← Chapters

မိစ္ဆာအူမှိုတက်သခင်

Vol. 59 Ch. 875

မိစ္ဆာအူမှိုတက်သခင်

Vol. 59 Ch. 875

ဉာဏ်အလင်းရရှိထားသော ဝမ်းကိုက်ပိုးသည် အဆင့်မြှင့်တင်နိုင်ခြင်း၊ ကိုက်စားခြင်း၊ မျိုးပွားခြင်း စသည့် ကြောက်မက်ဖွယ်စွမ်းရည်များဖြင့် အရှင် မှိုတက် အဖြစ်သို့ ပြောင်းလဲသွားသည်။

သခင်မာက သူ၏ အစ၏အဆုံးမျက်လုံး အဘယ်ကြောင့် အလုပ်မဖြစ်ခဲ့သည်ကို ကောင်းစွာသဘောပေါက်ခဲ့သည်။

စင်စစ် သူ့မျက်လုံးကြောင့် မဟုတ်ဘဲ အရှင်မှိုတက်၏ မျိုးပွားနိုင်စွမ်းက အလွန်ပြင်းထန်သောကြောင့်သာ ဖြစ်၏။

အရှင်မှိုတက်သည် မျိုးပွားနိုင်စွမ်းကို အသုံးပြု၍ သူ၏ပင်မခန္ဓာကိုယ် တဝိုက်တွင် ချပ်ဝတ်တန်ဆာများ အဖြစ် ဘက်တီးရီးယားများကို အဆက်မပြတ် တိုးပွားစေခဲ့သည်။

ယင်းက ဘယ်တော့မှ အခွံမခွာနိုင်သည့် လိမ္မော်သီးကဲ့သို့ပင်။

စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံးအရာမှာ ပင်မခန္ဓာကိုယ် ဖြစ်သည့် ဝမ်းကိုက်ပိုးကို ဖျက်ဆီးရန် နည်းလမ်းမရှိခြင်းပင်။

အရှင်မှိုတက်က သူ့ဘာသာသူ ဖွံ့ဖြိုးလာလိမ့်မည်ဟု သခင်မာနှင့် မစ္စယုတို့က မထင်ထားခဲ့ချေ။

မစ္စယု၏ အကိုင်းအခက်များကို ဖြတ်၍ စကြဝဠာ အာကာသထဲသို့ တွားသွား၍ ရောက်ရှိသွားသည့်နောက်တွင် ၎င်းသည် လျင်မြန်စွာတိုးတက် ပြောင်းလဲလာပြီး အာကာပြင် ဆိုင်ရာ နေရာလွတ် ခုန်ကူးသော စွမ်းအင်များကိုပင် ထပ်မံရရှိခဲ့သည်။

ဤတစ်ကြိမ်တွင် သူတို့သည် အမှန်တကယ် ဒုက္ခရောက်ပြီ ဖြစ်သည်။

မစ္စယု ကိုယ်တိုင်ပင် အရှင်မှိုတက်ကို စိုးရိမ်နေခဲ့သည်။

“လက်သန့်ဆေးသုံးဖို့ အချိန်ရှိသေးလား”

မစ္စယု၏ စကားကြောင့် သခင်မာက ချွေးများ စိုစွတ်လာခဲ့သည်။

သူ၏အတွင်းကမ္ဘာထဲတွင် စိတ်လက်ပေါ့ပါးစွာ စားသောက်နေသည့် မစ္စယုသည် ယခုအခါတွင် အသန့်ကြိုက်သည့်ကြောင်တစ်ကောင်လို သူမ၏လက်ကို ဆေးကြောရန် စိတ်ကူးနေခဲ့သည်။

[အစောပိုင်းကပဲ မင်းလက်ဗလာနဲ့ အားရပါးရ စားနေတာလေ.. သန့်ရှင်းရေးအကြောင်းကို ပြောဝံ့သေးတယ်လား]

