← Chapters

မိန်းကလေးနှင့်ဘုန်းတော်ကြီး

Vol. 48 Ch. 671

မိန်းကလေးနှင့်ဘုန်းတော်ကြီး

Vol. 48 Ch. 671

ဘုန်း!

ထျန်းရွှမ်တာ့အိုနန်းတော်နယ်မြေပြီးနောက် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ ရွှမ်ယန်တောင်တန်း၌ ကျယ်လောင်လှစွာသော အသံကြီးမြည်ဟီးလာခဲ့သည်။ တောင်တန်းတစ်ခုလုံးမှာ မြေနဂါးကြီးနိုးထလာသကဲ့သို့ အဆက်မပြတ်တုန်ခါနေလျက် မြင့်သွန်းသောတောင်ထွဋ်များ ပြိုကျကုန်ကြလေရာ မြေဆီလွှာများအလွှာလိုက်ပြိုကျနေသောကြောင့် ကောင်းကင်တစ်ပြင်လုံးမှာ ဖုန်မှုန့်လုံးများဖြင့် ပြည့်နှက်သွားတော့သည်။

ရွှမ်ယန်တောင်တန်းတွင် တည်ရှိနေသော မီးလျံနီကောင်းကင်နန်းတော်နှင့် အနက်ရောင်ဆန်းကြယ်ကောင်းကင်နန်းတော်တို့သည်လည်း သက်ရောက်မှုခံရလေသည်။ မရေမတွက်နိုင်သော စွမ်းအားမြင့်ကျင့်ကြံသူများ၊ ကြောက်မက်ဖွယ်တည်ရှိမှုကြီးများသည် ကောင်းကင်သို့ပျံတက်၍ ‌ရွှမ်ယန်တောင်တန်းတစ်ခုလုံးကို စစ်ဆေးကြသည်။ သူတို့၏မျက်နှာအမူအရာတို့မှာ မသေချာမရေရာခြင်းကြောင့် ရှုပ်ထွေးနေကြ၏။

“ဘာဖြစ်သွားတာလဲ?”

“ဟေး! အဲဒီ့စွမ်းအင်က ဘာကြီးလဲ?”

“ဘုရားသခင်!”

ကောင်းကင်နန်းတော်ကြီးနှစ်ခု၏ကျင့်ကြံသူများ၊ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်ပြောဆိုနေကြလေသည်။ ကြောက်ခမန်းလိလိသောအရှိန်အဝါသည် သူတို့အားလုံးကို လွှမ်းခြုံနေကြ၏။ သူတို့သည် စွမ်းအားမြင့်ကျင့်ကြံသူများဖြစ်ကြသည့်တိုင် နှလုံးအိမ်တုန်လှုပ်သွားခဲ့ကြပြီး ဝိဥာဉ်ဆုတ်ဖြဲခံရသည့်အလား မထိန်းချုပ်နိုင်စွာတုန်ယင်နေကြသည်။

ဖြစ်ပျက်နေသည့်မြင်ကွင်းများကို တွေးတောမိသည်တွင် ကောင်းကင်နန်းတော်နှစ်ခု၏ကျင့်ကြံသူများမှာ မျက်မှောင်ကြုတ်မိသွားရသည်။ ကြောက်ရွံ့ထိတ်လန့်မှုအချို့လည်း မျက်နှာထက်တွင် ထင်ဟပ်သွားရသည်။

“အဲဒီ့နယ်မြေကြီး ပျက်စီးသွားတာလား?”

“ခုနကအဖြစ်အပျက်က အဲဒီ့နယ်မြေကြောင့် ဖြစ်ပေါ်လာတာလား”

ကောင်းကင်နန်းတော်နှစ်ခု၏ကျင့်ကြံသူများသည် မူမမှန်သည့်အခြေအနေများကို ရှာဖွေတွေ့ရှိခဲ့ကြပြီး အံ့အားသင့်ကုန်ကြ၏။ သို့သော် မည်မျှစုံစမ်းသည်ဖြစ်စေ အကြောင်းရင်းကို ရှာမတွေ့နိုင်ကြချေ။

