← Chapters

သန်မာသောနှုတ်ထွက်စကား

Vol. 47 Ch. 662

သန်မာသောနှုတ်ထွက်စကား

Vol. 47 Ch. 662

ဘာသာပြန်- The Fate

ထိုသူသည် ရှည်သွယ်ဖြောင့်တန်း၏။ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ကာ အဝါရောင်ဆံပင်ရှည်များသည် ခါးထိတိုင် ဝဲဖြာကျနေခဲ့သည်။ သူ၏ မျက်ခုံးနှစ်ဖက်ကြား၌ ဧကရာဇ်တစ်ပါး၏ သင်္ကေတများသည် တစ်လက်လက်တောက်ပနေခဲ့သည်။ သူ၏ ဦးခေါင်းထက်တွင်လည်း ခမ်းနားသော ကျောက်စိမ်းသရဖူတစ်ခုကို ဆောင်းထားခဲ့သေးသည်။ သူသည် မြင့်မြတ်သော ဧကရာဇ်တစ်ပါး၏ ကိုယ်ဟန်ဖြင့် ကမ္ဘာလောကကို ငုံ့မိုးကြည့်ရှုနေခဲ့သည်။

အရှေ့တိုင်းဧကရာဇ် ထိုက်ရိသည် အပြည့်စုံဆုံးသော ဇာတ်ကောင်တစ်ယောက်ဖြစ်သည်။ ရုပ်ရည်သွင်ပြင်အရာတွင် သူဟာ အချောမောအခံ့ညားဆုံးလည်း ဖြစ်ပါ၏။ တိုက်ပွဲဝင်စွမ်းအားအရာတွင်လည်း သူဟာ အသန်မာဆုံး ဖြစ်လေသည်။ သူသည် နေမင်း၏အရှိန်အဝါကြောင့် အသွင်ပြောင်းလဲခဲ့ပြီး ဧကရာဇ်တစ်ပါး၏ ကံကြမ္မာဖြင့် မွေးဖွားခဲ့သူဖြစ်သည်။ သူ၏ စိတ်နေသဘောထားမှာ မြင့်မြတ်၍ အေးစက်နေသည်။

လက်ရှိဝမ်ဖုန်းကတောင် သူနှင့်နှိုင်းယှဥ်လျှင် အများကြီး ပြတ်ကျန်ခဲ့ပါသည်။ သူသည် အရှေ့တိုင်းဧကရာဇ် ထိုက်ရိကို ရုပ်ရည်တွင်သာ ရင်ဆိုင်နိုင်စွမ်းရှိပါ၏။

ထိုက်ရိသည် ရှိနေကြသောလူများကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူ၏မျက်ဝန်း ဖြတ်သန်းသွားသည့်အခါတိုင်းတွင် ဘယ်သူကမှ သူ့ကိုပြန်ပြီး မကြည့်ရှုရဲကြပါ။ အရိုးစုကတောင် တုန်ယင်လျက် အကြည့်လွှဲလိုက်မိသည်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

"မင်းက... ဘယ်သူလဲ?"

အရိုးစု၏ နှုတ်ဖျားမှ ထိတ်ထိတ်ပျာပျာစကားများထွက်ပေါ်လာခဲ့သည်။ သူ၏မီးခိုးရောင်မျက်ဝန်းများက ပြူးကျယ်နေခဲ့ကာ အရှေ့တိုင်းဧကရာဇ်ထိုက်ရိကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်နေမိသည်။

အရှေ့တိုင်းဧကရာဇ် ထိုက်ရိထံမှ သူသည် သန်မာသော ခြိမ်းခြောက်နိုင်စွမ်းကို ခံစားနေရသည်။ ထိုဖိအားက သူ၏ ခန္ဓာကိုယ်တစ််ခုလုံးကိုတောင် တောင့်တင်းသွားစေခဲ့ကာ နှလုံးသားအတွင်း၌လည်း အကြောက်တရားများ ထွက်ပေါ်လာရသည်။

