အခန်း (၆၇၃)
Vol. 48 Ch. 673
“ရှင် အယုတ်တမာကောင်!!”
မလွတ်မြောက်နိုင်သည်ကို နားလည်လိုက်သောအခါ ယင်ကော်သည် သတ္တိကိုစုစည်းနိုင်ခဲ့ပုံရ၏။ ဘုန်းတော်ကြီးအား အော်ဟစ်ကြိမ်းမောင်းလေသည်။
သူမ၏၎င်းပုံစံလေးသည် မည်မျှကြည့်ရှုသည်ဖြစ်စေ မလုံလောက်ပေ။ စိတ်ဆိုးဒေါသထွက်နေသော အမူအရာလေးပင်လျှင် ကြောက်ဖို့ကောင်းရမည့်အစား ချစ်စဖွယ်ကောင်းသည်ဟု ခံစားရစေလေသည်။ သို့ဖြစ်ရာ ဘုန်းတော်ကြီး၏မျက်နှာထက်ရှိ စဉ်းလဲသောအပြုံးသည်လည်း ပို၍တောက်ပလာခဲ့သည်။
သူဆုံတွေ့ခဲ့ဖူးသည့် အမျိုးသမီးများထဲတွင် ယင်ကော်ကဲ့သို့ အရည်အသွေးထိပ်တန်းအဆင့်မီသော မိန်းကလေးဟူ၍ မရှိခဲ့ပေ။ ဘုန်းတော်ကြီးသည် မူလက ထာဝရညဉ့်ယံမြို့သို့ အနားယူရန်လာရောက်ခဲ့ခြင်းသာဖြစ်ပြီး ယင်ကော်နှင့်ဆုံတွေ့ရရန် မျှော်လင့်မထားခဲ့ပေ။ သို့ဖြင့် ယင်ကော်အား လိုချင်တပ်မက်စိတ်ကို မရပ်တန့်နိုင်ခဲ့ပေ။
သူသည် အမျိုးသမီးများကို သဘောကျနှစ်ခြိုက်တတ်သူဖြစ်သည့်တိုင် အမျိုးသမီးတိုင်းကို နှစ်ခြိုက်တတ်သည်မဟုတ်ပေ။ သူသည်လည်း လုံလုံလောက်လောက် ချောမောသူမဟုတ်သကဲ့သို့ ကျင့်ကြံမှုအဆင့်သည်လည်း အထုံပါရမီမြင့်မားလှသည်မဟုတ်ပေ။ ထို့ပြင် သူသည် အမျိုးသမီး၁၈ဦးကိုသာ ဆုံတွေ့ခဲ့ဖူးသေး၏။
ထို့နောက် ထိုအမျိုးသမီး၁၈ဦးသည် သူ၏လည်တိုင်ထက်မှ ပုတီးစေ့များဖြစ်လာခဲ့သည်။
နတ်ဆိုးဗုဒ္ဓ၏ လိုအင်ဆန္ဒဟူသည် ယင်ဓာတ်နှင့်အတူ အဆုံးစွန်ထိ ဆိုးယုတ်ခြင်းကို ပျော်မွေ့၏။ နတ်ဆိုးဗုဒ္ဓ၏လိုအင်ဆန္ဒနှင့် ကြုံတွေ့ရသည့်အမျိုးသမီးတိုင်းသည် အသက်ရှင်သန်ကျန်ရစ်ရန် အခွင့်အရေးမရှိလုနီးပါးဖြစ်၏။ ထို့ကြောင့် နတ်ဆိုးဗုဒ္ဓသည် အလွန်တရာပါရမီထူးကဲလျှင်သော်မှ ထိုအမျိုးသမီးသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံး၏ ဖယ်ကြဉ်ခြင်းကို ခံရပေသည်။
“ဒကာမလေးယင် မင်းကိုရွေးချယ်ထားပြီးပြီ”
“ရုပ်ခန္ဓာဆိုတာက တကယ်တော့ ဘာမှတန်ဖိုးမရှိတဲ့အရာပါပဲ။ ဒီဘုန်းတော်ကြီးနဲ့လိုက်ခဲ့ရင် လောကကြီးရဲ့ကောင်းချီးတွေကို ခံစားနိုင်ပါလိမ့်မယ်။ အဲဒါကို ဘာလို့ဒီလောက်တောင် ဒေါသထွက်နေရတာပါလဲ”
ဘုန်းတော်ကြီးသည် လက်အုပ်ချီမိုး၍ ဂုဏ်သရေရှိဘုန်းတော်ကြီးတစ်ပါးကဲ့သို့ အသွင်ဆောင်နေသည်။ သူ၏ နူးညံ့ညင်သာသောစကားသံသည် တောအုပ်တစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။ မသိသူများမှကြားခဲ့လျှင် ယင်ကော်သည် ကောက်ကျစ်ယုတ်မာသည့် ကိစ္စရပ်တစ်ခုခုကိုလုပ်ခဲ့သောကြောင့် ဘုန်းတော်ကြီးမှာ ရွေးချယ်စရာမရှိသဖြင့် တိုက်ခိုက်ရသည်ဟု ထင်မှတ်နိုင်ကြလောက်၏။
“ထွီ!”