ကောင်းကင်နန်းတော်နှစ်ခု၏ ကျင့်ကြံသူများသည် သူတို့၏အင်အားကြီးမားသောကျင့်ကြံဆင့်ကို အမှီပြု၍ ထျန်းရွှမ်တာ့အိုနန်းးတော်နယ်မြေအတွင်းရှိ အခြေအနေပြောင်းလဲမှုများကို ဝင်ရောက်စုံစမ်းစစ်ဆေးလိုကြသည်။ သို့သော် နယ်မြေအတွင်းသို့ မဝင်ရောက်နိုင်မီ၌ပင် တိုက်ခိုက်ဖျက်ဆီးစွမ်းအင်တစ်ခု၏ ရိုက်ခတ်ခြင်းခံလိုက်ရပြီး လွင့်ထွက်သွားကြရလေသည်။

အင်မော်တယ်အင်ပါယာအဆင့်သို့ ရောက်ရှိပြီးဖြစ်သော ကောင်းကင်နန်းတော်နှစ်ခု၏ ဘိုးဘေးများပင်လျှင် ၎င်းတိုက်ခိုက်ဖျက်ဆီးစွမ်းအင်ကို ခုခံနိုင်စွမ်းမရှိကြပေ။ ရုတ်ချည်း ထိတ်လန့်တုန်လှုပ်ကုန်ကြလျက် နယ်မြေအတွင်းသို့ မဝင်ရောက်ဝံ့ကြတော့ပေ။

တောင်များပြိုလဲပျက်စီးခြင်းသည် ကောင်းကင်နန်းတော်နှစ်ခုအတွက် ပဟေဠိဖြစ်နေခဲ့ကြပြီး ကောင်းကင်နန်းတော်နှစ်ခု၏ဆက်ဆံရေးကိုလည်း ပိုမိုဆိုးရွားသွားစေခဲ့သည်။

…

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ထာဝရညဉ့်ယံမြို့၌

ထာဝရညဉ့်ယံမြို့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တွင် အထူးခြားဆုံးသောမြို့ဖြစ်သည်။ မူလက သက်ဝင်စည်ကားခဲ့သောမြို့တော်ဖြစ်ပြီး အကြီးမားဆုံးသောကုန်သွယ်ရေးမြို့တော်ဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်တစ်သောင်းက ကြောက်ခမန်းလိလိသော စစ်ပွဲကြီးဖြစ်ပွားခဲ့ပြီး သက်ဝင်အစည်ကားဆုံးသော မြို့တော်မှသည် ဖရိုဖရဲအဖြစ်ဆုံးသောမြို့အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤမြို့ထဲ၌ သတ်ဖြတ်ခြင်းဟူသည် သာမန်ကိစ္စရပ်ဖြစ်၏။

ညအချိန်ကျရောက်သည်နှင့် အမဲလိုက်ချိန်ကျရောက်ပြီဖြစ်ပြီး ထာဝရညဉ့်ယံဟူသောအမည်သည်လည်း ဤအကြောင်းအရာမှ ဆင်းသက်လာခြင်းဖြစ်သည်။

ယေဘုယျအားဖြင့်ခြုံငုံလိုက်လျှင် အင်အားစုကြီးတစ်စုကို ပြစ်မှားစော်ကားခဲ့သောကျင့်ကြံသူများ သို့မဟုတ် အလွန်ဆိုးယုတ်သောကျင့်ကြံသူများ၊ အင်အားစုကြီးများအား ပြစ်မှားစော်ကားမိမည်ကို ကြောက်ရွံ့သူများသည် ထာဝရညဉ့်ယံမြို့သို့ သွားရောက်နေထိုင်ကြသည်။ ဤမြို့၌ မည်သည့်အင်အားစု၏ အာဏာစက်သော်မျှ မသက်ရောက်ပေ။

ဤမြို့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ အင်အားစုများအားလုံး၏ စွန့်ပစ်ခြင်းခံထားရသည်ဟု ထင်မှတ်ရ၏။ ထို့ပြင် အင်အားစုများအားလုံးမှ မြို့အား ဦးဆောင်ခွင့်ရရှိရန်အတွက် ယှဉ်ပြိုင်နေကြသည်ဟုလည်း ထင်မှတ်ရနိုင်သည်။ သို့သော် မတိုးသာမဆုတ်သာအခြေအနေအောက်၌ ဤမြို့သည် အဘယ်အခါမျှ တစ်ဦးတစ်ယောက်၏ထိန်းချုပ်မှုခံရဖူးခြင်းမရှိပေ။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံးမှ ဖရိုဖရဲဖြစ်နေသောမြို့အဖြစ် သတ်မှတ်ခြင်းကိုသာ ခံခဲ့ရပေသည်။

