← Chapters

ဝူတန်းရွှေရောင်ဗုဒ္ဓလက်ဝါး

Vol. 59 Ch. 877

ဝူတန်းရွှေရောင်ဗုဒ္ဓလက်ဝါး

Vol. 59 Ch. 877

ဗလာစာအုပ်ကိုမျိုချလိုက်သည်နှင့် အဆင့်၇ မှော်နည်းစနစ်ကို သင်ယူနိုင်မည် ဖြစ်သည်။

ဤသည်က မည်သူမှ စိတ်ကူးပင်မယဉ်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်၏။

တကယ်တမ်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဗလာစာအုပ်စားရသည်ကို နှမြောစရာကောင်းသည်ဟု ခံစားခဲ့ရသည်။

အကြောင်းရင်းမှာ ဝမ်လင်း၏ လက်ရေးလက်သားက အလွန်လှပသောကြောင့်ပင်။

ဤသည်မှာ ဝမ်လင်း၏ အရေးအသားကို သူပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။

စိတ်ဖိစီးမှု ရှိသူများအတွက် ဤရွှေရောင်စာလုံးများသည် ကောင်းချီးတစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရွှေရောင် စာလုံးများသည် စိတ်ဖိစီးမှုကို သက်သာစေသောကြောင့် ဖြစ်၏။

ခေါင်းစဉ်မှလွဲ၍ စာလုံး တစ်လုံးစီသည် အကြမ်းဖျင်းအားဖြင့် အရွယ်အစား တူညီကြသည်။

စာလုံးအားလုံးက လေးထောင့်ပုံသဏ္ဍာန် ဖြစ်သည်။

ဤကဲ့သို့ ဗလာစာအုပ်အမျိုးအစားကို လက်ခံရရှိသည့် မည်သူမဆို ဤစာအုပ်ကို အဖိုးတန်ရတနာအဖြစ် သိမ်းဆည်းထားမိမည်သာ။

စာအုပ်ကို ဖွင့်လိုက်ရုံဖြင့် စာလုံးမှ ထွက်ပေါ်နေသော မှင်ရနံ့သည် ကောင်းကင်တာအိုနှင့် အလွန်နီးစပ်သည်ဟု ခံစားရစေလောက်သည် အထိပင်။

[နှမြောစရာပဲ]

ဗုံးပစ်စီနီယာအင်မော်တယ်က ဗလာစာအုပ်ကို ကြည့်ကာ စိတ်ထဲကနေ သက်ပြင်းချမိသည်။

သူက ဗလာစာအုပ်ကို နှမြောသော်လည်း စားရပေတော့မည်။

ဝမ်လင်း တွေးထားသလိုပင်၊ ဗုံးပစ် စီနီယာ အင်မော်တယ်၌ လက်ရှိတွင် သူ့ အမှတ်သင်္ကေတအဖြစ် အသုံးပြုနိုင်သည့် ဘာနည်းစနစ် တစ်ခုမှ မရှိပေ။

အခြေအနေအများစုတွင် သူ၏ချဉ်းကပ်ပုံမှာ တခြားသူကို အနိုင်မရသ၍ ကောင်းကင်ဗုံးကို ပစ်ပြီး ထွက်ပြေးသည့် နည်းလမ်း ဖြစ်သည်။

သို့သော် ဤဝူတန်ရွှေရောင်ဗုဒ္ဓလက်ဝါး နည်းစနစ်သည် သူ၏ ချို့ယွင်းချက်များ အတွက် ဖြည့်ဆည်းပေးသလို ဖြစ်သွားခဲ့သည်။

နောက်ဆုံးတွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် သွားများကို အံကြိတ်လိုက်ပြီး ဗလာစာအုပ်၏ စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် ဆုတ်ဖြဲကာ ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

ထိုခဏတွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် အလွန် အံ့အားသင့်သွား၏။

အကြောင်းရင်းမှာ ဗလာစာအုပ်ထဲတွင် အရသာကို တကယ်ကြီး ထည့်ထား၍ ဖြစ်သည်။

[ဒီဗလာစာအုပ်က အရသာရှိလိုက်တာ]

ထိုအရသာက သူနှင့် အလွန်ရင်းနှီးသည့် ငရုတ်ကောင်း အရသာ ဖြစ်သည်။

ကြည့်ရသည်မှာ ညီနောင်လေးက ဗလာစာအုပ်ထဲကို ခေါက်ဆွဲခြောက်ထုပ်မှ ဟင်းခတ်အမွှေးအကြိုင်များအား ထည့်ထားပုံရ၏။

ဗလာစာအုပ်၏ စာရွက်များကို ဝါးရင်း ဗုံးပစ်စီနီယာအင်မော်တယ်က သူ့နှုတ်ခမ်းများကို သပ်လိုက်သည်။

