တန်ပြန်လှိုင်းဥပဒေ
Vol. 59 Ch. 878
ရွှေရောင်ဗုဒ္ဓ စည်းတံဆိပ်၏ အရှိန်အဝါကြောင့် မိစ္ဆာအူမှိုတက်အရှင်က ကျင့်ကြံသူ တစ်ယောက် ရောက်လာပြီဟု အာရုံခံမိကာ သူ့ခေါင်းကို မော့လိုက်သည်။
သို့သော် သူက နည်းနည်းမှ မကြောက်ရွံ့ခဲ့ပေ။
သူသည် လက်ကိုဝှေ့ယမ်းကာ ခရမ်းရောင်နှင့် အနက်ရောင်အတားအဆီးဖြင့် မြေပြင်ပေါ်ရှိ ဘက်တီးရီးယား အသစ်များကို ဖုံးအုပ်ထားလိုက်သည်။
ဤရွှေရောင်ဗုဒ္ဓ အလင်းရောင်သည် အလွန်ပြင်းထန်သောကြောင့် ခရမ်းလွန်ရောင်ခြည်ဖြင့် ပိုးသတ်နိုင်သော အာနိသင်ရှိသည်။
ထို့ကြောင့် သူ အသစ်ဖန်တီးထားသော လက်အောက်ငယ်သားများကို ကာကွယ်ရန် လိုအပ်သည် မဟုတ်ပါလား။
"ကျင့်ကြံသူ ရောက်လာတာပဲ"
ရိုးသားစွာ ဝန်ခံရလျှင် မိစ္ဆာအူမှိုတက်အရှင်သည် အထိတ်တလန့် မဖြစ်ရုံသာမက အနည်းငယ်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းကို မျိုချရာကနေ သူက စွမ်းအားအသစ်ကို ရရှိနိုင်ပြီး ပို၍ ဖွံ့ဖြိုးလာနိုင်သောကြောင့် ဖြစ်သည်။
စကြဝဠာ နတ်သစ်ပင်၏ အကိုင်းအခက်ကို မျိုချလိုက်ပြီးနောက်တွင် သူ၏ ပါးစပ်၊ မျက်လုံးနှင့် ခြေလက်အင်္ဂါများ ကြီးထွားလာသည်။
ထို့အပြင် အာကာပြင် ဆိုင်ရာ စွမ်းရည်များကိုလည်း ရရှိခဲ့၏။
ဤကျင့်ကြံသူကိုသာ မျိုချနိုင်ခဲ့လျှင် သူ၏ ခွန်အားများက တဖန် တိုးတက်လာဦးမည်မှာ သေချာသလောက်ပင်။
သို့သော် သူတို့သာ တကယ်တမ်း တိုက်ပွဲဝင်ခဲ့မည်ဆိုလျှင် ယခုရောက်လာသော ကျင့်ကြံသူကို ရင်ဆိုင်ရန် မလွယ်လောက်ဟု သူ ခံစားခဲ့ရသည်။
တစ်ဖက်လူ၏ စွမ်းအားသည် သူနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
ယင်းမှာ လုံးဝ သဟဇာတမဖြစ်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။
၎င်းက ပူနေသော ကန်စွန်းဥတစ်လုံးကို ပါးစပ်ထဲ ထည့်ထားနိုင်သော်လည်း မျိုချရန် အလွန်ခက်ခဲနေသကဲ့သို့ပင်။
နည်းနည်းလေး သတိမထားမိသည်နှင့် တစ်ဖက်လူနှင့် အတူ ဖျက်ဆီးခံရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူကို မျိုချခြင်းသည် ကောင်းမွန်သောအရာ ဖြစ်၍ မိစ္ဆာအူမှိုတက်အရှင်က စေ့စပ်သောဗျူဟာကို ချမှတ်လိုက်သည်။
သူက ကောင်းကင်မှ ဗုဒ္ဓအလင်းရောင်ကို ငေးကြည့်ရင်း ရုတ်တရက် သူ့အထက်မှ အာကာပြင်ကို ဆုတ်ဖြဲကာ အလင်းရောင်ကို ပိတ်ဆို့ရန် အသုံးပြုလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က သူ့အလိုလို ကွဲထွက်သွားခဲ့သည်။
သူ၏ မူလခန္ဓာကိုယ်ကနေ လက်သီးအရွယ် အသားစိုင်တစ်ခုက ကွဲထွက်သွားပြီး သန်ကောင်အဖြစ်သို့ ပြောင်းလဲကာ မြေကြီးထဲသို့ ဝင်ရောက်သွားခဲ့သည်။
