အခန်း (၆၇၅)
Vol. 48 Ch. 675
ဘုန်း!
မြားတံ ဝမ်ဖုန်းသို့ ဦးတည်လာချိန်၌ ဘုန်းတော်ကြီး၏လက်ထဲရှိ စည်းတံဆိပ်အစီအရင်သည်လည်း ပြီးပြည့်စုံသွားသည်။ သူ၏ခန္ဓာကိုယ်ကြီးသည် ရဲရဲနီသောနေမင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ဘုန်းတော်ကြီး၏လက်ထဲရှိ စည်းတံဆိပ်သည် ရုတ်တရက်ပြုတ်ကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူပြင်းတောက်ပနေသည်။ အံ့ချီးဖွယ်သော သံသကရိုက်အက္ခရာများသည် ဘုန်းတော်ကြီးနှင့် မြားတံကို ရစ်ပတ်ဝန်းရံနေလေရာ ဘုန်းတော်ကြီးနှင့်ထိုမြားတံတို့သည် ပေါင်းစည်းနေသည့်အရာများဟုပင် ထင်မှတ်ရလေသည်။
ဘုန်း!
ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်ကောင်းချီးပေးခြင်းနှင့်အတူ မြားတံရှည်သည် စူးရှတောက်ပသည့် နေမင်းကြီးကဲ့သို့ တောက်ပလာသည်။
ကြောက်ခမန်းလိလိသောစွမ်းအင်သည် ဝမ်ဖုန်း ထုတ်လွှတ်ထားသည့် တစ်ဖက်လောကလျိုယင်းစွမ်းအင်ကို အလုံးစုံဆုတ်ဖြဲသွား၏။ တောက်ပစွာသောအလင်း ဖြာထွက်လာခဲ့ပြီး ပူပြင်းလှစွာသောအရှိန်အဝါသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့ပြီး ဝန်းကျင်တစ်ခွင်ရှိ အရာအားလုံးကို လောင်ကျွမ်းပစ်ခဲ့သည်။ ဖြတ်သန်းသွားရာတစ်လျှောက်လုံး၌ ဧရာမတွင်းနက်ကြီးဖြစ်သည်အထိ လောင်ကျွမ်းသွားခဲ့ပြီး မြေဆီလွှာအရည်များ စီးဆင်းနေခြင်းနှင့်အတူ မည်းနည်းသောကျောက်များစွာလည်း ဖြစ်တည်သွားခဲ့သည်။
ဘုန်း!
ဘုန်းတော်ကြီး၏ ကြောက်မက်ဖွယ်စွမ်းအင်ကို ရင်ဆိုင်ရသောအခါ ဝမ်ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင်း စွမ်းအင်ကို အပြည့်အဝ သက်ဝင်လှုပ်ရှားစေခဲ့လေပြီ။ လက်ရှိ၌ ဝမ်ဖုန်းသည် ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်ဖြစ်လေရာ ထိုဘုန်းတော်ကြီးသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ အငယ်ဆုံးနှင့်အားအကောင်းဆုံးဖြစ်ခဲ့လျှင်သော််မှ ဝမ်ဖုန်း မကြောက်ရွံ့ပေ။
ကြောက်ရွံ့ရမည့်သူမှာ ဘုန်းတော်ကြီးသာဖြစ်၏။ သူ မဟုတ်ချေ။
ဝမ်ဖုန်းသည် လက်သီးထက်၌ ကြောက်မက်ဖွယ်စွမ်းအင်တို့ကို စုစည်းစေလိုက်ရာ လက်သီးမှ တောက်ပသောအလင်းဖြာထွက်လာခဲ့ပြီး သူ့ထံ ဦးတည်လာနေသည့် မြားတံအား ထိုးလိုက်သည်။
လက်သီးထိုးချက် ပစ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ကြီးတုန်ခါသွား၏။
ထိုလက်သီးထိုးချက်၏ ရှေ့မှောက်၌ အရာအားလုံးသည် လေထုပါးလေးအဖြစ် လွင့်ပါးပျောက်ကွယ်သွားသည်။
ထိုလက်သီးထိုးချက်သည် ဝမ်ဖုန်း၏ ခန္ဓာကိုယ်တွင်းစွမ်းအင်အားလုံးကို သယ်ပိုးထားခြင်းဖြစ်ပြီး ဆန်းပြားသောတိုက်ကွက်များ မပါဝင်ချေ။ စစ်မှန်အားကောင်းသောစွမ်းအင်အောက်၌ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၏စွမ်းအင်ပင်လျှင် ဤအံ့ချီးဖွယ်သောဖိနှိပ်မှုကြီးကို ခံနိုင်ရည်မရှိနိုင်ချေ။
ဘုန်း!