ဝမ်ဖုန်းမှာ ဒီလိုဝှက်ဖဲရှိနေလိမ့်မယ်လို့ သူဘယ်တုန်းကမှ တွေးမထားခဲ့ဘူး။

ဒီလိုဝှက်ဖဲရှိနေတာတောင် ဝမ်ဖုန်းက ဘာလို့နှိပ်စက်ခံခဲ့ရတာလဲ?။ အရိုးစုသည် အဖြေရှာမထုတ်နိုင်ခဲ့ပါ။

အရိုးစုသည် သူ၏မှတ်ဉာဏ်များကို အပြန်ပြန်အလှန်လှန် စစ်ဆေးခဲ့သော်လည်း အရှေ့တိုင်းဧကရာဇ်ထိုက်ရိနှင့်ပတ်သက်၍ သဲလွန်စရှာမတွေ့ခဲ့ပါ။

သူသည် သန်မာသောစွမ်းအားရှင်မှန်သမျှကို တွေ့မြင်ဖူးသော်လည်း ဧကရာဇ်ထိုက်ရိသည် သူတွေ့မြင်ဖူးသမျှ စွမ်းအားရှင်များထက် ပို၍သန်မာနေသည်။

ဖြစ်နိုင်တာက ဒီဘဝပြန်လည်ဝင်စားတဲ့အခါမှာ အဲ့ဒီကောင် ဝမ်ဖုန်းရဲ့ ခန္ဓာကိုယ်က ထူးကဲနေလို့လား?။ ဒါကြောင့်မလို့ သူ့ရဲ့နောက်ကို ထူးဆန်းတဲ့လူတွေက လိုက်ပါနေရတာလား။

ကောင်းကင်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ခဲ့ပြီး ကမ္ဘာလောက၏ အသန်မာဆုံး စွမ်းအားရှင်တစ်ယောက်ဖြစ်ခဲ့သည့်အတွက် အရိုးစု၏ မျက်ဝန်းများမှာ အင်မတန်စူးရှသည်။ သူသည် လက်ရှိ၌ အထွတ်အထိပ်အခြေအနေတွင် ဟုတ်မနေသော်လည်း သူ၏အမြင်အာရုံက သာမန်ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများထက် သာလွန်ပါ၏။

အရှေ့တိုင်းဧကရာဇ် ထိုက်ရိကို တစ်ချက်စိုက်ကြည့်လိုက်ရုံမျှဖြင့် ထိုလူမှာ သုခဘုံနတ်ဘုရားအထွတ်အထိပ်၌ရှိနေကြောင်း အရိုးစုက သိရှိခဲ့သည်။ သို့သော်လည်း ထိုသူသည် သူကဲ့သို့ပင် အထွတ်အထိပ်အခြေအနေ၌ ရောက်ရှိနေခြင်းမဟုတ်ပါ။

သူ၏အထွတ်အထိပ်အခြေအနေက ဘယ်လောက်ထိမြင့်မားကြောင်းကိုတော့ အရိုးစုကတောင် မတွေ့မြင်နိုင်ခဲ့ပါ။

ဒါက အရိုးစုကို ပို၍ထိတ်လန့်သွားစေခဲ့သည်။

ဒီလိုပုဂ္ဂိုလ်တစ်ယောက်က ဝမ်ဖန်းလိုပုရွက်ဆိတ်တစ်ကောင်ရဲ့ အမိန့်တွေကို ဘာ့ကြောင့်နာခံနေရတာလဲ။ ထိုလူက အရင်ဘဝမှာ လက်အောက်ငယ်သားဆိုရင်တောင် ဖြစ်နိုင်ခြေ ရှိသေးသည်။ သို့သော်လည်း အရှေ့တိုင်းဧကရာဇ် ထိုက်ရိသည် သူတွေ့မြင်ဖူးသောလူတစ်ယောက်မဟုတ်ပါ။

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အဋ္ဌမမြောက်ဘိုးဘေး... အရှေ့တိုင်းဧကရာဇ်ထိုက်ရိ!"

