ကောင်းကင်နှင့် ကမ္ဘာမြေ ငိုကြွေးပူဆွေးကြ၏။
Vol. 48 Ch. 667
"ဝုန်း!"
ကောင်းကင်ကိုးလွှာနှင့် ကမ္ဘာမြေထုအကြား၌ ဝမ်းနည်းစရာ ငိုညည်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေအတွင်း၌ နမိတ်လက္ခဏာများစွာ ထွက်ပေါ်လာခဲ့ကာ ကမ္ဘာလောကအရပ်ရပ်သို့ ပျံ့လွင့်သွားခဲ့သည်။ ဤသည်က ကမ္ဘာလောကအသီးသီး၌ ရှိနေကြသော မရေမတွက်နိုင်သောကျင့်ကြံသူများကို ထိတ်လန့်စေခဲ့သည်။
"ဒါက... မိုးကောင်းကင်ကြီး ငိုကြွေးနေတာလား?"
"ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာလဲ?"
"ကောင်းကင်ပေါ်မှာ လက္ခဏာရပ်တွေအများကြီးရှိနေကြတယ်... ထိတ်လန့်စရာကောင်းတဲ့ စွမ်းအားရှင်ကြီးတစ်ယောက် ကြွေလွင့်သွားတာဖြစ်ရမယ်... ဒါ့ကြောင့်မိုးကောင်းကင်ကြီးကတောင် ငိုကြွေးမြည်တမ်းနေတာ..."
"ဒါက... ထိတ်လန့်စရာကြီးပါလား အဲ့ဒီလူက ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ထိ စွမ်းအားကြီးနေပြီလေ... ဘယ်သူကများ အဲ့ဒီလိုပုဂ္ဂိုလ်ကြီးကိုသတ်ဖြတ်နိုင်ဦးမှာလဲ"
ကမ္ဘာမြေပြင်အသီးသီး၌ ရှိနေကြသော ကျင့်ကြံသူများသည် ထိုအကြောင်းကို ဆွေးနွေးပြောဆိုနေခဲ့ကာ သူတို့၏မျက်နှာများက အရမ်းကိုထိတ်လန့်နေခဲ့သည်။ ဒီလိုထိတ်လန့်စရာကောင်းတဲ့ တည်ရှိမှုကြီးကို ဘယ်သူက သတ်ဖြတ်နိုင်ခဲ့တာလဲဆိုတာကို သူတို့ တွေးဆ၍မရနိုင်ပါ။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်နေထိုင်ခဲ့ပြီးသော မကောင်းဆိုးဝါးအိုကြီးများသည် အမှောင်လောကတိုက်ပွဲအကြောင်းကို ခပ်ရေးရေးမျှ ပြန်လည်မြင်ယောင်လာမိခဲ့သည်။ အဆိုပါအမှောင်လောက၏ တိုက်ပွဲကြီးအတွင်း၌ ကောင်းကင်နှင့် ကမ္ဘာမြေပြင်တို့၏ ငိုကြွေးသံများသည် အဆုံးမရှိ မြည်တမ်းအော်ဟစ်နေခဲ့ဖူးသည်။
ဒါပေမဲ့ အချိန်ကာလအများကြီးကြာမြင့်ပြီးတဲ့နောက်မှာ မိုးကောင်းကင်ကထပ်ပြီး ငိုကြွေးလိမ့်ဦးမယ်လို့ သူတို့ထင်မထားခဲ့ကြပါ။ ဤတစ်ကြိမ်၌ ကောင်းကင်နှင့် ကမ္ဘာမြေပြင်သည် ၉ကြိမ်တိတိ ငိုကြွေးပူဆွေးခဲ့သည်။
မိုးကောင်းကင်ကြီးကို ကိုးကြိမ်တိုင်တိုင်ငိုကြွေးအောင် ပြုလုပ်နိုင်သူများသည် ကပ်ကမ္ဘာလောကအသီးသီး၌ အစွမ်းထက်ဆုံး တည်ရှိမှုများသာဖြစ်သည်။ သူတို့သည် လောက၏ အထွတ်အထိပ်၌ ရပ်တည်ကြခဲ့ဖူးသူများဖြစ်သည်။ ဒီလိုလူတစ်ယောက်က ဘယ်လိုကြောင့်များ ကြွေလွင့်သွားခဲ့ရတာလဲ။
