ထူးခြားမှုမှာထင်ရှား၍ အရှေ့တိုင်းဧကရာဇ် ဖြစ်ချေသည်
Vol. 48 Ch. 668
ဝမ်ဖုန်းက အရမ်းကိုကြောက်စရာကောင်းလိမ့်မည်ဟု အကျဥ်းသားယန်လုံသည် ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပါ။
အဲ့တာက ကောင်းကင်ကိုယ်စားလှယ်ကြီးလေ။
ကောင်းကင်ကိုယ်စားလှယ်များသည် မိုးကောင်းကင်နှင့်ကမ္ဘာမြေပြင်များကို အမှောင်ထုအတွင်းမှ အုပ်စိုးသူများဖြစ်ကြပြီး သူတို့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်ဝင်စားစေသူများလည်း ဖြစ်သည်။ အဂုအချိန်မှာတော့ သူတို့က ထိုသူများလက်မှ ပုန်းကွယ်နေရသည်။ သို့သော်လည်း ဝမ်ဖုန်းကတော့ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံမှုဖြင့် အရိုးစုကို သတ်ဖြတ်ခဲ့သည်။
အရိုးစုက ဖမ်းဆီးခံထားရရာမှ လွတ်မြောက်လာသေးသည်မှာ မကြာသေးသော်လည်း အရမ်းကိုကြောက်လန့်ဖွယ်ကောင်းနေဆဲသာ ဖြစ်၏။
ဤအချိန်တွင် ယဲ့မုချင်နဲ့အခြားသူများက ဝမ်ဖုန်းအပေါ် အဘယ့်ကြောင့် မျှော်လင့်ချက် ကြီးမားနေကြောင်းကို အကျဥ်းသားယန်လုံက သိရှိသွားခဲ့သည်။
ဝမ်ဖုန်းလိုလူတစ်ယောက်ကို လျို့ဝှက်ဆန်းကြယ်မှုဟူ၍သာ အမည်တပ်၍ ရနိုင်ပါသည်။
.....
" သေစမ်းကွာ ! "
လျို့ဝှက်ဆန်းကြယ်သောနေရာအသီးသီးတွင် ဟန်းလန်၊ ဝူနဲ့ အခြားသောကောင်းကင်ကိုယ်စားလှယ်များလည်း တစ်ယောက်ပြီးတစ်ယောက် ကြုံးဝါးအော်ဟစ်လိုက်ကြသည်။
ထိတ်လန့်စရာကောင်းသောအရှိန်အဟုန်သည် လျို့ဝှက်ဆန်းကြယ်သော နေရာကြီးတစ်ခုလုံးကို ခါယမ်းစေခဲ့ကာ အနီးဝန်းကျင်ရှိ ကြယ်စင်များသည် အက်ကွဲသွားခဲ့သည်။
အဆိုပါခြောက်ခြားစရာကောင်းသောစွမ်းအားကြီးသည် စင်္ကြာဝဠာကြီးတစ်ခုလုံးကို ခါယမ်းစေခဲ့ကာ ဟင်းလင်းပြင်သည် အချိန်မရွေး အက်ကွဲတော့မည့်အလား ဖြစ်နေခဲ့သည်။
သူတို့သည် အရိုးစု၏သေဆုံးခြင်းကို အာရုံခံမိခဲ့သည်။ သူတို့၏အမျက်ဒေါသများက မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာခဲ့ကာ ကောင်းကင်ယံထိတိုင် လွင့်ပျံတက်သွားခဲ့သည်။ သူတို့သည် အမျက်ဒေါ်သများကို မထိန်းချုပ်နိုင်ကြပါ။
ဤအချိန်တွင် သူတို့၏ဒေါသများက ဟိုယခင်တိုက်ပွဲအချိန်ကထက်တောင် ပို၍ပြင်းထန်နေခဲ့သည်။
ထိုတိုက်ပွဲကြီးအတွင်း၌ သူတို့သည် ကောင်းကင်ကိုယ်စားလှယ်များစွာကို ဆုံးရှုံးခဲ့ရသော်လည်း ၎င်းမှာ ထိုပုဂ္ဂိုလ်က အရမ်းကိုကြောက်စရာကောင်းလွန်း၍ ဖြစ်သည်။ ကောင်းကင်ကိုးဘုံနဲ့ အမျိုးမျိုးသောကမ္ဘာလောကအသီးသီးမှာတောင် ထိုသူ၏စွမ်းအားက နံပါတ်တစ်နေရာနဲ့ ထိုက်တန်ကြောင်းကို သူတို့ကတောင် ဝန်ခံရမှာ ဖြစ်သည်။
