ဆေးပင်သူခိုး
Vol. 46 Ch. 677
“သိုင်းပညာစံအိမ် ဟုတ်လား”
ရဲ့လင်းချန်က ဝူယွဲ့အား မသင်္ကာဟန်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ၎င်းက အတော်လေး ကြီးကျယ်သော နာမည် တစ်ခုပင်။
“ဟဲဟဲ … အဲ့ဒါက တကယ်တော့ စစ်သည်တော်ဌာနထဲက အတွင်းအဖွဲ့အစည်းတွေထဲက တစ်ခုပဲ”
ဝူယွဲ့က ရိုးသားစွာ ပြုံးနေသည်။
“ကျွန်တော့်လို အရည်အချင်းနဲ့ လူတစ်ယောက်က သိုင်းပညာ စံအိမ်ရဲ့ ရွေးချယ်တာကို ခံဖို့ ခက်ခဲပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်ရဲ့ ပန်းတိုင်အဖြစ် မင်းကို အမြဲတမ်း ကြည့်နေခဲ့တာ၊ ဒီအကဲဖြတ်မှုအပြီးမှာ ရွေးချယ်ခံရ လိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး”
ရဲ့လင်းချန် အလေးအနက် စဉ်းစားနေသော အမူအရာ ဖြစ်သွားလေသည်။
“သိုင်းပညာထဲ စံအိမ်ထဲဝင်ရင် အကျိုးအမြတ်တွေ ရှိလား”
ဝူယွဲ့က ခေါင်းညိတ်၍ တီးတိုး ပြောလိုက်သည်။
“အကျိုးအမြတ်က ကြီးတယ်လို့ လူတွေက ကျွန်တော့်ကို ပြောပြတယ်၊ နည်းပြချုပ်ရဲ့၊ ငရဲတံခါးနားမှာ စိတ်ဝိညာဉ် စွမ်းအင်တွေ ပေါများတာကို ခင်ဗျား သိပြီးသား ဖြစ်မှာပါ၊ သိုင်းပညာစံအိမ်ကို ဖန်တီးဖို့ ပိုက်ဆံတွေ အများကြီး သုံးခဲ့ရပြီးတော့ အဲ့က စိတ်ဝိညာဉ်စွမ်းအင်က ငရဲတံခါးထက် ပိုများတယ်၊ သိုင်းပညာရှင်တွေက စံအိမ်ထဲမှာ တစ်ဝက်လောက် ကြိုးစားရုံနဲ့ နှစ်ဆလောက် အောင်မြင်မှု ရနိုင်တယ်၊ ပြီးတော့ ပိတ်ဆို့နေတဲ့ အတားအဆီးကို ချိုးဖောက်ဖို့ အတွက်လဲ သုံးလို့ရတယ်၊ ကျွန်တော် ကံကောင်းမယ်ဆိုရင် ဒီတစ်ခေါက် အတွင်းအားကို ကျင့်ကြံနိုင်လောက်တယ်”
“လခွမ်း”
ရဲ့လင်းချန် မနေနိုင်ဘဲ တီးတိုးဆဲရေးတိုင်းထွာလိုက်မိသည်။
“ဘာဖြစ်လို့လဲ”
ဝူယွဲ့က တွေဝေကာ ရဲ့လင်းချန်အား စိုက်ကြည့်လာသည်။
“ဘာမှမဖြစ်ဘူး”
ရဲ့လင်းချန် ခေါင်းခါလိုက်ပြီးနောက် အံကြိတ်ကာ ပြန်ပြောလိုက်သည်။
“ငါ စဉ်းစားမိသွားတာလေး ရှိလို့”
*လခွမ်း … ငါ စစ်သည်တော်ဌာနအတွက် အများကြီး လုပ်ခဲ့တာပဲ၊ ချင်ပိုင်ချွမ်းနဲ့ တခြားနည်းပြတွေလဲ ငါ့အပေါ် သူတို့ အသက်ကြွေး တင်နေခဲ့တာ၊ ငါလဲ တကယ် သန်မာတာပဲ၊ အနည်းဆုံးတော့ ဝူယွဲ့ထက် ပိုသန်မာတယ်၊ ဘာလို့ သူတို့က ငါ့ကို ဒီလောက် ကောင်းတဲ့ဟာကို မပြောခဲ့တာလဲ*
