ”

ရှောင်ဖေးဖေးက စိတ်လှုပ်ရှားဟန်ဖြင့် ပြောလာသည်။

“ကြမ္မာငင်တဲ့ တိုက်ပွဲပုံစံကို အရင်ဆုံး ပိုစတာ လုပ်ကြမလား၊ ကျွန်မတို့ ပထမအကျော့ ကြော်ငြာတွေကို ထည့်လို့ရပြီ”

ရဲ့လင်းချန် ခေါင်းညိတ်၍ ပြုံးနေသည်။

“အင်း မင်း လုပ်ကြည့်ပေါ့”

မကြာခင်မှာပင် ရှောင်ဖေးဖေးက Weibo ၌ တရားဝင်ပို့စ် တင်လိုက်သည်။

[သရုပ်ဆောင်ဝိုင်၏ တတိယမြောက် ဇာတ်လမ်း၊ ပညာရှင် နှစ်ယောက်ကြားက ကြမ္မာငင်တဲ့ တိုက်ပွဲနဲ့အတူ ဟော်ရန်ကျား ပြန်ပေါ်လာပြီ၊ ဘယ်သူက အပေါ်စီးက ဖြစ်မလဲ၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို … စောင့်မျှော် ပေးကြပါဦး]

အကြောင်းအရာက သာမန်ကာလျှံကာသာ ဖြစ်သော်လည်း အောက်ဘက်တွင် ပိုစတာတစ်ခုကို တွဲ၍ တင်ထားသည်။ ၎င်းမှာ လီကျင့်နှင့် အလီတို့၏ စစ်ဝတ်စုံနှင့် အနီးကပ်ပုံများ ဖြစ်ပြီး သေနတ်များအား နောက်ခံအဖြစ် ထားထားသည်။

လက်ရှိတွင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ နောက်ဆက်တွဲက ရှိနေဆဲဖြစ်ကာ လူတစ်စုက ချက်ချင်း ပေါ်လာပြီး မှတ်ချက် ရေးလာ၏။

[ပိုစ့်တင်ပြီးပြီးချင်းပဲ ငါ အပြေးလာခဲ့တာ၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ဒုတိယတွဲနဲ့ ပတ်သက်တဲ့ သတင်းလို့ ငါ ထင်နေတာ၊ စိတ်ပျက်စရာပဲ]

[စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးတဲ့လား၊ စစ်ရေး အခြေခံလား၊ ဒါကြီးက သောက်ကျိုးနည်း ဘာကြီးလဲဟ]

[ငါ သရုပ်ဆောင်ဝိုင်ကို တကယ် အားပေးချင်ပါတယ်၊ ဒါပေမဲ့ ငါ စစ်ကားတွေကို စိတ်မဝင်စားဘူး၊ ငါ ဘာလုပ်သင့်လဲ]

[မဟုတ်မှလွဲရော ငါတို့ မကောင်းဆိုးဝါးတွေကို ထက်ပိုင်းပိုင်းနေတာမျိုး မြင်ရတော့မှာလား]

[ဟေ့ အပေါ်ကလူ၊ သူတို့တွေက ရှေးခေတ် စစ်ပွဲတွေမှာ‌ သုံးတဲ့ ကျောက်တုံးပစ် ကိရိယာနဲ့ လေယာဉ်တွေကို ပစ်ချမှာ ထင်တယ်]

[သူတို့တွေ စက်ဘီးပျံကို စီးတာ ဒါမှမဟုတ် သူတို့ ဘောင်းဘီတွေကို လျှို့ဝှက်လက်ပစ်ဗုံးအဖြစ် သုံးမယ် ထင်တယ်]

[မဖြစ်ဘူး၊ စစ်ကားတွေ အားလုံးက ဆိုးဆိုးရွားရွား ရိုက်ကူးထားတာ၊ အဲ့ဒါတွေက စုတ်ပြတ်နေတာပဲ၊ ဘာလို့ ဒါမျိုး ဒုက္ခခံပြီး ရိုက်နေတာလဲ]

စောဒကတက်သော စကားများက စစ်ကားများ မည်မျှ ဆိုးရွားနေကြောင်း ပြသနေ၏။ ၎င်းသည် တစ်နိုင်ငံလုံး၏ သရော်ခံ အရာတစ်ခု ဖြစ်လာပြီး လူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုက စိတ်ပျက်ခြင်းပင်။