မထင်မှတ်ဘဲ ဗလာစာအုပ်က တော်တော်လေး စားကောင်းနေသည် မဟုတ်ပါလား။

ကျင့်ကြံသူ တစ်ယောက်က ဓားပျံစီးနင်းရင်း အဆင့်၇ မှော်နည်းစနစ်ကို ချက်ခြင်း ပြီးဆုံးအောင် လေ့ကျင့်နိုင်မည်ဟု မည်သူမျှ စိတ်ကူးပင် ယဉ်မိမည် မဟုတ်ပေ။

ယင်းမှာ ဂိမ်းလမ်းညွှန်စာအုပ်ကို လေ့လာထားတိုင်း ဂိမ်းဆော့ရာတွင် မလွယ်ကူသကဲ့သို့ပင်။

ဗုံးပစ်စီနီယာအင်မော်တယ်က ဗလာစာအုပ်ကို စားပြီး တခဏအတွင်းမှာပင် သူ၏ ရွှေရောင်ဝိညာဉ် အဆီအနှစ်က သူ၏ အစာပြွန်၊ အစာအိမ်၊ အူသိမ်၊ သည်းခြေအိတ်၊ သားအိမ်ပြွန်နှင့် ဆီးအိမ်တို့ကို ပြည့်လျှံသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်း ကြီးကျယ်ခမ်းနားသော ရွှေရောင် နန်းတော်တစ်ခုက သူ၏ ဒန်ထျန်တွင် တည်ရှိနေကြောင်း သိရှိလိုက်ရသည်။

"ဒါ.. ဒါက ဝူတန်ရွှေရောင်ဗုဒ္ဓလက်ဝါးရဲ့ စွမ်းအားလား"

ဤအဆင့်၇ စွမ်းအားကို အာရုံခံမိလျှင် ဗုံးပစ်စီနီယာအင်မော်တယ်သည် အတိအကျပင် တုန်လှုပ်သွားခဲ့သည်။

သူက ဓားပျံဖြင့် လေထဲ၌ ပျံဝဲနေသေးသော်လည်း သူ၏ ကြောက်မက်ဖွယ်ကောင်းသော အော်ရာသည် အနီးနားရှိ ကျင့်ကြံသူ အားလုံးကို ထိတ်လန့်စေခဲ့သည်။

ကားမောင်းနေသူဖြစ်စေ၊ လေထဲတွင် ဓားပျံစီးနေသူဖြစ်စေ၊ မြေပြင်တွင် လမ်းလျှောက်နေသူ ဖြစ်စေ၊ ဤအခိုက်အတန့်တွင် ကျင့်ကြံသူများသည် ပြတင်းပေါက်များကို ဖွင့်လှစ်လိုက်သည် သို့မဟုတ် ခြေလှမ်းများကို ရပ်လိုက်သည်​ သို့မဟုတ် ဦးတည်ရာဘက်ကို ကြည့်လိုက်ကြသည်။

[အားကောင်းလိုက်တဲ့ အရှိန်အဝါပါလား]

ကောင်းကင်ယံမှာ ဖြတ်သန်းသွားသည့် ရွှေရောင် ဥက္ကာပျံ၏ ကျန်ရစ်သော အစင်းကြောင်းကို ဖြတ်သွားဖြတ်လာများက အံ့သြတကြီး ကြည့်လိုက်ကြသည်။

တစ်ချို့က မျက်လုံးများကို ပွတ်သပ်လိုက်ကြ၏။

အကြောင်းရင်းမှာ ရွှေရောင် ဥက္ကာပျံက ဗုဒ္ဓနှင့်တူသောကြောင့် ပင်။

…...................

ထိုအချိန်တွင် ဂန္ဓမာကျွန်းရှိ အခြေအနေသည် မိစ္ဆာ အူမှိုတက်အရှင်၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ကျရောက်နေပြီ ဖြစ်သည်။

သူက အင်မော်တယ်ထုန်ရာ၏ ခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ယခုတော့ သူ့အစီအစဉ်က အထစ်အငေါ့မရှိ အောင်မြင်သွားပြီ ဖြစ်သည်။

ဘက်တီးရီးယားအနေဖြင့် သူ့တွင် အော်ရာ မရှိသောကြောင့် သူ၏ အလစ်ဖမ်းတိုက်ခိုက်မှုသည် အထူးအောင်မြင်မှု ရခဲ့သည်။

နာရီအတော်ကြာ အချိန်ယူပြီးနောက်တွင် သူသည် ဤခန္ဓာကိုယ်နှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့သည်။