*ဒါက များသွားပြီ*
အဘိုးကြီးချင်က သူ့အား အပြင်လူအဖြစ် သတ်မှတ်ထားလေသည်။
ရဲ့လင်းချန်က အမှန်တကယ်ပင် အပြင်လူဖြစ်ပြီး စစ်သည်တော်ဌာန၌ နေရာတစ်နေရာ ရထားသည်မှလွဲလျင် စစ်သည်တော်ဌာန၏ အဖွဲ့ဝင်အစစ် မဟုတ်ချေ။ ၎င်းက သူ၏ စံပြ တာဝန်ထမ်းဆောင်ခြင်းအား နည်းနည်းလေးမှ ယုတ်လျော့စေမည် မဟုတ်ပါ။
ငရဲတံခါးသည် သူ ရှာတွေ့ပြီး အရင် မေးမြန်းလိုက်သည့် အရာဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် သူ့အား အမှောင်ထဲ၌ ဆက်ထားနေဦးမည် ဖြစ်သည်။ ထိုအဖွဲ့သည် စိတ်ပျက်စရာ ကောင်းလှသည်။
ဝူယွဲ့သည် ရဲ့လင်းချန်၏ စိတ်အခြေအနေကို သတိထားမိပြီး ချောင်းအသာဟန့်လိုက်သည်။
“နည်းပြချုပ်ရဲ့၊ အမှန်အတိုင်း ပြောရရင် ဒါကို ကျွန်တော် သိပ်မကြာသေးခင်ကမှ သိခဲ့တာပါ၊ ကျွန်တော်တို့ ငရဲတံခါးကို မဝင်ခင် စစ်သည်တော်ဌာနက ကျွန်တော်တို့ကို အဲ့ဒီကို သွားဖို့ အဆင်ပြေလားလို့ မေးခဲ့တယ်၊ ကျွန်တော်တို့ လက်ခံမှ သူတို့က ထပ်ပြောတာ၊ ဒီလိုအရာမျိုးကို ထိပ်တန်းလျှို့ဝှက်ချက်လို့ သတ်မှတ်နိုင်ပြီးတော့ ဒီအတိုင်း ပြောပြလိုက်လို့ မဖြစ်ဘူး”
*ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် အဘိုးကြီးချင်က ဆန်းကြယ်ကျွန်းက ဆောက်လုပ်ရေးကို အကောင်းဆုံး ကူညီပေးထားတာပဲ၊ ငါ သူ့ကို အပြစ်မတင်တော့ပါဘူး၊ ဒါပေမဲ့ နောက်ဆိုရင်တော့ သိုင်းပညာစံအိမ်က ဆုံးရှုံးသွားတဲ့အချိန်အတွက် ပြန်အဖက်တင်အောင် လုပ်ရမယ်”
ရဲ့လင်းချန် တစ်ကိုယ်တည်း တွေးတောနေသည်။ သူ ဝူယွဲ့ကို ကြည့်၍ မေးလိုက်သည်။
“မင်း တခြား ဘာသိသေးလဲ”
“သိပ်မရှိပါဘူး၊ မြို့တော်ဒေသသစ်က ငရဲတံခါးအတွက် သီးသန့် တည်ဆောက်ထားတဲ့ စခန်းတစ်ခု၊ အဲ့ဒါရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ငရဲတံခါးကို ရင်ဆိုင်လာနိုင်အောင် စစ်သည်တော်တွေကို လေ့ကျင့်ပေးဖို့ပဲ၊ အဲ့ဒီမှာ သန်မာတဲ့သူတွေ အများကြီး ရှိတယ်လို့ ကောလာဟလတွေ ရှိတယ်၊ သူတို့ထဲက တော်တော်များများ ပါရမီရှင် သိုင်းသမားတွေ၊ သိုင်းပညာစံအိမ်လိုဘဲ သိုင်းပညာနဲ့ ပတ်သက်တဲ့ ရတနာတွေလဲ အများကြီး ရှိတယ်”