ထာဝရညဉ့်ယံမြို့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ အလယ်ဗဟို၌ တည်ရှိခြင်းဖြစ်သည်။ မြောက်များစွာသောအင်အားစုများ၏ ဆုံရပ်ဖြစ်ပြီး အင်အားစုများအကြား ထိပ်တိုက်ရင်ဆိုင်မတွေ့ကြစေရန် ကြားခံနယ်မြေလည်းဖြစ်သည်။ အင်အားစုများ တစ်စုနှင့်တစ်စု တိုက်ခိုက်ကြသည်နှင့် ပထမဦးစွာ ဒုက္ခခံစားရသည်မှာ ထာဝရညဉ့်ယံမြို့ဖြစ်ပေသည်။

လွန်ခဲ့သည့်နှစ်တစ်သောင်းအတွင်း၌ မြောက်များစွာသော ရက်စက်ယုတ်မာသည့်ကျင့်ကြံသူများသည် ထာဝရညဉ့်ယံမြို့သို့ စီးဝင်လာခဲ့ကြပြီး ထာဝရညဉ့်ယံမြို့၏ ပုန်းကွယ်နေသည့်နဂါးများ၊ ညှိုးရော်နေသည့်ကျားများကို ထွက်ပေါ်လာစေခဲ့သည်။ မြို့သည် ဆန္ဒအလျောက်ခြယ်လှယ်နိုင်သည့် မြို့တစ်မြို့မဟုတ်တော့ပေ။ အဆုံးစွန်သောအင်အားကြီးစွမ်းအင်ကြီးဖြစ်လျှင်သော်မှ ထာဝရညဉ့်ယံမြို့အား အလွယ်တကူ မပြစ်မှားနိုင်ချေ။

လက်ရှိကာလများ၏ ထာဝရညဉ့်ယံမြို့သည် ဆိုးယုတ်သောကျင့်ကြံသူများနှင့် ပေါ့ပျက်ပျက်သောကျင့်ကြံသူများ၏ သုခဘုံဖြစ်လာခဲ့သည်။ အင်အားစုများသို့ဝင်ရောက်ခြင်းထက် ထာဝရညဉ့်ယံမြို့သို့ ဝင်ရောက်ခြင်းက ပိုကောင်းသည်ဟူသော ကောလာဟလများပင်ရှိလေသည်။

ထာဝရညဉ့်ယံမြို့အပြင်ဘက်ရှိ ကျယ်ပြန့်သည့်တောင်တန်းကို ထာဝရညဉ့်ယံတောင်တန်းဟုခေါ်သည်။ ၎င်းသည် ထာဝရညဉ့်ယံမြို့ကို သီးသန့်ပိုင်းခြားပေးထားခြင်းလည်းဖြစ်၏။ ထာဝရညဉ့်ယံမြို့ကို ကာကွယ်ပေးနေသည့်တံတိုင်းကြီးကဲ့သို့ အပြင်ဘက်ရှိ အင်အားစုကြီးများနှင့် ပိုင်းခြားပေးထားသည်။

“ဆင့်ခေါ်”

ထူထပ်သိပ်သည်းသော တောင်တောအုပ်ကြီးထဲ၌ လေဟာပြင်ကျိုးပျက်သံကြီး မြည်ဟီးသွားသည်။ ဗြောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် လှပတင့်တယ်သောအမျိုးသမီးတစ်ဦး ရှေ့သို့တစ်ဟုန်ထိုးပြေးလွှားသည်။

တစ်ချက်တစ်ချက် ထွက်ပေါ်လာသည့် နှင်းဖြူရောင်အသားအရေသည် မြင်ရသူအပေါင်းကို အတွေးစိတ်ကူးထဲမျောလွင့်သွားစေနိုင်သည်မှာ မည်သူမျှ မငြင်းဆန်နိုင်သော အလှတရားဖြစ်ပေသည်။

ဘုန်း!