တစ်ချိန်တည်းမှာပဲ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးအတွင်း၌ ရှိနေကြသော ကျင့်ကြံသူများသည် ကမ္ဘာမြေပြိုကွဲလုမတက်ဖြစ်နေသော ပုံရိပ်ယောင်များကြောင့် ထိတ်လန့်သွားခဲ့ရသည်။ မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် ဘယ်သူသေဆုံးသွားသလဲဆိုတာကို ခန့်မှန်းတွေးဆနေကြ၏။
ဧကရာဇ်ဘုံလောက၏ လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်နေရာ၌ ယဲ့မုချင်သည် အကျဥ်းသားယန်လုံနှင့်အတူ မတ်တတ်ရပ်နေခဲ့ကာ တောင်ကြားလေးအတွင်း၌ ရှိနေသောပန်းပင်လယ်ကြီးကိုစိုက်ကြည့်နေခဲ့သည်။ အဆိုပါမြင်ကွင်းသည် အရမ်းကိုလှပသည်မှာ ပုံပန်းချီရေးထားသည့်အတိုင်း ထင်မှတ်ရချေသည်။
သို့သော်လည်း ဤအချိန်အခါသမယ၌ ကောင်းကင်နှင့် ကမ္ဘာမြေသည် ငိုကြွေးပူဆွေးခဲ့ပြီး မြောက်မြားစွာသော နမိတ်လက္ခဏာများထွက်ပေါ်လာခဲ့သည်။ ဤသည်က ယဲ့မုချင်တို့အားလုံးကို တုန်ယင်သွားစေခဲ့သည်။ သူတို့၏ မျက်နှာထက်တွင် အံ့အားသင့်နေသော အကြည့်တစ်ခုရှိလာခဲ့သည်။
"အဲ့ဒီလူတွေထဲက တစ်ယောက်ယောက် တကယ်ကြီး သေဆုံးသွားပြီလား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဘယ်သူကများ အဲ့ဒီလူတွေကို သတ်နိုင်မှာလဲ "
အကျဥ်းသားယန်လုံ၏ မျက်ဝန်းသူငယ်အိမ်များသည် ပြူးကျယ်သွားခဲ့ကာ ရုတ်တရက် မှတ်ချက်ပြုလိုက်သည်။
ကမ္ဘာလောကကြီးသည် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်နေခဲ့ရသည်။
မိုးကောင်းကင်ရဲ့ ကိုယ်စားလှယ်တွေက ဘယ်လောက်တောင် အစွမ်းထက်ကြသလဲ?။ ထိုသူများ၏ ရန်သူတော်ဟောင်းတစ်ယောက်ဖြစ်သည်နှင့်အညီ ထိုသူများကို သူဟာ ရှင်းရှင်းလင်းလင်းသိပါသည်။ ထို့အတွက်ကြောင့်ပဲ သူဟာ အရမ်းကို ထိတ်လန့်နေမိသည်။
အရှင်သခင်နှင့် ဟုန်မန်နတ်ဘုရားဘုံလောကကြီးအတွင်း၌ ရှိနေကြသော အစွမ်းထက်သည့် စွမ်းအားရှင်များစုပေါင်းခဲ့တာတောင် ထိုအချိန်က ထိုလူပုဂ္ဂိုလ်တစ်စုကို မသတ်ဖြတ်နိုင်ခဲ့ပါ။ ယခုအချိန်မှာလည်း သူတို့(ယန်လုံတို့) အားလုံးဟာ ကြွက်များကဲ့သို့ ဂရုတစိုက်ပုန်းအောင်းနေခဲ့ရသည်။ အဲ့ဒီလောက်ထိ အစွမ်းထက်သည့်ကောင်းကင်ကိုယ်စားလှယ်တွေက အခုချိန်မှာ ကြွေလွင့်သွားခဲ့ပြီလား။
