သားကောင်ကို စောင့်ကြည့်ခြင်း
Vol. 46 Ch. 679
ကောင်းကင်ယံက တဖြည်းဖြည်း အမှောင်ကျလာသည်။
ရဲ့လင်းချန်က ကျင့်ကြံခြင်းကို ရပ်လိုက်ပြီး ရှောင်ပိုင်ကို တစ်ချက်ကြည့်လိုက်သည်။ ရှောင်ပိုင်က ယခုအထိ ငှက်သေကို တိုက်ခိုက်နေဆဲပင်။
၎င်းသည် ရှောင်ပိုင်၏ ပထမဆုံး အမဲလိုက်ခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ သူ၏ မျက်လုံးတွင် စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေပြီး ရစ်ငှက်၏ အလောင်းနား၌ ခုန်ဆွခုန်ဆွ လုပ်နေကာ အလွန်အမင်း ပျော်ရွှင်နေ၏။
“ထစမ်းပါ၊ ခုန်လေ၊ ဟားဟားဟား … ငါ မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာကွ”
ရှောင်ပိုင်သည် အောင်ပွဲရလာသော စစ်သူကြီးတစ်ဦးကဲ့သို့ တက်ကြွပျော်ရွှင်နေ၏။
ရဲ့လင်းချန်က သူ့ကို အာရုံသိပ်မထားချေ။ သူ မျက်မှောင်ကြုတ်၍ ကိုယ့်ခန္ဓာကိုယ် ပြန်စစ်ဆေးနေသည်။ မူလ စိတ်ဝိညာဉ် အတွင်းအားသည် ဖိနှိပ်ရန် ပိုခက်ခဲလာပြီး သူ တိုးတက်လာသည်နှင့်အမျှ အခက်အခဲကလည်း ပိုတိုးလာသည်။ ၎င်းသည် စမ်းချောင်းကဲ့သို့ ဖိနှိပ်ရန် ကြိုးစားချိန်၌ အစပိုင်းတွင် အတိုက်အခံ သိပ်မရှိချေ။ သို့သော် သူ အောက်ခြေသို့ ရောက်သည်နှင့် ထုတ်သုံးရမည့်အားက ပိုများလာသည်။
ယခင်က ရဲ့လင်းချန်၏ အတွင်းအားက တစ်ရာ ရာခိုင်နှုန်း ရှိခဲ့လျင် ယခု ရှစ်ဆယ် ရာခိုင်နှုန်းသာ ရှိပေတော့သည်။ သို့သော်ငြားလည်း ထိုရှစ်ဆယ် ရာခိုင်နှုန်း၏ အရည်အသွေးက ယခင် တစ်ရာ ရာခိုင်နှုန်းထက် ပို၍ သာလွန်သည်ဟု ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
သူ သက်ပြင်း အသာ ချလိုက်မိသည်။ အကျိုးသက်ရောက်မှုက သိသာသော်လည်း ယင်းက သူ့အတွက် နှေးလွန်းနေသည်။ သူ အမြင့်ဆုံးသို့ ရောက်ရှိရန် မည်မျှ ကြာအောင် ထပ်လေ့ကျင့်ရမည်နည်း။
ရဲ့လင်းချန်၏ အတွေးကိုသာ အခြား စစ်သည်တော်များ ကြားသိနိုင်ပါက သွေးအန်မိလောက်သည်။ သူသည် အတွင်းအားကို မကြာသေးခင်ကမှ ဖိနှိပ်ခဲ့သော်လည်း နှစ်ဆယ် ရာခိုင်နှုန်းအထိ ဖိနှိပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့သော် အမြန်နှုန်းက မယုံနိုင်စရာကောင်းလှပြီး အခြားသူများ ရောက်နိုင်သည့် အတိုင်းအတာထက် ကျော်နေပြီ ဖြစ်သော်လည်း သူက နှေးလွန်းသည်ဟု ခံစားနေရလေသည်။