“ခွေးသူခိုးကောင်!”
ယင်ကော်သည် အေးစက်စွာနှာမှုတ်၏။
သူမသည် ဘာကိုမျှဂရုမစိုက်တော့ပေ။ မည်သို့ပင်ဖြစ်စေ ထိုဘုန်းတော်ကြီး သူမကို လိုက်မီသွားချိန်မှစတင်၍ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ထားပြီးဖြစ်လေသည်။ ဘုန်းတော်ကြီးကို သူမ,မကြောက်တော့ပေ။ သို့ဖြစ်ရာ စိတ်ရှိတိုင်း ကျိန်ဆဲပစ်တော့သည်။
ယင်ကော်၏ဒေါသထွက်နေသောပုံစံကိုမြင်သောအခါ ဘုန်းတော်ကြီးသည် ဒေါသဖြစ်သည့်အမူအရာ ပြသလာခြင်းမရှိပေ။ ထိုအစား သဘောကျနှစ်ခြိုက်နေလေသည်။ သူ၏စဉ်းလဲသောမျက်လုံးအစုံသည် ယင်ကော်၏ ထူးကဲနှစ်လိုဖွယ်သောခန္ဓာကိုယ်ကို မလွှဲတမ်းကြည့်ရှုနေကာ နှုတ်ခမ်းထောင့်သည်လည်း ကောက်ကျစ်စဉ်းလဲစွာသောအပြုံးကို လှစ်ဟပြသနေသည်။
ထိုအကြည့်ကို ယင်ကော် အလွန်ရွံရှာမိ၏။
“ဒကာမလေးယင် မင်းရဲ့ကျောပေါ်က အမျိုးသားက မင်းရဲ့အမျိုးသားလား”
ဘုန်းတော်ကြီးသည် ယင်ကော်၏နောက်ကျောမှ ဝမ်ဖုန်းကို သတိထားမိသွားခဲ့ပြီးနောက် သူ၏မျက်လုံးအစုံ၌ ထူးဆန်းသည့်အငွေ့အသက်အချို့ ဖြတ်ပြေးသွား၏။
“ဟုတ်တယ်”
“ကျွန်မ အမျိုးသားက ဘယ်သူလဲသိရဲ့လား”
ဘုန်းတော်ကြီး၏အမေးကို ယင်ကော်သည် မျက်ဖြူလှန်လိုက်ကာ ရင်ကိုကော့လျက် ကျယ်လောင်စွာပြန်ပြောသည်။ သူမ၏မျက်နှာလှလှလေးသည် သူမ၏နောက်ကျောရှိ အမျိုးသားမှာ ကြီးမြတ်လှသောပုဂ္ဂိုလ်ကြီးအလား ဂုဏ်ယူဝံ့ကြွားနေပေသည်။
“အို? ဘယ်သူများလဲ?”
