အခန်း (၆၇၂)
Vol. 48 Ch. 672
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများသည် ဤဘုန်းတော်ကြီးကို မြင်တွေ့ခဲ့လျှင် ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ပုန်းရှောင်ကြလောက်၏။
ဤဘုန်းတော်ကြီးသည် ကောင်းကင်နန်းတော်ကြီး၈ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ သခင်လေးဖြစ်သည်။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခွင်၌ အရာရောက်သောဂုဏ်သတင်းရှိပြီး အကြီးမြတ်ဆုံးသောအင်အားစုကြီးများ၏ ပါရမီရှင်လူငယ်များစွာထက် ပို၍သာလွန်သည်။ သို့သော် အမည်ဆိုးဖြင့်ကျော်ကြားခြင်းဖြစ်၏။
၎င်း၏နောက်ခံကြောင့်မဟုတ်ခဲ့လျှင် ထိုဘုန်းတော်ကြီးမှာ လွန်ခဲ့သည့်အချိန်ကာလများတည်းကပင် သေအောင်ရိုက်သတ်ခံရပြီးဖြစ်လောက်၏။
ထိုဘုန်းတော်ကြီးသည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ တားမြစ်ထားသည့်ပညာရပ်ကို ကျင့်ကြံခဲ့ပြီး အမျိုးသမီးငယ်လေးများကို စော်ကားပြုမူခြင်း၌ စိတ်သာယာပျော်မွေ့သည်ဟု ဆိုကြသည်။ ထိုဘုန်းတော်ကြီး၏ သဘောကျနှစ်ခြိုက်ခြင်းခံရသည့် အမျိုးသမီးသည် အဘယ်သို့်မျှ မလွတ်မြောက်နိုင်ချေ။ သူ့ထက် သာလွန်သည့်နောက်ခံကောင်းမရှိသ၍ သူ့လက်ထဲမှ မလွတ်မြောက်နိုင်ချေ။
ထိုဘုန်းတော်ကြီးသည် ဉာဏ်ထက်မြက်၏။ သူ၏ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်နှင့် နောက်ခံအင်အားတူညီသော သို့မဟုတ် ပို၍အင်အားကြီးမားသော အင်အားစုများကို ဘယ်သောအခါမှ မထိပါးပေ။ သူသဘောကျနှစ်ခြိုက်သည်မှာ နောက်ခံအင်အားအထောက်အပံ့မရှိသည့် အမျိုးသမီးငယ်လေးများဖြစ်သည်။
ထိုဘုန်းတော်ကြီးသည် ထိုသို့နာမည်ဆိုးဖြင့်ကျော်ကြားခြင်းကြောင့်ပင် မည်သူမျှ သူ့အား စတင်ထိပါးပြစ်မှားခြင်းမပြုဝံ့ကြဘဲ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တွင် ပျော်ပျော်ကြီးနေထိုင်နိုင်လေသည်။ သို့ဖြစ်ရခြင်းမှာ သူ၏နောက်ခံအင်အားကြောင့်ပင် မဟုတ်ဘဲ သူ၏ကိုယ်ပိုင်အင်အားနှင့် အထုံပါရမီကြောင့်လည်းဖြစ်သည်။
အသက်တစ်ရာမျှသောအရွယ်၌ သူ၏ကျင့်ကြံမှုအခြေခံသည် ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ပြီး တိုက်ခိုက်ချေမှုန်းစွမ်းအင်သည် ကောင်းကင်ဘုံဧကရာဇ်အဆင့်နှင့်ပင် ယှဉ်နိုင်စွမ်းသည်။ သို့မဟုတ်လျှင် အဘယ်သို့များ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ သခင်လေးဖြစ်လာနိုင်ပါမည်နည်း။