ဝူယွဲ့က ပြောနေချိန်၌ စိတ်အားထက်သန်သော အမူအရာ ရှိနေပြီး မသိလျင် သူ့ကိုယ်သူ စစ်သည်တော်ဘုရင် ဖြစ်လာသည်ကို မြင်ပြီးနေသလိုဟု ထင်မှတ်ရသည်။
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
အများက သိထားသော စစ်သည်တော်ဌာနဆိုသည်မှာ သာမန်လူများထက် ပိုသန်မာသော သိုင်းပညာများကို မွေးထုတ်ပေးနိုင်ရန် စေင့်ကြည့်ပေးသည့် ဌာနတစ်ခုသက်သက်ပင်။ သူတို့သည် အများပြည်သူ လူခြုံရေးကို စောင့်ကြပ်၍ လူ့အဖွဲ့အစည်းကို ကာကွယ်ရန် တာဝန်ရှိသည်။ ငရဲတံခါးကို မဝင်ခင် သူတို့သည် ဒုတိယအကြိမ် စောင့်ကြည့်ကြသည်။ ထိုလုပ်ငန်းစဉ်က စောင့်ကြည့်ခြင်းထက် လူတစ်ဦးတစ်ယောက်ချင်းကို ရွေးချယ်သည့်ဘက်သို့ ပိုယိမ်းသည်။ သေဆုံးမှုနှုန်း ကိုးဆယ် ရာခိုင်နှုန်း တစ်ခုတည်းကပင် လူတော်တော်များများကို အဟန့်ဖြစ်စေနိုင်သည်။ စစ်သည်တော်တစ်ယောက်၏ တာဝန်က မိမိတို့၏ အိမ်နှင့် နိုင်ငံကို ကာကွယ်ရန် ဖြစ်သော်လည်း ရွေးချယ်မှုပေးလာသောအခါ လူအနည်းငယ်ကသာ သေလမ်းကို ရွေးချယ်ကြသည်။
ထို့အပြင် ထိုစောင့်ကြည့်ခြင်းသည် ပို၍ ထူးချွန်သော စစ်သည်တော်အချို့ကို ထိပ်တန်း လေ့ကျင့်ရေးအတွက် ရွေးချယ်ခြင်း ဖြစ်သည်။ ငရဲတံခါးနှင့် ရင်ဆိုင်ချိန်တွင် အသေခံ တပ်သား ဖြစ်ရမည့်အပြင် အဆင့်မြင့် တိုက်ပွဲဝင်ခွန်အားကလည်း မရှိမဖြစ်ပင်။
သိုင်းပညာစံအိမ်သည် စစ်သည်တော်ဌာနက အဆင့်မြင် သိုင်းပညာရှင်များက လေ့ကျင့်ပေးပြီး ဖြစ်သည်ကို ပြသနေ၏။ လူအိုကြီးချင်သည် ဟင်းလင်းပြင်နယ်မြေ၌ ထူးခြားသော အပင်များစွာ ရှိကြောင်း ယခင်က ပြောဖူးသည်။ သိုင်းပညာ လေ့ကျင့်ရေးအတွက် အထောက်အကူဖြစ်စေမည့် တချို့သော အရာများ ရှိနိုင်သည့် ဖြစ်နိုင်ချေများ ရှိလေသည်။
“မင်း တခြား သိုင်းပညာ ပညာရှင်တွေကို ကြားဖူးလား”
ရဲ့လင်းချန် မေးလိုက်သည်။ သူ၏ လက်ရှိခွန်အား တည်ရှိနေသည့် နေရာကို သူ အတည်ပြုချင်နေ၏။
ထင်ထားသလိုပင် ဝူယွဲ့က ကူကယ်ရာမဲ့စွာ ခေါင်းခါလာ၏။
“အာဝူး….”
