← Chapters

ရှောင်ပိုင်အား လေ့ကျင့်ပေးခြင်း

Vol. 46 Ch. 678

ရှောင်ပိုင်အား လေ့ကျင့်ပေးခြင်း

Vol. 46 Ch. 678

“ရပ်စမ်း မဟုတ်လို့ကတော့ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့”

ရှောင်ပိုင်က ဟန်အပြည့်ပင်။ သူသည် အသက် ငယ်ငယ်နှင့် သားရဲဘုရင်၏ ဟန်ပန်ကို ပြသနိုင်နေလေပြီ။

“ကျိကျိ”

မြေခွေးဖြူကလည်း ဒေါသထွက်သွားသည်။

*မင်းလို အကောင်လေးက ငါ့ကို တားရဲတယ်ပေါ့လေ*

၎င်း၏ ခန္ဓာကိုယ်လေးက ရုတ်တရက် လွှားခနဲ ခုန်ပျံလာပြီး အားနည်းသည့် လက္ခဏာ နည်းနည်းလေးမျှ မပြဘဲ လက်သည်းကို ဝှေ့ယမ်းလာသည်။

ရှောင်ပိုင်သည် အစပိုင်းက ခက်ထန်ပုံ လုပ်နေသော်လည်း ချက်ချင်း တုန်လှုပ်သွားသည်။ သူသည် ကြောက်လန့်လွန်း၍ မြေကြီးပေါ် လဲကျသွားကာ တစ်ခဏမျှ လူးလိမ့်သွားသည်။

ရဲ့လင်းချန် ဆွံ့အသွားလေသည်။

*မင်းက ကျားတစ်ကောင်ဆိုတာ မေ့သွားပြီလား၊ ဒါ ကျားတစ်ကောင်အတွက် အရမ်း ရှက်ဖို့ကောင်းတယ်ကွ*

ထိုအချိန်သည် မြေခွေးဖြူ၏ ဘဝတွင် အကောင်းဆုံး အချိန်ကာလ ဖြစ်လောက်သည်။

အခြေအနေကို ကြည့်ရသလောက်ဆိုလျင် ရဲ့လင်းချန် ကိုယ့်အားကိုယ်ကိုး ရပေတော့မည်။

မြေခွေးဖြူက တောအုပ်ထဲသို့ ပြေးတော့မည်ကို မြင်ပြီး ရဲ့လင်းချန်က လွှားခနဲ ခုန်၍ အော်လိုက်သည်။

“မြေခွေးစုတ်လေး၊ မင်း ပြေးဖို့မစဉ်းစားနဲ့”

မြေခွေးဖြူသည် အနောက်သို့ အနည်းငယ် လှည့်ကြည့်လာပြီး အသားကုန် ကြောက်လန့်သွားလေသည်။ ၎င်း၏ အမွေးဖြူဖြူများပင် ထောင်တက်လာပြီး ခြေထောက်သေးသေးများနှင့် အသည်းအသန် ဆက်ပြေးတော့သည်။

ရဲ့လင်းချန် မျက်မှောင်ကြုတ်ကာ ညာလက်ကိုဆန့်၍ လေထဲသို့ ထိုးနှက်လိုက်သည်။

“ဝုန်း”

မြေခွေးဖြူ၏ အရှေ့တည့်တည့်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်သွားပြီး ဖုန်မှုန့်များက နေရာတိုင်းသို့ လွင့်စဉ်လာသည်။

“ကျိကျိ”

ထိတ်လန့်မှုကြောင့် မြေခွေးဖြူ တုန်လှုပ်သွားသည်။ သူသည် ဂျင်ဆင်းကို မြေကြီးပေါ် ပစ်ချပြီး ပြန်ပင် မကောက်တော့ဘဲ တောအုပ်ထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်ကာ ချုံပုတ်များကြားထဲသို့ ပျောက်ကွယ် သွားလေသည်။

ရဲ့လင်းချန်သည် မြေကြီးပေါ်မှ ဂျင်ဆင်းကို ကောက်ယူကာ မြေခွေးဖြူ ပျောက်ကွယ်သွားသည့် အရပ်ကို လှမ်းကြည့်မိသည်။ သူ့မျက်လုံးတွင် အံ့ဩနေသော အရိပ်အယောင်များ ရှိလေသည်။