ယင်ကော်၏ အံ့အားသင့်နေသောအကြည့်အောက်၌ ဝမ်ဖုန်း၏လက်သီးထိုးချက်နှင့် မြားတံတို့ထိခတ်သွားသည်။ ကြောက်ခမန်းလိလိသောစွမ်းအင်သည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့ရိုက်ခတ်သွားပြီး ဖြတ်သန်းသွားရာတစ်လျှောက်၌ ကျောက်တုံးနှင့်မြေဆီလွှာများ လွင့်ထွက်ကုန်သည်။ မြေနဂါးတစ်ကောင် နိုးထလာသည့်အလား အဆုံးအစမဲ့သော မီးခိုးဖုန်မှုန့်လုံးကြီးများ လွှမ်းခြုံသွားခဲ့ကာ သစ်ပင်များသည်လည်း အစိတ်စိတ်အမွှာမွှာကြေမွပျက်စီးကုန်လေသည်။
ကနဦး၌ ဘုန်းတော်ကြီးသည် ဝမ်ဖုန်းကို အထင်မြင်သေးနေခဲ့၏။ ဝမ်ဖုန်းသည် သူ၏မြားတံကို တစ်ကြိမ်ကာကွယ်ဟန့်တားထားနိုင်သည့်တိုင် ၎င်းသည် အံ့အားသင့်စေရုံမျှသာဖြစ်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်လက်သီးထိုးချက်ကိုမူ ဘုန်းတော်ကြီးသည် အနည်းငယ်ကြောက်ရွံ့ထိတ်လန့်သွားခဲ့သည်။
အဆုံးမဲ့စစ်မှန်သောစွမ်းအင်နှင့် တုနှိုင်းမဲ့သောကြမ်းကြုတ်ရက်စက်မှုသည် တုနှိုင်းမဲ့သောဖိနှိပ်အားကြီးကို သယ်ဆောင်လာခဲ့လေသည်။
ဒီမကောင်းဆိုးဝါးကောင်က ဘယ်ကနေ ရောက်လာခဲ့တာတုန်း?!
ဘုန်းတော်ကြီးသည် ကြောက်ရွံ့ထိတ်လန့်နေခဲ့လေပြီ။ ဤမျှကြောက်မက်ဖွယ်သော ရုပ်ခန္ဓာအင်အားကို သူတစ်ကြိမ်တစ်ခါမျှ မကြားဖူး၊ မမြင်တွေ့ခဲ့ဖူးပေ။ ကောင်းကင်နန်းတော်ကြီး၈ခုအတွင်း ရုပ်ခန္ဓာအသွေးအသားကို အထူးပြုသော စစ်နတ်ဘုရားကောင်းကင်နန်းတော်ပင်လျှင် ဤမျှအဆင့်သော ရုပ်ခန္ဓာအင်အားမျိုး ပိုင်ဆိုင်ကြလိမ့်မည် မဟုတ်ချေ။
စစ်နတ်ဘုရားကောင်းကင်နန်းတော်၏ သခင်လေးနှင့် သူဆုံတွေ့ခဲ့ဖူးပါ၏။ ထိုသခင်လေး၏ရုပ်ခန္ဓာအင်အားသည် အမှန်တကယ်ပြိုင်ဘက်ကင်းသည်။ သို့သော် ထိုသခင်လေး၏အင်အားသည် ဘုန်းတော်ကြီးမိမိနှင့် တန်းတူမျှသာဖြစ်ခဲ့သည်။ မကြာမီက ဝမ်ဖုန်း ပြသခဲ့သော ရုပ်ခန္ဓာအင်အားသည် စစ်နတ်ဘုရားကောင်းကင်နန်းတော်၏ သခင်လေးထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ?
