← Chapters

မိစ္ဆာအူမှိုတက်သခင်ကြောက်ရွံ့ခြင်း

Vol. 59 Ch. 879

မိစ္ဆာအူမှိုတက်သခင်ကြောက်ရွံ့ခြင်း

Vol. 59 Ch. 879

သူ့ရှေ့ကလူက သာမန် လူမဟုတ်ဟု သူခံစားရသည်။

သူက ကမ္ဘာကြီး အကြောင်း သိပ်မသိသော်လည်း သူ၏ ခွန်အားသည် ယခုအချိန်တွင် ကမ္ဘာ့ထိပ်တန်း တိုက်ခိုက်ရေးသမား ဆယ်ယောက်စာရင်းတွင် လုံးဝ အဆင့်သတ်မှတ်နိုင်သည်ဟု သူထင်ခဲ့သည်။

သို့သော်လည်း သူ၏ စူပါဘက်တီးရီးယားလှိုင်းကို သူ့ရှေ့မှ ရိုးရာဝတ်စုံကို ဝတ်ထားသည့် အနက်ရောင်ဆံပင်ရှည်နှင့် လူက အလွယ်တကူ ချေဖျက်နိုင်ခဲ့သည်။

ဤသည်ကပင် တစ်ဖက်လူက သူ့ထက် အားမနည်းမှန်း ထင်ရှားနေသည်။

ထို့ကြောင့် ယခုအချိန်တွင် မိစ္ဆာအူမှိုတက်အရှင် တွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ တိုက်ပွဲကို အချိန်ဆွဲရန် ဖြစ်သည်။

သူ၏ အစွမ်းသတ္တိသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဘက်တီးရီးယား အရေအတွက်ပေါ်တွင် မူတည်သည်။

ဘက်တီးရီးယားအသစ် များများထွက်လေလေ ပို၍ သန်မာလေဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ အင်အား ကြီးထွားလာမည် ဖြစ်သည်။

သို့သော်လည်း တိုက်ပွဲကို အချိန်ဆွဲမည့် သူ၏ အစီအစဉ်က ချောချောမွေ့မွေ့ အလုပ်ဖြစ်နိုင်ပါမည်လော။

"ငါတို့ တိုက်ခိုက်မှုကို ရပ်စဲကြရအောင်"

မိစ္ဆာ အူမှိုတက်အရှင်က ဗုံးပစ်စီနီယာ အင်မော်တယ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

လေထဲမှ ဗုံးပစ်စီနီယာ အင်မော်တယ်က မိစ္ဆာ အူမှိုတက်အရှင် ၏ အကြည့်ကို ခပ်ယဲ့ယဲ့ ပြုံးကာ တုံ့ပြန်လိုက်သည်။

“ဘာလို့ရပ်စဲရမှာလဲ.. ဒီတိုက်ပွဲက တစ်မိနစ်အတွင်း ပြီးသွားနိုင်တယ်ဆိုတာ မင်းနဲ့ငါ နှစ်ယောက်စလုံး ကောင်းကောင်းသိကြတာပဲ.. ငါ့ရဲ့ လက်ဝါး ရိုက်ချက်ကို မင်းဘယ်နှစ်ကြိမ် ခုခံနိုင်ဦးမယ် ထင်နေလဲ"

မိစ္ဆာ အူမှိုတက်အရှင်က သွားများကို အံကြိတ်လိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က စကားကို ခပ်ပေါ့ပေါ့သာ ပြောလိုက်သော်လည်း သူ၏ အရှိုက်ကို ထိမှန်စေခဲ့၏။

သူက အမှန်တကယ်ပင် ဗုဒ္ဓ ရွှေရောင်အလင်းတန်းများ ပါ၀င်သည့် ရွှေရောင်လက်ဝါး နည်းစနစ်ကို လုံးဝ ရင်မဆိုင်နိုင်ခဲ့ပေ။

ဤရွှေရောင် အလင်းတန်းများကို သူ၏ သဘာဝရန်သူ အဖြစ်ပင် ဖော်ပြနိုင်သည်။

၎င်းမှ ကိန်းအောင်းနေသည့် စွမ်းအားသည် ဆိုးရွားလွန်းလှပြီးသူ၏ ဘက်တီးရီးယား စစ်သည် သန်းပေါင်းများစွာသည် တခဏချင်းပင် ချေမှုန်းနိုင်ခဲ့သည်။

တစ်ဖက်သားက လက်ဝါးကို အဆက်မပြတ် ရိုက်ချလျှင် သူ့အနေဖြင့် အချိန်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ပေ။

….............

