အခန်း (၆၇၄)
Vol. 48 Ch. 674
ဝမ်ဖုန်း၏စကားလုံးများသည် အလွန်ဖျော့တော့ဟန် ထင်ရသော်ငြား ယင်ကော်၏နားစည်ထဲတွင် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားခဲ့သည်။ ယင်ကော် အံ့အားသင့်သွား၏။ အရည်ရွှန်းလဲ့နေသော မျက်ဝန်းတစ်စုံဖြင့် ဝမ်ဖုန်းကို ငေးစိုက်ကြည့်နေလျက် သူ၏အတွေးတို့ကို စူးစမ်းနေခဲ့သည်။
ထိုအခိုက်အတန့်၌ အထိန်းအကွပ်မဲ့သော ယုံကြည်မှုနှင့်အတူ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းသော အရှိန်အဝါများ ဝမ်ဖုန်းထံမှ ထွက်ပေါ်လာသည်။ ဝမ်ဖုန်း၏ အင်အားကိုမဆိုထားနှင့် ၎င်းယုံကြည်မှုအရှိန်အဝါဖြင့်ပင် လူအပေါင်းကို ကျရှုံးစေနိုင်သည့်အချက်ကို ယင်ကော်ပင်လျှင် လက်ခံမိရ၏။
“ဟားဟားဟား!”
ယင်ကော် တုန်လှုပ်နေစဉ် ကြမ်းရှရှရယ်မောသံကြီး လောကတစ်ခွင် ပဲ့တင်ထပ်လာ၏။
ဝမ်ဖုန်းနှင့်ယင်ကော်တို့လည်း ထိုအသံကိုကြားနိုင်ပေသည်။ ၎င်းမှာ ဘုန်းတော်ကြီးထံမှ အသံဖြစ်သည်။
ဘုန်းတော်ကြီးသည် ရယ်မောလွန်းသောကြောင့် တစ်ကိုယ်လုံး အဆက်မပြတ် လှုပ်ခါနေလေသည်။
“ပုရွက်ဆိတ်လိုကောင်ကလည်း သူ့ကိုကာကွယ်ပေးချင်သတဲ့လား”
“ငါကိုယ်တော် အလိုရှိတဲ့မိန်းကလေးကို ဘယ်သူမှ မကာကွယ်နိုင်ဘူး”
ထို့နောက် ချက်ချင်းပင် စည်းလွတ်ဝါးလွတ် ရယ်မောသံကြီး ရပ်တန့်သွားပြီး ဘုန်းတော်ကြီးသည် ဝမ်ဖုန်းကို စူးစိုက်ကြည့်လာသည်။ ဘုန်းတော်ကြီး၏ မျက်လုံးများသည် ဓားသွားများကဲ့သို့ဖြင့် အသံသည်လည်း အေးစက်လွန်းလှသည်မှာ ကမ္ဘာလောက၏အပူချိန်ကို ရုတ်ချည်းကျဆင်းသွားစေခဲ့ပြီး လူကိုတုန်ယင်စေ၏။
ဘုန်း!
အသံနှင့်အတူ ဘုန်းတော်ကြီးထံမှ စူးရှတောက်ပသော ဗုဒ္ဓအလင်းရောင်သည် အမှန်စင်စစ်သော ဗုဒ္ဓဘုရားသခင်အလား ကမ္ဘာလောကကြီးကို လောင်ကျွမ်းစေတော့မည်ကဲ့သို့ ပူပြင်းသောအရှိန်အဝါများ ပျံ့နှံ့လာခဲ့သည်။
ဘုန်းတော်ကြီး၏မျက်လုံးအစုံသည် အေးစက်နေကာ လက်ကိုဝှေ့ယမ်းလိုက်ချိန်၌ သူ၏လက်ဖဝါးမှ ပူပြင်းသောမီးလျံများ ဖြာထွက်ပျံ့နှံ့လာသည်။ ဘုန်းတော်ကြီး၏ဆွဲအားအောက်၌ ပူပြင်းသောမီးလျံများသည် ရဲရဲတောက်နီစွေးသော လင်းလေးအဖြစ်သို့ ဖွဲ့စည်းဖြစ်တည်သွားသည်။
ဂျစ်!