မိစ္ဆာအူမှိုတက်အရှင်က ဤအရာအားလုံး ပြီးမြောက်သည်အထိ အသက်တစ်ရှိုက် မရှုရှိုက်ခဲ့ပေ။
အဆုံးသတ်တွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဝူတန်ရွှေရောင်ဗုဒ္ဓလက်ဝါးကို ပထမဆုံးအကြိမ် ထုတ်ဖော်ရန် အတွက် သူ၏ ခွန်အား၏ နှစ်ဆယ် ရာခိုင်နှုန်းအောက်သာ အသုံးပြုခဲ့သည်။
အဆုံးသတ်တွင် ဤသည်မှာ မြို့ငယ်လေးကို ဖျက်စီးဖို့ လုံလောက်သော စွမ်းအားရှိသည့် အဆင့်၇ မှော်နည်းစနစ် ဖြစ်သည်။
အင်အားကိုသာ အလွန်အကျွံသုံးလျှင် ဂန္ဓမာကျွန်းကို အပိုင်းပိုင်းဖြတ်ပစ်နိုင်ပေသည်။
ယခုအချိန်ထိ ကျင်းရှီ နှင့် ယင်းရှီ တို့သည် ကျွန်းပေါ်တွင် ရှိနေဆဲ ဖြစ်သည်။
၎င်းတို့ကို မကယ်တင်ခင် အထိ သူ့ခွန်အားကို ခြွေတာရမည် မဟုတ်လော။
"သတိထားပါ"
ထိုအချိန်တွင် သူ့ခြေရင်းအောက်ရှိ တောက်ပသော အောင်ပွဲခံဓားထံမှ သတိပေးသံ ထွက်ပေါ်လာသည်။
ထို့နောက်တွင် သူ၏ ဝိညာဥ်ဓားထံမှ ဓားချီတစ်ခုထွက်ပေါ်လာပြီး သူ့ထံသို့ ဦးတည်လာသည့် အနက်ရောင် လေဆာရောင်ခြည်ကို ချေဖျက်လိုက်သည်။
အနက်ရောင်လေဆာရောင်ခြည်သည် မိစ္ဆာအူမှိုတက်အရှင်၏ စူပါဘက်တီးရီးယားလှိုင်း ဖြစ်ပြီး အဝေးကနေ တိုက်ခိုက်နိုင်စွမ်း ရှိသည်။
“ကပ်သီလေးဟ”
ဗုံးပစ်စီနီယာအင်မော်တယ်က ချွေးများပင် ထွက်လာသည်။
သူက ရန်သူ၏ အော်ရာကို မရရှိဘဲ ရုတ်တရက် တိုက်ခိုက်ခံခဲ့ရသောကြောင့် အံ့အားသင့်နေခဲ့သည်။
ဓားဝိညာဉ်သာ သူ့ကို မကယ်တင်ခဲ့လျှင် ဤအန္တရာယ်ရှိသော တိုက်ခိုက်မှုက သူ့ကို ထိမှန်သွားပေလိမ့်မည်။
ဗုံးပစ်စီနီယာအင်မော်တယ်သည် ပကတိအရှင်မြတ် အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် တောက်ပသော အောင်ပွဲခံဓား၏ ဓားဝိညာဉ်သည် နိုးထလာခဲ့သည်။
သူ၏ ဓားဝိညာဉ်က အလွန်ပြင်းထန်သော ခံစစ်စွမ်းရည်ရှိပြီးသခင်ကို အလွန်အမင်း ကာကွယ်ပေးတတ်ကာ ပြင်ပကမ္ဘာ အကြောင်းကို ကောင်းစွာသိရှိနားလည်ထားသော ဓားဝိညာဉ် ဖြစ်သည်။
ဓားဝိညာဉ်က သန်မာသော ခံစစ်စွမ်းရည်များ ရှိနေ၍ မိစ္ဆာအူမှိုတက်အရှင်၏ စူပါဘက်တီးရီးယားလှိုင်းကို ချေဖျက်ရန် အမှန်တကယ်ပင် ကွက်တိ ဖြစ်နေခဲ့သည်။
"မင်းက ဘာမိစ္ဆာဝိညာဥ်လဲ"
ထိုခဏတွင် ဗုံးပစ်စီနီယာအင်မော်တယ်၏ လက်ထဲမှ ဗုဒ္ဓအလင်းရောင်သည် ပို၍ပင် တောက်ပလာ၏။
မိစ္ဆာအူမှိုတက်အရှင်သည် အလင်းရောင်အောက်တွင် အလွန်အဆင်မပြေ ဖြစ်နေခဲ့သည်။
သူပိတ်ဆို့ထားခဲ့သော အာကာပြင်သည်လည်း ထိရောက်မှုမရှိတော့ပေ။
ထို့ကြောင့် သူက ပွားများနေဆဲ ဖြစ်သော မြေပြင်ရှိ ဘက်တီးရီးယားပိုးမွှားများမှ မွေးကင်းစ ဘက်တီးရီးယားများကို ထုတ်ယူကာ သူ့ရှေ့တွင် အကာအကွယ် အတားအဆီးတစ်ခု အဖြစ် ဖန်တီးခဲ့သည်။
ဗုဒ္ဓ ရောင်ခြည်ဖြင့် ထိတွေ့မိသည်နှင့် ဘက်တီးရီးယားများက သေဆုံးသွားကြသည်။