“အရသာရှိတာပဲ”
ဘုန်းတော်ကြီးသည် သစ်ပင်ပင်စည်သို့ ဆင်းသက်၍ ရနံ့ရှူရှိုက်လိုက်သည်။ ရနံ့ကြောင့် ယစ်မူးသွားသော မျက်နှာအမူအရာဖြင့် ခပ်ဖျော့ဖျော့ရေရွတ်လျက် စဉ်းလဲသောအပြုံးတစ်ခု ဖြစ်တည်လာသည်။ ၎င်းအပြုံးသည် ကြောက်မက်ချောက်ချားဖွယ်ဖြစ်လေသည်။
ထိုစကားဆိုပြီးသည်နှင့် ဘုန်းတော်ကြီးသည် ယင်ကော်ထွက်သွားရာလမ်းကြောင်းအတိုင်း ဦးတည်သွားသည်။
…
ထာဝရညဉ့်ယံတောအုပ်၌ အဆုံးမဲ့သောတောင်တန်းများသည် နေဝင်ချိန်၏ အလင်းဖြာမှုအောက်တွင် ရွှေရောင်အလင်းများ ဖြာထွက်နေကာ မြူခိုးထုများ ဝန်းရံနေလျက် နတ်သမီးတိုင်းပြည်ကဲ့သို့ အလွန်တရာ လှပနေပေသည်။
“ဆင့်ခေါ်”
ပန်းချီကားချပ်တမျှ လှပသောနေရာ၌ အက်ကွဲနေသော အသံတစ်ခုထွက်ပေါ်လာခြင်းနှင့်အတူ ချောင်းငယ်နံဘေးသို့ ပုံရိပ်တစ်ခုဆင်းသက်လာသည်။ ထိုပုံရိပ်မှာ ထွက်ပြေးလာသည့် ယင်ကော်ဖြစ်သည်။ သူမသည် ကျောပိုးသယ်လာသည့် လူငယ်ကို ချောင်းနံဘေးတွင် နေရာချပေးလိုက်ပြီးနောက် ထိုလူငယ်ကို လျစ်လျူရှုထားလိုက်သည်။ ထိုလူငယ်သည် အင်အားအတော်အတန် ပြန်လည်ပြည့်ဝလာသောကြောင့် သတိမေ့မြောနေဆဲဖြစ်သည့်တိုင် တင်ပျဉ်ခွေထိုင်နိုင်ပြီဖြစ်သည်။
အဆက်မပြတ် ထွက်ပြေးနေရသောကြောင့် ယင်ကော်၏ နှစ်လိုဖွယ်လှပသောမျက်နှာလေးမှာ အလွန်တရာဖြူဖျော့နေသည်။ နဖူး၌လည်း ချွေးစေးများ စီးကျနေသည်။
အချိန်ခဏကြာပြီးနောက် ယင်ကော်သည် ပြန်လည်အားအင်ပြည့်လာခဲ့ပြီး သတိလစ်မေ့မြောနေသောလူငယ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အံ့တင်းတင်းကြိတ်၍ လက်ဝါးဖြန့်လိုက်ရာ ဆေးဝါးရနံ့ပြင်းသော ဆေးလုံးတစ်လုံး လက်ဖဝါးထက်တွင် ထွက်ပေါ်လာသည်။
“နင့်အတွက် ငါ့ရဲ့အသက်ကယ်ဆေးတွေအကုန် ထုတ်သုံးလိုက်ရပြီ။ နင်အသက်ရှင်ခဲ့ရင် ဒီမမလေးကို ပြန်ပေးဆပ်ရမယ်မှတ်ထား”
ယင်ကော် ရေရွတ်လိုက်ပြီး လူငယ်လေး၏ပါးစပ်ထဲသို့ ဆေးလုံးကို ထည့်လိုက်သည်။ ကြီးကျယ်ခမ်းနားစွာသော ဆေးစွမ်းအင်သည် နွေးထွေးသောစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လူငယ်လေး၏ခန္ဓာကိုယ်တွင် လည်ပတ်စီးဆင်းလေရာ လူငယ်လေးမှာ အဆက်မပြတ် တုန်ယင်နေတော့သည်။
“ဒီမမလေးနဲ့ ဆုံတွေ့ရတာ နင်ရဲ့သုံးဘဝစာ ကံကောင်းမှုကြီးပဲ”
“ငါမဟုတ်ဘဲ တခြားတစ်ယောက်သာဆိုရင် နင့်ကို ဘယ်သူက ဒီလိုဂရုစိုက်နေမှာတဲ့လဲ? ဒီမမလေးရဲ့ကြင်နာမှုအတွက် စိတ်မကောင်းမဖြစ်ဖို့ မျှော်လင့်ပါတယ်”