ဘုန်းတော်ကြီးသည် စဉ်းလဲစွာပြုံးလိုက်ပြီး စိတ်ဝင်တစားဖြင့် မေးမြန်းသည်။
ဘုန်းတော်ကြီးသည် လည်တိုင်ထက်မှ ပုတီးကုံးကိုထုတ်ယူ၍ လက်ထဲတွင် ညင်သာစွာဖိညှစ်လှည့်ပတ်နေသည်။ ဘုန်းတော်ကြီး၏အရှိန်အဝါမှာ ထည်ဝါလွန်းလှပေသည်။
“ကျွန်မရဲ့အမျိုးသားက လောကကြီးမှာ တုနှိုင်းမဲ့တဲ့ ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုရဲ့ သခင်ငယ်လေးရွှမ်းယွမ်ပဲ”
ယင်ကော်၏ဂုဏ်ယူဝံ့ကြွားသောအသံသည် တောင်တန်းနှင့်တောအုပ်တစ်ခွင် ပဲ့တင်ထပ်သွား၏။ သူမ၏စကားတို့မှာ တကယ့်အမှန်တရားအလား ကြောက်ရွံ့ခြင်းကင်းမဲ့စွာ တည်ငြိမ်နေပေသည်။
ယင်ကော်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ မျိုးဆက်သစ်ကျင့်ကြံသူများကို အမြန်စဉ်းစားလိုက်၏။ ထိုအထဲတွင် သူမမှတ်မိပြီး ထိုဘုန်းတော်ကြီးကို တွန့်ဆုတ်စေနိုင့်မည့်သူမှာ ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စု၏ သခင်ငယ်လေးတစ်ဦးသာ ရှိပေသည်။
သို့သော် မထင်မှတ်စွာဖြင့် သူမ၏စကားအဆုံး၌ သူမ၏နောက်ကျောရှိ ဝမ်ဖုန်းသည်လည်း ပြောစရာစကားပျောက်ရှသွားလောက်အောင် အံ့ဩသွားရသည့်အပြင် ဘုန်းတော်ကြီး၏ စဉ်းလဲသောအပြုံးသည်လည်း ပို၍တင်းမာလာခဲ့သည်။
“သခင်မလေးယင်ရေ ဒီဘုန်းတော်ကြီးက နတ်ဆိုးဗုဒ္ဓကျောင်းဆောင်ကဆိုတာကို မင်းမသိဘူးလား”
ဘုန်းတော်ကြီးသည် ခပ်မဲ့မဲ့ပြုံးလျက် ယင်ကော်ကို စူးစိုက်ကြည့်နေသည်။ သို့သော် နောက်ပြောင်ဟန်ဖြင့်ပြော၏။
“ဟမ်? ရှင်ဘာအဓိပ္ပာယ်လဲ”
ယင်ကော်သည် အနည်းငယ်ကြောင်အသွားပြီး မေးလိုက်သည်။
သူမ၏ တုံးအလွန်းသည့်ပုံစံကြောင့် နောက်ကျောထက်ရှိ ဝမ်ဖုန်းမှာ ရယ်ရခက်၊ငိုရခက်ဖြစ်သွားရလေသည်။
“နတ်ဆိုးဗုဒ္ဓကျောင်းဆောင်ရဲ့ သခင်လေးဖြစ်ပြီး ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ရဲ့ ထိပ်တန်းမျိုးဆက်သစ်ပါရမီရှင်တွေထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဒီဘုန်းတော်ကြီးက ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုရဲ့သခင်လေး ရွှမ်းယွမ်ကို မသိနိုင်ဘူးလို့ထင်နေတာလား”
ဘုန်းတော်ကြီး၏စကားတွင် ယင်ကော်၏မျက်နှာအမူအရာ တောင့်ခဲသွားရကာ ခန္ဓာကိုယ်သည်လည်း မထိန်းချုပ်နိုင်စွာ တုန်ယင်လာခဲ့သည်။
သေစမ်း ငါဘယ်လိုလုပ်ပြီး အဲဒါကိုမေ့သွားရတာလဲ?