*အဲ့ဒီ မြေခွေးဖြူလေးက … ထူးခြားတာပဲ*

ရှောင်ချင်နှင့် ရှောင်ဟွေသည် ရဲ့လင်းချန်၏ လေ့ကျင့်ပေးခြင်း ခံထားရကာ ဝံပုလွေ စစ်သည်တော်များဟုပင် သတ်မှတ်နိုင်ပေသည်။ သူတို့သည် ရှုထောင့်တော်တော်များများ၌ အလွန် ကျွမ်းကျင်သော်လည်း တခြား ဝံပုလွေများ၏ အကူအညီ ပါပါသော်ငြားလည်း မြေခွေးဖြူအား မဖမ်းဆီးနိုင်ခဲ့ပေ။

ထို့အပြင် ထိုမြေခွေးဖြူသည် အလွန် ဉာဏ်ကောင်းပြီး သာမန် တိရစ္ဆာန်များနှင့် တော်တော်လေး ကွဲပြားကာ ထူးဆန်းလှသည်။

ရဲ့လင်းချန် လက်ထဲမှ ဂျင်ဆင်းကို ကြည့်နေမိသည်။ အဖြစ်အပျက် တစ်ခုလုံးသည် အတော်လေး စူးစမ်းချင်စရာ ကောင်းလှသည်။ အဘယ်ကြောင့် မြေခွေးဖြူတစ်ကောင်က ဂျင်ဆင်းကို ခိုးရသနည်း။ မြေခွေးများ ထိုအရာကို စားသည့် အကြောင်းအရာမျိုး သူ တစ်ခါမှ မကြားဖူးပါ။

*မဟုတ်မှလွဲရော သန္ဓေပြောင်းလဲတာများလား*

ငရဲတံခါး ပေါ်လာခြင်းက ကမ္ဘာပေါ်၌ ရှင်းပြမရသော အကြောင်းအရာများစွာကို ယူဆောင်လာခဲ့သည်။ ထိုအဖြစ် အပျက်များသည် သာမန် အခြေအနေများအောက်၌ မသိသာသော်လည်း စသတိထားမိသည်နှင့် ထိုထူးခြားချက် များက သိသာလာသည်။

“ရှောင်ချင်၊ ရှောင်ဟွေ၊ မင်းတို့ နှစ်ကောင်လုံး အနံ့ကို သတိထားမိပြီးသားပဲမလား၊ အဖွဲ့ကို ဦးဆောင်ပြီး မြေခွေးဖြူကို ခြေရာခံ၊ သေချာ ရအောင်ဖမ်းပြီး အသက်ရှင်လျက် ပြန်ခေါ်လာခဲ့၊ မသတ်လိုက်နဲ့”

ရဲလင်းချန် အမိန့်ပေးလိုက်သည်။

“နားလည်ပါပြီ”

ရှောင်ချင်နှင့် ရှောင်ဟွေက ဝံပုလွေများကို ဦးဆောင်၍ တောအုပ်ထဲ ပြန်ဝင်သွားကာ သူတို့၏ မာနကို အဖက်ဆယ် ချင်နေကြသည်။

ကျန်လူများက မကြာခင် လိုက်မီလာလေသည်။

“အား … အခု တစ်ယောက်ယောက်က ဆေးပင်ကို ခိုးသွားတာလား”

တုန်းမြောင်မြောင်၏ မျက်နှာက ဖြူရော်သွားပြီး ဆေးစိုက်ခင်းကို စတင် စစ်ဆေးတော့သည်။

“အင်း … သိပ်စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးတစ်ကောင်ပေါ့”

ရဲ့လင်းချန် ပြုံး၍ ဂျင်ဆင်းအား တုန်းမြောင်မြောင်ထံ ပေးလိုက်သည်။

တုန်းမြောင်မြောင်က ဂျင်ဆင်းကို ယူ၍ မြေကြီးထဲ၌ ဂရုတစိုက် ပြန်စိုက်လိုက်သည်။ သူမပုံစံက စိုးရိမ်နေပုံ ရသည်။

“ဥက္ကဋ္ဌရဲ့၊ ကျွန်မတို့ဆေးပင်ကို ခိုးဖို့ ကြိုးစားနေတဲ့ကောင်က တကယ်ပဲ ဘာကြီးလဲ၊ ကျွန်မတို့ စိုက်ခင်းကို ခြံစည်းရိုး ကာဖို့ လိုလား”