အားပေးမှုကို ပြသသူများလည်း ရှိပါ၏။

[ဝိုး … သရုပ်ဆောင်ဝိုင်ရဲ့ နောက်ထပ် ရုပ်ရှင်ကားလား၊ ငါတော့ မျှော်နေပြီ]

[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက အခုလေးတင် ပြီးွားတာကို စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက ပေါ်နေပြီ၊ သရုပ်ဆောင်ဝိုင်က တကယ် အလုပ်ထဲ နှစ်ထားတာပဲ၊ ငါ သူ့ကို အားပေးတယ်]

[ဝိုင်ရဲ့ ထုတ်လုပ်ရေးက အမြဲ ထိပ်တန်းပဲ၊ သရုပ်ဆောင်ဝိုင်ရဲ့ လက်ရာက နောက်ထပ် ဂန္ထဝင်လက်ရာ ဖြစ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်]

[သရုပ်ဆောင်ဝိုင်က စိန်ခေါ်မှုတွေကို တော်တော် သဘောကျတာပဲ၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ အကြောင်းအရာက ရိုက်ဖို့ မလွယ်ဘူး၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးလဲ အတူတူပဲ၊ ဒါက ရုပ်ရှင်ကားကောင်း ဖြစ်မယ်လို့ ငါ ယုံကြည်နေတုန်းပဲ]

[ဒါကို မကြာခင် လွှင့်ပါစေလို့ ငါ မျှော်လင့်တယ်၊ ငါ အားပေးတယ် …]

[လီကျင့်နဲ့ အလီ၊ ဝိုး … ဒါက မျှော်နေဖို့ တန်တာပဲ၊ တော်တော် စိတ်ဝင်စားစရာကောင်းမှာ သေချာတယ်]

ဆန့်ကျင်သံနှင့် အားပေးသံများအပြင် အခြားအသံများလည်း ထွက်လာသည်။

အဆိပ်ပါးစပ်ဟု နာမည်ပြောင် ရထားသည့် ဝမ်တပေါင်သည် Weibo ၌ အလွန် နာမည်ကြီးသည့်သူ ဖြစ်သည်။ သူက အချိန်မဆိုင်းဘဲ ပို့စ်တစ်ခု တင်လာ၏။

[စစ်ကားနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမဆို ရိုက်နေတာကို ရပ်လိုက်ပါတော့၊ အာဇာနည်တွေနဲ့ သူရဲကောင်းတွေကို နည်းနည်း လေးစားစမ်းပါ၊ သူတို့ကို ထပ်ပြီး ဒေါသထွက်အောင် မလုပ်နဲ့တော့၊ ဒီနှစ်တွေထဲမှာ ဇာတ်လမ်းတွေ လုံလုံလောက်လောက် ပေါ်လာခဲ့ပြီးသလို ပြည်ပနိုင်ငံတွေမှာ လှောင်ရယ်သံတွေ တပုံကြီး ရခဲ့ပြီးပြီ၊ ငါတို့က ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာပဲ၊ အမှန်အတိုင်း ပြောရရင် သရုပ်ဆောင်ဝိုင်ရဲ့ လက်ရာအားလုံးကို ငါ တကယ် သဘောကျပါတယ်၊ ဒါပေမဲ့ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကြောင့် ငါ ဒူးထောက်လုနီးပါး ဖြစ်နေပြီ]

[ပြောတာကောင်းတယ်၊ ဒီစစ်ကားဆိုတာတွေက အာဇာနည်တွေကို မလေးမစားလုပ်တာပဲ]

[ငါလဲ ဒူးထောက်ချင်သလို ဖြစ်နေပြီ၊ သရုပ်ဆောင်ဝိုင် ဘာတွေတွေးနေသလဲ ငါ မစဉ်းစားတတ်တော့ဘူး]

[သရုပ်ဆောင်ဝိုင် အရူးဖြစ်သွားတာကို သေချာ ထိုင်ကြည့်နေရုံပဲပေါ့၊ ဇာတ်လမ်းမှာ ဘယ်လို သရော်စရာ အကွက်တွေ ပါလာမလဲ ကြည့်ကြတာပေါ့]

[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ဒုတိယတွဲကိုပဲ ရိုက်လိုက်ပါတော့လား၊ ဘာလို့ ပြဿနာရှာနေမှာလဲ]