ယင်ကော် ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်၏။
အဲဒီဘုန်းတော်ကြီးကို ထိတ်လန့်သွားအောင် လုပ်နိုင်မယ်ထင်ခဲ့တာ နောက်ဆုံးတော့ ဟာသဖြစ်သွားခဲ့တာပဲ။
“ဒီဘုန်းတော်ကြီးနဲ့လိုက်ခဲ့ပါ”
“မင်းရဲ့ နှစ်လိုဖွယ်ကောင်းတဲ့အသွင်အပြင်ကြောင့် ဒီဘုန်းတော်ကြီးက မင်းကိုညှဉ်းပန်းနှိပ်စက်မှာ မဟုတ်ပါဘူး”
ဘုန်းတော်ကြီးသည် ကျီစယ်လိုဟန်သောအပြုံးဖြင့် ယင်ကော်၏ကောင်းကျိုးအတွက် စဉ်းစားပေးနေသည့်အလား နူးညံ့ညင်သာစွာပြောသည်။
သို့သော် ထိုဘုန်းတော်ကြီးနှင့်လိုက်သွားလိုက်သည်နှင့် သူမ၏ကံကြမ္မာသည် သေဆုံးရခြင်းထက် ပို၍ဆိုးရွားလိမ့်မည်ကို ယင်ကော် သေချာသိနေပါ၏။
“အိပ်မက်မက်နေလိုက်”
“ငါယင်ကော် သေရမယ်ဆိုရင်တောင်မှ ရှင်နဲ့လိုက်မှာမဟုတ်ဘူး”
ယင်ကော်သည် ချွဲချွဲနွဲ့နွဲ့ငိုကြွေးသည်။ ထို့နောက် သူမ၏လှပတင့်တယ်လေးမှ စွမ်းအင်များဖြာထွက်လာခဲ့ပြီး ဘုန်းတော်ကြီးနှင့် သူသေကိုယ်သေတိုက်ခိုက်တော့မည့် အမူအရာသို့ပြောင်းလဲသွားသည်။
“ဘာလို့ဒုက္ခခံနေမှာလဲ”
“ပုရွက်ဆိတ်တွေက ကိုယ့်အင်အားကို သတိတရရှိသင့်တယ်။ ကိုယ့်ရဲ့ကံကြမ္မာကို အေးအေးဆေးဆေးလက်ခံလိုက်တာက မကောင်းဘူးလား။ ဘာလို့ အသုံးမဝင်ဘဲ ရုန်းကန်ပြီး ဒုက္ခခံနေမှာလဲ”
ဘုန်းတော်ကြီးသည် စိတ်ပျက်စွာ သက်ပြင်းချ၏။ ထို့နောက် စကားဆုံးသည်နှင့် ကြောက်ခမန်းလိလိသောစွမ်းအင်များ ဖြာထွက်လာခဲ့သည်။ ၎င်းကြောက်ခမန်းလိလိသောစွမ်းအင်သည် ယင်ကော်ကို တိုက်ရိုက်ဖိနှိပ်သွားခဲ့သည်။
ကြောက်ခမန်းလိလိသောစွမ်းအင်သည် ယင်ကော်၏စွမ်းအင်ကို ဆုတ်ဖြဲသွားခဲ့ပြီး သူမကို မလှုပ်ရှားနိုင်တော့သည်အထိ ဖိနှိပ်နေခဲ့သည်။ ၎င်းစွမ်းအင်အောက်၌ ယင်ကော်၏လှပတင့်တယ်သောခန္ဓာကိုယ်လေးသည် အဆက်မပြတ်တုန်ယင်နေသည်။ သူမသည် ဒူးထောက်ကျလုမတတ်ဖြစ်နေခဲ့၏။
“မထင်ထားခဲ့ဘူး။ ငါယင်ကော်က နောက်ဆုံးမှာတော့ တကယ်ကြီး ဒီကောင်လေးနဲ့အတူသေရတော့မှာပဲ”
ယင်ကော်သည် သူမ၏နောက်ကျောထက်ရှိ ဝမ်ဖုန်းသို့လှည့်၍ အပြုံးဖျော့ဖျော့ပြုံးလျက် တီးတိုးပြောလာသည်။
“မင်း မသေပါဘူး”
ယင်ကော် စိတ်ပျက်အားငယ်နေချိန်၌ နူးညံ့သည့်စကားတစ်ခွန်း သူမ၏နားစည်သို့ တိုးဝင်လာခဲ့သည်။ ယင်ကော် အံ့အားသင့်သွားခဲ့ပြီး နောက်ကျောသို့ ပြန်လှည့်ကြည့်လာသည်။
သူမ၏နောက်ကျောထက်တွင် တစ်ချိန်လုံးသတိလစ်နေခဲ့သည့် ဝမ်ဖုန်းသည် ရုတ်တရက်မျက်လုံးပွင့်လာသည်ကို မြင်လိုက်ရ၏။ ထိုနက်စွေးတောက်ပသောမျက်ဝန်းများသည် အလွန်နက်ရှိုင်း၏။ တစ်ချက်အကြည့်တွင် သူမကို အဆုံးမရှိ နစ်မြောသွားစေခဲ့သည်။
“အမ်?”