ဗိုက်ပြည့်နေသော လူတစ်ယောက်သည် ဆာလောင်နေသော လူတစ်ယောက်၏ နာကျင်မှု ဝေဒနာကို ဘယ်သောအခါမှ နားလည်နိုင်မည် မဟုတ်ပါ။
ထို့အပြင် ရဲ့လင်းချန်သည် သူကိုယ်တိုင် ပြင်းပြင်းထန်ထန် ကြိုးစားပြီး လေ့ကျင့်ခြင်းမျ ရရှိခဲ့ခြင်း ဖြစ်သည်။ အခြားသော စစ်သည်တော်များသည် သူတို့၏ အကျိုးကျေးဇူးအတွက် ဆေးပင်ကဲ့သို့သော အားဖြည့်အရာများကို သုံးလျင်တောင်မှ သူ့အဆင့်သို့ ရောက်နိုင်ခဲသည်။
“သွားကြစို့”
ရဲ့လင်းချန်က ရှောင်ပိုင်ကို လည်ပင်းမှ ကောက်မ၍ ချီလိုက်သည်။ နောက်လက်တစ်ဖက်ဖြင့် ဖွတ်ဖွတ်ကြေ နေသော ရစ်ငှက်ကို ကောက်ယူလိုက်သည်။
“လခွမ်း … သားရဲတွေရဲ့ ဘုရင် ဖြစ်တာတောင် မင်းအတွက် ရစ်ငှက်လေးတစ်ကောင်ကို သတ်ဖို့ ဒီလောက် အားထုတ်နေရသေးတယ်၊ ဘဝမြင့်တာတွေ ရပ်လိုက်တော့၊ ပိုဆိုးတာက ငါက မင်းကို ဘေးကနေ သင်ပေးရတာပဲ၊ တခြားကျားတွေသာ မင်းနေရာမှာဆိုရင် ရှက်နေလောက်ပြီ”
“ဝေါင်း … ငါ့ဆုကို မယူနဲ့”
ရှောင်ပိုင်က ရဲ့လင်းချန်၏ ချီမခြင်း ခံထားရသဖြင့် ခြေလက်များကို လူးလွန့်ကာ ဟိန်းဟောက်လေသည်။
“ခေါင်းမာတဲ့ ကြောင်လေး”
ရဲ့လင်းချန်က သူ့တင်းပါးကို ဖြန်းခနဲ ရိုက်ကာ ကျေနပ်သွားလေသည်။ ဘယ်သူမှ ကျားတစ်ကောင်၏ တင်ပါးကို မထိနိုင်ဟု ပြောကြသော်လည်း သူက ထိရုံတင်သာမက ရိုက်ပင် ရိုက်လိုက်သေးသည်။
တောအုပ်ထဲမှ သူ ထွက်လာပြီးနောက် ရှောင်ချင်နှင့် ရှောင်ဟွေတို့က ပြန်မရောက်သေးပေ။ လီကျင့်နှင့် အခြားသူများမှာမူ ရိုက်ကူးရေးနှင့်အတူ အပြင်းအထန် ရိုက်ကူးနေ၏။ ညာသံပေးနေသော အသံများကို ဆက်တိုက် ကြားနေရသလို အော်ဟစ်သံများနှင့် နှုတ်အားဖြင့် အနိုင်ကျင့်သော စကားမျိုးစုံပါ ထွက်ပေါ်နေသည်။ စစ်သည်တော်များ၏ ခမ်းနားထည်ဝါသော အသွင်အပြင်ကို တိတိကျကျ သရုပ်ဖော်နိုင်နေသည်။
ထိုအော်သံများက ရင်ထဲမှ လာသည်ကို ရဲ့လင်းချန် ခံစားမိသည်။ တစ်နေ့ခင်းလုံး ထိုးနှက်ခံထားရသည့် မည်သူမဆို ထိုသို့ အဆုံးသတ်မှာပင်။
စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးတွင် ညအချိန် တိုက်ပွဲများစွာလည်း ပါဝင်ပြီး သူတို့ ညအထိ ဆက်တိုက် ရိုက်ကူး နေကြသည်။ တကယ်တမ်းတွင် မည်သူမှ ပြဿနာမရှာသလို သရုပ်ဆောင်များ၏ သရုပ်ဆောင် အရည်အချင်းက ကွက်တိကျပါက ရုပ်သံဇာတ်လမ်းတွဲ သို့မဟုတ် ရုပ်ရှင်ကားတစ်ကား၏ ရိုက်ကူးရေး ပြီးဆုံးရန် အချိန် သိပ်မကြာပေ။ ဇာတ်ဝင်ခန်းများသည် အစဉ်လိုက် ရိုက်ကူးစရာ မလိုသလို အခြေအနေအရေ ရိုက်ကူးရေး ယိမ်းယိုင်သွားနိုင်သည်။ နောက်ပိုင်းတွင် လုပ်စရာဟူ၍ ၎င်းတို့အားလုံးကို စုစည်း၍ ရုပ်ရှင်ကားတစ်ကား အဖြစ် တည်းဖြတ်ရန်သာ ရှိသည်။