ဝမ်ဖုန်း၏လက်သီးထိုးချက်သည် ကမ္ဘာလောက၏တစ်ခုတည်းသော အံ့ချီးဖွယ်ကဲ့သို့ လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကိုကာဆီးလျက် လသော်တာကို ဆုပ်ကိုင်ပြီး ကြယ်စင်များကို ကောက်ယူနိုင်စွမ်းလေသည်။
သူဘယ်လောက်ပဲ အင်အားကြီးမားပါစေ ငါသူ့ရဲ့လက်သီးထိုးချက်ကို ရအောင်ချိုးဖျက်မယ်!
ဘုန်း!
ဝမ်ဖုန်း၏လက်သီးထိုးချက်သည် ဘုန်းတော်ကြီး၏ မြားတံကို ကြေမွသွားစေခဲ့သည်။ မြားတံနှင့်ပေါင်းစည်းထားသော ဘုန်းတော်ကြီးသည်လည်း ကြောက်မက်ဖွယ်စွမ်းအင်၏ ရိုက်နှက်ခံလိုက်ရသည်။ ဝမ်ဖုန်း၏ လက်သီးထိုးချက်ကြောင့် ခန္ဓာကိုယ်သည် မိုင်ဆယ်ချီအကွာအဝေးသို့ အထက်အောက်ပြန်လှန်လွင့်ထွက်သွားခဲ့ပြီး မြေပြင်သို့ပြုတ်ကျသည်တွင် ဧရာမတွင်းပေါက်ကြီး ဖြစ်တည်သွားလေသည်။
အဟွတ်!
ဘုန်းတော်ကြီးသည် ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထွက်သွားရသည်။ ထို့နောက် လက်ဖမိုးဖြင့် နှုတ်ခမ်းထောင့်မှသွေးများကို သုတ်ပစ်လိုက်သည်။ သူ၏မျက်နှာအမူအရာမှာ အနည်းငယ် မိန်းမောတွေဝေနေသည်။
သူသည် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်ကောင်းကင်နန်းတော်၏ သခင်လေးဖြစ်ပြီး ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သည်။ သို့သော် ဝမ်ဖုန်းကဲ့သို့သော အမည်မသိသောလူတစ်ဦး၏ လက်သီးထိုးချက်ကြောင့် ဒဏ်ရာရသွားခဲ့လေသည်။ အဘယ်သို့များ ဖြစ်နိုင်ပါအံ့နည်း။ သူ၏နှလုံးအိမ်၌ အဆက်မပြတ်မြင့်တက်လာနေသေုာ ပြင်းထန်သည့်နာကျင်မှုကြောင့် မဟုတ်ခဲ့လျှင် ဘုန်းတော်ကြီးသည် မိမိမှာ ထင်ယောင်ထင်မှားဖြစ်နေခြင်းဟု တွေးထင်မိလောက်၏။
ဒီလိုအင်အားမျိုးကို ပိုင်ဆိုင်ထားတဲ့သူက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှာ နာမည်မကျော်ကြားတဲ့ လူမသိသူမသိတစ်ဦး ဖြစ်မတဲ့လား? ဒီလူက တကယ်ပဲ ဘယ်သူလဲ?
ဝမ်ဖုန်း၏အသက်အရွယ်အား ချင့်တွက်သော် မျိုးဆက်သစ်လူငယ်ဖြစ်နိုင်ပေသည်။ သို့သော် သူသိသမျှ မျိုးဆက်သစ်လူငယ်များကို တွေးတောကြည့်ခဲ့သော်ငြား ဝမ်ဖုန်းကဲ့သို့သောတည်ရှိမှုကို ရှာမတွေ့ခဲ့ပေ။
ဒီလူက ဆိုးယုတ်တဲ့ကောင်းကင်ဘုံဆန့်ကျင်မိစ္ဆာတစ်ကောင်ရဲ့ လေ့ကျင့်သင်ကြားပေးခံထားရတဲ့သူများလား?
ဘုန်း!