ဗိုလ်ကျခြယ်လှယ်နိုင်သော စကားလုံးများသည် ထိုက်ရိ၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ ရွှေအိုရောင်မျက်ဝန်းများက အရိုးစုကို အနည်းငယ်မျှ ခံစားချက်များမပါဝင်ပဲ စိုက်ကြည့်နေခဲ့သည်။ ဒါက အရိုးစုအပေါ် ကြီးမားစွာ သက်ရောက်မှုရှိခဲ့သည်။

ထိုက်ရိ၏ စကားလုံးများသည် ကောင်းကင်၏ ကြေညာသံကြီးကဲ့သို့ ခန်းမတစ်ခွင် ဟိန်းထွက်သွားခဲ့သည်။

သူ အရှေ့တိုင်းဧကရာဇ် ထိုက်ရိသည် ရှေးဦးကမ္ဘာလောကကြီး၏ သူတော်စင်များအနက်တွင် နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သည်။ ရှေးဟောင်းခေတ်တွင် မိုးကောင်းကင်၏ ဧကရာဇ်တစ်ပါးလည်းဖြစ်ခဲ့သည်။ နတ်ဆိုးမျိုးနွယ်စု၏ အကြီးအကဲဖြစ်ပြီး လက်ရှိရှန်ရှန့်ကျုံဂိုဏ်း၏ အဋ္ဌမမြောက်ဘိုးဘေးလည်းဖြစ်သည်ဟု တရားဝင်ကြေညာခဲ့သည့်အလား ထင်မှတ်ရချေသည်။

ထိုစကားလုံးများဖြင့်တောင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် ရှိနေကြသောလူများအပေါ် ဖိအားကြီးကြီးမားမားပေးခဲ့၏။ ရှိရှိသမျှလူတိုင်း၏ စိတ်ဝိညာဥ်များသည် တုန်ရီသွားကြကာ အနည်းငယ်မျှတောင် မလှုပ်ရှားရဲတော့ပါ။

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အဋ္ဌမမြောက်ဘိုးဘေး?"

အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ အရိုးစုသည် ပို၍တောင် စိတ်ရှုပ်ထွေးသွားခဲ့သည်။

သို့သော်လည်း ထိုက်ရိသည် ရှင်းပြရန်အတွက် စိတ်မဝင်စားခဲ့ပါ။ သူက အရိုးစုကို စူးစိုက်ကြည့်လိုက်ပြီး ထူးမခြားနားစွာ ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်ကို ရန်စတဲ့လူတွေက သေဆုံးရမယ်"

"မင်း... ကိုယ့်ဘာသာသတ်သေလိုက်"

အရှေ့တိုင်းဧကရာဇ် ထိုက်ရိ၏စကားလုံးများထဲတွင် ဘယ်ခံစားမှုမှမပါဝင်နေခဲ့ပါ။ အဆုံးအစမဲ့သော မောက်မာမှုများသာ ပါဝင်နေခဲ့၏။ ၎င်းမှာ ဧကရာဇ်တစ်ပါးက လက်အောက်ငယ်သားတစ်ယောက်ကို အမိန့်ပေးနေခဲ့သည့်အလား ဖြစ်နေခဲ့သည်။

ထိုစကားများကို ကြားလိုက်ရသည့်အခါ ရွှမ်ဝူတို့အုပ်စုသည် သတ်သေလိုသည့် ခံစားချက်ကိုတောင် အနည်းငယ်ခံစားလိုက်မိသည်။ ဒါက သူတို့အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ ထိုစကားလုံးများက သူတို့၏ မသိစိတ်အပေါ် အကျိုးသက်ရောက်မှုရှိခဲ့သည်။ ဒီလူက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ။

အရေးကြီးဆုံး အရာမှာ ထိုစကားလုံးများသည် သူတို့ပေါ်ရည်ရွယ်၍ ပြောဆိုခဲ့ခြင်းမရှိသော်လည်း သူတို့၏စိတ်ထဲ၌ ထူးဆန်းသောအတွေးများဝင်ရောက်လာခဲ့ရသည်။ သူတို့ကိုသာ ရည်ရွယ်ပြောဆိုခဲ့လျှင် ချက်ချင်းကိုသတ်သေပစ်မှာ ကြောက်လန့်မိတယ်။

"ကိုယ့်ကိုကိုယ်သတ်သေရမယ်.... ဟုတ်လား?"