"မစ္စယု.. ဒီအရှင်မှိုတက်က ဘယ်ကိုသွားနေတယ်ဆိုတာ မင်းသိနိုင်မလား”

သခင်မာက အစ၏အဆုံးမျက်လုံးဖြင့် အာကာပြင်ကို စူးစမ်းလေ့လာခဲ့သည်။

ဤအရာက အစ၏အဆုံး မျက်လုံး၏ ဒုတိယမြောက် စွမ်းရည်ဖြစ်ပြီး အာကာပြင်ကို ဖြတ်၍ မြင်နိုင်၏။

သို့ရာတွင် အိမ်သာများရှိသည့် နေရာများတွင်သာ အကန့်အသတ် ရှိသည်။

ဤလောက၌ အိမ်သာရှိသောနေရာသည် သခင်မာအတွက် မျက်လုံး အပိုတစ်စုံနှင့် တူ၏။

သခင်မာက သူ၏ မျက်လုံးအပိုကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ အိမ်သာများ၏ ပတ်ဝန်းကျင်ကို ကြည့်ရှုနိုင်သည်။

သို့သော်လည်း သူ၏စူးစမ်းလေ့လာနိုင်သော အကွာအဝေးသည် အိမ်သာကိုဗဟိုပြု၍ အချင်းဝက် ၅မီတာသာရှိသည်။

ကမ္ဘာပေါ်တွင် အိမ်သာအများအပြား ရှိသော်လည်း တကယ်တမ်းတွင် သူက ထင်ထင်ရှားရှား မမြင်ရပေ။

အကြောင်းအရင်းမှာ အချို့အိမ်သာများသည် မှောင်နေတတ်သောကြောင့် ဖြစ်သည်။

ပတ်ဝန်းကျင်ကို အကဲခတ်ချင်သည်ဆိုလျှင် အိမ်သာတက်သည့်လူများ၏ တင်ပါးများ မရှိသည့်အချိန်ထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

“ဒီအရှင်မှိုတက်ကို စောင့်ကြည့်ဖို့အတွက် ငါ့ရဲ့ သစ်ပင်ရဲဘော်တွေကို ဆက်သွယ်ထားတယ်”

မစ္စယုက ပြောလိုက်သည်။

တကယ်တမ်းတွင် သူမသည် အရှင်မှိုတက်ကို မတော်တဆ ဖွံ့ဖြိုးအောင် လုပ်ခဲ့မိသည့်အတွက် အလွန် နောင်တရနေခဲ့သည်။

ဝမ်းကိုက်ပိုးနှင့် ဆက်ဆံရာတွင် သူမသည် လျှော့တွက်လွန်းခဲ့သည် မဟုတ်ပါလော။

မစ္စယုက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

သူမအနေဖြင့် ဝမ်းကိုက်ပိုးကို စကြာဝဠာထဲသို့ ပို့လွှတ်ပြီးသည်နှင့် သူမ၏ အကိုင်းအခက်ကို ချက်ချင်း မီးရှို့ခဲ့သင့်ပေသည်။

ဘက်တီးရီးယားများ၏ သဘာဝသည် အပူဒဏ်ကို ကြောက်ရွံ့ကြသည်။

သို့သော် ယခုအခါတွင်မူ အလွန်နောက်ကျသွားပြီ ဖြစ်သည်။

သခင်မာနှင့်မစ္စယုတို့က အရှင်မှိုတက်ကို ခြေရာခံရန်အတွက် ၎င်းတို့၏ အာကာပြင် ဆိုင်ရာ စွမ်းအင်ကို အသုံးပြု၍ ရှာဖွေနေကြသည်။

သခင်မာ၏ အကန့်အသတ်ရှိသော အာကာပြင် စွမ်းအင်များနှင့် နှိုင်းယှဉ်လျှင် မစ္စယုသည် ရှာဖွေရာတွင် ပိုမိုလွယ်ကူမည်ဖြစ်သည်။