ရဲ့လင်းချန်၏ လက်ရှိ ကျော်ကြားမှုကြောင့် ပိုစတာလေးတစ်ခုက နာမည်ကြီးသူများအား အသည်းအသန် ဆွေးနွေးလာအောင် လုပ်နိုင်ပြီး မှတ်ချက်ကဏ္ဍ၌ အချင်းချင်း ဖဲ့လာကြသည်။ အံ့ဩစရာကောင်းလောက်အောင်ပင် ယင်းက သူ့အား Weibo ၏ ရေပန်းစားသော ရှာဖွေမှုများထဲ ဝင်သွားစေခဲ့သည်။

ထိုသို့သော အကြောင်းအရာများကို ရဲ့လင်းချန် စိတ်မဝင်စားချေ။

လီကျင့်နှင့် စစ်သည်တော်အဖွဲ့တို့၏ တိုက်ပွဲ ပြီးသွားသည်မှာ ကြာပြီ ဖြစ်ပြီး နှစ်ဘက်လုံး ပင်ပန်းနေကြသည်။ တစ်ချို့ဆိုလျင် နှာခေါင်းများ ပြာ၍ မျက်နှာ ဖူးရောင်ကာ အသေးစား ဒဏ်ရာများ ရထားကြသည်။ အများစုမှာ မြေကြီးပေါ် လဲနေပြီး အားနည်းစွာ ညည်းညူနေကြသည်။

ရဲ့လင်းချန်က လူတိုင်းကို အနားယူခိုင်းသော်လည်း ဝူယွဲ့အနားသို့ လျှောက်သွားလေသည်။

“နည်းပြချုပ်ရဲ့”

ရဲ့လင်းချန် လျှောက်လာနေသည်ကို မြင်ပြီး ဝူယွဲ့က ထရပ်ရန် ပြင်သော်လည်း သူက လက်ကာ၍ ပြုံးပြလိုက်သည်။

“ရတယ်၊ ငါတို့ ထိုင်ပြီး ပြောကြတာပေါ့”

“မင်း မြို့တော် ဒေသသစ်ကို သွားမယ်လို့ ငါ ကြားတယ်”

“ဟုတ်တယ်”

ဝူယွဲ့ ခေါင်းညိတ်လိုက်သည်။

“နည်းပြချုပ်ရဲ့လဲ အဲ့အကြောင်းကို သိတာလား၊ ကျွန်တော်တို့ ပြည်ပရန်သူတွေကို ခုခံဖို့ အဲ့ဒီကို သွားရမှာ”

“အဲ့ဒီက သေဆုံးမှုနှုန်းက အရမ်းမြင့်တယ်”

ရဲ့လင်းချန် သူ့ကို ကြည့်လိုက်သည်။

ဝူယွဲ့က ပြုံး၍ ပြောလိုက်သည်။

“တစ်ယောက်ယောက်ကတော့ သွားရမှာပဲ မဟုတ်လား၊ ကျွန်တော်က စစ်သည်တော်ဘုရင် ဖြစ်ချင်တဲ့ သူတစ်ယောက်လေ၊ ဘယ်လိုလုပ် မသွားဘဲ နေနိုင်မှာလဲ”

“ဟုတ်တော့လဲ ဟုတ်ပါတယ်”

ရဲ့လင်းချန် ပြုံးလိုက်ပြီး ယခင်က ဝူယွဲ့၏ ကနဦး ဆက်တိုက် ရန်စမှုများနှင့် သူ၏ တည်ရှိမှုကိုပင် သံသယ ဝင်သည်အထိ အနိုင်ပိုင်းခဲ့သည်ကို ပြန်တွေးမိသွားသည်။

ဝူယွဲ့သည်လည်း တွေးမိပြီး ပြောလိုက်သည်။

“ဆာ … တကယ်တော့ ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်နေတာ၊ ခင်ဗျားကြောင့်ပဲ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သေချာ နားလည်သွားပြီး အားတက်လာစေခဲ့တာ၊ မဟုတ်ရင် ကျွန်တော် ဒီတစ်ခေါက် သိုင်းပညာစံအိမ်မှာ ကျင့်ကြံဖို့ ရွေးချယ်ခံရမှာ မဟုတ်ဘူး”

…

All Chapters