တစ်ပြိုင်နက်တည်းပင် ဘုန်းတော်ကြီးသည်လည်း သတိရလာသည့်ဝမ်ဖုန်းကို သတိထားမိသွားခဲ့ပြီး အံ့အားသင့်သွားခဲ့သည်။ ယင်ကော်၏နောက်ကျောမှ ဖြေးဖြေးချင်း မတ်တပ်ရပ်လာနေသည့်ဝမ်ဖုန်းကို စိတ်ဝင်တစားကြည့်နေခဲ့သည်။
သူ၏အမြင်၌ ယင်ကော်ဖြစ်စေ၊ ဝမ်ဖုန်းဖြစ်စေ သူတို့အားလုံးသည် သူကိုင်တွယ်ဖြေရှင်းနိုင်သည့် ပုရွက်ဆိတ်ကောင်လေးများဖြစ်ကြသည်။ သို့ဖြစ်ရာ ဝမ်ဖုန်း နိုးထလာသည်ဖြစ်စေ သတိမေ့မြောနေသည်ဖြစ်စေ သူဂရုမစိုက်ပါချေ။
“နင်နိုးလာတော့ရော ဘာဖြစ်မှာတဲ့လဲ”
အချိန်ခဏမျှ အံ့အားသင့်နေပြီးနောက် ယင်ကော်၏မျက်နှာသည် စိတ်ပျက်လက်ပျက်အမူအရာသို့ ပြန်ပြောင်းသွားကာ လေသံဖျော့ဖျော့ဖြင့်ပြောလာခဲ့၏။
သူမတို့ရင်ဆိုင်နေရသည့်ဘုန်းတော်ကြီးသည် မျိုးဆက်သစ်ပါရမီတစ်ဦးဖြစ်သည်။ ထိုဘုန်းတော်ကြီး၏ကျင့်ကြံဆင့်သည် ကြောက်မက်ဖွယ်သော ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်ဖြစ်သည်။ သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ကောင်းကင်ဘုံဧကရာဇ်အဆင့်နှင့် ယှဉ်နိုင်စွမ်းသည်။ ထိုသို့သောလူတစ်ဦးကို သာမန်လူများမှ ဆန့်ကျင်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။
ဝမ်ဖုန်းသည် လူငယ်လေးတစ်ဦးသာဖြစ်ပြီး ခုနလေးကမှ ဒဏ်ရာအပြင်းအထန်ရထားရာမှ သတိပြန်လည်လာခဲ့ခြင်းဖြစ်သည်။ သတိပြန်ရလာသည့်တိုင် မည်မျှသောစွမ်းအင်ကို ထုတ်သုံးနိုင်ပါအံ့နည်း။ သူ၏အကောင်းဆုံးအခြေအနေတွင် ရှိနေခဲ့လျှင်သော်မှ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၌ မျိုးဆက်သစ်လူငယ် ဘယ်နှယောက်ကများ ထိုဘုန်းတော်ကြီးကို ယှဉ်တိုက်နိုင်ပါအံ့နည်း။
“မင်းငါ့ကို တစ်ကြိမ်ကယ်တင်ခဲ့ဖူးတယ်ဆိုတော့ ငါမင်းကို စောင့်ရှောက်ပါ့မယ်”
“ငါရှိနေရင် ဘယ်သူမှ မင်းကိုမထိခိုက်နိုင်ပါဘူး”
ဝမ်ဖုန်း၏မျက်နှာထက်တွင် နူးညံ့သောအပြုံးတစ်ခု ဖြစ်တည်လာခဲ့ကာ ယင်ကော်အား ယုံကြည်ချက်အပြည့်ဖြင့် ခပ်ဖျော့ဖျော့စကားဆိုခဲ့သည်။