အကြောင်းရင်းမှာ မစ္စယုက သူမ၏ သစ်ပင်မျိုးနွယ်စု ရဲဘော်များနှင့် အလုပ်အတူတူ လုပ်နိုင်သည့် အတွက်ဖြစ်သည်။

သို့ရာတွင် သူတို့်နှစ်ယောက်သည် အရှင်မှိုတက် ဤမျှအထိ ပါးနပ်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ခြေရာခံ၍မရစေရန် အရှင်မှိုတက်သည် သစ်ပင်မရှိသောနေရာများကို ရွေးချယ်၍ သွားလာခဲ့သည်။

ထိုအချိန်တွင် ဂန္ဓမာကျွန်း၌ လီတျောင်သည် အင်မော်တယ်ထုန်ရာ၏ ကိုယ်ပိုင်အိမ်သာတွင် အိမ်သာတက်နေခဲ့သည်။

ကျင်းရှီနှင့်ယင်းရှီတို့၏ ခြေထောက်ကြွက်သားများ သန်မာစေရန်နှင့် အိမ်သာ အလေ့အထကောင်းများ ဖြစ်လာစေရန်အတွက် အင်မော်တယ်ထုန်ရာသည် သူ၏ တပည့်နှစ်ယောက်ကို ဆောင့်ကြောင့်ထိုင်၍ တက်ရသော အိမ်သာအား ဆောက်ထားပေးခဲ့သည်။

ထိုအိမ်သာတွင် ဝိုင်ဖိုင် ဆစ်ဂနယ်ဘလော့ကာ တပ်ဆင်ထားသဖြင့် အိမ်သာ၌ အင်တာနက် အသုံးပြု၍မရပေ။

ဂန္ဓမာကျွန်းကို တောက်ပသော ဂန္ဓမာပင်များဖြင့် ဖုံးလွှမ်းထားသောကြောင့် သခင်မာက အိမ်သာမှတဆင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်မနေနိုင်ပေ။

ထို့ကြောင့် ဂန္ဓမာကျွန်းသည် အရှင်မှိုတက်၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် အကောင်းဆုံးနေရာ ဖြစ်နေ၏။

အရှင်မှိုတက်က အလင်းနှင့်မီးကို ကြောက်ရွံ့သော်လည်း ကျွန်းပေါ်ရှိ စိမ်းလန်းစိုပြေနေသော ဂန္ဓမာပင်များသည် လှည့်ပတ်သွားလာရန် အတွက် လုံလောက်သောအရိပ်ကို ပေးစွမ်းနေသည်။

သူဂန္ဓမာကျွန်းကို လာရသည့် အကြောင်းအရင်းမှာ သူမျက်စိကျနေသည့်အိမ်ရှင်က ဤကျွန်းတွင် ရှိနေခြင်းကြောင့်ဖြစ်သည်။

ဟုတ်ပါသည်၊ ထိုအိမ်ရှင်က အခြားသူမဟုတ်ပေ။

ဂန္ဓမာကျွန်း၏ အရှင်သခင် အင်မော်တယ်ထုန်ရာပင်ဖြစ်သည်။

ဆေးဘက်ဆိုင်ရာမျိုးနွယ်မှ သမားတော်တစ်ယောက်အနေဖြင့် အင်မော်တယ်ထုန်ရာသည် အတွေ့အကြုံ နှစ်တစ်ထောင်ခန့်ရှိပြီး အသိပညာမြင့်မားသူလည်း ဖြစ်သည်။

လက်ရှိတွင် သူသည် ထုန်ရာမျိုးနွယ်စု၏ တစ်ဦးတည်းသော အမွေဆက်ခံသူလည်း ဖြစ်၏။

သာမန်အားဖြင့် ဘက်တီးရီးယားများသည် အတွေ့အကြုံမြင့်မားသော ဆေးဘက်ဆိုင်ရာ ပါရဂူတစ်ဦးကို အိမ်ရှင်အဖြစ် ဘယ်သောအခါမှာ ရှာဖွေမည်မဟုတ်ပေ။