ယင်ကော်သည် ထွက်ပြေးရခြင်းကြောင့် ပင်ပန်းနေပြီဖြစ်ရာ လူငယ်လေး၏ဘေးတွင်ထိုင်၍ တစ်ဦးတည်း ရေရွတ်ပြောဆိုနေသည်။ ယင်ကော်၏ အဆက်မပြတ်ရေရွတ်ပြောဆိုနေခြင်းကြောင့် လှုပ်နှိုးခံလိုက်ရသည့်အလား လူငယ်လေး၏ဖိမှိတ်ထားသောမျက်လုံးများ အနည်းငယ်လှုပ်ခတ်သွားခြင်းကိုမူ ယင်ကော် သတိမထားမိလိုက်ချေ။
သို့သော် နောက်ဆုံးတွင်တော့ လူငယ်လေးသည် မျက်လုံးပွင့်မလာခဲ့ဘဲ ဆက်လက်သတိလစ်မေ့မြောနေခဲ့သည်။
“ကောင်လေး နင်ဘယ်လိုတိုက်ပွဲမျိုးနဲ့ ကြုံတွေ့ခဲ့ရလဲတော့ ငါမသိဘူး။ ဒါပေမဲ့ နင်က ဒီလိုသနားဖို့ကောင်းတဲ့ပုံစံနဲ့ အဆုံးသတ်သွားခဲ့တယ်”
ယင်ကော်သည် လူငယ်လေးသို့ တစ်ချက်ထပ်ကြည့်လိုက်ပြီး ခေါင်းတရမ်းရမ်းဖြင့် ရေရွတ်ပြောဆိုသည်။
“ဒီမမလေးက ကိုယ့်ဘဝအတွက်ကိုယ် အပြင်းအထန်ကြိုးစားနေရပြီး ကိုယ့်အသက်အတွက် အသည်းအသန်ထွက်ပြေးနေရတာကို ဝန်ထုပ်ဝန်ပိုးဖြစ်မယ့်နင့်ကိုပါ ခေါ်လာခဲ့လိုက်သေးတယ်”
ယင်ကော်သည် လူငယ်လေးကို နောက်ကျောပေါ်ပြန်တင်လိုက်ပြီး ဆက်လက်ထွက်ပြေးရန် စီစဉ်သည်။ သူမ၏ဉာဏ်ထက်မြက်မှုကြောင့် မဟုတ်ခဲ့လျှင် ထိုလူယုတ်မာ၏လက်ထဲသို့ ကျရောက်နေပြီးခဲ့လောက်ပြီဖြစ်၏။ သို့သော် လုံးဝလွတ်မြောက်နိုင်ရန်အတွက်မူ ယုံကြည်ချက်မရှိပါချေ။
“နောက်ဆုံးမှာ ဒီမမလေး မလွတ်မြောက်နိုင်ခဲ့ရင်လည်း နင်နဲ့အတူ သေလိုက်တာပေါ့လေ”
“ဒီမမလေးနဲ့ အတူသေခွင့်ရတယ်ဆိုရင်တော့ အဲဒါက နင်တစ်သက်လုံး ကျင့်ကြံစုဆောင်းထားတဲ့ ကံကောင်းမှုတွေအားလုံးကြောင့်ပဲဖြစ်မှာ။ ဘာမှမစိုးရိမ်နဲ့ ငါမသေခင်မှာ သေချာပေါက် နင့်ကို အရင်သတ်သွားပေးပါ့မယ်”
“သေခြင်းတရားရဲ့လမ်းက အရမ်းအထီးကျန်လွန်းတော့ ဒီမမလေးက ကြောက်နေတာ။ အဖော်အဖြစ် နင်တစ်ယောက်ရှိနေတော့ ငါ့အတွက်ကောင်းတာပေါ့လေ”
ယင်ကော်သည် တစ်ဦးတည်း ရေရွတ်ပြောဆိုနေမြဲဖြစ်၏။ သို့သော် သူမ၏ထိုစကားများအဆုံး၌ ကျောထက်ရှိ လူငယ်၏မျက်နှာမှာ ယင်ကော်အား လက်မြှောက်အရှုံးပေးလိုက်ပါပြီဟူသော အမူအရာဖြင့် အနည်းငယ်ခါးသက်သွားရသည်ကိုမူ ယင်ကော် သတိမထားမိလိုက်ချေ။
သူသတိရလာချိန်တွင် ပထမဆုံးကြားရမည့်စကားများမှာ ယင်ကော်၏ ကြောက်မက်ထိတ်လန့်ဖွယ် တစ်ဦးတည်းပြောစကားများ ဖြစ်နေလိမ့်မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပါချေ။
ကောင်းရောကွာ.. ကိုယ့်ဘာနေ အသက်မရှင်နိုင်တော့တာနဲ့ပဲ ငါ့ကိုပါ အသက်ရှင်ခွင့်မပေးတော့ဘူးတဲ့လား?