"ဟားဟားဟား..."

အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ စကားကိုကြားလိုက်ရသည့်အခါ အရိုးစုသည် ဦးစွာပထမကြောင်အသွားခဲ့သည်။ ထို့နောက်မှ ကောင်းကင်ကိုမော့ကြည့်လျက် အရိုင်းဆန်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။ ရယ်မောမှုကြောင့် သူ၏ခန္ဓာကိုယ်ကတောင် တုန်ခါနေခဲ့သည်။

"ဘယ်လိုတောင်ရယ်စရာကောင်းတဲ့ စကားလဲ"

"ဒီနတ်ဘုရားက မိုးကောင်းကင်ရဲ့ ကြီးမြတ်တဲ့ ကိုယ်စားလှယ်ပဲ... ဒီနတ်ဘုရားက ကောင်းကင်ဘုံရဲ့ကိုယ်စား အခြားသူတွေကို ကွပ်မျက်ခဲ့တာကွ... ပြီးတော့ အမြင့်မားဆုံးသော လုပ်ပိုင်ခွင့်ကိုလည်း ကိုင်ဆောင်ထားတယ်... မင်းလိုလူက ဒီနတ်ဘုရားကို ဒီလိုစကားမျိုး ဘယ်လိုလုပ်ပြောထွက်ရဲရတာလဲ?"

ရယ်မောသံကြီးသည် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ အရိုးစု၏ အမူအရာက အေးစက်သွားခဲ့ပြီး အရှေ့တိုင်းဧကရာဇ် ထိုက်ရိကို စိုက်ကြည့်လျက် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

"ဘုန်း..!"

ထိုသို့ ပြောဆိုလိုက်ပြီးနောက် အစွမ်းထက်သောအရှိန်အဝါကြီးသည် အရိုးစု၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ကာ ကျောက်စိမ်းဖြူနန်းတော်ကြီးတစ်ခုလုံးကို အဆက်မပြတ် ခါယမ်းသွားစေခဲ့သည်။ ဤအရှိန်အဝါကြီး၏အောက်တွင် ရွှမ်ဝူတို့အုပ်စုသည် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ကာ အရိုးတစ်စတောင်မကျန်ရစ်ဘဲ သေဆုံးသွားခဲ့ရသည်။

အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ကာကွယ်ပေးမှုကြောင့်မဟုတ်ပါက ဝမ်ဖုန်းတို့အုပ်စုသည်လည်း ပို၍အခြေအနေကောင်းနိုင်မှာမဟုတ်ပါ။

ထိုအရှိန်အဝါ၏ခွန်အားသည် ဝမ်ဖုန်းတို့တွေ့ကြုံခဲ့ဖူးသမျှ အရှိန်အဝါတိုင်းတွင် ကြောက်လန့်စရာအကောင်းဆုံးဖြစ်ပါ၏။ ၎င်းသည် အင်မော််တယ်ဧကရာဇ်အထွတ်အထိပ်၌သာ ရှိနေသေးသော်လည်း ထိုအရှိန်အဝါတစ်ခုတည်းက ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများကိုတောင် ထိတ်လန့်ချောက်ချားစေနိုင်သည်။

မကောင်းဆိုးဝါးဆန်သော အရှိန်အဝါကြီးသည် အရိုးစု၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။ အဆုံးအစမဲ့သော နတ်ဆိုးစွမ်းအားများသည် ဖြတ်သန်းတိုက်ခတ်လျက်ရှိချေသည်။ကျောက်စိမ်းဖြူနန်းတော်ကြီးတစ်ခုလုံးသည် ညသန်းခေါင်းယံအလား မှောင်မဲသွားခဲ့သည်။

အရှေ့တိုင်းဧကရာဇ်ထိုက်ရိက သုခဘုံနတ်ဘုရားအထွတ်အထိပ်၌ရှိနေပြီး ထိတ်လန့်စရာကောင်းသော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သိနေသော်လည်း အရိုးစုဟာ လုံးဝကြောက်လန့်ခြင်းမရှိပါ။ ကောင်းကင်ကိုယ်စားလှယ် တစ်ပါး ဖြစ်သည်နှင့်အညီ သူ့တွင် ပြိုင်ဘက်ကင်းသော နှလုံးသားကိုပိုင်ဆိုင်ထားလေသည်။