အကြောင်းအရင်းမှာ အိမ်ရှင်၏ ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်ပြီး ပေါင်းစပ်ရန် မလွယ်ကူသောကြောင့် ဖြစ်သည်။

သို့ရာတွင် ယခုအခြေအနေက မတူတော့ပေ။

သူက တဖြည်းဖြည်းဖွံ့ဖြိုးလာပြီး လက်ရှိတွင် စကြာဝဠာ၏ အစွမ်းထက်ဆုံး ဝမ်းကိုက်ပိုးပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သူ၏ စွမ်းအားကြောင့် အင်မော်တယ်ထုန်ရာနှင့်သာအောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့လျှင် သူက အလွန်ပင် ဆေးယဉ်ပါးသွားမည် ဖြစ်ပြီး အင်မော်တယ် ဝမ်းကိုက်ပိုးပင် ဖြစ်လာနိုင်ပေသည်။

အရှင်မှိုတက်က သူ့ကိုယ်သူ တာအိုအမည်သစ် တစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍သာ ဤအိမ်ရှင်ကို သိမ်းပိုက်ပြီး သူ၏ မစ်ရှင် အောင်မြင်ခဲ့လျှင် ကမ္ဘာတစ်ခုလုံးကို ဘက်တီးရီးယားများဖြင့် လွှမ်းမိုး၍အုပ်ချုပ်မည် ဖြစ်၏။

“မိစ္ဆာအူမှိုတက်သခင်”

အရှင်မှိုတက်က သူ၏တာအိုအမည်ကို ကြိုတင်တွေးထားခဲ့သည်။

တစ်ဖက်တွင်လည်း ကျွန်းပေါ်ရှိ ဂန္ဓမာကျွန်းအစီအရင်မှ အချက်ပေးသံကို အင်မော်တယ်ထုန်ရာက ကြားလိုက်ရသည်။

ထိုအချိန်တွင် လီတျောင်သည် အရေးပေါ်ကုသမှုကို ခံယူနေရဆဲ ဖြစ်သည်။

“ကျွန်းကို ကျူးကျော်လာတာပဲ.. ဘယ်သူများဖြစ်မလဲ”

အင်မော်တယ်ထုန်ရာက မျက်ခုံးပင့်လိုက်သည်။

“ဆရာ ကျွန်တော်တို့ သွားကြည့်လိုက်ရမလား”

ကျင်းရှီက နာခံစွာဖြင့် မေးလိုက်သည်။

“ရတယ်.. မင်းတို့နှစ်ယောက်က မစ္စတာလီကိုပဲ ကောင်းကောင်း ဂရုစိုက်လိုက်ပါ.. ငါကိုယ်တိုင် သွားကြည့်လိုက်မယ်.. မစ္စတာလီက သူ့ဝမ်းဗိုက်ထဲက အပုပ်တွေကိုရှင်းပြီးရင် ငါစီစဉ်ထားတဲ့အတိုင်း ဆေးသောက်ခိုင်းလိုက်ပါ.. အဲဒါပြီးရင် ၃ရက်နဲ့ ၃ညတိုင် ဝမ်းပျက်ဝမ်းလျှော ဖြစ်လိမ့်မယ်.. အဲဒါကို ကျော်ဖြတ်နိုင်ရင်တော့ သူပြန်ကောင်းလာမှာပါ”

အင်မော်တယ်ထုန်ရာက သူ့တပည့်နှစ်ယောက်ကို မှာလိုက်သည်။

“ဟုတ်ကဲ့ဆရာ”

“ကဲ ငါသွားကြည့်လိုက်ဦးမယ်”