ချက်ချင်းပင် ဝန်းကျင်တစ်ခွင်ရှိ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးသည် ဆွဲငင်ခံလိုက်ရသည်ကဲ့သို့ ရဲရဲတောက် လင်းလေးသို့ စီးဝင်လာခဲ့ပြီး လင်းလေးထက်ရှိ မီးလျံများသည် ပို၍ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့သည်။ ပို၍ရက်စက်ကြမ်းကြုတ်သော ပူပြင်းသည့်အရှိန်အဝါများ ဖြာထွက်ပျံ့နှံ့လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေသည် ၎င်း၏မီးစာကဲ့သို့ တောက်လောင်သွားကာ လင်းလေးထက်ရှိ မီးလျံများသည် ကောင်းကင်ဘုံအထိ ဆန်တက်မြင့်တက်လေသည်။
အလွန်ပူပြင်းစွာသောမီးလျံများသည် ကြောက်ခမန်းလိလိသောစွမ်းအင်နှင့် ပေါင်းစည်းသွားပြီး ရှည်လျားသောမြားတံအဖြစ် ဖွဲ့စည်းဖြစ်တည်သည်။ ဘုန်းတော်ကြီးမှ လက်ကိုဖြေလျှော့လိုက်သောအခါ မြားတံသည် လင်းလေးမှ ရုတ်ချည်းပျံထွက်သွားခဲ့သည်။ နေမင်းကြီး ကျဆင်းလာသည့်အလား ပူပြင်းလွန်းလှစွာသောအရှိန်အဝါသည် ဝန်းကျင်တစ်ခွင်ကို ဖြတ်သန်းသွားသည်။
ဘုန်း!
မြားတံ မြေပြင်သို့ မကျရောက်မီ ဖြတ်သန်းလာရာတစ်လျှောက်၌ ကမ္ဘာလောကတစ်ခုလုံး ၎င်းမီးလျံ၏ လောင်ကျွမ်းခံလိုက်ရသကဲ့သို့ လေဟာပြင်ကြီးမှာ သာမန်မျက်လုံးဖြင့် မြင်တွေ့နိုင်သည်အထိ ပုံပျက်သွားခဲ့သည်။
ဘုန်း!
မြည်ဟီးသံကျယ်ကြီး ထွက်ပေါ်လာသည်။ မြားတံ မြေပြင်သို့ ပြုတ်ကျသွား၏။ မြားတံဖြတ်သန်းသွားရာတစ်လျှောက်၌ သစ်ပင်များသည် ပြာမှုန်များအဖြစ် ရုတ်ချည်းလောင်ကျွမ်းသွားခဲ့ပြီး ကမ္ဘာမြေအောက်ရှိ ကျောက်ရည်ပူများ၏ တိုက်စားခြင်းခံရသည်ကဲ့သို့ မြေစိုင်နှင့်ကျောက်ခဲများ အရည်ပျော်ကျလေသည်။
၎င်းကြောက်ခမန်းလိလိသောစွမ်းအင်ကြောင့် ယင်ကော် မြေပြင်သို့လဲကျသွား၏။ သူမ၏မျက်နှာလှလှလေးမှာ စိတ်ပျက်အားလျော့ခြင်းတို့ ပြည့်နှက်နေလျက် ခုခံနေခြင်းကိုပင် လက်လျှော့ထားခဲ့လေပြီ။
သူမသည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လေရာ ဘုန်းတော်ကြီး၏ ကြောက်မက်ဖွယ်စွမ်းအားကို အဘယ်သို့များ ခံနိုင်ရည်ရှိပါအံ့နည်း။ ဘုန်းတော်ကြီး၏ ကြုံရာကျပန်း ပစ်လွှတ်လိုက်သော စွမ်းအင်လေးဖြစ်လျှင်သော်မှ ယင်ကော်အနေဖြင့် ခုခံနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
“နှိပ်စက်ညှဉ်းပန်းခံရမှာထက်စာရင် သေသွားတာပိုကောင်းတယ်”
ယင်ကော်၏ ချယ်ရီနီနှုတ်ခမ်းလေးများ ခပ်ဟဟဖွင့်ဟလာခဲ့ကာ အားလျော့ပျက်ပြယ်နေသော စကားသံထွက်ပေါ်လာသည်။
ဂျစ်!
သို့သော် သူမ စိတ်ပျက်အားငယ်စွာ ရေရွတ်နေစဉ် မှီခိုအားထားရနိုင်သော နောက်ကျောပြင်သည် သူမ၏ခန္ဓာကိုယ်ကို ကာဆီးပေးလာခဲ့သည်။ သူမ မော့ကြည့်လိုက်ရာ သူမ၏ရှေ့မှ မြဲမြံစွာ ကာကွယ်ပေးနေသော ဝမ်ဖုန်းကို မြင်လိုက်ရသည်။ ယင်ကော် လုံခြုံသည့်ခံစားချက်တစ်မျိုးကို ခံစားလိုက်၏။
ဤလူ သူမ၏ရှေ့၌ ရပ်တည်နေသ၍ မည်သည့်ဘေးအန္တရာယ်ဖြစ်စေ ဘာမျှမဟုတ်သည့်အရာကဲ့သို့ လျော့ပါးသွားသည်ဟု ခံစားရ၏။
လေဟာပြင်ထက်ရှိ ဘုန်းတော်ကြီးသည် ၎င်းမြင်ကွင်းကိုမြင်သော်အခါ လှောင်ရယ်လိုက်သည်။
ပုရွက်ဆိတ်ကောင်လေးတွေက ငါ့ရဲ့တိုက်ခိုက်မှုကို ခုခံရဲတယ်ပေါ့လေ။ သေခြင်းရှင်ခြင်း တကယ်နားမလည်ကြဘူးပဲ။
သို့သော် ခဏအကြာ၌ ဘုန်းတော်ကြီး၏ မျက်နှာထက်ရှိ လှောင်ပြုံးရိပ်မှာ ရုတ်တရက်ရပ်တန့်သွားရပြီး အံ့ဩထိတ်လန့်မှု အငွေ့အသက်များ ထင်ဟပ်လာခဲ့သည်။
ဘုန်း!