မတိုက်ခိုက်ရသေးခင် ကြောက်လန့်နေမယ်ဆိုရင် သူက မြင့်မြတ်တဲ့တည်ရှိမှုတစ်ခုတောင် ဖြစ်လာနိုင်ခဲ့မှာမဟုတ်ဘူး။

သူသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိထံသို့ တစ်လှမ်းပြီးတစ်လှမ်း တိုးကပ်သွားခဲ့သည်။ သူခြေတစ်လှမ်းတိုးကပ်သွားသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဟုန်နှင့် ခွန်အားက ပိုမိုကြောက်လန့်စရာကောင်းလာခဲ့သည်။

"ဘုန်း...!"

အရိုးစု၏ ထိတ်လန့်စရာကောင်းသောအရှိန်အဝါနှင့် ရင်ဆိုင်လိုက်ရသည့်အခါ အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် ပိုမိုသန်မာသော အရှိန်အဝါကို ဖော်ထုတ်ခဲ့သည်။

ထိုသူသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် လေဟာပြင်အတွင်း၌ မတ်တတ်ရပ်နေခဲ့သည်။ ထိတ်လန့်စရာစွမ်းအားကြီးသည် သူ၏ခန္ဓာကိုယ်မှ မွေးဖွားလာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ အရိုးစု၏ အရှိန်အဝါများသည် ဖိနှိပ်ခံခဲ့ရသည်။ ကျောက်စိမ်းဖြူခန်းမကြီးတစ်ခုလုံးသည် အဆက်မပြတ်ခါယမ်းလာခဲ့သည်။ ဤအရှိန်အဝါကြီး၏အောက်တွင် အရိုးစုထံမှထွက်ပေါ်လာသော နတ်ဆိုးစွမ်းအားများသည် လုံးဝကိုရပ်တန့်အောင် ချေမှုန်းခံခဲ့ရသည်။

အရိုးစုသည် သူ့ကို ထိတ်လန့်စရာစွမ်းအားကြီးက ဖိနှိပ်ထားခဲ့ကြောင်း ခံစားခဲ့ရသည်။ ဤသည်ကြောင့် သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ် ခါယမ်းသွားခဲ့၏။

"အရမ်းကို သန်မာလွန်းတယ်.."

အရိုးစု၏ မီးခိုးရောင်မျက်ဝန်းများအတွင်း၌ မယုံကြည်နိုင်သော အမူအရာတစ်ခု ရှိနေခဲ့ပြီး သူ၏အမူအရာက အရုပ်ဆိုးလာခဲ့သည်။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ခွန်အားက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

"သန်မာလိုက်တာ..."

အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ နောက်ဘက်တွင် မတ်တတ်ရပ်နေသော လီပိုင်နှင့် အခြားသူများသည် တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူတို့က အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ကျော်ပြင်ကို လေးစားမှုများဖြင့် စူးစိုက်ကြည့်နေခဲ့သည်။ ထိုက်ရိသာသူတို့၏ ရန်သူဖြစ်နေလိမ့်မည်ဆိုလျှင် အရှိန်အဝါတစ်ခုတည်းကတောင် သူတို့ကိုပြာမှုန့်များအဖြစ် ပြောင်းလဲသွားစေရန် လုံလောက်လေသည်။

"မင်းက... ဒီဧကရာဇ်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး"

"မင်းကိုယ်မင်း သတ်သေလိုက်ပါ... ငါမင်းကို အလောင်းအပြည့်အစုံနဲ့ချန်ထားပေးမယ်"

ဧကရာဇ်ထိုက်ယီသည် အရိုးစုကို ထူးမခြားနားစွာ စိုက်ကြည့်လျက် အေးစက်စွာ ပြောဆိုလိုက်သည်။

All Chapters