ထိုဆေးပင်များထဲမှ အချို့သည် ရှားပါးသည့်အပြင် အလွန် အဖိုးတန်လှသည်။ ၎င်းတို့ ပျက်စီးသွားပါက ဆုံးရှုံးမှုက ကြီးမားပေမည်။

“ရပါတယ်၊ ဒါက ကောင်းနေပါပြီ”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။ ရှောင်ချင်နှင့် ရှောင်ဟွေတို့ စိုက်ခင်းကို စောင့်ကြည့်သည်ကပင် လုံလောက် နေလေပြီ။

ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ဝံပုလွေအဖွဲ့ကို ဦးဆောင်ထားကြသည်။ ထိုမျှနှင့် စိုက်ခင်းကို ကာကွယ်ရန် မလုံလောက်ပါက စိုက်ခင်းကို ခြံစည်းရိုး ကာလည်း အပိုပင်။

ထိုသို့သောအချိန်၌ တောအုပ်တွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး ထိုဆူညံသောင်းကျန်းခြင်းက ငှက်များကို ချက်ချင်း ကြောက်ရွံ့သွားစေသည်။ ခပ်နိမ့်နိမ့် မာန်ဖီသံနှင့် ငေါက်ငမ်းသံများကို အချိန်နှင့်အမျှ ကြားနေရပြီး ဝံပုလွေများထံမှ အဆက်မပြတ် အူသံများ ထွက်ပေါ်လာသည်။ ဝံပုလွေအုပ်သည် သူတို့၏ တာဝန်ကို ခွဲထားပုံရပြီး သီးသန့်စီ ခွဲထွက်သွားကြသည်။

“ကဲ … ရိုက်ကူးရေးကို ပြန်သွားကြမယ်၊ အားလုံး အခု ပြန်လှည့်ကြ”

ရဲ့လင်းချန်က တဲ့တိုး ပြောလိုက်သည်။

သို့သော် အစောပိုင်းက အဖြစ်က စစ်သည်တော်တိုင်းကို မှင်တက်သွားစေခဲ့သည်။

*သေစမ်း၊ နည်းပြချုပ်ရဲ့က ဝံပုလွေအုပ်ကိုတောင်မှ လေ့ကျင့်ပေးနိုင်တာပဲ၊ ဒါက ဒါက လက်ဖျားခါလောက်စရာပဲ*

လူတိုင်း ပြန်နေချိန်တွင် ရဲ့လင်းချန်တစ်ယောက် သူ့ဘောင်းဘီ ဆောင့်ဆွဲခံလိုက်ရသလို ခံစားလိုက်ရသည်။ ရှောင်ပိုင်က သူ့ဘောင်းဘီကို ဖြည်းဖြည်းချင်း ဖက်တွယ်၍ အီကာ ရဲ့လင်းချန်အား သနားစဖွယ် ကြည့်လာသည်။

“အရမ်း ကြောက်ဖို့ကောင်းတယ်၊ အဲ့မြေခွေးက အရမ်း ရက်စက်တယ်၊ ကလေး တအား ကြောက်တယ်”

ရဲ့လင်းချန်က ရှောင်ပိုင်ကို ပွေ့ချီ၍ ရှောင်ပိုင်၏ ခေါင်းကို အသာပွတ်သပ်ပေးသည်။ ရှောင်ပိုင်သည် ရဲ့လင်းချန်အား အပြစ်ကင်းစင်စွာ မော့ကြည့်ပြီး ပို၍ စိတ်ထိခိုက်လာသလို ခံစားနေရသည်။

“မင်းက ကျားတစ်ကောင် ဆိုတာလဲ မှတ်ထားဦး၊ မင်း အမြီးကုပ်နေလို့ မရဘူး”

ရဲ့လင်းချန်က ကျား၏ ဦးခေါင်းကို ပွတ်သပ်ပေးနေသည်။

“မင်းရဲ့ လေ့ကျင့်ရေးကို နောက်ပိုင်း နည်းနည်း ပိုတင်းကြပ်မှ ဖြစ်မယ်နဲ့ တူတယ်၊ မင်းရဲ့ နေ့စဉ် လေ့ကျင့်ရေးက အခုကစပြီး နှစ်ဆ ဖြစ်သွားပြီ”