ဘုန်းတော်ကြီး အံ့ဩမင်သက်နေစဉ်၌ ဝမ်ဖုန်းသည် မရပ်တန့်ပေ။ မျက်လုံးအစုံသည် ခက်ထန်မှုဖြင့် တောက်ပနေကာ ရှေ့သို့ခြေလှမ်းလိုက်သည်တွင် မြေပြင်ကြီးပေါက်ကွဲသွားပြီး ခန္ဓာကိုယ်သည် ဘုန်းတော်ကြီး၏ရှေ့၌ ရုတ်ချည်းထွက်ပေါ်လာသည်။ ထို့နောက် အခြားတိုက်ကွက်များ အသုံးမပြုဘဲ လက်သီးထိုးချက်တစ်ချက်ဖြင့် တိုက်ရိုက်ထိုးနှက်လိုက်သည်။
ကြောက်ခမန်းလိလိသော လက်သီးထိုးချက်စွမ်းအင်သည် ကျယ်လောင်သောပေါက်ကွဲမြည်ဟီးသံကြီးနှင့်အတူ ဘုန်းတော်ကြီး၏ အထက်လေဟာပြင်၌ ဖိနှိပ်နေသည်။ ထို့နောက် လက်သီးထိုးချက်ကြောင့် လေဟာပြင်တစ်ခုလုံး ဧရာမတွင်းပေါက်ကြီးအဖြစ် ထုချေထိုးနှက်ခံလိုက်ရကာ ဘုန်းတော်ကြီး၏ မျက်နှာအမူအရာသည်လည်း ထိတ်လန့်မှုနှင့်အတူ ပြောင်းလဲသွားရသည်။
ဘုန်းေတာ်ကြီးမှာ တွေးတောရန်အချိန်ပင်မရလိုက်ဘဲ ခန္ဓာကိုယ်တွင်းစွမ်းအင်များကို အသည်းအသန် လည်ပတ်စီးဆင်းစေလိုရသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှ စူးရှတောက်ပသော ဗုဒ္ဓအလင်းများ ဖြာထွက်လာသည်။
သာ့လော်ထျန်းဗုဒ္ဓခေါင်းလောင်းတော်!
နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ အမွေအနှစ်ဖြစ်သောမှော်စွမ်းအင်သည် ကြီးမြတ်သောခုခံစွမ်းအားကို ပိုင်ဆိုင်သည်။ ၎င်းမှာ မူလအစက နတ်ဆိုးဗုဒ္ဓကျောင်းဆောင်မှ ပိုင်ဆိုင်သော လက်နက်အကူပစ္စည်းဖြစ်ခဲ့သည်။ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်ကောင်းကင်နန်းတော်၏ အရှင်သခင်များ အဆင့်ဆင့်လက်ကမ်းလာခဲ့ကြပြီး သာ့လော်ထျန်းဗုဒ္ဓအချိန်ယန္တရားအား သူတာဝန်ယူရချိန်သို့ ရောက်လာခဲ့ချိန်၌ သာ့လော်ထျန်းဗုဒ္ဓအချိန်ယန္တရားအထက်မှ ပဟေဠိကို နားလည်သဘောပေါက်နိုင်ခဲ့သည်။ ၎င်းမှ ထွက်ပေါ်ေနသည့် ဗုဒ္ဓ၏အက္ခရာများနှင့် စွမ်းအင်များကို နားလည်နိုင်ခဲ့သည်။
ဘုန်း!
ဝမ်ဖုန်း၏ အကြွင်းမဲ့စွမ်းအင်ဖြင့် လက်သီးထိုးချက်နှင့် ဘုန်းတော်ကြီး၏ ခေါင်းလောင်းအကာအကွယ်တို့ ထိခတ်သွားကြရာ မိုးခြိမ်းသံကဲ့သို့သော မြည်ဟီးသံကြီးထွက်ပေါ်လာပြီး အင်အားကြီးမားလှစွာသောစွမ်းအင်သည်လည်း ဖြာထွက်ရိုက်ခတ်သည်။ အဝေးတစ်နေရာ၌ တုန်ယင်နေသော ယင်ကော်မှာ လွင့်ထွက်သွားလေရာ သူမ၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ကာကွယ်ထားလျက် အဆက်မပြတ်တုန်ယင်နေတော့သည်။ စွမ်းအင်သက်ရောက်မှုကြောင့် ဦးခေါင်းခွံကွဲထွက်မည့်အလား ခေါင်းကိုက်ဝေဒနာကိုလည်း ခံစားနေရသည်။
ဝမ်ဖုန်း၏ကာကွယ်ပေးထားမှုကြောင့် မဟုတ်ခဲ့လျှင် ဤစွမ်းအင်ရိုက်ခတ်မှုလေးဖြင့်ပင် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်သော ယင်ကော်ကို အရိုးအသားမကျန်သည့်အခြေအနေဖြင့် အသက်ဆုံးရှုံးသွားစေရန် လုံလောက်ပေသည်။
လွင့်ထွက်သွားပြီးနောက် ယင်ကော်သည် သစ်ပင်ပင်စည်တစ်ခုကို မှီလိုက်ပြီး စစ်နတ်ဘုရားကဲ့သို့သော ဝမ်ဖုန်းကို သူမ၏တောက်ပသော မျက်လုံးလှလှလေးများဖြင့် အံ့အားသင့်စွာကြည့်နေခဲ့သည်။
ဘုန်း!