ရုတ်တရက် ဝံပုလွေတစ်ကောင်၏ အသည်းအသန် အူသံကို ကြားလိုက်ရသည်။ ၎င်းသည် စူးလွန်းလှပြီး အခြားသော ဝံပုလွေများကလည်း လိုက်အူလာသည်။ ထို့ကြောင့် လူတိုင်း အမူအရာက ချက်ချင်း ပြောင်းလဲ သွားကြသည်။
“သူခိုးဟေ့ … ဖမ်းကြ”
“ငါ ရှောင်ချင်ရဲ့ နေရာကနေ မင်းက ပစ္စည်းခိုးရဲတယ်ပေါ့လေ၊ သတ္တိကောင်းနေတယ်ပေါ့”
“ညီအစ်ကိုတို့၊ အရှင်ဖမ်းကြ”
သူတို့၏ အူသံက ရဲ့လင်းချန်၏ နားထဲတွင် စကားလုံးများအဖြစ် ပြောင်းလဲသွားသဖြင် ရဲ့လင်းချန် မျက်ခုံးပင့် မိသွားသည်။
အသံက ဆေးစိုက်ခင်းဘက်မှ လာခြင်း ဖြစ်သည်။ တစ်ယောက်ယောက်က သူ၏ ဆေးပင်များကို ခိုးနေသလား။
သူ၏ ခန္ဓာကိုယ်က လေထဲသို့ လွှားခနဲ မြောက်တက်သွားပြီးနောက် ဆေးစိုက်ခင်းဘက်သို့ လျှပ်စီးကဲ့သို့ အလျင်နှင့် ပြေးသွားလေသည်။
သူ၏ အမြန်နှုန်းက ဝူယွဲ့ကို မှင်တက်သွားစေသည်။ သူ အမီလိုက်ရန် ပြင်နေချိန်မှာပင် ရဲ့လင်းချန်က ပျောက်သွားလေပြီ။ ဘယ်လောက် မြန်သလဲ ဆိုသည်ကို ဖော်ပြနိုင်သည့် စကားလုံးပင် မရှိချေ။ အခြားသော စစ်သည်တော်များလည်း ထပ်တူ ခံစားနေရသည်။ သူတို့သည် ထိတ်လန့်လွန်းသဖြင့် မျက်လုံးပင် ပြူးထွက်လုနီးပါး ဖြစ်နေ၏။
“လခွမ်း နည်းပြချုပ်ရဲ့က ငါတို့ ထင်ထားတာထက် ပိုပြီးတော့ သန်မာနေတာပဲ”
လီကျင့်နှင့် အလီ၏ မြန်နှုန်းက အတူတူ နီးပါးပင်။ သူတို့သည် ကြီးမားသော ခွန်အား ရှိသဖြင့် အပြေးသွား ကြလေသည်။
ရဲ့လင်းချန်က ဆေးစိုက်ခင်းသို့ ရောက်နေလေပြီ။ သူ လှမ်းကြည့်လိုက်သောအခါ အပင်များကြား၌ အဖြူရောင် ပုံရိပ်တစ်ခုက သုတ်သုတ်ပျာပျာ ပြေးနေပြီး အသည်းအသန် အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။
*မြေခွေးဖြူလား*
ရဲ့လင်းချန်၏ ကောင်းမွန်သော အကြားအာရုံနှင့် အမြင်အာရုံက ထိုအော်သံ ဘယ်နေရာမှ ထွက်လာသလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်နေစေရသည်။
၎င်းတွင် နှင်းကဲ့သို့ အမွေးများ ဖုံးလွှမ်းနေပြီး မျက်လုံးများက ကြီးမားကာ သူငယ်အိမ်က လူကဲ့သို့ ကူကယ်ရာမဲ့ဟန် ပေါ်နေသည်။ ၎င်း၏ နားရွက်နှစ်ဖက်လုံးက ထောင်မတ်နေပြီး အလွန် နိုးနိုးကြားကြား ဖြစ်နေပုံ ရကာ ၎င်း၏ အမွေးပွ အမြီးက ပြေးနေချိန်တွင် ဘယ်ညာယိမ်းနေ၏။