ထိုသို့ပြောပြီးနောက် ရဲ့လင်းချန်က ရှောင်ပိုင်ကိုချီ၍ တောအုပ်ထဲသို့ လျှောက်သွားသည်။

သူ၏ အနည်းအကျဉ်းသော အဆင့်မြင့်အဆင့် စွမ်းရည်များထဲတွင် သားရဲ ယဉ်ပါးခြင်း ပါဝင်ပြီး ၎င်းကို အလဟသ အဖြစ် မခံနိုင်ပါ။ အဆင့်မြင့်အဆင့် သားရဲယဉ်ပါးခြင်းက ရဲ့လင်းချန်အား အတိုင်းအတာတစ်ခုအထိ အင်အား ကြီးလာစေပြီး တိရစ္ဆာန်များအား သူ့အား ပို၍ လေးစားလာစေကာ တိရစ္ဆာန်များ သူ့အပေါ် လွယ်ကူစွာ အညံ့ခံ လာနိုင်စေသည်။

အကယ်၍ ကောင်းကောင်း အသုံးချနိုင်ပါက သူသည် အထင်ကြီးစရာကောင်းသော တိုက်ပွဲဝင်ခွန်အား ရှိသည့် သားရဲတပ်ကို လေ့ကျင့်ပေးနိုင်ပေမည်။ ရဲ့လင်းချန်တွင် တပ်ကို လေ့ကျင့်ပေးနိုင်သည့် အင်အား မရှိသော်လည်း အချို့သော အဆင့်မြင့် သားရဲများကို လေ့ကျင့်ပေးနိုင်ရန် လုံလောက်ပေသည်။

“မင်းခန္ဓာကိုယ်ကို မြေကြီးထိ နှိမ့်ထားပြီး လက်သည်းတွေကို မြေကြီးကို အားနဲ့ဖိထား၊ ပိုကောင်းတဲ့ ခွန်အား ရှိဖို့ တစ်ခုတည်းသော နည်းလမ်းက မတ်မတ် တောင့်ခံနိုင်ဖို့ပဲ”

ရှောင်ပိုင်က တောအုပ်ထဲ၌ ရစ်ငှက်တစ်ကောင်ကို ရင်ဆိုင်နေပြီး ရဲ့လင်းချန်က ဘေးမှ သင်ပေးနေသည်.

“မင်းရဲ့ အရှိန်က လုံလောက်မှရမယ်၊ မင်း ပြိုင်ဘက်ကင်းတဲ့ ဘုရင်တစ်ပါးရဲ့ အရှိန်အဝါကို ပြရမယ်”

သို့သော် ထိုသို့သောအချိန်၌ ရစ်ငှက်က ရှေ့သို့ တိုးတက်လာပြီး တောင်ပံကို တဖျပ်ဖျပ်ခတ်ကာ ရှောင်ပိုင်ထံ တိုးဝင်လာသည်။ ၎င်းက လွှမ်းမိုးမှုကို ပြရန် ကတော် ကတော်နှင့် အော်နေပြီး ရှောင်ပိုင်အား ဆိတ်လေတော့သည်။

ရှောငပ်ိုင်သည် ဆက်တိုက် တိုက်ခိုက်မှု ခံရပြီးနောက် အရေးနိမ့်လာကာ ထပ်ခါထပ်ခါ အော်ဟစ်လေသည်။

“ကယ်ကြပါဦး”

“ပြန်တိုက်လေ၊ မင်းလက်သည်းတွေကို ဘယ်နားထားတာလဲ၊ မင်းရဲ့သွားတွေက ဘာလုပ်နေလို့လဲ”

ရဲ့လင်းချန်က ဝင်မပါဘဲ ဘေးမှ အချိန်နှင့်အမျှ ညွှန်ကြားချက် ပေးနေသည်။ သူ ပင်ပန်းသလို ခံစားနေရပြီး ရှောင်ပိုင်အား မည်သို့ အမဲလိုက်ပြီး တိုက်ခိုက်ရမလဲဆိုသည်ကို သင်ပေးနေချိန်၌ ရှောင်ပိုင်၏ မိဘအဖြစ် ပြောင်းသွားသည်ဟု ခံစားလိုက်ရသည်။