သို့သော်လည်း ဤအချိန်မှာတော့ ကောင်းကင်နှင့်ကမ္ဘာမြေပြင်တစ်ခွင်၌ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးနတ်ဘုရားတို့ကတောင် အမြှီးကျုံ့၍ ပုန်းကွယ်နေရသည်။သူတို့ဟာ ကမ္ဘာလောကကြီးများကို အကြွင်းမဲ့အုပ်စိုးနိုင်သည်ဟူ၍တောင် ပြောဆို၍ ရနိုင်သည်။ ဤကဲ့သို့အခြေအနေတွင် သူတို့၏ညီအစ်ကိုက လူတစ်ယောက်၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူတို့ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမလဲ။
" လူတိုင်းပဲ! ဒီအကိုကြီးကို ကူညီကြစမ်းပါဦး။ငါတို့ရဲ့ညီအစ်ကိုကို ဘယ်ကောင်ကများ ထိရဲသလဲဆိုတာ ဒီအကိုကြီးက သိချင်မိတယ်။ "
လျို့ဝှက်ဆန်းကြယ်သောနေရာအတွင်း၌ ဝူသည် တင်ပျဥ်ချိတ်၍ထိုင်နေခဲ့ကာ မျက်ဝန်းကိုဖိမှိတ်လျက် ရေရွက်ပြောဆိုလိုက်သည်။
အဆိုပါစကားလုံးများသည် လျို့ဝှက်ဆန်းကြယ်သောနယ်မြေတစ်ခွင် ဟိန်းထွက်သွားခဲ့သည်။ ဒါတင်မကသေးဘဲ ယင်းစကားလုံးများသည် အချိန်နဲ့အာကာပြင်ကိုဖြတ်သန်း၍ ကမ္ဘာ့နေရာအနှံ့အပြားအသီးသီး၌ ပျံ့ကြဲနေကြသော ကောင်းကင်ကိုယ်စားလှယ်များ၏ နားစည်အတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။
ဝူ၏စကားကိုကြားလိုက်ရသည့်အခါ ဟန်းလန်နှင့်ကောင်းကင်ကိုယ်စားလှယ်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက်ခေါင်းညိတ်လိုက်ကြကာ တင်ပျဥ်ချိတ်ထိုင်လိုက်ကြသည်။ သူတို့၏မျက်ဝန်းများက တင်းကြပ်စွာ ဖိပိတ်ထားခဲ့သည်။ လျို့ဝှက်ဆန်းကြယ်သောအရှိန်အဝါများသည် ရုတ်တရက်ဆိုသလို သူတို့ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။
ယင်းလျို့ဝှက်ဆန်းကြယ်သောအရှိန်အဝါများသည် အချိန်နဲ့အာကာပြင်ကိုဖြတ်သန်း၍ ဝူ၏ခန္ဓာကိုယ်ရှိရာသို့ ဝင်ရောက်သွားခဲ့ကြသည်။ ဝူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အပြင်းအထန်တုန်ခါသွားခဲ့သည်။
" ဘုန်း...! "
ခြောက်ခြားစရာအရှိန်အဝါကြီးသည် ဝူ၏ခန္ဓာကိုယ်မှပေါက်ကွဲထွက်လာခဲ့ကာ လျို့ဝှက်ဆန်းကြယ်သောနေရာကြီးတစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့သည်။ အဆိုပါလျို့ဝှက်ဆန်းကြယ်သောနေရာကြီးသည် အဆက်မပြတ် တုန်ခါလာခဲ့သည်။ တချိန်တည်းမှာပင် ဝူ၏လက်ချောင်းများသည် ရွေ့လျား၍ အလျှင်အမြန် တွက်ချက်နေခဲ့သည်။