တစ်ဘက်တွင် ရှိနေသော သိချင်း၏ လှပသော မျက်နှာကလေးကလည်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ ကောင်းကင်ကိုယ်စားလှယ်တစ်ယောက် သေဆုံးသည့်အခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် သူတို့အတွက် ဝမ်းနည်းပူဆွေးလိမ့်မည်။ ထိုသူ၏ သေဆုံးခြင်းသတင်းစကားကို ကမ္ဘာလောကအသီးသီးသို့ ဖြန့်ဝေလိမ့်မည်။ မိုးကောင်းကင်ကိုယ်စားလှယ်များမှလွဲ၍ ကျန်ရစ်သော ကျင့်ကြံသူများသည် မိုးကောင်းကင်ကြီးကို ဤမျှလောက်ထိ ငိုကြွေးမြည်တမ်းစေရန် မစွမ်းဆောင်နိုင်ကြပါ။ ထိုအချိန်တုန်ုးက ထိုပုဂ္ဂိုလ်ကတော့ သေဆုံးသည့်အခါ၌ ကောင်းကင်ကို ကိုးဆယ့်ကိုးကြိမ်တိတိ ငိုကြွေးစေခဲ့ဖူးသည်။
ယဲ့မုချင်၏ လှပသောမျက်ဝန်းများသည် မှေးကျဥ်းသွားခဲ့ကာ သူမ၏ ဖြူသွယ်နူးညံ့သော ခန္ဓာကိုယ်ကလေးထံမှ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများထွက်ပေါ်လာကြသည်။ သူမ၏ နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးသန့်စင်သောလက်ကလေးများသည် ရုတ်တရက် ရွေ့လျားသွားခဲ့သည်။ သူမဟာ တစ်စုံတစ်ရာကိုတွက်ချက်နေခဲ့၏။
ဒါကိုမြင်တော့... အကျဥ်းသားယန်လုံသည် ယဲ့မုချင်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူက ယဲ့မုချင် ကံကြမ္မာကို တွက်ချက်ပြီးမှာအား စောင့်ဆိုင်းနေခဲ့လေသည်။
တစ်ချိန်တည်းမှာပဲ ဟုန်မန်နတ်ဘုရားဘုံလောကအတွင်း၌ ရှိနေကြသော တိတ်ဆိတ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားတို့အုပ်စုကလည်း မိုးကောင်းကင်၏ ငိုကြွေးမြည်တမ်းမှုကို တွေ့မြင်ခဲ့ရသည်။ သူတို့အားလုံးသည် မတတ်နိုင်ပဲ အရမ်းကိုပျော်ရွှင်နေကြ၏။
"ကောင်းပြီ!! ဝမ်ဖုန်းက အရိုးစုကိုသတ်ဖြတ်နိုင်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး... ဟားဟားဟား"
"ပျော်စရာကောင်းလိုက်လေခြင်း"
"အဲ့ဒီကောင်းကင်ကိုယ်စားလှယ်တွေက အရမ်းကိုမောက်မာထောင်လွှားလွန်းတာမလား... အခုတော့ သေကုန်ကြပြီမလား"
"ဟားဟားဟား... ငါတို့တွေ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ပုန်းကွယ်နေခဲ့ရပြီးပြီ ဒီနေ့ကတော့ အပျော်ရွှင်ဆုံးပဲဟေ့"
တိတ်ဆိတ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားတို့အုပ်စုသည် ကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်ကြသည်။ သူတို့၏ ပျော်ရွှင်မှုများကို မျက်ဝန်းများမှတစ်ဆင့်တွေ့မြင်နိုင်လေသည်။ စိတ်ဝိညာဥ်ကိုယ်ထည်သာရှိသော ထျန်းရွှမ်တာအိုအရှင်ကတောင် ဒီအချိန်၌ ပျော်ရွှင်မှုအရိပ်အယောင်များကို ဖော်ထုတ်နေခဲ့သည်။
"ဝမ်ဖုန်းမှာ ဒီလိုဝှက်ဖဲတစ်မျိုးရှိနေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး.. သူက အဲဲဒီကောင်ကို ချက်ချင်းကို သတ်ဖြတ်ခဲ့တာကွ.. ဝမ်ဖုန်းက ဒီအဖိုးကြီးအတွက် နောက်ဆုံးမှာတော့ လက်စားချေနိုင်ပြီ"