“ကြုံသလို လိုက်မနေနဲ့လေ၊ အချိန်ကိုက်အောင် လုပ်၊ တစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်၊ တခြား တိရစ္ဆာန်တွေရဲ့ အားနည်းချက်ကို မင်း သိနေရမှာ၊ ထွက်ပြေးတာက အသုံးမကျတာကွ”

ရဲ့လင်းချန် သင်ကြားပေးနေမိသည်။

“မင်းရဲ့ မွေးရာပါ လျင်မြန်မှုနဲ့ ခွန်အားတွေကြောင့် သားရဲတွေရဲ့ ဘုရင်ဖြစ်ဖို့ ကံပါလာပြီးသား၊ တခြားတိရစ္ဆာန် တွေက မင်းကို လုံးဝ မယှဉ်နိုင်ဘူး၊ အဲ့တော့ မင်းမှာရှိတာကို အသုံးချစမ်းပါ”

ရှောင်ပိုင်အား ပညာတစ်ချို့ သင်ကြားပြီးနောက် ရဲ့လင်းချန်သည် ရှောင်ပိုင်၏ ရစ်ငှက်နှင့် အတောမသတ်သော တိုက်ပွဲကို လျစ်လျူရှူထားသည်။ သူသည် ကိုယ့်အလုပ်ကိုယ်ကိုသာ အာရုံထား၍ ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ခန်း အတွက် ကိုယ်နေဟန်ထားပြင်ကာ တန်း၍ လေ့ကျင့်နေလိုက်သည်။

အကယ်၍ လူတစ်ယောက်သာ သူ့အနား၌ ရှိနေပြီး သေချာ နားထောင်ကြည့်မည်ဆိုပါက သူ့ခန္ဓာကိုယ်တွင်းမှ အရိုးများ ကြိတ်ချေသံကို ကြားရပေမည်။ ၎င်းသည် ကြောက်စရာကောင်းပြီး နားဝင်ဆိုးလှသည်။ မိုးမြေ၏ အရှိန်အဝါက ရဲ့လင်းချန်၏ ခန္ဓာကိုယ်ထဲ၌ တိုးလာသော်လည်း သူ ကျင့်ကြံသည်နှင့် အရိုးအတွင်းမှ အတွင်းအားက ပို၍ ဖိနှိပ်လာသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အရည်အသွေးကလည်း အဆက်မပြတ် တိုးတက်လာ၏။

အရဟာ လက်သီးစွမ်းအင်ဖြစ်စေ၊ ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ခန်းဖြစ်စေ၊ လေ့ကျင့်ယူထားသော ခွန်အားအား မွေးရာပါ စိတ်ဝိညာဉ် အင်အားအဖြစ် ပြောင်းလဲခြင်း လုပ်ငန်းစဉ်က အလွန် အချိန်ယူရသည်။ ပထမဆုံး အဆင့်သည် သူ့ကိုယ်ထဲမှ ကိုယ်တွင်းခွန်အားကို အဆုံးစွန်အထိ ဖိနှီပ်ထားပြီး သေးငယ်သော အတွင်းအား အစက်လေးအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။ ထို့နောက် သူသည် သူ၏ ခွန်အားကို စုပ်ယူ၍ ဖိနှိပ်ရပေမည်။ ထိုလုပ်ငန်းစဉ်အား မွေးရာပါ စိတ်ဝိညာဉ် အတွင်းအား ပြည့်လျှံလာသည်အထိ ထပ်ခါတလဲလဲ လုပ်ရမည် ဖြစ်သည်။ သို့သော် ရဲ့လင်းချန်သည် လက်ရှိ၌ မွေးရာပါ စိတ်ဝိညာဉ် အတွင်းအားကို နှစ်ဆယ် ရာခိုင်နှုန်းအထိသာ ဖိနှိပ်ထားရသေးပြီး တိုးတက်လာရန် မိုင်များစွာ လိုနေသေးသည်။ ယင်းတစ်ခုတည်းကပင် ခက်ခဲမှုကို ပြသနေ၏။

သို့သော် ဆေးပင်များကို မှီဝဲခြင်း သို့မဟုတ် သိုင်းပညာစံအိမ်ထဲ၌ ကျင့်ကြံနိုင်ပါက ရလဒ်က အကြီးအကျယ် တိုးတက်လာလိမ့်မည်ဟု ရဲ့လင်းချန် ခန့်မှန်းမိသည်။

All Chapters