သေခြင်းတရားရဲ့လမ်းက အထီးကျန်လွန်းလို့ ငါ့ကိုအဖော်အဖြစ် လိုက်စေချင်တယ်ဆိုပဲ?!
ဝမ်ဖုန်းသည် မိမိမှာ သတိလစ်နေသည့်အခြေအနေသို့ ကျရောက်နေခြင်းကြောင့် မလှုပ်နိုင်သောကြောင့်မဟုတ်ခဲ့လျှင် ယင်ကော်၏ထိုစကားတစ်ခွန်းဖြင့်ပင် အပြင်းအထန်တိုက်ခိုက်သတ်ဖြတ်ပစ်မိလောက်၏။
သတိပြန်ရလာပြီးနောက်တွင် ဝမ်ဖုန်းသည် ချက်ချင်းမျက်လုံးမဖွင့်သေးပေ။ သူ၏လက်ရှိအခြေအနေကို စိတ်ထဲမှ တွေးတောဆင်ခြင်နေခဲ့သည်။
ဝမ်ဖုန်းသည် ထျန်းရွှမ်တာ့အိုနန်းတော်မှ ထွက်လာခဲ့ပြီးနောက် မမျှော်လင့်စွာဖြင့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ လှိုင်းဂယက်အတွင်း ပါဝင်သွားခဲ့ရသည်။ ပိုဆိုးရွားသည့်အချက်မှာ လှိုင်းဂယက်ထဲတွင် ထျန်းရွှမ်တာ့အိုနန်းတော်ကြောင့် ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်၏။ ထို့နောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သတိလစ်မေ့မြောသည့်အခြေအနေသို့ ကျရောက်သွားခဲ့သည်။
သူ၏ရုပ်ခန္ဓာသည် ခန္ဓာကိုယ်၏ဒဏ်ရာများကို အလိုအလျောက် ပြန်လည်ကုသနိုင်သော်ငြား ယင်ကော်၏ ဆေးလုံးကြောင့်မဟုတ်ခဲ့လျှင် အချိန်အနည်းငယ်ကြာမြင့်သည်အထိ ဆက်လက် သတိလစ်မေ့မြောနေဦးမည်ဖြစ်၏။
ဤယင်ကော်ဟူသော မိန်းကလေးသည် ပါးစပ်မှာ အနည်းငယ်ဆိုးရွားသော်ငြား နှလုံးသားသည်တော့ မဆိုးလှချေ။ အလွန်ကြင်နာတတ်၏။
သာမန်ကျင့်ကြံသူများအနေဖြင့် သတိလစ်မေ့မြောနေသူကို မြင်တွေ့ခဲ့လျှင် ကယ်တင်ရန်မဆိုထားနှင့် ကိုယ်ေပါ်မှ အဖိုးတန်ရတနာများအပါအဝင် ကိုယ်ပေါ်ရှိအဝတ်အစားထိ အကုန်ချွတ်ယူ၍ လူမသတ်ခဲ့လျှင်ပင် အတော်လေးကျေးဇူးတင်စရာကောင်းလွန်းနေပြီဖြစ်၏။ သာမန်ကျင့်ကြံသူများအတွက် သတိလစ်နေသည့်ကျင့်ကြံသူတစ်ဦးကို ဆုံတွေ့ရခြင်းသည် ကောင်းကင်မှ ပိုင်မုန့်ပြုတ်ကျလာခြင်းကဲ့သို့သော အခွင့်အရေးတစ်ခုပင် မဟုတ်ပါလော။