ဝမ်ဖုန်းထံမှ ကြောက်ခမန်းလိလိသောစွမ်းအင်များ ထွက်ပေါ်လာပြီး ကမ္ဘာလောကတစ်ခွင်သို့ ဖြာထွက်ပျံ့နှံ့သွားသည်။ ဝမ်ဖုန်း သူ၏လက်ထဲမှ စည်းတံဆိပ်ကို ဖိညှစ်လိုက်ရာ အကာအကွယ်တစ်ခုမှ သူနှင့်ယင်ကော်ကို ကာကွယ်ပေးလာခဲ့၏။
တစ်ဖက်လောကလျိုယင်း၏ မီးခိုးရောင်စွမ်းအင်များ ဖြာထွက်လာခဲ့ပြီး နယ်ပယ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ မြားတံကျရောက်လာချိန်တွင် တစ်ဖက်လောကလျိုယင်း၏ မီးခိုးရောင်စွမ်းအင်သည် ၎င်းမြားတံကိုရစ်ပတ်လွှမ်းခြုံသွားခဲ့ပြီး ၎င်းမြားတံ၏စွမ်းအင်များကို ပျက်ယွင်းကွဲလွဲလာစေသည်။
ကြောက်ခမန်းလိလိသောစွမ်းအင်ကြီး၏ လွှမ်းမိုးမှုအောက်၌ လေဟာပြင်သည် အဆက်မပြတ်တုန်ခါနေသည်။ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးသည်လည်း အဖျက်စွမ်းအားကြီးကို ကြောက်ရွံ့နေသည့်အလားပင်။
ဘုန်းတော်ကြီးသည်လည်း လက်နှစ်ဖက်ဖြင့် သူ၏စည်းတံဆိပ်ကို ဖိညှစ်လိုက်သည်။ အရှိန်နှုန်းသည် အလွန်တရာလျင်မြန်ကာ စည်းတံဆိပ်အသုံးပြုနည်းလမ်းသည် အလွန်တရာရှုပ်ထွေး၍ ခန္ဓာကိုယ်မှလည်း လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါမျှင်များ ထွက်ပေါ်လာသည်။
၎င်းအရှိန်အဝါထွက်ပေါ်လာချိန်၌ တစ်ဖက်လောကလျိုယင်းစွမ်းအင်၏ သုတ်သင်ရှင်းလင်းခံရလုနီးဖြစ်နေခဲ့သော မြားတံသည် ရုတ်တရက်တုန်ခါလာသည်။ ထို့နောက် မြားတံထံမှ ရဲရဲတောက်သောဗုဒ္ဓအလင်း လင်းလက်လာသည်။
ထိုအခိုက်အတန့်၏ ဘုန်းတော်ကြီးသည် မြားတံနှင့် လျှို့ဝှက်ဆန်းကြယ်သော ဆက်နွယ်မှုတစ်မျိုးရှိနေသည့်အလား သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ကြီးကျယ်ခမ်းနားသော စွမ်းအင်များသည် မြားတံသို့ အဆက်မပြတ် စိမ့်ဝင်စီးဆင်းနေခဲ့သည်။
ဘုန်း!
မြားတံမှ အားကောင်းထက်ရှသောအရှိန်အဝါများ ထွက်ပေါ်နေခဲ့ပြီး ပူပြင်းသောမီးလျံများလည်း ဖြာထွက်နေသည်။ မီးလျံသည် လှိုင်းဂယက်အသွင်ဖြင့် ဖြာထွက်ပျံ့နှံ့နေကာ မြားတံ၏ဝန်းကျင်တစ်ခွင်ကို မီးလျံနယ်မြေအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
မီးလျံနယ်မြေသည် မြားတံကို အလုံးစုံဝန်းရံသွားခဲ့ပြီး တစ်ဖက်လောကလျိုယင်းစွမ်းအင်၏ ပျက်ယွင်းကွဲလွဲစေသော စွမ်းအင်များကို ဖျက်ဆီးနေခဲ့သည်။ ထို့နောက် ရှေ့သို့တစ်ဟုန်ထိုးစီးဆင်းလိုသော အနေအထားဖြင့် ဝမ်ဖုန်းသို့ ဖြေးဖြေးချင်း ဦးတည်နေသည်။ ထို့သို့တစ်ဟုန်ထိုးတိုက်ခိုက်ခြင်းသည် ဝမ်ဖုန်းကို တစ်ချီတည်းဖြင့် သုတ်ချီရှင်းလင်းနိုင်မည့် နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်ပေသည်။