ဟိတ်ဟန်ထုတ်နေသော နာမည်ကြီး သရုပ်ဆောင်များ မရှိသလို လူတိုင်းက အလွန်အမင်း ပူးပေါင်း ဆောင်ရွက် ပေးကြသည်။ စစ်သည်တော်များ၏ လှုပ်ရှားမှုများကလည်း အလွန် စိတ်လှုပ်ရှားစရာ ကောင်းပြီး ဘယ်သရုပ်ဆောင် စွမ်းရည်ကိုမှ ထုတ်သုံးစရာ မလိုပေ။ သူတို့အား သူတို့အတိုင်း နေခိုင်းခြင်းကပင် လုံလောက် နေလေပြီ။ အခြား စစ်သည်တော်များကလည်း အကူအဖြစ် သရုပ်ပေးသဖြင့် ဇာတ်ဝင်ခန်းအတွက် ဆက်တင် ချိန်မှုများကလည်း ပြဿနာ မရှိချေ။ ထို့ကြောင့် လုပ်ငန်းစဉ်က အတန်အသင့် လျင်မြန်နေ၏။
ယခု ရိုက်ကူးနေသည့် ဇာတ်ဝင်ခန်းမှာ ညအချိန်ကို အသုံးချ၍ ရန်သူစခန်းကို အလစ်ဝင်တိုက်ခိုက်သည့် အခန်း ဖြစ်သည်။ တိုက်ခိုက်မှုမှာ နေ့အချိန်အတွင်းက သေဆုံးသွားသည့် စစ်သားများအတွက် လက်စားချေခြင်း ဖြစ်သည်။
ရဲ့လင်းချန်က စိတ်ဝင်တစား စောင့်ကြည့်နေသည်။ လူတိုင်း ဒဏ်ရာရကာ နှာခေါင်းများ ပြာနှမ်း၍ ယောင်ကိုင်းနေပြီး မိတ်ကပ် လိမ်းစရာပင် မလိုချေ။
အချိန်တစ်ချို့ကြာအောင် ကြည့်နေပြီးနောက် ရှောင်ချင်နှင့် ရှောင်ဟွေတို့ ဦးဆောင်သော ဝံပုလွေအုပ်က တောအုပ်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။ ဝံပုလွေနှစ်ကောင်လုံး စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါ နေကြသည်။
ရဲ့လင်းချန် မအံ့ဩမိပါ။ မြေခွေးဖြူက ဉာဏ်ကောင်းမှန်း သူ တစ်ချက် ကြည့်ရုံနှင့် သိခဲ့ပြီး သူတို့ မဖမ်းနိုင်ခဲ့သည် အံ့ဩစရာ မဟုတ်တော့ပေ။
“ဟူး … ကျွန်တော်တို့ ဖမ်းမိခါနီးလေး ဒယ်ဒီရာ”
ရှောင်ချင်က ညည်းတွားသည်။
“ရပါတယ်၊ သွားနားကြတော့၊ ဒီည မင်းတို့ကိုယ်မင်းတို့ သက်သေပြနိုင်မယ့် အခွင့်အရေး ထပ်ရှိချင် ရှိလာဦးမှာ”
ရဲ့လင်းချန်က ရှောင်ချင်က တစ်ခဏမျှ နှစ်သိမ့်ပေးပြီးနောက် သူတို့ကို လျစ်လျူရှုထားလိုက်သည်။
မြေခွေးဖြူအတွက်ကိုမူ သူ ဖြစ်နိုင်ချေတစ်ခုကို ခန့်မှန်းမိသည်။ အကယ်၍ သူ၏ ခန့်မှန်းမှုသာ မှန်ကန်ခဲ့ပါက မြေခွေးဖြူသည် ယနေ့ည ပြန်လာနိုင်လောက်သည်။