ထိုအချိန်တွင် တောက်ပသော အောင်ပွဲခံဓား၏ အကာအကွယ်ကို ရထားသော ကျင်းရှီ နှင့် ယင်းရှီ တို့သည် အဝေးကနေ အံ့သြစွာ စိုက်ကြည့်နေခဲ့သည်။

သူတို့က ဗုံးပစ်စီနီယာ အင်မော်တယ် ဤမျှအစွမ်းထက်မည်ဟု မထင်ခဲ့ကြပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က ပကတိအရှင်မြတ် တစ်ပါးဖြစ်ကြောင်း သူတို့ ယခင်က ကြားဖူး၏။

ထိုအဆင့်က ပကတိအင်မော်တယ် နှင့် အင်မော်တယ်အရှင်မြတ် ကြားမှ ရှားပါးသော နယ်ပယ်အဆင့် တစ်ခုဖြစ်ကြောင်း သူတို့ဆရာက သူတို့ကို ပြောပြခဲ့ဖူးသည်။

ပကတိအရှင်မြတ် ဖြစ်ရန်မှာ ကြီးမားသော ကုသိုလ်ကံလည်း လိုအပ်၏။

“ဆရာ့ကို အဲဒီမိစ္ဆာက ထိန်းချုပ်ထားတယ်.. ဗုံးပစ်စီနီယာ အင်မော်တယ်က ဆရာကို တကယ်ပဲ ကယ်နိုင်ပါ့မလား"

ယင်းရှီက အနည်းငယ် စိုးရိမ်နေမိသည်။

၎င်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ စွမ်းရည်ကို မယုံကြည်သောကြောင့် မဟုတ်ဘဲ မိစ္ဆာက သူတို့သခင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နိုင်သည်အထိ အစွမ်းထက်သောကြောင့်ဖြစ်သည်။

အကယ်၍ ဗုံးပစ်စီနီယာ အင်မော်တယ်သာ ခွန်အားကို မထိန်းချုပ်နိုင်ခဲ့လျှင် ကျူးကျော်သူကိုသာမက သူတို့ဆရာကိုပါ ဖျက်ဆီးပစ်မိမည် ဖြစ်သည်။

ဤမိစ္ဆာက ဆိုးညစ်သော ကျူးကျော်သူဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း မိစ္ဆာဝင်စီးနေသော ခန္ဓာကိုယ်သည် သူတို့ဆရာ၏ ခန္ဓာကိုယ် ဖြစ်သည်။

ယခုအခါတွင် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်သည့် နည်းလမ်းများစွာ ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း အဆုံးသတ်တွင် မူလခန္ဓာကိုယ်သည်သာ အကောင်းဆုံး ဖြစ်သည် မဟုတ်ပါလား။

"စိတ်မပူပါနဲ့.. ငါ့သခင်က မင်းတို့ရဲ့ဆရာကို သေချာပေါက် ကယ်တင်နိုင်မှာပါ"

ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဓားဝိညာဉ်အနေဖြင့် တောက်ပသောအောင်ပွဲခံဓားသည် သူ၏ သခင်အပေါ်တွင် အကြွင်းမဲ့ယုံကြည်မှု ရှိသည်။

၎င်းက ယခုအခါတွငိ အကာအကွယ်ဓားချီကို စတင် အသုံးပြုနေပြီ ဖြစ်သည်။

သူက ဓားချီဖြင့် တောင်တစ်လုံးကဲ့သို့ ကျင်းရှီနှင့်ယင်းရှီ တို့ကို ခိုင်ခံ့စွာ ကာကွယ်ပေးထား၏။