ပေါက်ကွဲသံကြီးသည် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီး၌ ပဲ့တင်ထပ်သွား၏။ ဘုန်းတော်ကြီးသည် ဝမ်ဖုန်း၏လက်သီးထိုးချက် ထိမှန်သွားခဲ့သည်။ အင်အားကြီးမားလှစွာသောစွမ်းအင်သည် ဘုန်းတော်ကြီးကို မြေပြင်သို့လဲကျသွားစေခဲ့ပြီး ဘုန်းတော်ကြီး၏ အတွင်းအင်္ဂါများသည်လည်း တုန်ယင်နေတော့သည်။
အဟွတ်!
“သေစမ်း!”
ဘုန်းတော်ကြီးသည် သွေးတစ်ပွက်အန်ထုတ်လိုက်ပြီးနောက် ဒေါသတကြီး ဟိန်းဟောက်သည်။
နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ သခင်လေးဖြစ်သူသည် အဘယ်သို့များ ဤသို့ထိခိုက်ဒဏ်ရာများကို ခံစားခဲ့ဖူးပါအံ့နည်း။ မွေးဖွားလာချိန်မှစတင်၍ သူဆုံတွေ့ခဲ့ဖူးသော လူအားလုံးသည် သူ့အား လေးစားခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းသော ခံစားချက်တို့ဖြင့် ဆက်ဆံခဲ့ကြသည်။ မည်သူတစ်ဦးတစ်ယောက်သော်မျှ သူ့အား ဤသို့အခြေအနေဆိုးရွားလောက်အောင် မရိုက်နှက်ခဲ့ဖူးပေ။
ဘုန်း!
ဘုန်းတော်ကြီးသည် ဒေါသမာန်ဟုန်ပေါက်ကွဲလျက် စူးရှတောက်ပသော ဗုဒ္ဓအလင်းများ ဖြာထွက်လာသည်။ လက်နှစ်ဖက်လုံး၌ စည်းတံဆိပ်ကို ကိုင်ဆောင်ထားလေရာ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော ဗုဒ္ဓစည်းမူဝါဒများ ဖြာထွက်လာသည်။
ဗုဒ္ဓမိုးကြိုးသွား!
ဘုန်းတော်ကြီးသည် မှုန်မှိုင်းသောမိုးခြိမ်းသံကဲ့သို့ အသံနိမ့်ဖြင့်ဟိန်းဟောက်၏။ သူ၏လက်ထဲမှ စည်းတံဆိပ်များ၏အရှိန်နှုန်းသည် ပို၍ပို၍လျင်မြန်လာသည်မှာ အလွန်တရာစူးရှတောက်ပသည်။ အဝေးရှိ ယင်ကော်ပင်လျှင် မျက်လုံးပိတ်ထားရသည်အထိပင်။
အကြွင်းမဲ့ဗုဒ္ဓကျမ်းအက္ခရာများ ဖြာထွက်လွှမ်းခြုံနေခဲ့ကာ အဆုံး၌ ဘုန်းတော်ကြီး၏နောက်ဘက်တွင် ဗုဒ္ဓရုပ်တုသဏ္ဍာန် ဖွဲ့စည်းဖြစ်တည်သွားခဲ့သည်။