ဤတစ်ကြိမ်ရရှိခဲ့သည့်ဒဏ်ရာသည် ဝမ်ဖုန်း ဤကမ္ဘာသို့ရောက်ရှိလာခဲ့သည့်အချိန်မှစတင်၍ ရရှိခဲ့ဖူးသည့်ဒဏ်ရာများအနက် အပြင်းထန်ဆုံးသောဒဏ်ရာဖြစ်သည်။ ၎င်းကြောက်မက်ဖွယ်အင်အားကြီး ရိုက်ခတ်လာချိန်တွင် ဝမ်ဖုန်းမှာ ဝိဉာဉ်ဆုတ်ပြဲသွားသည်ဟုပင် ခံစားလိုက်ရ၏။ စနစ်၏စွမ်းအင်ကိုအသုံးပြု၍ မိမိကိုယ်ကို ကာကွယ်ထားသောကြောင့် မဟုတ်ခဲ့လျှင် ခန္ဓာကိုယ်တစ်ခုလုံးမှာ ၎င်းကြောက်ခမန်းလိလိသောစွမ်းအားကြီး၏ ရိုက်ခတ်မှုအောက်၌ အစိတ်စိတ်အပိုင်းပိုင်း ကြေမွသွားခဲ့လောက်ပေသည်။
ဘုန်း!
ဝမ်ဖုန်း စဉ်းစားတွေးတောနေစဉ်၌ အထက်ကောင်းကင်မှ ကြောက်မက်ဖွယ်စွမ်းအင်တစ်ခု ဆင်းသက်လာပြီး ဝမ်ဖုန်းနှင့် ယင်ကော်တို့ကို ဖိနှိပ်၏။
“အဆုံးသတ်သွားပြီ။ နင့်ကြောင့် ဒီမမလေး သေရတော့မယ်”
ယင်ကော်ထံမှ စိတ်ပျက်လက်ပျက်သော တီးတိုးရေရွတ်သံ ထွက်ပေါ်လာသည်။ သူမ၏ကျောပေါ်ရှိ ဝမ်ဖုန်းမှာ ရယ်ရခက်၊ငိုရခက်ဖြစ်သွားရ၏။
အခုတော့ ကြောက်ရကောင်းမှန်း သိသွားပြီလား? ခုနက သေဖို့အသင့်ဖြစ်နေတဲ့သတ္တိတွေ အကုန်ဘယ်ရောက်သွားပြီလဲဟေ?
ယင်ကော်၏ ခန္ဓာကိုယ်တုန်ယင်နေသည်ကိုပင် ဝမ်ဖုန်း ခံစားမိနိုင်၏။ သူမ တုန်ယင်နေခြင်းမှာ ကြောက်မက်ဖွယ်စွမ်းအင်၏ ဖိနှိပ်ခြင်းကြောင့်သာမဟုတ်ဘဲ ကြောက်ရွံ့နေခြင်းကြောင့်လည်း ဖြစ်ပေသည်။
“အလှလေးက ဘယ်ကိုထွက်ပြေးချင်လို့လဲ”
“မင်းလောက်လေးနဲ့များ ငါကိုယ်တော်ရဲ့လက်ဖဝါးထဲက လွတ်မြောက်ချင်တာလား?”
“ငါကိုယ်တော် အလိုရှိတဲ့မိန်းကလေးကို မပိုင်ဆိုင်ရသေးတာကိုလေ?!”
ဘုန်းတော်ကြီးသည် လေဟာပြင်ထက်တွင်ရပ်၍ စဉ်းလဲစွာပြုံးရယ်လျက် တုန်ယင်နေသည့် ယင်ကော်ကိုပြော၏။
သူ၏စကားလုံးများသည် တောအုပ်တစ်ခွင် ပဲ့တင်ထပ်သွားလေရာ နဂိုတည်းက တုန်ယင်နေသည့် ယင်ကော်၏ကိုယ်လေးမှာ ပို၍ပြင်းထန်စွာ တုန်ယင်လာတော့သည်။