သို့သော် တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်ရှိ ဘက်တီးရီးယားများသည်လည်း ဘက်တီးရီးယားများကို ဆက်လက် ပွားများကာ ဟန်ချက်ညီအောင် ထိန်းသိမ်းထားသည်။
“ညီနောင်ထုန်”
မိစ္ဆာအူမှိုတက်အရှင်၏ အသွင်အပြင်နှင့်အတူ ဗုံးပစ်စီနီယာအင်မော်တယ်သည် ယခုအခါတွင် ဂန္ဓမာကျွန်း၌ ဖြစ်ပျက်ခဲ့သည်များကို နားလည်ခဲ့သည်။
အင်မော်တယ်ထုန်ရာ၏ ခန္ဓာကိုယ်ကို မည်သို့မည်ပုံ သိမ်းပိုက်ထားမှန်း သူ မသိသော်လည်း သေချာတာတစ်ခုမှာ ယခုအချိန်တွင် အင်မော်တယ်ထုန်ရာသည် ဤလူ၏ လက်ထဲတွင် ရှိနေခြင်းပင်။
"မင်းက သူ့သူငယ်ချင်းလား.. ဒီခန္ဓာကိုယ်က ငါနဲ့ အရမ်းလိုက်ဖက်တယ်.. အခု မင်းသူငယ်ချင်းနဲ့ ငါက ခန္ဓာကိုယ် တစ်ခုထဲမှာပဲ.. မင်းရဲ့သူငယ်ချင်းကို မထိခိုက်စေရဘူးလို့ ငါကတိပေးတယ်.. ငါ လုံးလုံးလျားလျား တိုးတက်လာပြီး ငါ့ကိုယ်ငါ ပုံဖော်နိုင်သရွေ့ မင်းသူငယ်ချင်းကို ငါလွှတ်ပေးပါ့မယ်.. ငါတို့သုံးယောက်လုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်ပြီး ကမ္ဘာကြီးကို အတူတကွ ပျော်ရွှင်စွာ အုပ်ချုပ်ကြမယ်ဆိုရင် ဘယ်လိုသဘောရလဲ.. ငါ့ရဲ့ကတိအတွက် စာချုပ်ချုပ်မယ် ဆိုလည်း ငါချုပ်ပေးနိုင်တယ်"
"မင်းလို လူဆိုးတစ်ယောက်နဲ့ ငါကဘာလို့ စာချုပ်ချုပ်ရမှာလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က လက်ထဲမှ တောက်ပသော အောင်ပွဲခံဓားဖြင့် မိစ္ဆယအူမှိုတက်အရှင်ကို ချိန်ရွယ်ရင်းပြောလိုက်သည်။
“ငါအရှင်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ သင်ရွေးချယ်တဲ့အတွက် ငါအရှင်ကိုယ်တိုင် ပြစ်ဒဏ်ခတ်တာကို ခံယူရလိမ့်မယ်.. အဆင်သင့်ဖြစ်ပြီလား”
"ဟက်.. ငါ့ကို ပြစ်ဒဏ်ပေးဖို့ ပြောသလောက် လွယ်မှာမဟုတ်ဘူး"
မိစ္ဆာ အူမှိုက်တက်အရှင်က အဆက်မပြတ် ပွားများနေသော ဘက်တီးရီးယားများကို သူ့နောက်ကျောတွင် စုဝေးစေကာ ဘက်တီးရီးယားများနှင့် တိုက်ရိုက် ပြုလုပ်ထားသည့် ခရမ်းရောင်နှင့် အနက်ရောင် လက်ရှစ်ခုကို ဖန်တီးခဲ့သည်။
ထို့နောက် မိစ္ဆာအူမှိုတက်အရှင်က ထိုလက်ရှစ်ဖက်နှင့် သူ၏လက်နှစ်ဖက်ကို အသုံးချကာ စူပါဘက်တီးရီးယားလေဆာရောင်ခြည်များဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကျည်ဆန်များသဖွယ် ပစ်လွှတ်လိုက်သည်။
စူပါဘက်တီးရီးယားလှိုင်းက အလွန်လျင်မြန်ပြီး အဆိပ်သင့်စေနိုင်သောအစွမ်း ရှိ၏။
၎င်း၏ အလွန်ကျယ်ပြန့်သော လွှမ်းခြုံမှုကြောင့် တောက်ပသော အောင်ပွဲခံဓားသည် ခုခံရန် ခက်ခဲနေခဲ့သည်။