ထျန်းရွှမ်တာအိုအရှင်သည် တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူ၏စကားလုံးများအတွင်း၌ ခံစားချက်များ ကိန်းဝပ်နေခဲ့သည်။
ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးနောက် တိတ်ဆိတ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားတို့အုပ်စုသည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းအနက်ပိုင်း၌ အလင်းတန်းတစ်ခုရှိနေခဲ့ကြသည်။ သူတို့ရေချယ်မှုက မမှားယွင်းဘူးဆိုတာကို သူတို့သည်ခပ်ရေးရေးမျှ ခံစားခဲ့ရသည်။
သူတို့သည် မိုးကောင်းကင်ကိုယ်စားလှယ်များနှင့် နှစ်ကာလကြာရှည်စွာ တိုက်ခိုက်ခဲ့သော်လည်း တိတ်ဆိတ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားတို့ကတောင် မိုးကောင်းကင်ကိုယ်စားလှယ်များအဖွဲ့၏ အင်အားအကန့်အသတ်ကို မသိရှိထားကြပါ။ တစ်နည်းအားဖြင့် ပြောရပါလျှင် ထိုသူများ၏အရေအတွက်ကို သူတို့အားလုံး မသိကြပါချေ။
ထိုအချိန်က တိုက်ပွဲကြီးအတွင်း၌တောင် အရှင်သခင်နှင့် သူတို့လိုစွမ်းအားရှင်များ၏ ပေါင်းစုခွန်အားကတောင် ထိုလူတစ်စု၏ ပြိုင်ဘက်မဖြစ်နိုင်ခဲ့ပါ။ အဆုံးသတ်တွင် မိုးကောင်းကင်ကိုယ်စားလှယ်များကသာ သူတို့ကို အနိုင်ယူသွားခဲ့သည်။
သူတို့သည် ရှုံးနိမ့်မှုကြောင့် အကျပ်အတည်းများစွာကို ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်က ဧကရာဇ်အရှင်သည် သူ၏ကိုယ်ပိုင်အသက်ကို အသုံးပြု၍ မိုးကောင်းကင်ကိုယ်စားလှယ်အုပ်စုကို အကြီးအကျယ်ဆုံးရှုံးစေမည့်တိုက်ကွက်တစ်ကွက် ဖော်ထုတ်ခဲ့၍မဟုတ်ပါက သူတို့သည် ဒီအချိန်ထိတောင် အသက်ရှင်ခဲ့မှာမဟုတ်ပါ။!!
.....
ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်း၌ သိချင်းနှင့် အကျဥ်းသားယန်လုံတို့သည် ယဲ့မုချင်နှင့် နီးကပ်စွာ မတ်တတ်ရပ်နေခဲ့ကြသည်။ သူတို့၏ မျက်ဝန်းများအတွင်း၌ စူးစမ်းလိိုစိတ်များရှိနေကြသည်။ မိုးကောင်းကင်ကိုယ်စားလှယ်ကို ဘယ်သူကများ သတ်ဖြတ်လိုက်သလဲဆိုတာကို သူတို့အားလုံး သိလိုကြသည်။
ထိုကဲ့သို့ စွမ်းအားရှင်သည် သူတို့အတွက် ခွန်အားဖြစ်စေလိမ့်မည်။ ဒါ့အပြင် ထိုသူဟာ မိုးကောင်းကင်ကိုယ်စားလှယ်တစ်ယောက်ကို သတ်ဖြတ်ရဲသည်ဖြစ်ရာ ကောင်းကင်ကိုယ်စားလှယ်တစ်ယောက်နှင့် ရန်သူတစ်ယောက် ကျိန်းသေပေါက် ဖြစ်ရပေမည်။ ရန်သူ၏ရန်သူဟာ မိမိ၏ မိတ်ဆွေပင်မဟုတ်ပါလော။
"ဘုန်း!"