ထိုအမျိုးသမီးသည် သစ်ပင်ကြီးတစ်ပင်သို့ ခုန်ကူးခဲ့ပြီး နောက်တစ်ကြိမ်ထပ်မံခုန်ကူးတော့မည်တွင် ခန္ဓာကိုယ်သည် တစ်စုံတစ်ခုနှင့်ခလုတ်တိုက်မိသည့်အလား အနီးရှိ ပင်စည်နှင့်ရိုက်မိသွားခဲ့ပြီး အသံကျယ်ကြီးထွက်ပေါ်လာခဲ့သည်။ အပင်ထက်မှ သစ်ရွက်များစွာလည်း ကြွေကျသွားခဲ့သည်။

“ဘာလဲဟ”

အမျိုးသမီးသည် သစ်ပင်,ပင်စည်နှင့်တိုက်မိသွားပြီး စိတ်မကျေမနပ်ဖြင့် မြည်တမ်းလိုက်သည်။ ကြွပ်ဆတ်ဆတ်သောအသံသည် နက်ဝါငှက်ကျားလေးကဲ့သို့ ကြည်လင်သည်။ အလွန်တရာ သာယာနာပျော်ဖွယ်ကောင်းသော်ငြား စကားလုံးများမှ စိုးရိမ်ထိတ်လန့်ခြင်းကိုမူ မဖုံးကွယ်နိုင်ချေ။

အလျင်စလို ပြေးထွက်လာခဲ့ခြင်းကြောင့် မဟုတ်ခဲ့လျှင် ဂုဏ်ထူးဆောင်ဧကရာဇ်အဆင့်ကျင့်ကြံသူသည် အဘယ်သို့များ ဤသို့ပင်စည်နှင့်ဝင်တိုက်မိနိုင်အံ့နည်း။

အဘယ်အရာကြောင့် ပင်စည်နှင့်တိုက်မိသွားခဲ့ရသည်ကို သိရှိရန်အလို့ငှာ အမျိုးသမီးသည် နောက်လှည့်ကြည့်လိုက်သည်။ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် အမျိုးသမီးမှာ လန့်ဖျပ်သွားရ၏။ သူမ တိုက်မိသွားသည့် ပင်စည်ဘေးတွင် တစ်ကိုယ်လုံးသွေးများဖုံးလွှမ်းနေသည့် လူငယ်လေးတစ်ဦးလဲကျနေသည်။

လူငယ်လေး၏ဝတ်ရုံသည် စုတ်ပြဲနေလျက် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့်ပြည့်နှက်နေသည်။ တိုက်ပွဲတစ်ခုခုကို ကြုံတွေ့ခဲ့ရသည့်အလား ပင်စည်ဘေးတွင် သတိလစ်နေလေသည်။

“ငါယင်ကော်က ကျင့်ကြံသူမိတ်ဆွေနဲ့ ကြုံတွေ့ရလိမ့်ဦးမယ်လို့ မျှော်လင့်ထားခဲ့ဘူးပဲ”

လူငယ်လေး၏ သနားဖွယ်သော အသွင်အပြင်ကိုမြင်တွေ့လိုက်သောအခါ ယင်ကော်၏မျက်နှာလှလှလေးထက်တွင် ခါးသက်သောအပြုံးတစ်ခု ဖြစ်တည်လာခဲ့ပြီး တီးတိုးရေရွတ်၏။

သူမသည်လည်း နောက်မှအလိုက်ခံနေရသည်ဖြစ်ပြီး ထွက်ပြေးနေရသည့်အခြေအနေဖြစ်သည်။ ဤလူငယ်နှင့် ဆုံတွေ့ရချိန်တွင်လည်း သတိလက်လွတ်ဖြင့် သစ်ပင်ပင်စည်နှင့်ရိုက်မိခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့သေးသည်။

“ကျွန်မရဲ့ လက်ရှိအခြေအနေက ကိုယ့်ကိုယ်ကိုတောင် ဂရုစိုက်နိုင်တဲ့အခြေအနေဟုတ်မနေဘူး။ ဒီက ကျင့်ကြံသူမိတ်ဆွေရေ စိတ်မကောင်းပါဘူး။ ရှင် ကိုယ့်ကိုယ်ကိုပဲ အားကိုးရတော့မယ်”