စူပါဘက်တီးရီးယားလှိုင်း၏ ပုံမှန်မဟုတ်သော စရိုက်လက္ခဏာများကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်သည် တိုက်ရိုက် ထိတွေ့ခြင်း မပြုသည်က အကောင်းဆုံးဟု တွက်ဆခဲ့သည်။
အခြေအနေအရ ဗုံးပစ်စီနီယာ အင်မော်တယ်သည် အခြားရွေးချယ်စရာ မရှိတော့ပေ။
သူတွေးနိုင်သည်မှာ ဝူတန်ရွှေရောင် ဗုဒ္ဓလက်ဝါးကို အသုံးပြု၍ ကျွန်းကို ဖျက်ဆီးပစ်ရန်ပင် ဖြစ်သည်။
ထိုအတွက် အင်မော်တယ်ထုန်ရာက သူ့ကို အပြစ်ပုံချမည်မှာ သေချာ၏။
သို့သော် ဤအန္တရာယ်ရှိသည့် ဘက်တီးရီးယားများကို ပြန့်ပွားစေသည်ထက် စာလျှင် ပိုကောင်းသည် မဟုတ်ပါလော။
"တောက်ပသောအောင်ပွဲခံဓား.. ကျင်းရှီနဲ့ ယင်းရှီကို သွားခေါ်လိုက်"
ဗုံးပစ်စီနီယာအင်မော်တယ်က လာမည့် တိုက်ခိုက်မှုများကို တားဆီးရန် သူ့လက်များကို ကျယ်ပြန့်စွာ ဖြန့်လိုက်သည်။
ထိုခဏတွင် ဗုဒ္ဓ အလင်းရောင် ရစ်သိုင်းထားသော တောက်ပသော အောင်ပွဲခံဓားသည် ကျင်းရှီနှင့်ယင်းရှီ တို့၏ တည်နေရာဆီသို့ ပြေးသွားကာ ၎င်းတို့ကို ကျွန်းပေါ်မှ တိုက်ရိုက် သယ်ဆောင်သွားခဲ့သည်။
ထိုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဝူတန်ရွှေရောင်ဗုဒ္ဓလက်ဝါးကို ထုတ်သုံးလိုက်သည်။
ဤတစ်ခေါက်တွင်မူ ဗုဒ္ဓ အလင်းရောင်သည် တောက်ပသောရောင်စုံလှိုင်းလုံးကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး စူပါဘက်တီးရီးယားလှိုင်းကို ပေါက်ကွဲသွားစေခဲ့၏။
ထိုမြင်ကွင်းကြောင့် မိစ္ဆာ အူမှိုတက်အရှင်က မျက်နှာပျက်သွားခဲ့သည်။
လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်နှင့် ဗုံးပစ်စီနီယာအင်မော်တယ်၏ ကျောဘက်တွင် ကြီးမားသော ရွှေရောင် ဗုဒ္ဓရုပ်ပွားတော် ပေါ်ထွက်လာ၏။
ဗုံးပစ်စီနီယာအင်မော်တယ် လက်ဝါးဖြင့် ရိုက်သောအခါတွင် ရွှေရောင်ဗုဒ္ဓကလည်း လက်ဖဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
စူပါဘက်တီးရီးယားလှိုင်းက အလွန်ကျယ်ပြန့်စွာ လွှမ်းခြုံထားသော်လည်း ဗုဒ္ဓအလင်းရောင်က တခဏအတွင်း အားလုံးကို ချေဖျက်ပစ်လိုက်သည်။
ဘက်တီးရီးယားများက တစ်ကောင်တစ်လေပင် မကျန်တော့ဘဲ လုံးဝ ပျက်ဆီးသွားခဲ့၏။
ဤထိုးစစ်ဆင် တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကို ကြည့်ရင်း ဗုံးပစ်စီနီယာအင်မော်တယ်က ပြုံးလိုက်သည်။
"ကျင့်ကြံခြင်း လောကမှာ တန်ပြန်လှိုင်း ဥပဒေကို မင်း နားမလည်သေးပုံပဲ"
"တန်ပြန်လှိုင်းဥပဒေ.. ဟုတ်လား"
မိစ္ဆာအူမှိုတက်အရှင်က မှင်တက်သွားသည်။
"တန်ပြန်လှိုင်းဥပဒေ ဆိုတာက အရင်တိုက်ခိုက်တဲ့သူက အရှုံးသမားလို့ ဆိုလိုတာပဲ.. မင်းက အလင်းလှိုင်းကို ပထမဆုံး ထုတ်လွှတ်တဲ့အတွက် အရှုံးသမား ဖြစ်သွားရတာပဲ"
“….........”
အပိုင်း(၈၇၈) ပြီး၏