ဆိုရလျှင် တောက်ပသောအောင်ပွဲခံဓား၏ ခံစစ်စွမ်းရည်သည် အလွန်တရာ ပြင်းထန်လွန်းပြီး နျူကလီယားပေါက်ကွဲမှုကိုပင် ခံနိုင်ရည် ရှိသည်။

ဝူတန်ရွှေရောင်ဗုဒ္ဓလက်ဝါး၏ စွမ်းအား မည်မျှကြီးမားသည်ကို သတိပြုမိပြီးနောက်တွင် တောက်ပသောအောင်ပွဲခံဓားက ထိုမောင်နှမကို အန္တရာယ်ကင်းစေရန် သေချာစွာ လုပ်ဆောင်ဖို့ လိုအပ်သည်ဟု ခံစားခဲ့ရသည်။

သူ့သခင်က ကျင်းရှီ နှင့်ယင်းရှီတို့ကို ကာကွယ်ရန် တာဝန်ပေးထားခဲ့သည်။

အစပိုင်းတွင် တောက်ပသောအောင်ပွဲခံဓားသည် လီဟောင်တို့သားအဖကိုပါ ကယ်ဆယ်ရန် စီစဉ်ခဲ့သည်။

သို့သော် ထိုနှစ်ဦးစလုံးက ဘက်တီးရီးယားပိုး ကူးစက်ခံရပြီး ခန္ဓာကိုယ် တစ်ခုလုံး ထူးဆန်းစွာ ပုပ်ပွသွားခဲ့ရာ တောက်ပသော အောင်ပွဲခံဓားကို တုန်လှုပ်သွားစေခဲ့၏။

ထို့ကြောင့် တောက်ပသောအောင်ပွဲခံဓားက သူတို့နှစ်ယောက်ကို ခုခံကာကွယ်ရန် လက်လျော့လိုက်ခြင်း ဖြစ်သည်။

…................

တစ်ဖက်တွင်လည်း တောက်ပသော အောင်ပွဲခံဓားက ကျင်းရှီတို့မောင်နှမကို လုံးလုံးလျားလျား အကာအကွယ် ပေးထားသည်ကို တွေ့ရသဖြင့်ဗုံးပစ်စီနီယာ အင်မော်တယ် အတွက် စိုးရိမ်စရာ မရှိတော့ပေ။

ကျွန်းပေါ်ရှိ လီဟောင်တို့သားအဖကမူ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရပေမည်။

တိုက်ပွဲပြီးသွားသည့် အခါမှသာ သူတို့ကို ကယ်တင်နိုင်မနိုင် သိလိမ့်မည် ဖြစ်၏။

အဆုံးသတ်တွင် ၎င်းတို့နှစ်ဦးသည် အမည်ပျက်စာရင်းတွင် ပါဝင်နေ၍ ဦးစားပေးစာရင်းတွင် ကျင်းရှီတို့ မောင်နှမ၏ နောက်သို့ ရောက်ရှိသွားခြင်း ဆိုလည်းမမှားပေ။

"မင်းတော့ အဆုံးသတ်သွားပြီ"

ဗုံးပစ်စီနီယာ အင်မော်တယ်က မိစ္ဆာ အူမှိုတက်အရှင်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

"မင်းငါ့ကိုမသတ်နိုင်ပါဘူး"

မိစ္ဆာအူမှိုတက်အရှင်က ရယ်မောလိုက်သည်။

“ဒါက မင်းသူငယ်ချင်းရဲ့ ခန္ဓာကိုယ်ပဲ.. မင်းငါ့ကို တိုက်ခိုက်ရင် မင်းသူငယ်ချင်းရဲ့ခန္ဓာကိုယ်က ပထမဆုံး ဒုက္ခရောက်လိမ့်မယ်..."