ကံတရားသည် အရမ်းကိုရှုပ်ထွေးဆန်းကြယ်နေခဲ့ကာ ထွင်းဖောက်တွေ့မြင်ရန်ကား မဖြစ်နိုင်ခဲ့ပါ။ ဝူက ကံတရား၏ချိတ်စည်းကို တဖြည်းဖြည်းချင်း ဖြေရှင်းနေခဲ့သည်။ ဝူ၏ခန္ဓာကိုယ်မှ ကံတရားသင်္ကေတများသည် တစ်ခုပြီးတစ်ခု ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ အဆိုပါသင်္ကေတများသည် ဝူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ဝူ၏ထိန်းချုပ်မှုအောက်တွင် ၎င်းသင်္ကေတများသည် သူ၏ပတ်ပတ်လည်၌ အစီအစဥ်တကျ လှည့်ပတ်နေခဲ့ကြကာ ကြီးမားသောရှစ်ထောင့်ကြယ်ပုံသဏ္ဍာန်အစီအရင်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ဝူသည် အစီအရင်ကြီး၏ဗဟိုချက်၌ရှိနေခဲ့သည်။
" ဘုန်း...! "
ဤရှစ်ထောင့်ကြယ်ပုံသဏ္ဍာန်ကားချပ်ကြီးထွက်ပေါ်လာသည်နဲ့တပြိုင်နက် လျို့ဝှက်ဆန်းကြယ်သောအရှိန်အဟုန်ကြီးကလည်း ၎င်းရုပ်ပုံကြီးထံမှ ထွက်ပေါ်လာခဲ့ကာ လျို့ဝှက်ဆန်းကြယ်သောနေရာကြီးကို ခါယမ်းသွားစေခဲ့သည်။ ရုပ်ပုံကားချပ်ကြီးထံမှ ပိုမိုများပြားသောသင်္ကေတများသည် ထွက်ပေါ်လာခဲ့သည်။ အဆိုပါသင်္ကေတများသည် အစီအစဥ်တကျဖြင့် တစ်ခုနဲ့တစ်ခုချိတ်ဆက်သွားခဲ့ကာ အရပ်မျက်နှာတစ်ခုထံသို့ ညွှန်ပြနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ထျန်းရွှမ်တာအိုနန်းတော်ကြီးနယ်နမိတ်အတွင်း၌ ဖြစ်သည်။
အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် လေထုအတွင်း၌ မတ်တပ်ရပ်နေခဲ့ကာ သူ၏ခန္ဓာကိုယ်ထံမှ နေမင်းတစ်စင်းကဲ့သို့ အရှိန်အဝါများကို ဖော်ထုတ်နေခဲ့သည်။ဝမ်ဖုန်းနဲ့အခြားသူများသည် ထိတ်လန့်သွားခဲ့သည်။
" ဘုန်း.....! "
ထိုအချိန်၌ အနက်ရောင်တိမ်စိုင်တိမ်တိုက်များ ရုတ်တရက် စုဝေးလာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ မူလက ကြည်လင်သန့်စင်နေသော ကောင်းကင်ကြီးသည် ရုတ်တရက်မှိန်ဖျော့သွားခဲ့ကာ တာအိုနန်းတော်ကြီးသည် အမှောင်အတိ ပြီးသွားခဲ့သည်။
ထိုကဲ့သို့မူမမှန်မှုက အရှေ့တိုင်းဧကရာဇ်ထိုက်ရိကိုသာမက ဝမ်ဖုန်းနဲ့အခြားသူများကိုပါ မော့ကြည့်မိစေခဲ့သည်။
အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ သားရဲမျက်ဝန်းများအတွင်း၌ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်တောက်ပနေခဲ့သည်။ သူ့မျက်ဝန်းအိမ်အတွင်းရှိ အဆိုပါရွှေရောင်အလင်းတန်းသည် တိမ်စိုင်တိမ်တိုက်များကိုဖြတ်ကျော်၍ လျို့ဝှက်ဆန်းကြယ်မှုတစ်ခုကို ဖောက်ထွင်းမြင်ခဲ့ရပုံ ပေါ်သည်။