သူက အိမ်ရှင်၏ ဝိညာဉ်ကို လုံးလုံးလျားလျား ချိုးနှိမ်ထားလိုက်ပြီ ဖြစ်သည်။

ကျင်းရှီ နှင့် ယင်းရှီ တို့ မောင်နှမ နှစ်ယောက်သည်လည်း ဂန္ဓမာကျွန်းသို့ ရောက်ပြီးကတည်းက အကြီးမားဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

"မင်းတို့နှစ်ယောက် ဆေးအိုး တည်လိုက်စမ်း"

မိစ္ဆာအူမှိုတက်အရှင်က ကျင်းရှီ နှင့် ယင်းရှီ တို့ကို လှမ်းပြောလိုက်သည်။

ကျင်းရှီ၏ မျက်လုံးတစ်ဖက်သည် အစောပိုင်းက ခုခံခဲ့သောကြောင့် ရောင်ကိုင်းနေခဲ့သည်။

ထို့အပြင် ဤမိစ္ဆာအူမှိုတက် အရှင်သည် သူတို့ချစ်သော ဆရာသခင်၏ ခန္ဓာကိုယ်ဖြင့် သူတို့ကို ခြိမ်းခြောက်နေသည်။

သူတို့က စကားနားမထောင်လျှင် မိစ္ဆာအူမှိုတက်အရှင်က သူ့ဆရာ၏ အသားကို အပိုင်းပိုင်းဖြတ်ပစ်လိမ့်မည် ဖြစ်၏။

ထိုသို့ လုပ်ဆောင်ခဲ့လျှင် မိစ္ဆာအူမှိုက်တက်အရှင်သည် ဘက်တီးရီးယားအနေဖြင့် နာကျင်မှုကို ခံစားရမည်မဟုတ်ပေ။

ထိုအစား သူ၏လုပ်ရပ်သည် အင်မော်တယ်ထုန်ရာ၏ ဝိညာဉ်ကို တိုက်ရိုက် ထိခိုက်စေမည်ဖြစ်သည်။

သို့သော် ကျင်းရှီ နှင့် ယင်းရှီ တို့သည် ကျွန်းပေါ်တွင် ဒုက္ခအရောက်ဆုံး လူများမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာ အူမှိုတက်အရှင်က သူ့ကိုယ်စား ဆေးဝါး သန့်စင်ရန်အတွက် ထိုမောင်နှမကို လိုအပ်နေသေးသောကြောင့် ဖြစ်သည်။

ဤဖြစ်ရပ်တွင် စိတ်ဆင်းရဲရဆုံးသူများမှာ လီဟောင်နှင့် သူ့အဖေ ဖြစ်သည်။

လီတျောင်က ရောဂါမှ မသက်သာသေးသော်လည်း မိစ္ဆာအူမှိုတက်အရှင်၏ အစမ်းသပ်ခံ ဖြစ်လာခဲ့သည်။

မိစ္ဆာ အူမှိုတက်အရှင်က ကျင်းရှီနှင့် ယင်းရှီကို ဆေးညွှန်းအမျိုးမျိုး ပြောင်းလဲစေပြီး လီဟောင်တို့သားအဖကို မရေမတွက်နိုင်သော ဝမ်းနုတ်ဆေးများ စားစေခဲ့သည်။

“မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ”

ထိုအချိန်တွင် လီဟောင်တို့သားအဖသည် စိုင်ခင်းတွင် ထိုင်နေခဲ့သည်။

မသိလျှင် ဟင်းသီးဟင်းရွက် စိုက်ခင်းတွင် သူတို့၏ စီးပွားရေး ရှိနေသကဲ့သို့ပင်။

စင်စစ် မိစ္ဆာအူမှိုတက်အရှင်သည် သူတို့ကို အိမ်သာသုံးခွင့်မပြုခဲ့ပေ။

၎င်းက ရိုးရိုး အိမ်သာပင် သုံးခွင့်မပေးဘဲ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် လယ်ကွင်းတွင် အညစ်အကြေးစွန့်စေခဲ့သည်။

လီတျောင်က လုံးဝ စကားမပြောနိုင်သေးပေ။

သူက ဤမတိုင်ခင် ရက်အတော်ကြာကတည်းက ဝမ်းပျက်ဝမ်းလျှောဝေဒနာကို ခံစားခဲ့ရပြီးပြီ ဖြစ်သည်။

ထို့ကြောင့် အခုအခါ ဟင်းရွက်စိုက်ခင်းအလယ်တွင် လဲကျပြီး သတိလစ်သွားခဲ့၏။

သူ့ခန္ဓာကိုယ်တွင် အဆက်မပြတ် အလုပ်လုပ်နေသည့် တစ်ခုတည်းသော အစိတ်အပိုင်းမှာ အူများ ဖြစ်သည်။

မိစ္ဆာအူမှိုတက်အရှင်က လီဟောင်တို့ သားအဖကို စိုက်ကြည့်ရင်း ပြုံးလိုက်သညိ။

“ငါ ဂိုဏ်းထောင်ဖို့ ဆုံးဖြတ်ပြီးကတည်းက သစ္စာရှိတဲ့ လက်အောက်ငယ်သားတွေကို ပျိုးထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်..