ဤအချိန်တွင် ယဲ့မုချင်၏မျက်လုံးများသည် ရုတ်တရက်ပွင့်လှစ်သွားခဲ့သည်။ သူမ၏မျက်လုံးများကလည်း ကံကြမ္မာတွက်ချက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူမ၏ လှပလွန်းသောမျက်နှာထက်တွင် ကမ္ဘာလောကကြီးကို တုန်လှုပ်စေသော အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူမ၏မျက်ဝန်းများသည် လခြမ်းကွေးသဏ္ဌာန်ကွေးညွတ်သွားခဲ့ချေသည်။
"ယဲ့မုချင်...နင်ဘာတွေကိုသိလိုက်ရလဲ... ဘာကိုပုန်းလျှိုးကွယ်လျှိုးလုပ်နေတာလဲ"
ယဲ့မုချင်၏ ပုံစံကိုတွေမြင်လိုက်ရသည့်အခါ တစ်ဘက်တွင်ရှိနေသော သိချင်းသည် အေးစက်စွာ နှာမှုတ်ပြောဆိုလိုက်သည်။
သူမဘေးတွင်ရှိနေသော အကျဥ်းသားယန်လုံကတောင် သိချင်းကိုရုတ်တရက်လှမ်းကြည့်လိုက်မိသည်။ သိချင်းက သူတို့အားလုံးအကြားတွင် အရှင်မအပေါ် မောက်မာစွာဆက်ဆံရဲသည့် တစ်ယောက်တည်းသောပုဂ္ဂိုလ်ဖြစ်သည်။ ဘယ်သူကများ ထို့လူ့ရဲ့ ဇနီးမယားကို မလေးမစားဆက်ဆံရဲမှာလဲ။
ဟုတ်တာပေါ့... သူတို့အားလုံးသည် ဝမ်ဖုန်းအပေါ်ထားရှိသော သိချင်း၏ ခံစားချက်များကို သိရှိကြသည်။ ထို့အတွက်ကြောင့် သိချင်းနှင့် ဖက်ပြိုင်၍ ရန်မဖြစ်ရဲကြပါ။
"အဲ့ဒါက ငါ့ရဲ့ယောင်္ကျားပဲ"
"သူ့ရဲ့ လက်အောက်ငယ်သားက ထျန်းရွှမ်တာအိုနန်းတော်ထဲမှာ ပိတ်မိနေတဲ့အရိုးစုကိုသတ်ဖြတ်ခဲ့တာ"
သိချင်း၏ ဘုနှင့်ဘောက်စကားများကိုကြားလိုက်ရသည့်အခါ ယဲ့မုချင်သည် ပြုံးရယ်လိုက်သည်။ သူမက သိချင်း၏ရန်လိုမှုကို လျစ်လျူရှုလျက် တိုးတိတ်စွာ ပြောဆိုခဲ့သည်။ သူမ၏ မျက်နှာထက်တွင်တော့ ဂုဏ်ယူဝံကြွားမှုများရှိနေခဲ့ပြီး အရိုးစုကို သူမကိုယ်တိုင် သတ်ဖြတ်ခဲ့ရသည့်အလား ထင်မှတ်ရချေသည်။
"အရှက်မဲ့လိုက်တာ!"
ယဲ့မုချင်၏ စကားကိုကြားလိုက်ရသည့်အခါ သိချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်လှုပ်သွား ခဲ့သည်။ သို့သော်လည်း သူမသည် အဘယ်သို့သော ထိတ်လန့်မှုကိုမှ မပြသခဲ့ပါ။ ထိုအစား သူမသည် ငါ့ရဲ့ယောင်္ကျားဟူသော ယဲ့မုချင်၏ စကားနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေခဲ့ကာ တိတ်ဆိတ်စွာ နှာမှုတ်လိုက်သည်။ သူမမျက်ဝန်းများအတွင်းရှိ မောက်မာမှုကိုကား ဖုံးကွယ်၍မရနိုင်ပါ။
တစ်ဘက်တွင်တော့ အကျဥ်းသားယန်လုံ၏ မျက်လုံးများသည် ပြူးကျယ်နေခဲ့ကာ သူ၏အမူအရာက မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ သူက ပါးစပ်ကိုဖွင့်ဟလျက် တစ်စုံတစ်ခုပြောဆိုချင်ခဲ့သော်လည်း အဆုံးမှာတော့ ဘာကိုမှမပြောနိုင်ခဲ့ပါ။