*ချစ်စရာ ကောင်းလိုက်တာ၊ အမွေးတွေကလဲ လှတယ်၊ နူးညံ့မယ့်ပုံပဲ၊ အဲ့ဒါက တော်တော် တန်ဖိုးရှိမှာ*
ယင်းက ရဲ့လင်းချန် ပထမဆုံး တွေးမိသည့် အတွေး ဖြစ်သည်။
၎င်း၏ ပါးစပ်ထဲတွင် သူ့ခန္ဓာကိုယ်၏ တစ်ဝက်မျှ ရှိသော ဂျင်ဆင်းကို ကိုက်ချီထားသည်။
*အကောင်သေးသေးလေးနဲ့ တော်တော် အစားကြီးတာပဲ*
ဂျင်ဆင်းသည် ဆေးစိုက်ခင်းထဲ၌ တန်ဖိုးအကြီးဆုံး အရာဖြစ်ပြီး အဓိကအချက်မှာ ၎င်းအား သူ၏ သစ်သားဝိညာဉ် ခန္ဓာကိုယ်ဖြင့် ပြုစုပျိုးထောင်ထားခြင်း ဖြစ်သည်။ ၎င်း၏ သက်တမ်းကို တွက်ချက်ကြည့်မယ်ဆိုပါက ၎င်းသည် နှစ်တစ်ရာကျော်နေလောက်သည်။ နှစ်တစ်ရာ သက်တမ်းရှိသော ဂျင်ဆင်းသည် အပြင်လောက၌ တွေ့ရန် ခက်ခဲပြီး အလွန်အမင်း ဈေးမြင့်ပေသည်။
“မိပြီကွ”
“မင်း အဲ့မှာ ရပ်နေစမ်း”
ရှောင်ချင်နှင့် ရှောင်ဟွေတို့က ဆက်လက်၍ အူနေပြီး ဝံပုလွေ ဆယ်ကောင်ကျော်အဖွဲ့က မြေခွေးဖြူအား ဝိုင်းထားကြသည်။ ရဲ့လင်းချန် အံ့ဩသွားရသည့် အချက်မှာ မြေခွေးဖြူသည် ရှောင်ချင်နှင့် ရှောင်ဟွေတို့နီးပါး လျင်မြန်ပြီး ဉာဏ်လည်း များတတ်နေခြင်း ဖြစ်သည်။
၎င်းသည် ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ ခွန်အားကို သတိပြုမိပုံရပြီး သူတို့နှစ်ကောင်ကို ရှောင်ရှားရန် ဆုံးဖြတ်ထားပုံရသည်။ ထိုအခိုက်တွင် ကျန်ဝံပုလွေများက ၎င်း၏ အမြန်နှုန်းကို လိုက်မမီနိုင်သဖြင့် ၎င်းက အသည်းအသန် ပတ်ပြေးကာ ဝံပုလွေအုပ်အား အလွယ်တကူ ရင်ဆိုင်နိုင်နေသည်။
“ကျိကျိ”
မြေခွေးဖြူ၏ အသံက အလွန်အမင်း အလျင်လိုနေ၏။ ၎င်းသည် အချိန်ကောင်းကို သေချာ ရွေးချယ်ထားပြီး မည်သူမှ မရှိသည့်အချိန်မှသာ လာခိုးခြင်း ဖြစ်သည်။ တကယ်တမ်း၌ ၎င်းသည် စိုက်ခင်းအား မျက်စိကျနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ဝံပုလွေအား မမျှော်လင့်ဘဲ ပေါ်လာသဖြင့် လိပ်ပြာလွင့်မတတ် ကြောက်သွားခဲ့သည်။
ဝံပုလွေတစ်ကောင်က ခုန်အုပ်လာသောအခါ လျင်မြန်စွာ လွှားခနဲ ခုန်၍ ဝံပုလွေ၏ ခေါင်းကို နင်းလိုက်သည်။ ၎င်း၏ အမြီးကို ဆတ်ခနဲ လှုပ်ပြီး တောအုပ်ထဲသို့ အလျင်အမြန် ပြန်နေသည်။
ထိုစဉ် နှင်းကဲ့သို့ ဖြူစွတ်သော ကျားတစ်ကောင်က မြေခွေးဖြူရှေ့ ပေါ်လာပြီး ဟန့်တားလာ၏။ ကျားသည် ခက်ထန်ပုံပေါက်ရန် အစွမ်းကုန် ကြိုးစား၍ မြေခွေးဖြူအား မာန်ဖီလိုက်သည်။
…