လူသားတွေက ချို့ယွင်းချက်များလို့ အားကိုးလို့မရဘူး.. မင်းတို့လူသားတွေက စစ်သည်လို့ခေါ်ဖို့တောင် အရည်အချင်း မရှိဘူး.. အခြားတစ်ဖက်မှာတော့ ငါတို့ ဘက်တီးရီးယား စစ်သည်တွေက စိတ်ခံစားမှုမရှိတဲ့ အစုအဖွဲ့ ဖြစ်တဲ့အတွက် မင်းတို့လူသားတွေနဲ့ ကွဲပြားပြီး အစစအရာရာ သာလွန်တယ်”

လီဟောင် “….........”

"ငါအခု​ပြောနေတဲ့ ဘက်တီးရီးယား စစ်သည်တွေက မင်းရဲ့အစာခြေစနစ်မှာ ပေါက်ဖွားနေတာမို့ ငါ့အတွက် ထိုက်တန်တဲ့ဘက်တီးရီးယား စစ်သည်တွေကို မင်း ဆက်လက် ထုတ်လုပ်ဖို့ လိုအပ်တယ်"

ထိုစကားကိုပြောပြီးနောက် မိစ္ဆာအူမှိုတက်အရှင်က သူ့လက်ရာကို ဂုဏ်ယူစွာကြည့်လိုက်သည်။

ယခုအခါ ဤဟင်းသီးဟင်းရွက်စိုက်ခင်း တစ်ခုတည်းတွင် အရည်အချင်း ပြည့်မီသော ဘက်တီးရီးယား စစ်သည်ပေါင်း ထောင်နှင့်ချီ ရှိနေပြီဖြစ်သည်။

ထို့နောက်တွင် သူက ခရမ်းရောင်နှင့် အနက်ရောင် ဝိညာဉ်စွမ်းအင်ကို ဘက်တီးရီးယားထဲသို့ ထိုးသွင်းလိုက်သည်။

၎င်းတို့ကို အသက်သွင်းပြီးနောက်တွင် ကြက်ဥကဲ့သို့ အရာများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်တွင် လီဟောင်က အလွန်အမင်း တုန်လှုပ်ချောက်ခြားနေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုကြက်ဥကဲ့သို့ အရာများသည် အဆက်မပြတ် တုန်ခါနေပြီး တစ်စုံတစ်ရာ ထွက်ပေါ်လာတော့မည် ဖြစ်သောကြောင့်ပင်။

….................

အခြားတစ်ဖက်တွင်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဂန္ဓမာကျွန်းဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

သူ့မျက်စိဖြင့် တပ်အပ် မမြင်ခဲ့လျှင် ဂန္ဓမာကျွန်းက ယခုလိုမျိုး ဖြစ်ပျက်နေမည်ဟု ယုံကြည်စရာ နည်းလမ်းမရှိပေ။

ဆိုရလျှင် ဂန္ဓမာကျွန်းတစ်ခုလုံးရှိ ဂန္ဓမာပင်များ အားလုံး ပျက်စီးကုန်ပြီ ဖြစ်သည်။

ဤသည်မှာ အလွန်အစွမ်းထက်သည့် မွန်းစတားဆန်သောချီကြောင့် ဖြစ်သည်။

ထို့အပြင် ၎င်းသည် နတ်ဆိုး မဟုတ်သလို မိစ္ဆာလည်း လုံးဝ မဟုတ်ပေ။

ဗုံးပစ်စီနီယာအင်မော်တယ်က ပကတိအရှင်မြတ် တစ်ပါးဖြစ်၍ အော်ရာကို ရှင်းရှင်းလင်းလင်း ပိုင်းခြားနိုင်သူ ဖြစ်သော်လည်း ကျွန်းပေါ်တွင် ရန်သူ၏ အထောက်အထားကို မတွေ့ရှိခဲ့ပေ။

ဗုံးပစ်စီနီယာအင်မော်တယ်က တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ပြီ ဖြစ်သည်။

“လောလောဆယ် အခြေအနေကို အရင်စုံစမ်းကြည့်ရမယ်”

နောက်ထပ် အခိုက်အတန့်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဓားပျံစီးရင်း ကျွန်းပေါ်သို့ အပေါ်စီးကနေ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သူ့လက်ဖဝါးကနေ ရွှေရောင်ဗုဒ္ဓစည်းတံဆိပ် တစ်ခု ထွက်ပေါ်လာခဲ့သည်။

အပိုင်း(၈၇၇) ပြီး၏

All Chapters