တခြားတိရစ္ဆာန်များ ဤနေရာကို မျက်စိကျရသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ အစာအတွက်သာ ဖြစ်သည်။ တိရစ္ဆာန်များသည် ဆေးအဖြစ် ထုတ်လုပ်မည့် ထိုအရာများကို မလိုချင်လောက်ပေ။
ထိုမြေခွေးအတွက် သူ့ဆေးစိုက်ခင်းထဲမှ ဆေးပင်များကို အာရုံစိုက်နေရခြင်းမှာ ထိုဆေးပင်များကို အစာအဖြစ် သတ်မှတ်၍သာ ဖြစ်ပေမည်။ ယင်းက ထူးဆန်းသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ချေ။
အစောပိုင်းက လိုက်လံဖမ်းဆီးခြင်းက မအောင်မြင်ခဲ့လျင်တောင်မှ မြေခွေးဖြူသည် လိုက်ဖမ်းခံရသဖြင့် သေချာပေါက် မောပန်းနေလောက်သည်။ သူ ဗိုက်ဆာလာသည်နှင့် ဆေးစိုက်ခင်းကို ပြန်၍ စဉ်းစားမိမှာပင်။
ရဲ့လင်းချန် အလျင်မလိုပါ။ အကယ်၍ မြေခွေးဖြူက တစ်ကြိမ် လာပြီး ခိုးခဲ့လျင် နောက်တစ်ကြိမ်အတွက် ပြန်လာနိုင်ချေ များသည်။
ညသန်းခေါင်ယံ၌ ရဲ့လင်းချန်သည် အမှောင်ထုထဲ၌ ပုန်းကွယ်ကာ စိုက်ခင်းအား အနီးကပ် စောင့်ကြည့်နေ၏။
“ကျိ ကျိ ကျိ”
တောအုပ်ထဲမှ ခပ်သဲ့သဲ့ ဆူညံသံကို ကြားလိုက်ရသည်။ ရဲ့လင်းချန်က ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းထားပြီး အသက်ကို အောင့်ထားမိသည်။
သိပ်မကြာခင်မှာပင် အမှောင်ထဲမှနေ၍ ခေါင်းလေးတစ်လုံး ထွက်လာပြီး လည်ကိုဆန့်၍ ဆေးစိုက်ခင်းကို ကြည့်လာသည်။
*ရောက်လာပြီ*
ရဲ့လင်းချန် ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးတွင် အံ့ဩမှုတို့နှင့် ပြည့်နှက်နေ၏။
မြေခွေးဖြူ၏ အမွှေးများမှာ ညအချိန်၌ ပို၍ သိသိသာသာ လှပနေ၏။ အမှောင်ထဲ၌ ဖုံးဝှက်ခံထားရမည့်အစား ခပ်ဖျော့ဖျော့ လရောင် ရောင်ပြန်ဟပ်နေသည်။ မြေခွေးက အလွန် သတိထားနေလေသည်။ ချက်ချင်း ပြေးလာမည့်အစား မလှုပ်မယှက်နှင့် ဘေးပတ်ဝန်းကျင်ကို စိတ်ရှည်စွာ ဝေ့ကြည့်နေသည်။
“အဲ့ဒီ ဆိုးရွားပြီး မုန်းစရာကောင်းတဲ့ လူသားနဲ့ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ ဝံပုလွေအုပ်က ဒီနား မရှိလောက်ဘူးနဲ့ တူတယ်”
မြေခွေးဖြူ၏ နှုတ်ခမ်းက လှုပ်စိလှုပ်စိဖြစ်နေပြီး အလွန်အမင်း သတိထားနေဟန်ကို ပြသနေသည်။
ထို့နောက် ၎င်းက ဆေးစိုက်ခင်းကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ ၎င်း၏ မျက်လုံးက ဝိုင်းတက်လာပြီး စိုက်ခင်းတစ်ခုလုံးအား တမ်းတမ်းတတ ကြည့်ကာ သွားရည်ကျလာသည်။