ထို့နောက် အင်မော်တယ်ထုန်ရာက ဆေးကုသရာအခန်းမှ အပြင်သို့ ထွက်လာခဲ့သည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး အချက်ပေးသံကြားသည့်နေရာကို စူးစိုက်ကြည့်လိုက်သည်။

တကယ်တမ်းတွင် သူသည် ဆိုးရွားသည်ခံစားချက်ကို ရရှိနေခဲ့သည်။

ထို့ကြောင့် သူကိုယ်တိုင် သွားကြည့်ရန်အတွက် ကျင်းရှီနှင့်ယင်းရှီတို့၏ အကြံဉာဏ်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

“စီနီယာအင်မော်တယ်.. ငါ့ကျွန်းမှာ ကျူးကျော်သူ ရောက်နေပုံရတယ်.. ၁၅မိနစ်အတွင်း ငါစာမပြန်တော့ရင် ကျေးဇူးပြုပြီး ကျွန်းကို တစ်ယောက်ယောက် လွှတ်လိုက်ပါ”

အင်မော်တယ်ထုန်ရာက အချက်ပေးသည့်နေရာကို သွားရောက် မစစ်ဆေးမီ ဗုံးပစ်စီနီယာအင်မော်တယ်ထံ မက်ဆေ့ချ် ပို့ထားလိုက်သည်။

ထို့နောက်တွင်သူက ဂန္ဓမာပန်းခင်းထဲသို့ နက်နက်နဲနဲဝင်သွားခဲ့သည်။

သူ၏ခြေဖဝါးအောက်ရှိ အစီအရင်သည် ထိပ်တန်းလျှို့ဝှက်ဒီဇိုင်းတစ်ခု ဖြစ်သည်။

ခြေလှမ်း လှမ်းတိုင်းတွင် ပတ်ဝန်းကျင်ရှိ ဂန္ဓမာပန်းပင်များသည် လမ်းကြောင်းကို အဆက်မပြတ် ပြောင်းလဲစေမည်ဖြစ်ပြီး မူးဝေစေသော အကျိုးသက်ရောက်မှုကို ဖန်တီးပေးလိမ့်မည် ဖြစ်သည်။

ဂန္ဓမာပန်းခင်းသည် အထူးစိတ်ကြိုက် ပြုလုပ်ထားသော ပန်းခင်းဖြစ်ပြီး အလွန်ကြီးမားကာ အမြင့်နှစ်မီတာ ရှိသည်။

ထိုထက်မက အစီအရင်တွင် ပျံသန်းမှုကန့်သတ်ချက် ပါရှိသောကြောင့် ဂန္ဓမာပန်းခင်းကို ကျော်ဖြတ်၍ ပျံသန်းရန် မလွယ်ကူပေ။

ဂန္ဓမာပန်းအစီအရင်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် အင်မော်တယ်ထုန်ရာသည် အပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

တစ်ဖက်လူက လေထဲကနေ ကျူးကျော်လာခြင်း ဟုတ်ပုံမရပေ။

ထို့နောက် သူက ကျူးကျော်သူအား ရှာဖွေရန်အတွက် အချက်ပေးသည့်နေရာသို့ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည်။

သို့ရာတွင် ကျူးကျော်သူက လူသား မဟုတ်သည်ကို အင်မော်တယ်ထုန်ရာ ဘယ်တုန်းကမှ ထင်ထားမိမည်မဟုတ်ပေ။

အရှင်မှိုတက်(ဝါ) မိစ္ဆာအူမှိုတက်သခင်သည် အာရုံခံရန် မဖြစ်နိုင်သော ဘက်တီးရီးယား တစ်ကောင်သာ ဖြစ်သည်။

အင်မော်တယ်ထုန်ရာက စုံစမ်းစစ်ဆေးရန်အတွက် အစီအရင်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ အန္တရာယ်သည် သူ့နောက်ကနေ တဖြည်းဖြည်း တိုးဝင်လာခဲ့သည်။

အပိုင်း(၈၇၅) ပြီး၏

All Chapters