ယင်ကော်သည် လက်သီးတင်းတင်းဆုပ်လျက် လူငယ်လေးကို ရှောင်ဖယ်ထားလိုခဲ့သည်။ သို့သော် နောက်ဆုံးတွင်တော့ အံတင်းတင်းကြိတ်၍ လူငယ်လေးကို ကျောတွင်သယ်ပိုးကာ အလင်းတစ်စဖြင့် အဝေးသို့ထွက်သွားခဲ့သည်။

ကျင့်ကြံရေးလောကဟူသည် ရက်စက်ကြမ်းကြုတ်သော ကမ္ဘာလောကဖြစ်၏။ ကယ်တင်မခံရသည်မှာ ပုံမှန်ဖြစ်သည်။

သို့သော် ယင်ကော်သည် အဆုံးသတ်တွင်တော့ သူမ၏နှလုံးသားကို မလွန်ဆန်နိုင်ခဲ့ပေ။

သူမကိုယ်တိုင်၏ဘဝသည် သနားချင့်ဖွယ်ဖြစ်နေသည့်တိုင် စိတ်နှလုံးကောင်းမွန်၏။ သူမ၏မျက်လုံးရှေ့၌ မမြင်တွေ့ရလျှင် အဆင်ပြေ၏ သို့မဟုတ် ထိုလူငယ်သည် သေဆုံးပြီးဖြစ်ပါကလည်း အဆင်ပြေသေးသည်။ သို့သော် ထိုလူငယ်သည် အသက်ရှင်လျက်ဖြင့် ဒုက္ခတွေ့နေသည်ဖြစ်ရာ သူမမှာ ကူကယ်ရာမဲ့သွားရသည်။ ၎င်းသည် သူမ၏အသိစိတ်ကို ပြင်းပြင်းထန်ထန် သက်ရောက်လေသည်။

“ဆင့်ခေါ်”

၁၅မိနစ်ခန့်ကြာမြင့်ပြီးနောက်၌ ယင်ကော်နှင့် သတိလစ်မေ့မြောနေသောလူငယ်တို့ ရှိနေခဲ့ဖူးသည့် သစ်ပင်သို့ လူတစ်ယောက်ရောက်လာခဲ့သည်။

ထိုလူသည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်တို့ဖြင့် ချောမောခန့်ငြားသော ထူးဆန်းသည့်ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ သူ၏မျက်နှာထက်ရှိ မျဉ်းကြောင်းများသည် ဓားပြတ်ရှရာများကဲ့သို့ တည်ရှိနေကာ ယောကျာ်းဆန်ဆန်ဖြောင့်တောင့်သော ခံစားချက်မျိုးဖြစ်သည်။

ခပ်ဖျော့ဖျော့ပြုံးရိပ်သန်းနေသောမျက်နှာသည် အလွန်တရာနှစ်လိုဖွယ်ဆွဲဆောင်မှုရှိလေရာ များစွာသော အမျိုးသမီးငယ်လေးများကို ဆွဲဆောင်ရန်လုံလောက်ပေသည်။

ထိုဘုန်းတော်ကြီးသည် လည်တိုင်ထက်တွင် ဗုဒ္ဓစိပ်ပုတီးကုံးကြီးတစ်ခုကို ချိတ်ဆွဲထား၏။ ပုတီးစေ့တစ်စေ့၏ အရွယ်အစားသည် လက်သီးတစ်လုံးစာခန့်ကြီးမားပြီး ရွှေရောင်တောက်ပနေသည်။ သို့သော် အနီးကပ်ကြည့်ရှုပါက ကြောက်ရွံ့ထိတ်လန့်ဖွယ်ခံစားချက်ကို ဝိုးတဝါးခံစားရစေနိုင်၏။

၎င်းပုတီးစေ့များကို အလွန်ဆိုးယုတ်သောလူသားများ၏ ဦးခေါင်းခွံမှ ထွင်းထုထားခြင်းဖြစ်သည်။ ၎င်းပုတီးစေ့များထက်တွင် အက္ခရာများလည်း ရေးထွင်းထားသည်။ ပုတီးကုံး၌ ပုတီးစေ့၁၈လုံးရှိရာ ဆိုလိုသည်မှာ ဦးခေါင်း၁၈လုံးဖြစ်လေသည်။

All Chapters