မိစ္ဆာအူမှိုတက်အရှင်က လူသားကမ္ဘာ အကြောင်းကို ကောင်းစွာ မသိသော်လည်း ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်း ကုန်ကျစရိတ်သည် အိမ်တစ်လုံးထက်ပင် ပို၍ စျေးကြီးကြောင်းတော့ သိထားသည်။

"ဟုတ်လို့လား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ညင်သာစွာ ပြုံးလိုက်သည်။

သူက လက်ဟန်တံဆိပ်ကို တဖန် ပြုလုပ်လိုက်ရာ သူ ထုတ်ဖော်ထားသည့် ရွှေရောင်အလင်းတန်းများက ကောင်းကင်နှင့် မြေပြင်တစ်ခွင်ကို တောက်ပသွားစေခဲ့သည်။

ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ နောက်ကျော၌ ဧရာမ ရွှေရောင် ဗုဒ္ဓရုပ်ပွားတော် ပေါ်ပေါက်လာပြီး ဗုဒ္ဓ၏ မရေမတွက်နိုင်သော ဓမ္မစွမ်းအားများ ပါရှိသည့် လက်ဝါးက ဖြည်းညင်းစွာ လှုပ်ရှားလာခဲ့သည်။

ဤတစ်ခေါက်တွင် သူက ခွန်အားကို ရာနှုန်းပြည့် အသုံးချခဲ့သည်။

သူ၏ ရွှေရောင်ဗုဒ္ဓလက်ဝါးက မိစ္ဆာ အူမှိုတက်အရှင်ထံ တိုက်ရိုက် ကျရောက်လာခဲ့သည်။

“ဗုဒ္ဓအလင်းဖြင့် ခန္ဓာကိုယ် အေးခဲစေ”

ဤကြီးမားသော ဖိအားအောက်တွင် မိစ္ဆာ အူမှိုတက်အရှင်သည် သူ၏ ခန္ဓာကိုယ် အမှန်တကယ် မလှုပ်ရှားနိုင်သည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့သည်။

[ဒီလူ.. အတော် ရက်စက်တာပဲ.. သူ့သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ကိုတောင် ဂရုမစိုက်တော့ဘူးလား"

မိစ္ဆာ အူမှိုတက်အရှင်က ဗုံးပစ်စီနီယာ အင်မော်တယ် သူ့ကို ဤမျှအထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။

သူက လုံးဝ ထိတ်လန့်သွားပြီး တစ်ချိန်တည်းမှာပင် သေခြင်းတရား၏ ခြိမ်းခြောက်မှုက နီးကပ်လာသည်ဟု ခံစားလိုက်ရသည်။

ဤဝူတန်ရွှေရောင်ဗုဒ္ဓ လက်ဝါးတွင် ဗုဒ္ဓအလင်းရောင်ဖြင့်ခန္ဓာကိုယ် အေးခဲစေသည့် အကျိုးသက်ရောက်မှု ပါရှိသည်။

အလင်းတန်းက သူ့အပေါ်သို့ ကျရောက်သောအခါတွင် သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်အပြင် ခန္ဓာကိုယ်ပိုင်ရှင်၏ ဝိညာဉ်သည်လည်း ချက်ချင်း ပျက်သုဉ်းသွားမည် ဖြစ်သည်။

သူ့အနေဖြင့် ဤခန္ဓာကိုယ်မှ ယခု မထွက်သွားလျှင် အလွန် နောက်ကျသွားပေလိမ့်မည်။

မိစ္ဆာ အူမှိုတက်အရှင်က သူ့သွားများကို အံကြိတ်လိုက်သည်။

"မင်းက တကယ်ကို တစ်ခုခုပဲ"

နောက်ထပ် အခိုက်အတန့်တွင် မရေမတွက်နိုင်သော ခရမ်းရောင်နှင့် အနက်ရောင် ပိုးကောင်များသည် အင်မော်တယ်ထုန်ရာ၏ ခန္ဓာကိုယ်အတွင်းရှိ အပေါက်တိုင်းကနေ ထွက်လာခဲ့သည်။

ဤပိုးကောင်များသည် မိစ္ဆာအူမှိုတက်အရှင်၏ မူလခန္ဓာကိုယ်မှဖြစ်ပြီး မိခင်ခန္ဓာကိုယ်မှ ဘက်တီးရီးယားများ ဖြစ်သည်။

သူ့ကို ဗုံးပစ်စီနီယာ အင်မော်တယ်က သူနှင့် အလွန် လိုက်ဖက်သည့် ခန္ဓာကိုယ်ကနေ ထွက်သွားရန် အတင်းအကြပ် ဖိအားပေး ခိုင်းစေခဲ့သည်။