“ငါ ဗိုက်အရမ်း ဆာနေပြီ၊ ငါ အခု ဆာလွန်းလို့ သေတော့မယ်”
မြေခွေးဖြူ လျှာသပ်လိုက်သည်။
“ဒါတွေအားလုံးက အဲ့လူသားကြောင့်ပဲ၊ သူက တောထဲကနေ ဆေးပင်တွေ အများကြီး ယူသွားတော့ ငါ့မှာ ဘာမှ စားစရာ မရှိတော့ဘူး၊ ဒါတွေအားလုံးကို အစက ငါ ပိုင်ခဲ့တာ”
၎င်းသည် စိတ်ထဲ၌ တွေးတောရင်း ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။
“စားစရာတွေ အများကြီးပဲ၊ အနံ့က တကယ် ကောင်းတယ်၊ အရသာ ရှိနေမှာပဲ၊ ငါ တစ်ပင်ကိုပဲ ဆွဲပြီး ထွက်ပြေးမယ်၊ သူတို့ ငါ့ကို မဖမ်းနိုင်ပါဘူး”
မြေခွေးဖြူ၏ အမြီးက အနည်းငယ် ထောင်လာပြီး ခြေလက်များကို အားနှင့်ဖိပြီးနောက် ကြွက်တစ်ကောင်ကဲ့သို့ ပြေးလေသည်။
ဆေးစိုက်ခင်းထဲသို့ ရောက်လာခြင်းက ၎င်းအတွက် နတ်ပြည်သို့ ရောက်သွားသလိုပင်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။
*ဝါး … ငါ ဘယ်တစ်ခုကို ရွေးရမလဲ၊ ဝိုး … ဝိုး … ဝိုး … ငါ သိပ်ပျော်တာပဲ၊ ငါတော့ ပွပေါက် တိုးတာပဲ*
၎င်းသည် စိုက်ခင်းထဲ၌ အရူးအမူး ပတ်နေပြီး ရွေးချယ်စရာ များလွန်းနေသည်ဟု ခံစားရကာ ပီတိ ဖြစ်နေ လေသည်။ ၎င်းသည် တရုတ်နော်ဝိအပင်ကို တစ်ခဏမျှ ဖက်ထားပြီးနောက် အင်တင်တင်ဖြင့် လွှတ်လိုက် ပြီးနောက် အနီးအနားမှ ဂျင်ဆင်းပင်ကို ဖက်ပြန်သည်။ ထို့နောက် နောက်ထပ် လင်ဇီးသို့ အပြေးသွားလေသည်။
“ငါ ဒီနေ့ ဒါစားမယ်၊ ပြီးရင် နောက်တစ်ခါမှ ပြန်လာခဲ့မယ်”
နောက်ဆုံး၌ မြေခွေးဖြူ စိတ်ပိုင်းဖြတ်ပြီးသွားလေသည်။ ၎င်း၏ လက်သည်းလေးများဖြင့် မြေကြီးကို အသည်းအသန် စတူးကာ လင်ဇီးကို ခိုးယူရန် ပြင်လေတော့သည်။
သို့သော် ထိုအခိုက်မှာပင် ၎င်း၏ လှုပ်ရှားမှုများက တန့်ခနဲ ဖြစ်သွားပြီး အမှောင်ထုထဲသို့ ကြောက်လန့်တကြား ကြည့်လာသည်။
ခပ်ဖျော့ဖျော့ အစိမ်းရောင် မျက်လုံးတစ်စုံက ဖြည်းဖြည်းချင်း ပေါ်လာပြီး ဝိုင်းတော့မည့် အရိပ်အယောင်ကို ပြလာသည်။
“ကျိကျိ”
မြေခွေးဖြူ၏ စိတ်များ ရုတ်တရက် လေးလံသွားပြီး လက်သည်းများက လင်ဇီးကို ကိုင်ထားဆဲ ဖြစ်ကာ ကြက်သေ သေနေပုံ ရသည်။ သို့သော် ၎င်း၏ အမြီးက တန်းတန်းမတ်မတ် ထောင်နေပြီး အမွေးများကလည်း ထောင်တက် နေသည်။
*ပြေးရမယ်*
ထို့နောက် ၎င်းသည် အရာအားလုံးကို လက်လွှတ်၍ တောအုပ်ထဲသို့ တည့်တည့်မတ်မတ်ပြေးရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။