အရှေ့တိုင်းဧကရာဇ်ထိုက်ရိကို ပဟေဠိဖြစ်သွားစေသည်က တိမ်စိုင်တိမ်တိုက်၏အကြား၌ ဘာမှရှိမနေခဲ့ပါ။ ၎င်းတိမ်စိုင်တိမ်တိုက်များသည် မတော်တဆမှုတစ်ခုကြောင့် ဖြစ်ပေါ်လာခဲ့သည့်အလား ဖြစ်နေခဲ့သည်။ သို့သော်လည်း အရှေ့တိုင်းဧကရာဇ်ထိုက်ရိနဲ့ ဝမ်ဖုန်းတို့အားလုံးသည် အဆိုပါအနက်ရောက်တိမ်စိုင်များထံမှ ထွက်ပေါ်နေသောစွမ်းအားကို ခံစားခဲ့ကြရသည်။
ဝမ်ဖုန်း၏မျက်နှာသည် တည်ကြည်သွားခဲ့ကာ သူသည် ကောင်းကင်အထက်၌ရှိနေသော တိမ်မဲများကို စူးစူးရဲရဲစိုက်ကြည့်ခဲ့သည်။ သူ့ကိုစက်စုပ်ရွံ့ရှာစေသောအရှိန်အဝါတစ်ခုသည် ၎င်းအမဲရောင်တိမ်စိုင်များအတွင်းမှ ထွက်ပေါ်နေကြောင်းကို ဝမ်ဖုန်းသည် အကြမ်းဖျင်းမျှ ခံစားခဲ့ရသည်။
သို့သော်လည်း သူဘယ်လောက်ဘဲရှာဖွေပါစေ တိမ်စိုင်တိမ်တိုက်များအတွင်း၌ ရှိနေသည့်အရာကိုတော့ အာရုံမခံနိုင်ခဲ့ပါ။
" ဘုန်း.....! "
ဝမ်ဖုန်းနဲ့အခြားသူများ တွေးဆနေစဥ်တွင် ကောင်းကင်အထက်ရှိ အနက်ရောင်တိမ်စိုင်တိမ်တိုက်များသည် ရုတ်တရက်ဆိုသလို ဧရာမမျက်နှာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရွှေရောင်မျက်ဝန်းတစ်စုံသည် ဧရာမမျက်နှာကြီးထံမှ အောက်ဖက်သို့ ငုံ့မိုးကြည့်ရှူနေခဲ့သည်။ ၎င်းမျက်ဝန်းများသည် နတ်ဘုရား၏မျက်ဝန်းများအလား ဖြစ်နေခဲ့ကာ အဆုံးအစမဲ့သော ခမ်းနားကြီးကျယ်မှုနဲ့ တည်ကြည်မှုတို့ကို သယ်ဆောင်ထားခဲ့သည်။
အဆိုပါမျက်ဝန်းတစ်စုံ၏အကြည့်ကျရောက်လာသည့်အခါ အလွန်အမင်းပြင်းထန်သောအရှိန်အဟုန်များကလည်း ကောင်းကင်ထက်မှ ပြိုဆင်းလာခဲ့သည်။ ၎င်းမှာ ဘီလီယံပေါင်းထောင်ချီမြင့်မားသော တောင်တန်းကြီးကဲ့သို့ ဝမ်ဖုန်းတို့အားလုံးကို ဖိနှိပ်ထားခဲ့သည်။ ဝမ်ဖုန်းတို့၏ခန္ဓာကိုယ်များသည် တုန်ယင်နေခြင်းကို မရပ်တန့်နိုင်တော့ပါ။ သူတို့၏နဖူးများ၌ ချွေးများစုပြုံထွက်လာခဲ့ပြီး စိတ်ဝိညာဥ်ကိုယ်ထည်ကပါ တုန်ယင်သွားခဲ့သည်။
" ဘုန်း....! "
အရိုးအက်ကွဲသံများသည် ဝမ်ဖုန်းတို့အုပ်စု၏ခန္ဓာကိုယ်များထံမှ ထွက်ပေါ်လာခဲ့သည်။ သူတို့အတွင်းရှိအရိုးများသည် ဤဖိအား၏အောက်တွင် တိုက်ရိုက်ကိုကြေမွပျက်စီးသွားခဲ့သည်။နှလုံးသားအတွင်းမှလှိုက်တက်လာသော အဆုံးအစမဲ့သည့် နာကြင်မှုကြောင့် ဝမ်ဖုန်းတို့အားလုံး၏အမူအရာများသည် ဖြူဖက်ဖြူလျော် ဖြစ်သွားကြသည်။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ကာကွယ်ပေးမှုအောက်မှာတောင် သူတို့သည် အဆိုပါအရှိန်အဝါကြီးကို ကြံ့ကြံ့မခံနိုင်ခဲ့ပါ။
အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏အကာအကွယ်ကြောင့်သာမဟုတ်ပါက သူတို့၏ခန္ဓာကိုယ်များသည် အပိုင်းပိုင်းအစစ ပြတ်တောက်သွားပြီ ဖြစ်ပေလိမ့်မည်။
" အဟက်..."
အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် မျက်ဝန်းများကိုမှေးကျဥ်းလိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ကျယ်ပြောနက်ရှိုင်းသောစွမ်းအားများ ထွက်ပေါ်လာခဲ့ကာ ထိတ်လန့်ဖွယ်ကောင်းသောအရှိန်အဝါကြီးကို ခုခံတားဆီးခဲ့သည်။
" ပုရွက်ဆိတ်လေးတွေ မင်းတို့က ငါရဲ့ညီနောင်ကို သတ်ဖြတ်ရဲတယ်လား။ "
ခမ်းနားထည်ဝါသောအသံကြီးသည် ကောင်းကင်တစ်ခွင် ဟိန်းထွက်သွားခဲ့သည်။ အဆိုပါအသံကြီး၏ကြား၌ နတ်ဘုရား၏စီရင်ချက်ကဲ့သို့ အဆုံးအစမဲ့သောစွမ်းအင်များ ကိန်းဝပ်နေခဲ့သည်။၎င်းအသံလှိုင်းကြီးနဲ့အတူ ပို၍ပြင်းထန်သောအရှိန်အဟုန်များသည် ဧရာမမျက်နှာကြီးထံမှ ပြိုဆင်းလာခဲ့ကာ အရှေ့တိုင်းဧကရာဇ်ထိုက်ရိကိုဦးတည်၍ ဖိနှိပ်ချလိုက်သည်။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိပတ်ပတ်လည်ရှိ အရှိန်အဝါများသည် မတည်မငြိမ်ဖြစ်လာခဲ့သည်။
၎င်းစွမ်းအင်ဖိအားကို ခံစားလိုက်ရသည့်အခါ ဧကရာဇ်ထိုက်ရိ၏မျက်နှာပေါ်၌ တည်ကြည်လေးနက်သောအမူအရာတစ်ခု ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း သူဟာ အဘယ်သို့သောကြောက်လန့်မှုကိုမှ ဖော်မပြခဲ့ပါ။ သူ၏မာနတရားများက ပို၍တောင် သန်မာအားကောင်းလာခဲ့သေးသည်။
မယှဥ်သာနိုင်လောက်အောင် ဂုဏ်သတင်းကြီးမားသော ဧကရာဇ်တစ်ပါးဖြစ်သည်နဲ့အညီ ဧကရာဇ်ထိုက်ရိ၏မာန်မာနသည် ပြိုင်ဖက်ကင်းဖြစ်ချေသည်။ ကမ္ဘာလောကကြီးတစ်ခုလုံးက သူ့အပေါ် မမျှမတဆက်ဆံပါက သူသည် ကမ္ဘာလောကကြီးကိုတောင် ကန့်လန့်တိုက်ဖျက်စီးပစ်မှာ ဖြစ်သည်။
" ခန္ဓာကိုယ်အစစ်ကိုတောင် မပြသရဲတဲ့ မင်းလိုကြွက်စုတ်တစ်ကောင်က ဒီဧကရာဇ်နဲ့စကားပြောဖို့ ထိုက်တန်ရဲ့လား။ "
အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် ကောင်းကင်ကိုမော့ကြည့်လျက် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
မိုးကြိုးပစ်သံကဲ့သို့အသံကြီးသည် ထျန်းရွှမ်တာအိုနန်းတော်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းအသံလှိုင်းကြီးနဲ့အတူ ပိုမိုပြင်းထန်သောစွမ်းအားများသည် ဧကရာဇ်ထိုက်ရိထံမှ ထွက်ပေါ်လာခဲ့ကာ ဧရာမမျက်နှာကြီး၏အရှိန်အဝါများနဲ့ ထိုက်တိုက်တွေ့ဆုံခဲ့သည်။
ဤအချိန်တွင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် သူ၏ယခင်အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားခဲ့ပုံပေါ်သည်။ သူသည် ကောင်းကင်ဘုံခုံရုံး၏ဧကရာဇ်တစ်ပါးထံမှ သန့်စင်သောအရှိန်အဝါများကို အပြည့်အဝ ဖော်ထုတ်နေခဲ့သည် !