အင်မော်တယ်ထုန်ရာ၏ ခန္ဓာကိုယ်မှ ထွက်သွားသည့် အခိုက်တွင် မိစ္ဆာအူမှိုတက် အရှင်သည် ဗုဒ္ဓအလင်းရောင်၏ နှိပ်စက်မှုဒဏ်ကို ခံခဲ့ရသည်။

"လခွမ်း.. တအားပူတယ်ဟ"

ထိုခဏတွင် မိစ္ဆာ အူမှိုတက်အရှင်က ပူလောင်မှုဒဏ်ကို အသေအလဲ ခံစားလိုက်ရသည်။

ဗုဒ္ဓ အလင်းရောင်က အလွန် အစွမ်းထက်လှသဖြင့် သူ့ခန္ဓာကိုယ်၏ လက်မတိုင်းသည် အစွမ်းထက်မြက်သော သန့်စင်ရေး စွမ်းအားဖြင့် ဆေးကြောခံလိုက်ရသလို ခံစားလိုက်ရသည်။

နောက်ထပ် တစ်စက္ကန့်တွင် မိစ္ဆာ အူမှိုတက်အရှင်သည် အာကာပြင်ကို တိုက်ရိုက် ဝါးစားကာ အပေါက်ဖောက်လိုက်ပြီး သူ၏ ပိုးကောင်များ အားလုံးကို အာကာပြင်ထဲသို့ တညီတညွတ်တည်း ခိုအောင်းနိုင်အောင် ပြုလုပ်လိုက်သည်။

ထိုသို့ မလုပ်ဆောင်လျှင် ဗုဒ္ဓအလင်းရောင်ကြောင့် ဤနေရာမှာပင် သေဆုံးရပေလိမ့်မည် မဟုတ်လော။

ယခုအခါတွင် သူ့အနေဖြင့် အမြန်ဆုံး ဆုတ်ခွာဖို့ လိုအပ်နေ၏။

မိစ္ဆာအူမှိုတက်အရှင်ကို အင်မော်တယ်ထုန်ရာ၏ ခန္ဓာကိုယ်ထဲမှ ထွက်ရန် ဖိအားပေးမှု အောင်မြင်သွားသည်ကို တွေ့လိုက်ရလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ကောင်းကင်ပေါ်သို့ အမြန် ကြည့်လိုက်သည်။

“ညီနောင်လင်း မင်းကြည့်နေတာ ငါသိတယ်.. ငါ့ရဲ့ အဆုံးစွန်သော တိုက်ခိုက်မှုကို မြန်မြန်လေး ဟန့်တားပေးပါ.. တိတ်တိတ်လေး စောင့်ကြည့်မနေပါနဲ့တော့.. သိပ်မကြာခင်မှာ ငါ့လက်ဝါးရိုက်ချက် စွမ်းအားကြောင့် ညီနောင်ထုန်ရာနဲ့ သူ့ကျွန်းက ပျောက်ကွယ်သွားတော့မယ်”

သူက ထိုစကားကို ပြောပြီးသည်နှင့် သူ၏ ပါးပြင်ဘေးတွင် အာကာပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ရင်းနှီးသော လက်တစ်စုံ ထွက်ပေါ်လာသည်။

"ဂဒေါက်"

ထို့နောက်တွင် သူ၏ ခေါင်းမှ ကျယ်လောင်သောအသံ မြည်ဟီးသွားခဲ့သည်။

ယင်းက မဟာခေါင်းခေါက်တာအို ဖြစ်သည်။

ဝမ်လင်းက မဟာခေါင်းခေါက်တာအိုကို အသုံးပြုပြီးသည့် နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အဆုံးစွန်သော လှုပ်ရှားမှုသည် အောင်မြင်စွာပင် ရပ်တန့်သွားခဲ့သည်။

ကောင်းကင်တစ်ခုလုံးကို ပြည့်လျှံနေသော ဗုဒ္ဓ၏ ရွှေရောင်အလင်းတန်းများသည်လည်း ချက်ချင်းပင် လွင့်စင်သွားခဲ့သည်။

အပိုင်း(၈၇၉) ပြီး၏

All Chapters